သံခို၊ ရှင်

ဝီကီပီးဒီးယား မှ

သံခို၊ ရှင် (မြန်မာ ၉၆ဝ ဖွား)[ပြင်ဆင်ရန်]

စာပေအမြောက်အမြား မရေးခဲ့သော်လည်း ရေးသမျှနှင့်ပင် ပထမတန်းစားရတုဆရာဟု စာရင်းဝင်ဂုဏ်ပြုအပ်သော တောင်ငူခေတ်စာဆိုတော် ရှင်သံခိုသည် လှော်ကား ၃ဝဝဝမှူး၏ မြေးဖြစ်၍ မင်းဇေယျရန္တမိတ်၏တူတော်ပြီးလျှင် ရတုဘုရင် နတ်သျှင်နောင်ထံ၌ ခစားသောအမတ်လည်း ဖြစ်၏။ သက္ကရာဇ် ၉၆ဝ ပြည့်နှစ်တွင်တောင်ငူမြို့၌ဖွားမြင်သည်။ အသက် ၁၂နှစ် သား အရွယ်ကပင်စတင်၍ကဗျာလင်္ကာစပ်ဆိုခဲ့သူဖြစ်လေသည်။

‌တောင်ငူကို အနောက်ဘက်လွန်မင်းတရားကြီး အလိုတော်ပြည့်၍ အင်းဝသို့ပြန်တော်မူရာ ရှင်သံခို ပါသွားလေသည်။ အင်းဝရောက်လျှင်မင်းတရားကြီးထံပါးတွင် လက်ဆောင်ယူမှူးအဖြစ်အမှုတော်ထမ်း ရွက်ရ၏။ ထိုသို့အမှုတော်ထမ်းရွက်စဉ် အနောက်ဘက်လွန် မင်းတရားကြီး၏ သားတော်မင်းရဲဒိဗ္ဗကို ဖွဲ့ဆိုသော ဧချင်းတစ်စောင် ရေးသားခဲ့သေးသည်။ ထိုအခါက ရှင်သံခိုသည်အသက် ၁၆ နှစ်၂ဝ တွင်းလောက်ပင်ရှိဦး မည်ဟုခန့်မှန်းရ၏။ သို့ရာတွင်ဧချင်းဟောင်း ၁၂ စောင်တွင်အကောင်းဆုံးဧချင်းဟု ပညာရှိတို့ခြီးကျူး ခေါ်ဆိုထိုက်သောယင်းမင်းရဲဒိဗ္ဗဧချင်းကိုအရွယ်နှင့်မလိုက်အောင် ဖွဲ့ဆိုနိုင်ခဲ့လေသည်။ ထိုဧချင်းတွင်ဘိုးတော်ဘေးတော်များပြုစုခဲ့ သောမဟာကုသိုလ်တော်များကို ထည့်သွင်းဖွဲ့ဆိုထားရာ ရှေးဧချင်းများထက်စုံလင်၍ ဖွဲ့ပုံဆန်း သည်ဟုဆိုရပေသည်။

ရှင်သံခိုသည် ကဗျာလင်္ကာစပ်ဆိုရာ၌ ဆရာ နတ်သျှင်နောင်၊ ဦးရီးမင်းဇေယျရန္တမိတ်၊ အဖိုးလှော်ကား ၃ဝဝဝ မှူးတို့၏ဉာဏ်ရည်ကိုလိုက်နိုင်သည်ဖြစ်၏။ ကျေးစေရတုများ၌နတ်သျှင်နောင်၏လေသံကို အတုယူ၍ ဘုရားတိုင်၌ မင်းနဝဒေးကြီး၏ အာဘော်ကို အရယူနိုင်၏၊ ထိုကြောင့်ရှင်သံခို၏ရတုများသည် ဆန်ကာချထားသကဲ့သို့အသန့်ချည်းဖြစ်တော့သည်။

သို့ရာတွင်ရတုဖွဲ့ဆိုရာ၌နတ်သျှင်နောင်ကဲ့သို့ မေတ္တာဘက်ကို ဦးစားပေး၍မရေးဘဲ အလွမ်းဘက်ကိုအားသန်စွာ ရေးသားလေသည်။ ရှင်သံခိုသည် ရတနာပြောင်မွန် ဆင်တော်ဘွဲ့မော်ကွန်းတစ်စောင်နှင့် နေနတ်ကသည်အစချီသောရတုပေါင်း ၁ဝစုံကိုလည်းရေးသား သွား၏။ သာလွတ်ထွတ်တင်ချီရတုကိုရေးသားဆက်သွင်းရာ စောင်းပါးရိပ်ခြေအပြစ်အနာပါနေသဖြင့် အနောက်ဘက်လွန်မင်းတရားကြီး မျက်မာန်တော်ရှကာ ကွပ်မျက်မည်အပြုတွင် ပြည်ငထင်ငယ် တောင်းပန် လျှောက်ထားသဖြင့်အသက်ချမ်းသာရာရခဲ့လေသည်။[၁]


ကျည်းကဆက်သည်-ချီ ကျေးစေရတုရေးသူ ရှင်သံခိုမှာ စာဆိုတော်၊ မင်းဇေယျရန္တမိတ်နှမမှ သက္ကရာဇ် ၉၆၀-ပြည့်နှစ် တောင်ငူမြို့၌ ဖွားမြင်သည်။ အဖိုးဖြစ်သူ လှော်ကားသုံးထောင်မှူး၊ ဦးရီးဖြစ်သူ ကောင်းစစ်ဒိုင်းစုမှူး ဇေယျရန္တမိတ် တို့ ထံမှ ကဗျာလင်္ကာစာပေပညာကို သင်ကြားတတ်မြောက်လာသူဖြစ်၍ ငယ်ရွယ်စဉ်ကပင် စာဆိုမှု၌ အထူးဝါသနာ ထုံလာသူဖြစ်သည်။ နတ်သျှင်နောင်မင်းသား အထွတ်အထိပ်သို့ ရောက်သောအခါ ရှင်သံခိုကို နန်တော်တွင်းခေါ်ယူချီးမြှင့်ထားလေသည်။ အနောက်ဘက်လွန် မင်းတရားကြီး တောင်ငူကို အလိုတော်ပြည့်သောအခါ အင်းဝသို့ခေါ်ဆောင်သွားသော စာဆိုရှင်တို့အနက် ရှင်သံခိုလည်း တဦးအပါအဝင်ဖြစ်လေသည်။ အင်းဝသို့ ရောက်သောအခါ မင်းတရားကြီး ချီးမြှင့်ခြင်းကို တဖန်ခံစားရပြန်ရာ လက်ဆောင်ယူမှူးအဖြစ်ဖြင့် ထမ်းရွက်ရသောကြောင့် လက်ဆောင်ယူမှူး ရှင်သံခိုဟု ကျော်ကြားသည်။ ရှင်သံခိုသည် မင်းရဲဒိဗ္ဗ ဧချင်း၊ ရတနာပြောင် ဆင်တော် မော်ကွန်းနှင့် ရတုအများကိုလည်း ရေးသားခဲ့သူဖြစ်သတည်း။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)