သဲအင်းဂူဆရာတော်
| မူလ သဲအင်းဂူဆရာတော် | |
| မွေးသက္ကရာဇ် | ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀) ရက်၊ |
| နိုင်ငံ | |
| အမည်ရင်း | ဦးအောင်ထွန်း |
| လူမျိူး | ဗမာလူမျိူး |
| မိဘအမည် | ဦးသော်တာ၊ ဒေါ်မယ်အံ့ |
| မွေးဖွားရာ ဒေသ | ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ နှောကုန်းကျေးရွာ |
| ထင်ရှားကျော်ကြားမှု | တေဝိဇ္ဇာပတ္တရဟန္တာ ၊ တရားပြ ဓမ္မကထိက အကျော် |
| ခန္ဓာဝန်ချတော်မူသော နေ့ | ၁၃၃၅ ခုနှစ် ဝါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ (ဇူလိုင် ၈) ညနေ (၄:၄၅) နာရီ |
| သီတင်းသုံးခဲ့ရာ ဌာန | သဲအင်းဂူ ဗဟိုဌာနချုပ် ကမ္မဌာန်း ကျောင်းတိုက်၊ နှောကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်မြို့ |
မူလ သဲအင်းဂူဆရာတော် အလောင်းအလျာကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာနေ ဦးသော်တာနှင့် ဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀) ရက်၊ တနင်္ဂနွေနေ့ (ခရစ်နှစ် ၁၉၁၃ ခု မတ်လ ၁၆ရက်) နံနက် (၈) နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင့်တော်မူပါသည်။ မွေးချင်း (၇) ယောက်ရှိသည်တွင် တတိယမြောက် သားရတနာ ဖြစ်သည်။ ဆရာတော် အလောင်းလျာကို မိဘများမှ အသက်အရွယ် ငယ်စဉ်ကပင် ကျောင်းထားစာသင်စေခဲ့သော်လည်း စာပေပညာထူးချွန်စွာ တတ်မြောက်ခြင်း မရှိခဲ့ဘဲ မြန်မာစာသင်ပုန်းကြီးအဆင့်ဖြင့် ဘုန်းကြီးကျောင်းမှ ကျောင်းထွက်ခဲ့ရသည်။
ဆရာတော်အလောင်းအလျာသည် အသက်(၁၅)နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး အသက် (၄၅)နှစ်တိုင်အောင် ကောင်းဆိုးနှစ်ထွေ ရောပြွန်းသည့် လောကီဓမ္မ သဘာ၀တရားများကို တွေ့ကြုံခံစားခဲ့ရသည်။ ငယ်စဉ်က အတန်းပညာ တွင် ပါရမီ မပါခဲ့သော်လည်း တူရိယာတီးခတ်ခြင်း၊ သီချင်းဆိုခြင်း၊ အပြေးပြိုင်ပွံတွင် လူရည်ချွန်ရရှိခဲ့သဖြင့် လူချစ်လူခင်ပေါများခဲ့သည်။ အသက် ၁၄နှစ်တွင် ကံအားလျော်စွာ အိမ်ထောင်ကျခဲ့ပြီး လူမိုက်တပည့်ခံရာမှ ဓားပြခေါင်းဆောင် ဖြစ်လာခဲ့သည်။ ဤသို့ သဘာ၀လောကဓံကို ကြံ့ကြံ့ခံ၍ ရုန်းကန်တက်လှမ်း ခဲယဉ်းစွာဖြတ်သန်းခဲ့ရသော ဆရာတော် အလောင်းအလျာသည် သုံးဝဋ်နှောင်အိမ် ဒုက္ခစက်အရှိန်မှ လွတ်မြောက်ရန် အချိန်တန်ပြီ ဖြစ်သောကြောင့် တစ်နေ့သောအခါတွင် စွန်းလွန်းဂူကျောင်း ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိစာအုပ် ကို အကြောင်းပြု၍ သတိတရားရပြီး ဓမ္မသံဝေဂ ဖြစ်ခဲ့သည်။
ဆရာတော် အလောင်းလျာသည် သံဝေဂရပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ကျောင်းကလေးသိမ်အတွင်းဝယ် (၁၃၂၁) ခုနှစ်၊ တော်သလင်းလဆန်း (၆)ရက်၊ (ခရစ်နှစ် ၁၉၅၉၊ စက်တင်ဘာလ ၇ရက်) တနင်္လာနေ့တွင် စတင်၍ သတိပဋ္ဌာန်တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ ၁၃၂၁ ခုနှစ် တော်သလင်း လဆန်း (၁၁)ရက် (စက်တင်ဘာလ ၁၂ရက်နေ့) နေနေ့ မွန်းလွဲသာသာ အချိန်တွင် ပထမမဂ်ကိုလည်းကောင်း၊ ၁၃၂၁ ခုနှစ် သီတင်းကျွတ် လဆန်း (၉)ရက် (အောက်တိုဘာလ ၉ရက်နေ့) စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင်အောက်တွင် ဒုတိယမဂ်ကို လည်းကောင်း၊ ၁၃၂၁ ခုနှစ် တပေါင်း လပြည့်ကျော်(၄)ရက် (၁၉၆၀ ခု မတ်လ ၁၄ရက်) အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့် မနီးမဝေး အနောက်မြောက် အရပ်နေရာ၌ တတိယမဂ်ကိုလည်းကောင်း ရရှိတော်မူပါသည်။
ဆရာတော် အလောင်းလျာသည် တတိယမဂ်ကို ရပြီးသည့် အချိန်မှစ၍ ဖြူနီကြောင်ကြား အဝတ်များ ဝတ်ဆင်ခြင်းကို မပြုတော့ဘဲ ပိတ်ဖြူအဝတ်ကိုသာ ဝတ်ဆင် ပါတော့သည်။ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့် အာရုံ နမိတ်ထူးများကိုလည်း မြင်၍ ကြိုတင်ကာ မိန့်မြွက်ခဲ့သည်မှာ-
- နှောကုန်းကျေးရွာ၏ အရှေ့ဘက် ပျဉ်ထောင်တွင်း ကုန်းမြေနေရာတွင် ကြက်ပျံမကျ စည်ကားသော ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာလိမ့်မည်။
- ဤကျောင်းတိုက်ကြီးသည် သာသနာ့မဏ္ဍိုင်ကြီး ဖြစ်ပြီး လာရောက်နှီးနှော ကြလိမ့်မည်ဟူသော စကားတော်များ ဖြစ်သည်။
ဆရာတော် အလောင်းလျာသည် ပိတ်ဖြူဝတ်နှင့် တစ်နှစ်မျှ နေပြီးနောက် နတ်ဗြဟ္မာများ၏ တောင်းပန် လျှောက်ထားချက်ကို လက်ခံကာ ရဟန်းဝတ်ရန် ဝန်ခံပြီး ၁၃၂၂ ခုနှစ် (၁၉၆၁ခု) တပေါင်းလတွင် မယ်တော်ကြီး ဒေါ်မယ်အံ့နှင့် မှော်ဘီမြို့နေ ဦးစုရ အမှူးပြုသော ဒါယိကာ၊ ဒါယိကာမများ၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ နှောကုန်းကျေးရွာ ခဏ္ဍာသိမ်တော် အတွင်း၌ ကျောင်းကြီးဆရာတော် ဘဒ္ဒန္တပညိန္ဒြိယကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော အထက်တန်း ရဟန်းအဖြစ် ရရှိကာ ဦးဥက္ကဋ္ဌ ဟူသော ဘွဲ့အမည်ကို ရတော် မူခဲ့သည်။
ရဟန်း ဖြစ်ချိန် မှစ၍ ဆရာတော်သည် တရားကို မနားမနေ ဆက်လက်ပြီး ပွားများ အားထုတ်ခဲ့ရာ ၁၃၂၃ခုနှစ် နယုန် လပြည့်ကျော် (၂)ရက် စနေနေ့ နံနက် (၈:၀၀) နာရီနှင့် (၉:၀၀)နာရီ ကြားအချိန်တွင် မှော်ဘီမြို့ ရဟန်းဒါယကာ ဦးစုရ နေအိမ်တွင် စတုတ္ထမဂ်ကို ရရှိတော် မူခဲ့သည်။
ရဟန်းဒကာ သည် ကြည်ညိုစိတ်ဖြင့် ထိုစဉ်က ပဋိယတ် ပဋိပတ် နှစ်သွယ် ဖြင့်ကျော်ကြားသော သံလျင်တောရ ဆရာတော် ထံတွင် တရားစစ်ရန်ပင့်ဆောင်သွားသည်။ ၁၃၂၃ ခုနှစ် နတ်တော် လဆန်း (၁)ရက် တနင်္ဂနွေနေ့ (၁၉၆၁ခုနှစ် ဒီဇင်ဘာလ ၁၃ရက်) တွင် ဆရာတော်အား သံလျင်တောရကျောင်းသို့ တရားစစ်ဆေးရန် ပင့်ဆောင်သွားစဉ် ရာထောင်မကသော လူထုကြီးက ဆရာတော် ကောင်းကင်ပေါ်၌ "ဈာန်ပျံ" နေသည်ကို တွေ့မြင်ခဲ့ ကြသည်။
သံလျင်တောရ ဆရာတော် ကျောင်းတွင် တရားစစ်ဆေးခံ နေစဉ် ရန်ကုန်မြို့ မြို့လည်ခေါင်တွင် သဲအင်းဂူဆရာတော် မှ ၄ကိုယ် ခွဲ၍ အရပ်လေး မျက်နှာ သို့ ဈာန်ပျံကြွသွားခြင်း၊ သံလျင် တောရ အတွင်းသို့ ရေကန်ထဲမှ ရဟန်းတော်တပါး ပေါ်ထွက်လာပြီး ဈာန်ပျံကာ သံလျင်တောရထဲ သက်ဆင်းသွားသဖြင့် မြို့ခံလူများ လိုက်လံရာ တရားစစ်ခံနေသော သဲအင်းဂူ ဆရာတော် ကို တွေ့လျှင် တွေချင်း ဈာန်ပျံသွားတာ ဒီဆရာတော်ဘဲဟု ဦးအကြိမ်ကြိမ် ချ ကြခြင်း စသည့်ထူးဆန်းဖွယ် ဖြစ်ရပ်များဖြစ်ပေါ်ခဲ့သည်။ (နောင်သောအခါ တရားဟောရင်း တပည့်များက မေးလျှောက်သဖြင့် သာသနာစောင့်ဗြဟ္မာများမှာ သာသနာတော်ကို အကြည်ညိုတိုးစေရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း မိန့်ဆိုခဲ့သည်။) သံလျင်တောရ ဆရာတော်သည် သမထ ဝိပဿနာ အကြောင်းတို့ကို ၇ရက်တိုင်တိုင် စစ်မေးခဲ့သည်။
၁၃၂၃ခုနှစ် ဝါဆိုလပြည့်နေ့ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် နှောကုန်းကျေးရွာ၏ အရှေ့ဘက် ပျဉ်ထောင်တွင်းကုန်းဟု ရှေ့လူတို့ ခေါ်ဆိုခဲ့သော မြေနေရာတွင် လေးတိုင်စင် တဲဖြင့် သဲအင်းဂူ ဝိပဿနာကမ္မဌာန်း ကျောင်း ကို ကျေးဇူးရှင် သဲအင်းဂူဆရာတော် ဘုရားကြီးမှ စတင်တည်ထောင်တော်မူခဲ့သည်။ နောက်ပိုင်း ဦးမြဟန် အစရှိသော ယောဂီ တကာ တကာမ များ၏ ကျောင်းမှုဖြင့် ဝေးလံခေါင်ဖျားသော မှော်ဘီ သဲကုန်း ကျေးရွာတွင် သဲအင်းဂူ ဝိပဿနာ ကမ္မဌာန်း တိုက်မကြီး ဖြစ်ခဲ့သည်။ ဝါတွင်း ဝါပ ရဟန်း သီလရှင် ယောဂီ များ ဖြင့် စည်ကားနေသော နိဗ္ဗာန်တံခါးမုခ် သဖွယ် ဖြစ်ခဲ့သည်။
ဤသို့ လေးမဂ်လေးဖိုလ်ကို ရရှိတော်မူသော ကျေးဇူးတော်ရှင် သဲအင်းဂူ ဆရာတော်ဘုရားကြီးသည် သတ္တဝါဝေနေယျအပေါင်းတို့အပေါ် မေတ္တာ ကရုဏာ၊ ရှေ့ရှုကာဖြင့် မြန်မာပြည်တဝှမ်း အနယ်နယ်အရပ်ရပ်မှ ပင့်လျှောက်လာသော ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့အား မိမိသိမြင်ထားသော တရားများဖြင့် သာမန်သူတို့ နားလည်နိုင်သော မြန်မာစကားအသုံးအနှုန်းဖြင့် မဂ်ပေါက်ဖိုလ်ဝင် နိဗ္ဗာန် မြင်သည့် တိုင်အောင် ဟောကြား ပြသတော်မူခဲ့သည်။
ရန်ကုန် မန္တလေး မှစ၍ အရှေ့ဘက် ရှမ်းပြည်နယ်၊ တောင်ဖက် ထားဝယ် မြိတ် ရေး၊ အနောက်ဘက် စစ်တွေ ညောင်တုန်း မအူပင်၊ မြောက်ဖက် မြစ်ကြီးနား မိုးကုတ် စသည့် မြို့များကို ရေယာဉ်၊ လေယာဉ်၊ မြေယာဉ် တို့ဖြင့် မနားမနေ ကြွရောက်ပြီး တရားဟော ကြွချီကာ အများပြည်သူတို့အား ခေမာသောင်သို့ ဆောင်ပို့ပေးတော်မူခဲ့သည်။
ဆရာတော်ကြီးမှာ ပရိယတ္တိ အားနည်းသော်လည်း ပရိယတ္တိ အကျော် ခြောက်ထပ်ကြီးဆရာတော်၊ ဓမ္မကထိကအကျော် ခမုံဆရာတော် ဥူးကုသလ၊ သုံးခွ သုဿန် ဆရာတော်၊ ဇီးကုန်းဆရာတော်၊ ဥက္ကလာ ဆရာတော် အစရှိသော နိုင်ငံကျော် ဓမ္မကထိက ဆရာတော်များ ၏ ဝိုင်းရံမှုဖြင့် နယ်လှည့်မြတ် တရား ဟောကြားခဲ့သည်။ ထို့အပြင် ပုပ္ပားတောင်မှ နာမည်ကျော် ဥူးပဏ္ဏဝံသ (ခေါ်) ဥူးပရမဝဏ္ဏသိဒ္ဓိ (နောင်အခါ ယောဂီဦးပြည့်စုံ) အစရှိသော ပုဂ္ဂိုလ်ထူးများလည်း လာရောက် ၍ နည်းခံ တရားအားထုတ် ခဲ့ကြသည်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏ ပဋိပတ္တိသာသနာတော်ကို အသက်နှင့်ခန္ဓာ မငဲ့ညှာပဲ မနားမနေ ကြိုးပမ်းထမ်းဆောင်တော်မူခဲ့သော ကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ကြီးသည် သက်တော် (၆၁) နှစ် သိက္ခာတော် (၁၂)ဝါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ် ဝါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ (ဇူလိုင် ၈) ညနေ (၄:၄၅) နာရီ အချိန်တွင် ဘ၀သံသရာဝဋ် ဒုက္ခ ခန္ဓာဇာတ်သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့သည်။
ခန္ဓာဝန်ချတော်မူအပြီး မပုပ်မသိုးသော ရုပ်ကလာပ်တော်ကို မှော်ဘီ သဲအင်းဂူ ကျောင်းတိုက်တွင် ၃ နှစ် အပူဇော်ခံ ထားရှိခဲ့သည်။ ရုပ်ကလာပ်တော် တည်ရှိနေစဉ် ကာလ အတွင်း မျက်လုံးတော် နှစ်ဖက်မှ မျက်ရှင်တော်နှစ်ဆူ ရောင်ခြည်တော် ကွန့်မြူးခြင်း၊ ရုပ်ကလာပ်တော်သည် သပြေမှဲ့ရောင် တဖက် ရွှေရောင်တဖက် ဖြစ်သွားခြင်း၊ ရုပ်ကလာပ်တော်ပေါ် ငွေအကြွေစေ့မိုး ရွာသွန်းခြင်း၊ သက်ရှိစဉ်က ရိတ်ထားသော ဆံတော်များ ဓာတ်တော်ကဲ့သို့ လုံးဝန်းသွားပြီး ရောင်ခြည်တော် ကွန့်မြူးခြင်း၊ ဆံတော်များ ရှည်ထွက်လာခြင်း စသည့် ဖြစ်ရပ်ဆန်းများ ဖြစ်ပေါ်ခဲ့သည်။
ရုပ်ကလာပ်တော် ၃နှစ်အပူဇော်ခံထားရှိပြီး ၁၃၃၇ ခုနှစ် တန်ခူးလပြည့်ကျော် (၉) ရက် သောကြာနေ့ (ဧပြီ ၄) ရက်နေ့တွင် မှော်ဘီ သုဿန်(ယခု ဓာတ်တော်မြူး စေတီ) ဌာန တွင် အန္တိမ အဂ္ဂိဈာပန တေဇောဓာတ် မီးပူဇော်ခဲ့သည်။ မီးပူဇော်သော အခါ မီးပူဇော်သည့် သံခေါင်းတလား ၏ မီးခိုးပေါက်များမှ ဓာတ်တော် တို့သည် ရောင်ခြည်တော်ကွန့်မြူးပြီး ထွက်ကြွလာကြသည်။ မီးပူဇော်ပြီး အရိုးပြာကောက်သောအခါ အရိုးတော် ဓာတ်တော်များ ကြွင်းကျန်ပြီး ဆံတော်များ မီးမခဘဲ လုံးဝန်းပြီး ကြွင်းကျန်ခဲ့သည်။ မျက်ရှင်တော် နှစ်ဆူ မှ စ၍ ဆံတော် ဓာတ်တော် တို့ကို ယနေ့တိုင် မှော်ဘီ သဲအင်းဂူဌာနချုပ် ကျောင်းတိုက်၏ အရိယာ စံကျောင်းတော် ကြီးတွင် ဖူးမြော်နိုင်သည်။ ရုပ်ကလာပ်တော် မီးပူဇော် ခဲ့သော နေရာသည် ညစဉ် နီးပါး ရောင်ခြည်တော်ကွန့်မြူးခဲ့သဖြင့် ဓာတ်တော်မြူး စေတီတော် တည်ထားခဲ့ကြသည်။
ဆရာတော်သည် တပါးသူ၏ စိတ်ထဲတွင် ကြံစည်နေသော အရာအားလုံးကို သိမြင်နိုင်ကြောင်း မိန့်တော်မူခဲ့သည်။ အတိတ်နှင့် အနာဂတ်ကိုလည်း သိမြင်ပါသည်။ ကျောင်းတိုက်ကြီး ဖြစ်ပေါ်လာမည်။ "မှော်ဘီသို့ သွားသော ပေတစ်ရာလမ်းမကြီး ဖြစ်ပေါ်လာမည်။ လျှပ်စစ်မီးတွေရောက်ရှိလာမည်" ဟု မိန့်တော်မူခဲ့ရာ ယနေ့ ဖြစ်ပေါ်နေပါပြီ။