သောရေယျထေရ်

ဝီကီပီးဒီးယား မှ

သောရေယျထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ထင်ရှားသည့် ရဟန္တာ တစ်ပါး ဖြစ်၏။ သောရယျသူဌေးသား၏ ဖြစ်ရပ်သည် အလွန်အံ့ဖွယ် ဖြစ်၏။ တစ်ဘဝတည်းမှာပင် ယောက်ျား၊ မိန်းမ နှစ်ဘဝနေခဲ့ရသူ ဖြစ်သည်။[၁][၂]

ယောက်ျားမှ မိန်းမဘဝသို့[ပြင်ဆင်ရန်]

သောရယျသူဌေးသားတွင် ဇနီးတစ်ယောက် ရှိ၏။ ထိုဇနီးဖြင့် သားနှစ်ယောက်ရ၏။ တစ်နေ့သောအခါ သူဌေးသားသည် ရေချိုးရန် ရေချိုးဆိပ်သို့ သူငယ်ချင်းတစ်ယာက်နှင့် ထွက်ခဲ့၏။ နောက်ပါ အခြွေအရံတို့လည်း ပါသည်။ ထို့နောက် သောရေယျသည် ရှင်မဟာကစ္စည်းထေရ်ကို တွေ့၏။ ရှင်မဟာကစ္စည်းထေရ်သည် အလွန်သပ္ပာယ်ဖွယ်ကောင်းသော မထေရ်ဖြစ်၏။ မထေရ်ကိုမြင်သောအခါ "မထေရ်သာ မိမိ၏ ဇနီးမယား ဖြစ်ပါက ကောင်းမည်။ မိမိ၏ ဇနီးသည်လည်း ဤမထေရ်ကဲ့သို့ အဆင်းလှပါက ကောင်းမည်" ဟု တွေးမိ၏။ ထိုကဲ့သို့ မထေရ်အား စိတ်မှ ပြစ်မှားမိသောကံသည် ချက်ချင်းပင်အကျိုးပေးလေ၏။ သောရေယျသည် ယောက်ျားအဖြစ်မှ မိန်းမအဖြစ်သို့ ချက်ချင်းပြောင်းသွား၏။ ထိုအခါ သောရေယျသည် ရှက်အားကြီးကာ ခြေဦးတည့်ရာသွား၏။ သူငယ်ချင်းနှင့် အခြွေအရံများက လိုက်ရှာပါသော်လည်း မတွေ့ပေ။ သောရေယျသူဌေးသား၏ မိဘများလည်း သေပြီမှတ်ကာ သပိတ်သွတ်ကြသည်။[၁] [၂]

တက္ကသိုလ်ပြည်သား၏ ဇနီးဖြစ်ခြင်း[ပြင်ဆင်ရန်]

အမျိုးသမီးဘဝသို့ ပြောင်းသွားသော သောရေယျသူဌေးသမီးသည် တက္ကသိုလ်ပြည်သိုသွားသော လှည်းနှင့်တွေ့၏။ ထို့နောက် အဖိုးအခပေးကာ တက္ကသိုလ်ပြည်သို့ လိုက်လေ၏။ လှည်းသမားတို့လည်း ချောမောသည့် သောရေယျသူဌေးသမီးကို တက္ကသိုလ်ပြည်သားသူဌေးနှင့် လက်ထပ်ပေးရန် အကြံဖြစ်၏။ ယင်းအကြံအတိုင်း သူဌေးသားနှင့် ပေးစား၏။ ထိုသူဌေးသားနှင့် သားနှစ်ယောက်မွေး၏။

သောရေယျသူဌေးသည် ယောက်ျားဘဝဖြင့် သားနှစ်ယောက်၊ မိန်းမဘဝဖြင့် သားနှစ်ယာက်၊ စုစုပေါင်း သားလေးယာက် ရ၏။[၁] [၂]

ရဟန်းပြုခြင်း[ပြင်ဆင်ရန်]

တစ်နေ့တွင် သူဌေး၏ဇနီးသည် ပြတင်းမှ အပြင်သို့ ကြည့်စဉ် ငယ်သူငယ်ချင်းကို တွေ့၏။ ထို့နောက် အလုပ်သမားတို့ကို အခေါ်ခိုင်းလိုက်၏။ သူငယ်ချင်းသည် သောရေယျကို မမှတ်မိပေ။ သောရေယျက ဖြစ်ကြောင်းကုန်စင် ပြောပြမှ အဖြစ်မှန်ကို မြင်လာလေသည်။ လောကတွင် မိတ်ကောင်းဆွေကောင်း ရှိရန်လို၏။ မိတ်ဆွေကောင်း သူငယ်ချင်း၏ အကြံပေးချက်အရ တက္ကသိုလ်ပြည်တွင် သီတင်းသုံးနေသော ရှင်မဟာကစ္စည်းကို တောင်းပန်စေ၏။ ရှင်မဟာကစ္စည်းအား အိမ်သို့ပင့်ကာ လှူဖွယ်တို့ဖြင့် လှူ၏။ ထို့နောက် မိမိ၏ အပြစ်ကို ဝန်ချတောင်းပန်ရာ ရှင်မဟာကစ္စည်းက အပြစ်တို့ကို "ငါ သည်းခံ၏" ဟု ပြောကာ သည်းခံ၏။ ထိုအခါ သောရေယျသည် အမျိုးသားဘဝသို့ ချက်ချင်းပြောင်းသွား၏။ ထို့နောက် ရှင်မဟာကစ္စည်းထံတွင် ရဟန်းပြုလေသည်။[၁] [၂]

ရဟန္တာဖြစ်ခြင်း[ပြင်ဆင်ရန်]

ရှင်မဟာကစ္စည်းသည် ကမ္မဋ္ဌာန်းတရားကို သင်ပေး၏။ ရှင်မဟာကစ္စည်းသည် သောရေယျထေရ်ကို နောက်ပါပြုကာ သာဝတ္ထိသို့ ကြွလာ၏။ သာဝတ္ထိသို့ ရောက်သောအခါ သောရေယျထေရ်၏ ဖြစ်ရပ်ဆန်းတို့ကို မေးမြန်းကြ၏။ မေးဖန်များသော် သောရေယျထေရ်သည် ရှက်လာ၏။ ထို့ကြောင့် တစ်ပါးတည်း ကိန်းအောင်း၍ တရားအားထုတ်ရာ ရဟန္တာ ဖြစ်လေ၏။[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နှင့် သိရောမဏိ (၁၊ နိုဝင်ဘာလ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၂၈၂၊ ၂၈၃၊ ၂၈၄၊ ၂၈၅၊ ၂၈၆၊ ၂၈၇၊ ၂၈၈၊ ၂၈၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ ၂.၄ မာဏဝ (ဇူလိုင်လ ၂၀၁၀)။ ဓမ္မပဒ (ဒေသနာတော်များနှင့် ဝတ္ထုတော်များ)။ အမှတ် ၅၊ ၁၀၀ လမ်း၊ ရန်ကုန်မြို့: နှလုံးလှစာပေ။ pp. ၁၂၃၊ ၁၂၄၊ ၁၂၅။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)