သောင်တင်းငှက်

ဝီကီပီးဒီးယား မှ
သောင်တင်းငှက်
Small pratincole (Glareola lactea) Photograph by Shantanu Kuveskar.jpg
In India
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Charadriiformes
မျိုးရင်း: Glareolidae
မျိုးရင်းသေး: Glareolinae
မျိုးစု: Glareola
မျိုးစိတ်:
G. lactea
ဒွိနာမ
Glareola lactea
(Temminck, 1820)

သီဖ ဟူ၍လည်းခေါ်သော သောင်တင်းငှက် သည် ကရက်ရီ အီးဖော်မီး မျိုးစဉ်တွင် ဂလာရီအီးလီဒီး မျိုးရင်း၌ပါဝင်၍ ပါဏဗေဒအလိုအရ ဂလာရီအိုလာလက်တီး ဟုခေါ်သည်။ အလျား ခုနစ်လက်မရှိ သည်။ ပျံသန်းစဉ်ရှေ့ပိုင်းညို၍ နောက်ပိုင်းဖြူသော အရောင် နှစ်မျိုးရှိသည့်အတောင်ကို ထင်ရှားစွာတွေ့ရသည်။ အမြီး၌ အဖြူစင်းများ ပါရှိသည်။ ပျံသန်းရာတွင် ပျံလွှားငှက်များကဲ့သို့ အလွန်တစ်ရာငြိမ့်ညောင်းလှပေသည်။ အသံမှာတိုးသော်လည်း စူးရှ၍မကြာ ခဏအော်တတ်ကြသည်။ သောင်တင်းငှက်များကို ဧရာဝတီမြစ် တစ်လျှောက်တွင် တွေ့ရသည်။

ရေပေါ်၌အုပ်ကြီးများဖွဲ့၍ ပျံနေသည်ကို ၎င်း၊ သဲသောင်ပြင်များတွင် ပြေးလွှားနေသည်ကို၎င်း တွေ့ရတတ်သည်။ ခြေတိုသော်လည်း ကုန်းပေါ်တွင် လျင်မြန်စွာ ပြေးနိုင်သည်။ နေ့အချိန်များထက် နေဝင်ရီတရော အချိန်တွင် ပို၍ မြူးတူးကြသည်။ ရေအိုင်များတွင် များသောအားဖြင့် ကျက်စား၍ ပိုးမွှားများကို စားသောက်ကြသည်။ ဧပြီလတွင် သောင်တင်းငှက်ကလေးများ ဥမှ ပေါက်ကြသည်။ အသိုက်များကို သဲသောင်ပြင်တွင် တစ်စုတစ်ဝေး ပြုလုပ်တတ်ကြသည်။ သောင်တင်းငှက်အုပ်အနီးသို့ ကပ်သွားလျှင် အထူးပင် လန့်ဖျပ်သွားကြသည်။ အချို့ငှက်များသည် ရေပေါ်တွင် ရှပ်၍ပျံပြီးလျှင် အသံအမျိုးမျိုးဖြင့်အော်ကြသည်။

အချို့ကမူ အထက်မှ အောက်သို့ ထိုးဆင်းလာပြီးလျှင်ဒဏ်ရာ တစ်ခုခုရရှိသွားဘိသကဲ့သို့ တောင်ပံကို သဲပေါ်တွင် တဖတ်ဖတ် ရိုက်ခတ်နေတတ်သည်။ ဥများကိုအရိပ်ရအောင် သစ်ရွက်ခြောက် မြက်ခြောက်များနှင့်ဖုံး အုပ်ထားသော်လည်း သဲပေါ်တွင် ထင်ထင်ရှားရှား ပေါ်လျက် ရှိနေတတ်သည်။ တစ်မြုံလျှင် ဥနှစ်လုံးမှလေးလုံးအထိ ရှိတတ်သည်။ ဥများမှာ စိမ်းဖျော့ဖျော့ အရောင်မှ သဲအရောင်အထိ အရောင် အမျိုးမျိုး ရှိ၍ အစက်အပြောက်များ အမျိုးမျိုးပါရှိသည်။ ယင်းတို့ကို အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံနှင့် သီဟိုဠ်ကျွန်းရှိ မြစ်ကြီးများ၌သာ တွေ့ရသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Glareola lactea". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)