သူမ (ဝတ္ထု)

ဝီကီပီးဒီးယား မှ

ဆရာမကြီး ဂျာနယ်ကျော်မမလေး ၏ အခြား ထင်ရှားသော ဝတ္ထုမှာ သူမ ဖြစ်သည်။ ဤဝတ္ထုကို စက္ကူရှားပါးသော ဂျပန်ခေတ် အတွင်းက ပထမအကြိမ်အဖြစ် အုပ်ရေတစ်ထောင် ရိုက်နှိပ်ထုတ်ဝေရသည်။ ယင်းဝတ္ထုနှင့်ပတ်သက်၍ ဒုတိယအကြိမ်ထုတ်ဝေခြင်း (၁၉၅၇) အတွက် အမှာစာရေးသားရာတွင် ဤဝတ္ထုကို စာရေးသူက "လက်တည့်စမ်းရေးကျင့်ခဲ့သောဝတ္ထု" ဟု ဆိုထားသည်။

"သူမ" ဝတ္ထုသည် စိတ်ကူးယဉ်ဇာတ်လမ်းဝတ္ထု ဖြစ်သည်။ ဆရာမကြီး ဂျာနယ်ကျော်မမလေးသည် ဂျပန်ခေတ်က သခင်သန်းထွန်း (နောင်ဗကပဥက္ကဋ္ဌ ထောင်တွင်းကျဆုံး) နှင့် အိမ်ချင်းကပ်နေခဲ့သည်။ ထိုစဉ်က သခင်သန်းထွန်းသည် လူပျိုဖြစ်သည်။ အဖော်တစ်စုနှင့် ဖြစ်ကတတ်ဆန်း တရုန်းရုန်းနေကြသည်။ ဂျာနယ်ကျော်မမလေးက သခင်သန်းထွန်းအိမ်ကို ပြင်ဆင်မွမ်းမံပေးခဲ့ရသည်။ စည်းကမ်းကလနားများ သတ်မှတ်ပေးခဲ့ရသည်။

“အမျိုးသမီးများနှင့်ပတ်သက်၍ အိမ်မှုလုပ်ငန်းနှင့်စပ်လျဉ်းသော အသိဉာဏ်ကျယ်ပြန့်လာစေသည့် ဝတ္ထုကြောင်းကိုရေးရန် ဝတ္ထုဇာတ်လမ်း တွေးခေါ်ရာတွင် သခင်သန်းထွန်း၏အိမ်ကြီးကိုပြေးမြင်လိုက်ကာ ဝတ္ထုဇာတ်လမ်းအစရသွားလေ၏” ဟု ‘သူမ’ ဝတ္ထု ဒုတိယအကြိမ်ထုတ်ဝေခြင်းအမှာစာတွင် စာရေးသူကဝန်ခံထားသည်။ ‘သူမ’ သည် စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သည့်အလျောက် ဖတ်၍ကောင်းသည်။ လူကြိုက်များသည်။ ရုပ်ရှင်ရိုက်လိုကြသည်။ ယင်းနှင့်ပတ်သက်၍ ဒုတိယရိုက်နှိပ်ခြင်းတွင်ပင် စာရေးသူက …

“ဤဝတ္ထုကို ယခု (၁၉၅၇) ပြန်ဖတ်ကြည့်ရာတွင် စိတ်ကူးဉာဏ်ကွန့်ထားသော စိတ်ကူးယဉ်ဝတ္ထုဟု မြင်နေမိသည်။ စာပေနှင့်ဘဝ ပေါင်းစပ်ကာ သရုပ်ဖော်စာပေမျိုးကိုရေးရန် အားသန်ရှေးရှုနေခိုက် ဝတ္ထုရေးစ လွန်ခဲ့သောဆယ့်နှစ်နှစ်ကရေးခဲ့သောဝတ္ထုကို ရှုမဝက နားပူလွန်းသဖြင့် ရုပ်ရှင်ရိုက်ဖို့ရန် ဖြည့်စွက်ရေးပေးရခြင်းဖြစ်ပါ၏” ဟူ၍ ဖော်ပြထားသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

Than Win Hlaing – ဂျာနယ်ကျော်မမလေး၏ ဘဝနှင့် စာပေလက်ရာများ – အပိုင်း (၁)။ ၃ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဇန်နဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]