သူနာပြုအတတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဗြဟ္မစိုရ်တရားအရင်းခံသောလုပ်ငန်း[ပြင်ဆင်ရန်]

သူနာပြုခြင်းမှာအရေးပါသောလူမှုလုပ်ငန်း ဖြစ်လာသည်မှာမကြာသေးပေ။ မူလကကုသိုလ်ဖြစ် လုပ်ငန်းတစ်ခုသာဖြစ်၍ နောင်အခါမှအသက်မွေးမှု လုပ်ငန်းတစ်ရပ်ဖြစ်လာသည်။ အရေးကြီးသော လူနာတစ်ဦး အတွက် ကျွမ်းကျင်သော သမားကောင်းနှင့် ဆရာဝန်တို့အရေးပါသကဲ့သို့ သူနာပြုကောင်းကောင်းသည်လည်း အရေးပါလှသည်။

သူနာပြုအတတ်[ပြင်ဆင်ရန်]

သူနာပြုအတတ်သည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူ သောဗြဟ္မစိုရ်တရားလေးပါးအပေါ်အခြေခံထား၍ ဝေဒနာရှင်တို့အား ကိုယ်ကျိုးမငဲ့ဘဲ ပြုစုလုပ်ကိုင်ပေးရသော လုပ်ငန်းတစ်ရပ်ဖြစ်၍ စေတနာ့ဝန်ထမ်းလုပ်ငန်းတစ်ခု အဖြစ်မှစတင်ခဲ့လေသည်။ ယင်းအတတ်သည် လူမှုရေးရာတွင် အရေးပါသောလုပ်ငန်းတရပ်အနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၁ဝဝ နီးပါး ခန့်ကမှကမ္ဘာပေါ်၌ ထင်ရှားခေတ်စားလာခဲ့သည်။

လူနေမှုအဆင့်အတန်းနိမ့်ကျစဉ်ခေတ်အခါက ယခုအချို့လူရိုင်းမျိုးတို့ကဲ့သို့နာဖျားမကျမ်းရှိသူများကို ဂရုတစိုက်ပြုစုစောင့်ရှောက်ကုသခြင်းမပြုကြသည့်ပြင် မကောင်းဆိုးဝါး၏နှောင့်ယှက်ခြင်းဟုသာယူဆကြသဖြင့် နာမကျမ်းသူထံမှမကောင်းဆိုး ဝါးထွက်သွားစေရန် ရိုက်မောင်းပုတ်မောင်းပင်ပြုခဲ့ကြသည်။

လူနေမှုအဆင့်အတန်းတစ်စတစ်စ တိုးတက်လာသော အခါမှနာဖျားမကျမ်းမာသူများ၊ မစွမ်းမသန်သူများ၊ ကလေးသူငယ်များအား စောင့်ရှောက်ပြုစုရန်သည် လူသားတို့၏တာဝန်တစ်ရပ်ဟု သိရှိနားလည်လာကြသည်။ သို့သော်သူနာပြုစုခြင်းသည် ကုသိုလ်ဖြစ် သက်သက်သာ ဖြစ်ခဲ့၍ အသက်မွေးဝမ်းကြောင်း တစ်ရပ်အနေဖြင့် အသွင်ပြောင်း လာခဲ့သည်မှာလည်း မကြာလှသေးချေ။ သူနာပြုအတတ်သည် ရှေးပဝေဏီကပင်ရှိခဲ့ကြောင်း ရှေးစာပေကျမ်းဂန်များအရ သိရှိရပေသည်။ အိန္ဒိယနိုင်ငံတွင်ဂေါတမမြတ်စွာဘုရားလက်ထက်၌ ပေါ်ပေါက်ထင်ရှားခဲ့သောသမားအကျော်အမော်ကြီး ဇီဝကသည်သူနာပြုတို့လိုက်နာဆောင်ရွက်အပ်သော ကျင့်ဝတ်များကိုသတ်မှတ်ထားရှိခဲ့သည်။

ဗက်ဗီလုံးရှေးဟောင်းစာပေ၊ အီဂျစ်ရှေးဟောင်းစာပေတို့၌လည်း သူနာပြုအတတ်နှင့်စပ်လျဉ်းသောအချက်အလက်များကို ရေးသားထားချက်များတွေ့ရသည်ဟုဆိုကြသည်။ ခရစ်တော်ပေါ်ပြီးနောက်တွင်လည်း ခရစ်တော်၏အဆုံးအမအရ ခရစ်ယန်အမျိုးသားသင်းထောက်နှင့်အမျိုးသမီးသင်းထောက် တို့သည် သူနာများကိုကောင်းမွန်စွာပြုစုစောင့်ရှောက်ခဲ့ကြသည်။

သူနာပြုများကိုပြုစုစောင့်ရှောက်ရန် နောင်အခါ 

အယူဝါဒရေးဂိုဏ်းများက တည်ထောင်ဆောင် ရွက်သောသူနာရုံများ ဥရောပတိုက်တွင် တစ်စတစ်စ ပေါ်ပေါက်လာလေသည်။ ထိုမျှသာမကကရူးဆိတ်စစ် ပွဲများကို အကြောင်းပြု၍ စစ်ပွဲအတွင်းထိခိုက်ဒဏ်ရာရသူများအား ပြုစုစောင့်ရှောက်ရန်အတွက်စစ်သူနာပြုအဖွဲ့အစည်းများလည်း ရှိခဲ့လေသည်။

သို့သော်ခရစ်နှစ် ၁၅၃၆-၄ဝ ပြည့်နှစ်များတွင် ဘုန်းကြီးကျောင်းများကိုဖျက်သိမ်းလိုက်သဖြင့် သူနာပြုလုပ်ငန်းသည် ဥရောပနိုင်ငံများတွင်မှေးမှိန်သွားခဲ့ရသည်။ သူနာပြုအလုပ်သည် အညစ်အကြေး နှင့်ဆက်စပ်သဖြင့် အောက်တန်းကျသောအလုပ်ဟူ၍အထင်အမြင်လွဲမှားခဲ့ကြသည်။ ထိုကြောင့် ကရုဏာရှင်သာသနာ ပြုဝန်ထမ်းများနှင့်ဆင်းရဲသူ ဆင်းရဲသားများသာလျှင်ဆောင်ရွက်ခဲ့ကြလေသည်။

တစ်ဆဲ့ကိုးရာစုနှစ်တွင်မူ သူနာပြုအတတ်သည် တစ်စတစ်စဖြင့် ပြန်၍ခေတ်စားလာလေသည်။ စက်မှု အရေးတော်ပုံသည်သူနာပြုအတတ်ကိုပြန်၍ အခြေမြှင့်ပေးသော အကြောင်းတစ်ရပ်ဖြစ်၍ အခြား အကြောင်းတစ်ရပ်မှာ ဆေးပညာတိုးတက်လာမှုဖြစ်ပေသည်။ ထိုသို့ဆေးပညာ တိုးတက်လာသောအခါ သူနာပြုသည်ဆရာဝန်များ၊ သမားများအတွက် အရေးပါသောအကူအညီ တစ်ယောက်ဖြစ်လာလေသည်။ လူအများ၏အထင်သေးခံရသော အလုပ်တစ်ခုအဖြစ်မှ မွန်မြတ်သောအလုပ်တစ်ခု အဖြစ်သို့ ရောက်အောင် သူနာပြုအတတ်၏ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့သူများအနက်အထင်ရှားဆုံးမှာ ကမ္ဘာ ကျော်သူနာပြု ဖလော်ရင့်နိုက်တင်ဂေးဖြစ်ပေသည်။ နိုက်တင်ဂေး ဆောင်ရွက်ခဲ့မှုကိုအကြောင်းပြု၍ စစ်မက်ရေးရာများတွင် စစ်သူနာများကိုပြုစုစောင့်ရှောက်ရန် ကြက်ခြေနီအသင်းကြီး ပေါ်ပေါက်ခဲ့သည်။


သူနာပြုအတတ်ပေါ်စဉ်က သူနာပြုလုပ်ငန်း၏ နယ်ပယ်သည် ကျဉ်းမြောင်းလှသည်။ ထိုစဉ် ကသူနာပြုများ၏ အလုပ်မှာ သူနာများကိုပြုစုပေးရုံမျှသာဖြစ်လေသည်။ ထိုနောက် လူလောက၏တိုးတက်ပြောင်းလဲလာသော အခြေအနေနှင့် လိုက်လျောညီစွာ သူနာပြုလုပ်ငန်း၏ နယ်ပယ်သည်လည်း ကျယ်ဝန်းလာသည်။ ခေတ်အလျောက် ပေါ်ပေါက် ထွန်းကားလာသော သိပ္ပံပညာရပ်များကလည်း သူနာပြုအတတ်နှင့်နည်းစံနစ်များကိုခေတ်မှီအဆင့်အတန်းသို့ ရောက်ရှိနိုင်စေရန် မြှင့်တင်ပေးခဲ့ကြသဖြင့်ယဉ်ကျေး တိုးတက်လျက်ရှိသော နိုင်ငံကြီးများတွင်သူနာပြုလုပ်ငန်းသည် အရေးပါသော ပြည်သူ့ကျမ်းမာရေးလုပ်ငန်းကြီးတစ်ခုအဖြစ် သို့ ရောက်ရှိခဲ့လေသည်။

သူနာပြုလုပ်ငန်းသည်အမျိုးသမီးများ၏ လုပ်ငန်းတစ်ခုသဖွယ်ဖြစ်နေသည်။ အမျိုးသားသူနာပြုများ ရှိလင့်ကစား အမျိုးသမီးများ၏ဦးရေနှင့် နှိုင်းစာလျှင် မပြောပလောက်ပေ။ စစ်သူနာပြုအဖွဲ့ များတွင်သာ အမျိုးသားသူနာပြုဦးရေကပိုမိုများပြားလေသည်။ အကူအညီ အထူးလိုအပ်နေသော လူနာအားယုယပိုက်ထွေး သက်သာမှုပေးရသည့် မွန်မြတ်သောလုပ်ငန်းသည် မိခင်စိတ်ရှိကြသောအမျိုးသမီး များနှင့်ပိုမိုလျော်ကန် သင့်မြတ်ပေသည်။ သို့သော်သာမန်အမျိုးသမီးတိုင်းလည်း ထိုအလုပ်ကိုမလုပ် နိုင်ကြချေ။ ဒုတိယကမ္ဘာစစ် မတိုင်မီခေတ်အထိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဝါဒီမြန်မာ အမျိုးသမီးများထဲမှ သူနာပြုအလုပ်လုပ်ကိုင်သူ အလွန်နည်းပါးခဲ့သည်။ အယူဝါဒရေးအရကြည့်လျှင် မေတ္တာ၊ ကရုဏာ၊ စေတနာတို့ကိုအရင်းထားကာ ဝေဒနာရှင်တို့အား ဝေဒနာမှ သက်သာရာရရန်စောင့်ရှောက်ပြုစုခြင်း၊ အသက်ကယ်ဆယ်ခြင်းစသည်တို့ကိုဆောင်ရွက်ရသဖြင့် အလွန်မွန်မြတ်၍ ကုသိုလ်ပွားနိုင်သော အလုပ် ဖြစ်ငြားသော်လည်း ရိုးရာဓလေ့အစွဲကလေးများကို မဖျောက်နိုင်ကြသဖြင့် အညစ်အကြေးနှင့်ဆက် စပ်သော အလုပ်တစ်ခုအဖြစ် လုပ်ကိုင်သူနည်းပါးခဲ့ခြင်းဖြစ်လေသည်။

စစ်ပြီးကာလနောက်ပိုင်းတွင်မူ ထိုလုပ်ငန်း၏ မွန်မြတ်ခြင်းကို သိမြင်လာကြသဖြင့် ဝင်ရောက်လုပ်ကိုင်သူမြန်မာ အမျိုးသမီးလေးများ များပြားလာသည်။ စစ်ပြီးကာလ နောက်ပိုင်းမှစ၍ ဆေးခန်း၊ဆေးရုံတို့၏ အကျိုးကျေးဇူူးကို သိမြင် လာကြ၍ဆေးခန်း၊ ဆေးရုံများတွင် တက်ရောက် ကုသမှုခံယူကြသောဝေဒနာရှင်များကလည်း များပြား လာပေရာ သူနာပြုအများအပြားရှိရန်လည်းလိုုအပ်လာခဲ့လေသည်။

ကမ္ဘာ့နိုင်ငံကြီးများရှိမြို့ကြီးတိုင်းတွင် သူနာပြု ဆရာမသင်တန်းများကို ဆေးရုံကြီးများတွင် ဖွင့်လှစ်သင်ကြား ပေးကြသည်။ ဆေးရုံအုပ်များသည် သင်တန်းတက်လိုသူများ၏ လျှောက်လွှာကို သင်တန်းမဖွင့်မီလအနည်းငယ်ခန့်က ကြိုတင် လက်ခံကြသည်။ သင်တန်းတက်လို သူတို့အတွက် သတ်မှတ်ထားသောအရည်အခြင်းများအနက် ကျမ်းမာရေးနှင့် ပြည့်စုံမှု၊ သတ်မှတ်ထားသော ပညာအရည်အခြင်းနှင့် ပြည့်စုံမှုတို့ကိုအရေးထား၍ ရွေးချယ်ရသော်လည်း ထို လုပ်ငန်းအတွက်သည်းခံ နိုင်စွမ်းရှိမှု၊ ဇွဲသတ္တိ လုံ့လဝိရိယနှင့် ပြည့်စုံမှု၊ ကရုဏာတရားပြည့်ဝမှုတို့လည်း အရေးကြီးပေသည်။

သင်တန်းတက်ရန်ရွေးချယ်ခံရသူတို့သည်လအနည်းငယ်ခန့် အစမ်းသင်တန်းတက်ကြရသည်။ အစမ်းသင်ချိန်ထားရခြင်းမှာ အလုပ်ကိုစိတ်ဝင်စားသလား၊ လိုက်နိုင်မလိုက်နိုင် ချင့်ချိန်ရန်ဖြစ်သည်။ သူနာပြုအတတ်သည်သက်သာ လွယ်ကူသောအလုပ်မဟုတ်ပေ။ အစမ်းသင်ချိန်တွင်သင်ကြားမှု အရပ်ရပ်ကို ဇွဲကောင်းကောင်းဖြင့်လိုက်နိုင်ခဲ့ပါမှ သင်တန်း ကုန်ဆုံးသည်အထိသင်ယူရန်ဝန်ခံချက်ကို လက်မှတ်ရေးထိုးကြ ရသည်။

သူနာပြုသင်တန်းတက်လိုသူများအတွက် သတ်မှတ်ထားသောအသက်အပိုင်းအခြားမှာ အင်္ဂလန်ပြည်၌ အငယ်ဆုံး ၁၈နှစ်မှ ၁၉နှစ်ဖြစ်၍ မြန်မာနိုင်ငံတွင် ၁၈နှစ်မှ ၂၄နှစ်အထိဖြစ်သည်။ သင်တန်း ကာလအပိုင်းအခြားမှာ သုံးနှစ်မှလေးနှစ်အထိဖြစ်သည်။ အချို့သင်တန်းများမှာ ထိုမျှလောက်ကာလ အပိုင်းအခြားမရှည်ချေ။ နိုင်ငံကြီးအချို့တွင် သူနာပြုကျောင်းများဖွင့်လှစ်ထားလေသည်။

သင်တန်းတက်နေစဉ်အတွင်းနေရာထိုင်ခင်းနှင့် အစားအသောက်တို့ကို အခမဲ့ရကြသည့်ပြင်သင့်တင့်သော လစဉ်ထောက်ပံ့ကြေးလည်းရကြသည်။ အနာရောဂါ ကာကွယ်ရေး၊ပျောက်ကင်းအောင်ကုသရေးနှင့်သက်ဆိုင်သော အချက်အလက်များ၊ဆေးဝါးနှင့်ခွဲစိတ်မှုဆိုင်ရာ အချက်အလက်များ၊ ခန္ဓာဗေဒ၊အနာတမီစသည်တို့ကို ဆရာဝန်များကဲ့သို့ပြည့်စုံလုံလောက်စွာမသင်ကြားရသော်လည်း သူနာပြုတို့အဆင့်နှင့်လျော်ညီစွာ အခြေခံအားဖြင့် သိရှိ နားလည်ထားရန်အချက်အလက်များကို သင်ကြားကြရ သည့်ပြင် လူနာအားသက်သာမှုရစေရန် ပြုစုစောင့်ရှောက် နည်းများလည်းပါဝင်လေသည်။ ပြင်းထန်သောဒဏ်ရာအနာတရဖြစ်ခြင်း၊ သို့မဟုတ် ရောဂါဝေဒနာတစ်ခုစွဲကပ်ခြင်းသည် ဆေးဝါးဖြင့်လည်းကောင်း၊ ခွဲစိတ်ခြင်းဖြင့်လည်းကောင်း၊ ကုသမှုအပြင်လူနာကို ကောင်းစွာပြုစုစောင့်ရှောက်မှုလည်းလိုအပ်ပေသည်။ ပြုစုစောင့်ရှောက်မှုမဟုတ်သဖြင့် လူနာတစ်ဦးတယောက် မတိမ်းပါးသင့်ပဲ တိမ်းပါးသွားရသည့် ကိစ္စများလည်းရှိခဲ့သည်။ ထို့ကြောင့်အရေးကြီးသော လူနာများကို ဆရာဝန်များက အထူးသူနာပြုများကို စောင့်ရှောက်စေခြင်းဖြစ်လေသည်။

ယင်းသည်ကိုထောက်၍ရောဂါဝေဒနာကြီးကြီးကျယ်ကျယ် ဖြစ်သည့်အခါသူနာပြုကောင်းကောင်းလိုအပ်သည်မှာ အရေးပါသောအချက်တစ်ရပ်ဖြစ်ပေသည်။ သူနာပြုတို့၏အဓိက ဝတ်တရားများမှာ ဆရာဝန် မှာကြားချက်အတိုင်းလူနာအား အချိန်မှန်ဆေး ဝါးတိုက်ခြင်း၊ ဆေးလူးပေးခြင်း၊ လူနာ၏ရောဂါလက္ခဏာများကို မှတ်သားထားခြင်း၊ အဖျားတိုင်းခြင်းသွေးခုန်နှင့် အသက်ရှူနှုန်းကိုမှတ်သားခြင်း၊ ဒဏ်ရာများအနာများကို ဆေးထည့်ပေးခြင်း၊ သင့်လျော်သောအစားအသောက်များ ပေးဝေခြင်း၊ ကိုယ်တိုင်မစားနိုင်သောလူနာများကို အစာကျွေးခြင်းတို့လည်းပါဝင်သည်။ ထိုပြင်သက်ဆိုင်ရာ ဆရာဝန်များကညွှန်ကြားလျှင်လူနာအားဆေးထိုးခြင်းစသော အထူးပြုစုကုသမှုတို့ကိုလည်း ဆောင်ရွက်ပေးရသည်။

ခွဲစိတ်ခန်းများတွင် ခွဲစိတ်ကုသရမည့်လူနာများအတွက် အသင့်ရှိရန်လိုအပ်သလိုပြင်ဆင်ရခြင်း၊ ခွဲစိတ်ရာတွင် အသုံးပြုရမည့်ပစ္စည်းကရိယာများကို ပေါင်းတင်ခြင်းတို့ကိုလည်း ပြုလုပ်ရသည်။ အရေးတကြီးကိစ္စများ၊ အခြေအနေများ ဖြစ်ပေါ်သည့်အခါများတွင်လည်း ကြက်ခြေနီအသင်းနှင့်တွဲဖက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာ၌ကူညီကြရ လေသည်။

အတွေ့အကြုံများပြီးသော၊ သို့မဟုတ်လုပ်သက် ရင့်ပြီးသောသူနာပြုတစ်ဦးသည် ဆရာဝန်တစ်ယောက် နီးပါးအားထားရ၍ ဆရာဝန်အတွက်လည်း အလွန်အရေးပါသော အကူအညီကို ရရှိစေနိုင်လေသည်။ သူနာပြုအတတ်သည် လခကိုသော်လည်းကောင်း၊ ရရှိမည့်အခကြေးငွေလာဘ် သပ်ပကာကို သော်လည်းကောင်း၊ ပဓာနမထားဘဲ ကရုဏာ၊ မေတ္တာ၊ စေတနာကို ရှေးရှုရသော လုပ်ငန်းသက်သက်ဖြစ်ရကား သင်တန်းအောင်မြင်၍ အလုပ်တတ်မြောက်ရုံနှင့်မပြည့်စုံသေးချေ။ လူနာအားကြင်နာမှု၊ သည်းခံနိုင်မှု၊ သက်သာစေမှု၊ စသည့်စိတ်ရင်းခံသဘောထားသည် ပို၍အရေးကြီးပေသည်။ သို့မှသာလျှင်မွန်မြတ်သော အလုပ်ကိုရွက် ဆောင်ဝန်ထမ်းရာရောက်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)