သူဇာပျို့

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သူဇာပျို့ကို ဝန်ကြီးပဒေသရာဇာက ရေးစပ်ခဲ့သည်။ ဟံသာဝတီရောက်မင်းတရားကြီး၏ တိုက်တွန်းချက်အရ ဇင်းမယ်ပဏ္ဏာသလာ သုဓနုကုမာရဇတ်ကို ပျို့လင်္ကာဖြင့် မြန်မာဘာသာသို့ ပြန်လည်သီကုံးထားခြင်း ဖြစ်သည်။ ပညာရှိတို့က "သူဇာကိုလည်း မပစ်နှင့်၊ စာနုလည်းမချစ်နှင့်" ဟူ၍ ပညာရှိများက မှတ်ချက်ပြုခဲ့ကြသည်။ ရေးသားခဲ့သော ပျို့ (၇)ခုအနက် နောက်ဆုံးတစ်ခုလည်းဖြစ်သည်။

သူဇာပျို့[ပြင်ဆင်ရန်]

၁။ အနုအယဉ်၊ စီလျဉ်ပေါင်းရုံး၊ ရွှေနန်းထုံးကို၊ ယူကျုံးမှတ်သား၊ နှလုံးထားသည်၊ မင်းများ-စိုးများ၊ ထင်ရှားစသည်၊ မျိုးမည်ထူးခြား၊ အပြားပြားလျှင်၊ ယောက်ျားမိန်းမ၊ သိကြအစဉ်၊ လူနှင့်ရှင်တို့၊ ပေါ်ထင်နှံ့လည်၊ ကျွန်ုပ်သည်လျှင်၊ သာကြည်ကုံးသီ၊ နာအီနှစ်လို့၊ မနော်ပျို့က၊ ဘယကုမ္မာ၊ ဒန္တာသီရိ၊ တွင်ရှိမည်ဟူ၊ နုအူအူနှင့်၊ ပြိုင်တူဘက်လွတ်၊ ကြာတတ်ကေသာ၊ မဟာပတိ၊ ခံချိနားမှာ၊ သာသည်ကျူးအောင်၊ ပျို့ခြောက်စောင်ကို၊ ဉာဏ်ရောင်ဖြိုးမောက်၊ ဆိုပြီးနောက်သာ၊ များမကြာခင်၊ ဆက်ကာပင်တည့်၊ မြန်ခွင်ထိပ်မိုး၊ ဆက်စဉ်စိုးသည်၊ နန်းမျိုးညှာလှစ်၊ ဧကရာဇ်တိ၊ စင်စစ်နေကျ၊ ပေးခဲလှသား၊ ကာလပုဆိုး၊ ဖဲမျိုးသုံးထည်၊ ပန်းရည်ဆိုးစွတ်၊ နီတွတ်ထိုမျှ၊ ရေတွက်ကြသို့၊ ထွန်းပလျှံလန်း၊ ရွှေနန်းများရှင်၊ ဘုရင်များမှူး၊ ဘုန်းမြူးရောင်ဝှန်၊ ရွှေဉာဏ်တုလွတ်၊ မြင်တိုင်းတတ်သည်၊ အထွတ်မှန်ကူ၊ ပေးတော်မူမှ၊ စဉ်စူဘန်ပြု၊ သည်ဝတ္ထုကို၊ ယဉ်နုချီးကျူး၊ ပျို့ဦးစီးဟု၊ ကြိုင်မြူးသင်းပျ၊ ဗျာဒိတ်ဟလျက်၊ ရွှင်ပြသာယာ၊ ဝတ္ထုစာကို၊ စေတနာကြည်ဖြူ၊ ကမ်းတော်မူသော်၊ လှမ်းယူချပ်မျှ၊ ရှိခိုးချ၍၊ ဒိဗ္ဗမာလာ၊ ဗျာဒိတ်ကြာကို၊ ထိပ်ချာယဉ်နု၊ ပန်ရရုလျက်၊ ယခုသာကြည်၊ ဆိုအံ့သည်ကား၊ ထူးလည်စီစဉ်၊ အယဉ်အနု၊ ကြိုးမှုရင့်ရာ၊ သေချာမှတ်လို့၊ သူဇာပျို့တည့်၊ နှစ်မြို့ဝမ်းသာ၊ ရွှင်လန်းစွာသည်။ ။ နောင်လာနှစ်သိမ့် မှတ်ရစ်စိမ့်


၂။ လွန်လေကျူးကျော်၊ ရှေးသရော်နှိုက်၊ ထွန်းပေါ်စည်လှ၊ ဇေယျပူရ၊ နာမမည်တွင်၊ ပြည်ကြီးသည်ကား၊ တမည်မချို့၊ မြို့၏အင်္ဂါ၊ စုံစွာထူပြား၊ တံခါးတရာ၊ သာသည်ခြောက်တန်၊ နတ်ရပ်ဌာန်လည်း၊ မလွန်စင်စစ်၊ ရည်တည်ဖြစ်၍၊ သစ်သစ်ထပ်ပွား၊ လူမျိုးပြားတို့၊ များသည်ဖျင်ပည်း၊ စုပေါင်းစည်း၏၊ သိမ်းဆည်းတိုင်းခွင်၊ စိုးသည့်ရှင်ကား၊ ဆယ်အင်မပျက်၊ မင်းကျင့်ဝတ်ကို၊ မချွတ်စိမ့်ငှာ၊ သက်ပမာလျှင်၊ သေချာမခွ၊ စောင့်မြဲလှလျက်၊ ဒီပသောင်းတွင်း၊ အမင်းမင်းကို၊ နှိမ်နင်းပိုင်သ၊ အစိုးရ၍၊ ရာဇိန္ဒရာဇာ၊ မည်သာသတင်း၊ ကျော်ဖောက်ထွင်း၏၊ ထိုင်းမင်းမြောက်ကား၊ မိဖုရားကြီး၊ ထွန်းညီးအင်္ဂါ၊ လက္ခဏာနှင့်၊ ကျင့်အာစာရ၊ ဂုဏလုံးခြုံ၊ မြတ်ပုံစုရာ၊ ရံများချာကား၊ နရိန္ဒာဒေဝီ၊ ခေါ်တွင်ညီလျက်၊ ကျောက်စီပျောင်းပတ်၊ ပြသာဒ်ရဝေ၊ နန်းမနေ၏၊ ပြစ်တွေလွတ်ရှား၊ မိဘုရားလတ်၊ ရွေပါင်းနတ်ကား၊ ထူးမြတ်နာမ၊ ရာဇဒေဝီ၊ ခေါ်ညီထင်ရှား၊ လွံကျော်ကြား၏၊ မိဖုရားငယ်၊ ဆန်းကြယ်လက္ခဏာ၊ လှမြတ်စွာကား၊ ဘဒ္ဒါဒေဝီ၊ ခေါ်ညီမည်မှတ်၊ နှိုင်းတုလွတ်လျက်၊ ပြသာဒ်သိင်္ဂီ၊ တဆောင်စီနှင့်၊ တူပြီမျှ၊ စံနေရသည်။ ။ ထွန်းပထင်ရည် မိုး၏တည်း


၃။ နရိန္ဒဒေဝီ၊ ခေါ်ညီထင်ရှား၊ မိမြတ်ဖျားနှိုက်၊ ခစားရသည်၊ မျိုးမည်မချို့၊ ကိုယ်လုပ်တို့ကား၊ လျောက်လျားတင့်တယ်၊ အလယ်ရဝေ၊ ကွန်းစင်နေသည်၊ ကြက်သရေထွန်းညိ၊ သီရိမဏိမာလာ၊ ဖြူပြာရောင်ညိ၊ သီရိစန္ဒမာလာ၊ ပြာပြာအိအိ၊ သီရိရမ္မမာလာ၊ နှိုင်းစရာမရှိ၊ သီရိဟေမမာလာ၊ ပြစ်ဆာမငြိ၊ သီရိနန္ဒမာလာ၊ ဆွယ်ကာတထောက်၊ သည့်နောက်ရဝေ၊ တစဉ်နေမှ၊ ကေသာဝတီ၊ သိင်္ဂီတရှိ၊ သီရိသုဘဒ္ဒါ၊ ကြေညာကျော်သိ၊ သီရိကဉ္စနာ၊ သန့်စွာဇာတိ၊ သီရိသုရမ္မာ၊ မူရာပျောင်းအိ၊ သီရိသုပဘာ၊ သိင်္ဂါရောင်ညိ၊ သီရိသုမိတ္တာ၊ သာသည်ရိပ်မြင့်၊ ကျွန်းစင့်လက်ပြင်၊ ထောင်တင်ရှေ့ခန်း၊ နေမှန်းစာရုစိ၊ ဇုတိမာရီ၊ ဤနှင့်ပြိုင်ရ၊ လကဝဲကမှာ၊ ဂန္ဓသာမာ၊ ဇာလာသောဘာ၊ အာသာတွင်မည်၊ တကျိပ်သည်ကား၊ ထူးလည်သာယာ၊ နှုတ်သာပျံ့ကြူ၊ မည်သသူတည့်၊ အတူမရှည်၊ သည်လက်ပြင်စဉ်၊ ဠည်သည်မူထား၊ မြို့စားတဆယ်၊ နုနယ်ကညာ၊ ရွာရတကျိပ်၊ ပြည့်သိပ်စဉ်သင့်၊ ကြမ်းဆင့်အောက်ပြင်၊ စမြင်ပတ်လည်၊ နေရသည်ကား၊ အမည်မရ၊ ရွာစားမျှလျှင်၊ များလှသွယ်သွယ်၊ ရေသော်ကျယ်၏။ ။ ငြီးဘွယ်ရှိမည် စိုး၏တည်း


၄။ သည့်ပြင်တသီး၊ မင်းသမီးနှင့်၊ ဖြင်ညီးများစည်၊ ရှမ်းပြည်ယွန်းရပ်၊ တပ်ပေါင်းမြို့စား၊ တို့သည်းကြားလည်း၊ တခြားတတည်၊ ငယ်မည်ရွာစား၊ အလွန်များ၏၊ ထွတ်ထားမြတ်ညှာ၊ နှစ်ပါးမှာလည်း၊ ကျေးရွာမြို့ပြ၊ နေရာရကား၊ များလှ-မပည်း၊ စုံရာနည်း၏၊ ပေါင်းစည်းပည်းဖြင်၊ ထို့ပြင်သည်ကား၊ အင်ခွင်ကြီးစွာ၊ နေရာမက၊ မြတ်ရာရလျက်၊ သာလှဆောင်ခြား၊ ဆောင်သီးထားသည်၊ ထင်ရှားဝှန်ဝှါ၊ ကေသာသီရိ၊ ထွန်းညိကိုယ်ဝါ၊ ဝဏ္ဏာသီရိ၊ အိအိပြာပြာ၊ ဒန္တာသီရိ၊ ချစ်မိဘွယ်သာ၊ ဇာလာသီရိ၊ မရှိနှိုင်းရာ၊ ရုဇာသီရိ၊ ကျော်သိနှံ့ပြား၊ သည်ငါးပါးကား၊ ကိုးပါးမျက်ချယ်၊ ကြီးကျယ်ဆောင်ရွက်၊ ယွန်းဆက်သိင်္ဂီ၊ တဆောင်စီနှင့်၊ ပည်းသီရံခ၊ စံနေရ၏၊ သီလအာစာ၊ လွန်မြတ်စွာသည်၊ နရိန္ဒာဒေဝီ၊ မဟေသီ၏၊ ရှုအီမညီး၊ တယောက်ထီးလျှင်၊ သားကြီးရတနာ၊ ဗောဓိလျာကား၊ ဘုန်းဝါလျှံတောက်၊ အရွယ်ရောက်သော်၊ ပြိုင်ထောက်မရ၊ ပရနိမ္မိတ၊ သသဝတ္တီ၊ စိုးညီပိုင်ယူ၊ နတ်ပင်ဟူလည်း၊ မတူဘွယ်လျှင်း၊ တင့်ရောင်ဆင်းနှင့်၊ ဆင်မြင်းစီးနှင်၊ ပစ်ငင်လေးမြား၊ ကာလွားရေးရာ၊ အဋ္ဌာရသ၊ တတ်စုံလှ၍၊ နရထိပ်ပေါ်၊ ခမည်းတော်ကား၊ရှုမြော်မဆုံး၊ ချစ်ဆကဲးလျက်၊ ကျော်သဲးကြေညာ၊ ဘသည်းချာကို၊ မြတ်ရာမြှောက်တင့်၊ ထားပေသင့်ဟု၊ ချီးမြှင့်သံညင်း၊ ချိုပြံးရှင်းသည်။ ။ လွန်ပြင်းချစ်မြတ် နိုး၏တည်း


၅။ မြတ်နိုးသာပျော်၊ ဗြဲတိုက်တော်သို့၊ နှိုင်းလျော်နတ်တူ၊ ထွက်တော်မူ၍၊ ဖြီးထူများကြွယ်၊ မတ်မျာလယ်နှိုက်၊ တင့်တယ်လွန်မင်း၊ အိမ်ရှေ့နှင်းသော်၊ ပျံ့ရွင်းချိုသာ၊ ရေးတင်စာကို၊ သေနာပတိ၊ ဦးရှိရိုသေ၊ ဘတ်လျှောက်စမှ၊ မရေတွက်သာ၊ လက်ဖွဲ့စာကို၊ ရေးရာမြင်သိ၊ ရည်ရှိဝန်ထောက်၊ ဘတ်စေလျှောက်၍၊ ရွှေမှောက်ဘုန်းဝှန်၊ ဝန်ကအစ၊ ခန့်သမျှကို၊ မိန့်ဟလေပြီ၊ သားကြီးရတနာ၊ နှင့်မကွာလျှင်၊ မင်္ဂလာညွန့်ရှည်၊ တင့်တယ်သည်ကို၊ ချစ်ကြည်နှစ်လို့၊ ဝန်တို့ရှုပါ၊ မိန့်သောခါဝယ်၊ သေနာပတိ၊ သုတိမင်္ဂလာ၊ သာသည်စကား၊ လျှောက်ထားပြီးသော်၊ ဝင်တော်မူမြောက်၊ ထို့နောက်ရက်တာ၊ များမကြာလျှင်၊ များစွာပည်းသီ၊ မင်းညီမင်းသား၊ မတ်များဒိုင်းဝင်း၊ ဆင်းမြင်းဗိုလ်ပါ၊ ခြံရံကာလျက်၊ မင်္ဂလာရွှန်းမြေ့၊ အိမ်ရှေ့အိမ်တော်၊ မျှို့ကျော်ညွန့်လူ၊ တက်တော်မူ၍၊ ထီးဖြူဆောင်းမင်း၊ မကြွင်းအစ၊ ဂါမစိုးသီး၊ သူကြီးတိုင်အောင်၊ လက်ဆောင်များစွာ၊ ရတနာထွေထွေ၊ ဆက်ကုန်စေ၍၊ စံနေနန်းခင်း၊ အိမ်ရှေ့နှင်းသည်။ ။ သတင်းကျော်နှံ့ ဟိုး၏တည်း


၆။ ကျော်နှံ့သတင်း၊ အိမ်ရှေ့နှင်းသော်၊ ဘက်ပြိုင်ကင်းရာ၊ နန်းပွင့်လျာကို၊ မဟာဥပရာဇာ၊ ဟူ၍သာလျှင်၊ ကြေညာလွံ့ထင်၊ ကျော်စောတွင်၏၊ ပြည့်ရှင်မင်းကျော်၊ လူ့ထိပ်ပေါ်နှင့်၊ သားတော်မဟာ၊ ဥပရာတို့၊ အချာစိုးကြပ်၊ ဆုံးမကွပ်၍၊ ရှစ်ရပ်မျက်နှာ၊ ပွင့်လင်းစွာသည်၊ မည်သာဇေယျ၊ ပူရကျော်ချောက်၊ ရွှေပြည်မြောက်နှိုက်၊ အံ့လောက်သာယာ၊ နတ်စွာရေထု၊ မဓုဇလ၊ ကန်ချမ်းမြဝယ်၊ ဒီပစိတ္တ၊ နာမမည်ရင်း၊ နဂါးမင်း၏၊ ထန်ပြင်းတေဇော်၊ အာနုဘော်ကြောင့်၊ ရပ်ကျော်တိုင်းစည်၊ ထိုပြည်တသွန်၊ မိုဃ်းရေမှန်၍၊ အလွန်သာယာ၊ ဝပြောစွာ၏၊ ထိုခါကာလ၊ သုရမ္မပူရ၊ နာမတွင်မည်၊ ပြညတပြည်နှိုက်၊ ဖြီးစည်ပြောထူ၊ ရှင် လူ ပုဏ္ဏား၊ တရားချွတ်ယွင်း၊ မစောင့်ခြင်းကြောင့်၊ ထန်ပြင်းလေဆောင်၊ မိုးဃ်းရေခေါင်၍၊ ကုန်အောင်မကြွင်း၊ ပြည်တွင်းပြည်ပ၊ ငတ်မွတ်ကြသော်၊ သီဟသူရရာဇာ၊ သည်သာလွံ့ထင်၊ ထိုပြည့်ရှင်သည်၊ ရှေ့မြင်-နောက်သိ၊ ပညာရှိအား၊ မေးလတ်ငြားသော်၊ တခြားတိုင်းစည်၊ ဇေယျပြည်ဝယ်၊ ချမ်းကြည်ရေထု၊ ပြိုင်တုမနှုန်း၊ နဂါးဘုန်းကြောင့်၊ ထစ်အုန်းချိန်တန်၊ အမှန်နှံ့မျှ၊ မိုးဃ်းရွာရ၏၊ သုရမ္မမည်သာ၊ ထိုပြည်မှာကား၊ မရွာသွန်းစေ၊ ပိတ်ပင်လေဟု။ ။ လျှောက်ပေရှိပန်း ဖြိုး၏တည်း


၇။ သီဟသူရ၊ ထွတ်ဒေဝလည်း၊ ဒေါသဇောပြေး၊ သည်အရေးကို၊ စုဝေးကိုယ်တို့၊ အသို့ကြံစည်၊ ပြုကြမည်ဟု၊ မိန့်သည်ရှိလျှင်၊ ဆောလျင်လှုလှု၊ ထိုအမှုကို၊ ယခုသာကြည်၊ တတ်နှိုင်မည်ကား၊ ရွှေပြည်ပူရ၊ သုရမ္မဝယ်၊ မလသီလ၊ နာမထင်ရှား၊ ပုဏ္ဏားသည်သာ၊ တတ်နိုင်ရာဟု၊ ကြောင်းခြာစုံစိ၊ လျှောက်လတ်ချီသော်၊ သင့်ပြီလျင်ထွေ၊ သွားလေစေဟု၊ ပရမေသီရိ၊ မိန့်ရှိသောအား၊ ထိုပုဏ္ဏားကို၊ သွားစေမိန့်ဟန်၊ ပြန်ပြီးလျင်လျား၊ ပုဏ္ဏားသွားမြောက်၊ ရေကန်ရောက်သော်၊ ငံ့ထောက်မတင်း၊ ငဠုန်မင်းတို့၊ ထန်ပြင်းတေဇော်၊ မန္တန်ကျော်ကို၊ ဖျော်ဖျော်ရွရွ၊ ရွတ်လေကလျှင်၊ ကန်ဝအလုံး၊ ခိုးလျှံဖုံး၍၊ ပူဆုံးကိုယ်တွင်း၊ နဂါးမင်းလည်း၊ စင်းစင်းရေပြင်၊ ပေါ်သည်မြင်က၊ အရှင်အသေ၊ သို့ဖြစ်စေဟု၊ မိန့်ထွေတော်သံ၊ မခံခဲ့မိ၊ တရေးရှိ၏၊ သိအောင်ရှေ့ရည်၊ လျှောက်အုံးမည်ဟု၊ ကြံစည်တဖန်၊ ပြန်ပြန်ခဲ့မြောက်၊ ထိုနေ့နောက်ဝယ်၊ ပျော်လောက်စည်လှ၊ ဇေယျမည်သာ၊ ပြည်ကြီးစွာ၏၊ မြောက်မှတရုဏ၊ ရွာဂါမမှ၊ ကက္ခလိစ္ဆ၊ နာမတွင်မည်၊ မူဆိုးသည်လျှင်၊ တောလည်လှည့်ပတ်၊ ရှားစားလတ်သော်၊ ရေနတ်နေရာ၊ ထိုကန်မှာသို့၊ ရောက်လာတော်ဆိုက်၊ ခရီးကြိုက်သည်။ ။ ရှေးနှိုက်ကံဆော် နှိုး၏တည်း


၈။ ထိုမူဆိုးအား၊ နဂါးနတ်ရှင်၊ မြင်လျှင်လူယောင်၊ ဆောင်၍စိတ်စေး၊ ကြောင်းရာမေး၏၊ မနှေးသာကြည်၊ ဇေယျပြည်က၊ လာသည်ကြောင်းကို၊ မုဆိုးဆိုလျှင်၊ ထိုဇေယျမည်၊ ကိုယ်တို့ပြည်ဝယ်၊ ရွာသည်အနှံ့၊ မိုဃ်းမှန်စံ့ဟု၊ ပျံ့ပျံ့သာလေး၊ မေးလျှင်ဆောလျင်၊ ထိုကန်တွင်ကြောင့်၊ နတ်ရှင်နာဂ၊ ဘုန်းတေဇဖြင့်၊ သွန်းချချိန်တန်၊ မိုဃ်းမှန်သောကြောင့်၊ အနှောင့်ဒေါသ၊ ဝပြောကြဟု၊ မြွက်ဟဆိုလျှင်၊ ထိုနတ်ရှင်ကို၊ အကြင်သသူ၊ သေကြောင်းမူအံ့၊ ထိုသူယုတ်အား၊ သတ်မည်လားဟု၊ နဂါးမေးက၊ ဆိုရလေခြင်း၊ အိုအချင်း...၊ နတ်မင်းသခင်၊ ကျေးဇူးရှင်ကို၊ အကြင်သသူ၊ အပျက်မူအံ့၊ ထိုသူယုတ်အား၊ အံစောင်ထား၍၊ ဝါးပါချင်စွ၊ ခုခဏတွင်၊ ဒေါသမျက်လို၊ မူဆိုးဆိုက၊ အို-မူဆိုးသား၊ နဂါးနတ်ရှင်၊ ငါပင်ကိုကား၊ တခြားပြည်က၊ ပါပမစ္ဆာ၊ ပုဏ္ဏားလာ၍၊ တေဇာကြီးထွတ်၊ မန္တန်မြတ်ကို၊ ရွတ်ဘိသော့ထွေ၊ သေလှုချ၏၊ အဆွေငါ့ကို၊ ကယ်ပါဆို၍၊ နဂိုရ်ကန်ရေ၊ သက်နေလေ၏၊ ဆူဝေဖျက်စိတ်၊ ကက္ခလိစ်လည်း၊ တိတ်တိတ်ချုံကြား၊ ရှောင်ရှားအသင့်၊ မြှော်နေလင့်၏၊ ယခင့်ပုဏ္ဏား၊ တပြည်သားလည်း၊ လျင်လျားမကြာ၊ ပေါ်ပြန်လာသည်။ ။ ကိုယ်မှာဂုဏ်ယုံ ကိုး၏တည်း


၉။ ဂုဏ်ယုံပုဏ္ဏား၊ ကန်ကမ်းဖျားထက်၊ ရွှင်အားဝမ်းသာ၊ ရိပ်မိကာနှိုက်၊ မည်သာကက္ခ၊ လိစ္ဆတွင်ပြီး၊ မူဆိုးကြီးလည်း၊ ကျော်ချီးလွတ်တု၊ သတ္တိရုဇေယျ၊ ရသည်မည်သာ၊ လေးကြီးစွာနှင့်၊ မကြာရွတ်ရွတ်၊ ပစ်သတ်တည့်လေ၊ ပုဏ္ဏားသေသော်၊ ဘုံရွှေသခင်၊ ရေနတ်ရှင်လည်း၊ သာရွှင်စိတ်ဝမ်း၊ လွန်ငြိမ်းချမ်း၍၊ ချစ်ကျွမ်းမြတ်နိုး၊ ဆွေမူဆိုးအား၊ နဂါးပြည်ရွာ၊ ဆောင်လေပါ၍၊ ဒိဗ္ဗာဟာရ၊ ပါဝါရက၊ စသည်ကုန်အောင်၊ နတ်သုံးဆောင်ဖြင့်၊ ဝန်းမြှောင်ဖြေဖျော်၊ လုပ်ကျွေးသော်လည်း၊ မပျော်လှည့်လို၊ သွားမည်ဆိုသော်၊ မြဲးသိုထုပ်ပိုး၊ အဘိုးထိုက်စွာ၊ ရတနာတိ၊ များစွာရွှေငွေ၊ ပေးလိုက်ပေပြီး၊ မှုကြီးကိစ္စ၊ ခဲအင်လှသော်၊ အဘငါ့မှာ၊ ဆိုလှည့်ပါဟု၊ သယာယံခြေ၊ မှာပေပြီးမှ၊ ပို့လိုက်ကြ၏၊ ကက္ခလိစ္ဆ၊ နေသာဒလည်း၊ ရွှင်ပျနေနား၊ သားမယားနှင့်၊ ပျော်ပါးပြီးလျှင်၊ လေးမြားပြင်လျက်၊ တောခွင်လည်၍၊ သက်မွေးလေ့ဖြင့်၊ ပျာမွေ့သားငါး၊ ရှာလေသွားသော်၊ စုံပြားမြိုင်သာ၊ ဟိမဝါဝယ်၊ သုဒ္ဓါစာရ၊ တွင်မည်ရသည်၊ သီလချမ်းမြေ့၊ ရသေ့သင်ခမ်း၊ ကျောင်းသားဝှမ်းကို၊ ကြောင်းလမ်းသင့်ထွေ၊ ရောက်ကြိုက်လေ၏၊ တွေ့ချေသို့လျှင်၊ ကျောင်းသို့ဝင်၍၊ ပန်းပင်ဖြေဖြေး၊ တန့်နားနေသည်။ ။ သောက်ရမြိန်ရှက် နိုး၏တည်း


၁၀။ ရသေ့မြတ်စွာ၊ ကျင့်ရာရှောင်ကြောင်း၊ ကောင်းသည့်တရား၊ ဟောပါငြားလည်း၊ နားမတွင်လျှင်း၊ လျင်ပြင်းမကြား၊ ထခဲ့လာသော်၊ သီတာချမ်းကြည်၊ ငါးမည်ကြာမျိုး၊ ရေပေါ်မိုးလျက်၊ ရှိုးရှိုးရှိမ်းလန်း၊ ကန်ကိုဝန်းသည်၊ ပန်းလည်းစုံစီ၊ လှိုင်ညီပျံ့လွင့်၊ ပင်တိုင်းပွင့်၏၊ မတင့်စတောင်း၊ ငှက်အပေါင်းလည်း၊ သောင်းသောင်းတွန်ထူး၊ ဘော်ပြိုင်မြူးလျက်၊ ပျံ့ပျူးနှစ်လို့၊ နတ်တို့ပျော်ရာ၊ သာသည်လွတ်တု၊ ပျော်ဘွယ်စုသည်၊ သီတုဒက၊ မည်ရခေါ်မှတ်၊ ရေကန်မြတ်သို့၊ လှည့်ပတ်သင့်ထွေ၊ ရောက်ပြန်လေ၍၊ သောက်ရေချိုးသုံး၊ ရင့်ဆုံးကြာသီး၊ ဆွတ်စားပြီးမှ၊ လေးကြီးတင်ကာ၊ ချုံလုံရာက၊ လာလာသားမျိုး၊ မြှော်ခိုးငံ့ထွေ၊ စောင့်နေလေ၏၊ တည့်နေယိမ်းကာ၊ ထိုအခါဝယ်၊ ဟေမာဂီရိ၊ အမည်ရှိသည်၊ ထွန်းညိပြောင်ပြောင်၊ ရွှေစင်တောင်ကို၊ ထွတ်ခေါင်ပိုင်စိုး၊ ချုပ်ကိုင်မိုး၍၊ တန်းခိုးရောင်ထိန်၊ ထန်ပြင်းရှိန်သည်၊ ဒေဝိန္ဒရာဇ်၊ နတ်မင်းစစ်နှင့်၊ လွန်ချစ်သက်မျှ၊ အတုလဒေဝတာ၊ မည်သာထင်ရှား၊ မိဖုရား၏၊ သည်းကြားဆင့်ကာ၊ ကလျာကောင်းညီ၊ ယဉ်ကုံးသီသည်၊ ဟာရီစိတ္တာ၊ ရာမာကည၊ ရာမ္မပိယာ၊ သူဇာမည်ခေါ်၊ တူဘော်ပေါက်ဘွား၊ ခုနှစ်ပါးတို့၊ ကစားရေမှာ၊ ပျော်မည်လာသည်။ ။ အံ့ရာအထူး အဆန်းတည်း


၁၁။ ထိုနတ်သမီး၊ ထွန်းညီးလျှံတောက်၊ ခုနှစ်ယောက်တို့၊ မို့မောက်လွန်ကဲ၊ အမြဲသာပျော်၊ စံသည်သော်ကား၊ မြတ်ကျော်ပြောင်ပတ်၊ စီချယ်ခတ်သည်၊ ပြာသာဒ်လျှံပြောင်၊ ခုနှစ်ဆောင်ထက်၊ ရန်အောင်ပည်းသီ၊ ငါးရာစီနှင့်၊ စုံညီအင်္ဂါ၊ တူရိယာသံညင်း၊ သီကခြင်းလည်း၊ မကင်းနေကျ၊ စံစားကြ၏၊ မှိုင်းပျမင်းလွင်၊ အုံ့ဆင်တိမ်သား၊ သွားလာချင်ဘွယ်၊ တနေ့ဝယ်နှိုက်၊ တင့်တယ်ထွေဆန်း၊ ဆွတ်ဖျန်းရေကြည်၊ ကစားမည်ကို၊ ဘုန်းခြည်ထွန်းပ၊ ဒေဝိန္ဒအား၊ ညွတ်ခပြန်ခေါက်၊ သုံးကြိမ်လျှောက်မှ၊ သွားခွင့်ရသော်၊ ကျူးလှကျော်အောင်၊ သုံးထောင်ငါးရာ၊ ရံများစွာတို့၊ မသာရဂလ်၊ ဝေဝှန်ရောင်ညှိ၊ လောဟိတင်္က၊ မနောမြနှင့်၊ ယိုကျလုလု၊ ဝေဠုရိယ၊ စိမ်းမြမျက်ကျော်၊ ဝိရော်စန၊ မုတ္တသန္တာ၊ ဝဇိရာတိ၊ ထိန်ဖြာရွှန်းရွှင်၊ တန်ဆာဆင်လျက်၊ စံတင်ထွတ်ထား၊ ခုနှစ်ပါးတို့၊ ထူးပြားကျူးကျော်၊ ဆင်သည်သော်ကား၊ မူးမော်အံ့ချီး၊ မပြီးနိုင်ရာ၊ တန်ဆာစွဲအင်၊ ကိုယ်လုံးဆင်၍၊ စီရင်ကျူးလွန်၊ အင်းမန္တန်ဖြင့်၊ တက်ပွန်ဥပဒေ၊ စန္ဒီသေသည်၊ ထိန်ဝေပြိုးပြက်၊ ဘယက်ရိုးရဲ၊ ကိုယ်စီဆွဲလျက်၊ ကျူးနွှဲတူရိယာ၊ သာသည်သံညင်း၊ သီကခြင်းနှင့်၊ ဝင်းဝင်းတောက်ပ၊ ပျံလှာကြသည်။ ။ မရာပြိုင်ဘော် တုကျွန်းတည်း


၁၂။ တုကျွန်းစံတည်၊ နေရောင်ခြည်ကို၊ လွင့်ဖည်နှိပ်စက်၊ ပယ်ဘိဖျက်သို့၊ ပြိုးပြက်ထိန်ပြောင်၊ တန်ဆာရောင်နှင့်၊ ကိုယ်ရောင်ဝင်းဝါ၊ လင်းလက်ဖြာလျက်၊ တာရာပထ၊ ပျံခဲ့ကြသော်၊ ကာမတလွှား၊ ပြည်ပြည်သားတို့၊ လာသွားကြိမ်တွေ့၊ မြင်သရွေ့ပင်၊ ခွေ့ခွေ့မောရှိုက်၊ မှိုင်းမိုက်မူးဝေ၊ ရှိကြချေ၏၊ ကြက်သရေယဉ်နု၊ နတ်တစုတို့၊ သီတုဒက၊ သို့ရောက်ကြ၍၊ ဖျဖျသာရွှင်၊ ရေစင်ဆွတ်ဖျန်း၊ ပန်းလည်းထိပ်ပြင်၊ ရွေးယူဆင်လျက်၊ သဘင်စံညီး၊ ရောင့်ရဲပြီးသော်၊ ထံနီးညွတ်ခ၊ ချီထိန်းယတို့၊ ကာလချိန်သင့်၊ လျှောက်သဖြင့်လျှင်၊ ထက်မြင့်ကောင်းကင်၊ ပျံလေကျင်သော်၊ ရှုမြင်လေငြား၊ မုဆိုးသားကား၊ ချုံကြားမှာက၊ ပြင်းရာဂဖြင့်၊ မရသတိ၊ မျက်စိဆောက်၍၊ သွားပါးစေ့မျှ၊ ခွေ့ခွေ့မြှော်ရှာ၊ မနည်းကြာမှ၊ သက်သာရစ၊ အနိုင်ထ၍၊ သီလပျံ့လှောင်း၊ ရသေ့ကျောင်းသို့၊ လျင်ကြောင်းရည်ထင်၊ သွားလေဝင်မှ၊ ဦးတင်ရှိရည်၊ လျှောက်စသည်ကား၊ ငါ့ထိပ်ထား...၊ မြတ်ဖျားနေပျော်၊ သည်ကျောင်းတော်မှ၊ ယမ်းယော်တာဆန့်၊ ငါးရာခန့်တွင်၊ ကြည်သန့်သီတာ၊ ရေကန်မှာသို့၊ ကြမ္မာကံလျောက်၊ ကျွန်ုပ်ရောက်သည်။ ။ သေပျောက်ချေထု ဘနန်းတည်း


၁၃။ သေပျောက်စရာ၊ ထိုကန်မှာနှိုက်၊ ပျော်လှာကစား၊ နတ်အများတွင်၊ ထွတ်ထားစံမြောက်၊ ခုနှစ်ယောက်လျှင်၊ မိုမောက်အရှင်၊ သူကြီးထင်၏၊ ထိုတွင်ကိုလည်း၊ မျက်မည်းအရွယ်၊ ထွေးနှောင်းငယ်သည်၊ ဘယ့်နှယ်ပင်ကို၊ မဆိုနိုင်ဘူး၊ ကြူးသည်အလှ၊ သည်မိန်းမကို၊ မရချေသော်၊ ကျွန်တော်သေမည်၊ ရက်မရှည်ခဲ့၊ ကြံစည်ရခွင့်၊ သို့သော်သင့်ဟု၊ ဘုန်းမြင့်မြတ်စွာ၊ မိန့်လိုက်ပါမှ၊ ကိုးရာရသည်၊ ဖြစ်တော့မည်ဟု၊ ညည်းမည်မချိ၊ လျှောက်သည်ရှိသော်၊ ဣသိမည်ခေါ်၊ ရသေ့ကျော်လည်း၊ ဪ ကိလေသ၊ ဖြစ်တတ်စွဟု၊ စိတ်ကမှတ်ယူ၊ ကြံတော်မူမှ၊ လျစ်လျူစေတနာ၊ မိန့်မှာသည်ကား၊ တောသာလှည့်လား၊ မူဆိုးသား...၊ ထင်ရှားကြီးဂုဏ်၊ လမှာယုန်ကို၊ ဆူမှုန်သည်းချာ၊ တောင့်တရှာသို့၊ မိုက်ပါတို့စွ၊ ငါ့ကြောင့်ကြ၏၊ တကာ့နှလုံး၊ စွဲသုံးမလွတ်၊ ဒေါမနသ်နှင့်၊ လတ်လတ်သေ၍၊ ပူတွေ့ပြင်းဘိ၊ ဝီစိထုတ်ချောက်၊ ရောက်လေတော့မည်၊ ကြံစည်တွေးဆ၊ သည်မိန်းမကို၊ ရမည့်အရာ၊ အရေးမှာကား၊ တေဇာကြီးမြတ်၊ နဂါးပတ်ကို၊ ရတတ်သော်ကား၊ တတ်နိုင်အားဟု၊ စိတ်ထားလျစ်လျူ၊ မိန့်တော်မူသော်၊ ကြည်ဖြူနှစ်သိမ့်၊ ရပါစိမ့်ဟု၊ ဦနှိမ့်ညွတ်ခ၊ သုံးကြိမ်ချ၍၊ ထတည့်လာခဲ့၊ မိတ်ဘွဲ့ချစ်မှန်၊ နဂါးကန်သို့၊ လျင်ထန်ထုတ်ချောက်၊ သွားရောက်လေသည်။ ။ ဝမ်းမြောက်မပင် မပန်းတည်း


၁၄။ ရေကန်ဒွါရ၊ စောင့်နာဂလည်း၊ ဆီးဆကြိုဆို၊ လက်ကိုကိုင်ပြီး၊ မိမိသခင်၊ ရနတ်ရှင်သို့၊ ရောက်အောင်ပို့၏၊ နှစ်လို့သာရွှင်၊ ရေနတ်ရှင်လည်း၊ ဆောလျင်ကြောင်းလမ်း၊ မေးစုံစမ်း၏၊ ကြိုးပမ်းဆောက်တည်၊ ခုလာသည်ကား၊ သွယ်ကြိုးရှည်လှ၊ နတ်ပါသကို၊ တောင့်တအာသာ၊ ရှိ၍လာ၏၊ ရေးရာရှိကြိုက်၊ အခိုက်အတန့်၊ မတွန့်မညှာ၊ ပေးနှင်းပါဟု၊ သာယာပျောင်းပျော့၊ တောင်းပန်ချော့သော်၊ ယူတော့အဘ၊ ကိစ္စမှုရာ၊ ပြီးသောခါကား၊ လွှတ်လိုက်ပါးမင်း၊ ကြာမတင်းဟု၊ ညင်းညင်းချိုဧ၊ ဆို၍ပေးက၊ မနှေးလျင်စွာ၊ ယူခဲ့လာ၍၊ သာယာလှမော၊ ကြားမျိုးပြောသည်၊ သီတောဒက၊ ချမ်းမြအလွန်၊ ကန်၏လက်ယာ၊ လတာရမ္ဘ၊ မည်ရချုံနွယ်၊ အောင်မြဲဝယ်နှိုက်၊ မြှော်ရွယ်ငံ့ထွေ၊ စောင့်နေလေ၏၊ ရွှေမြေသခင်၊ နတ်ရှင်သည်းချာ၊ သူဇာတကွ၊ အစ်မခြောက်ပါး၊ စံထားယဉ်နု၊ မင်းတစုလည်း၊ ပျော်မှုချိန်သင့်၊ တန်သည်နှင့်လျှင်၊ ချီးမြှင့်နှိုးဆော်၊ ကိုယ်လုပ်တော်တို့၊ ထိပ်ပေါ်လက်ထား၊ လျှောက်သောအားဖြင့်၊ ထွတ်ထားမှန်ကင်း၊ ဘနတ်မင်းကို၊ ဝပ်စင်းညွတ်ခေါက်၊ ကြိမ်ကြိမ်လျှောက်သည်။ ။ ရှိမြှောက်ကြာမုံ ပွင့်လန်းတည်း


၁၅။ ခြောက်ပါးပေါင်းဖော်၊ သွားလိုသော်လည်း၊ ရှုမြှော်ကြင်နာ၊ ဘသည်းချာသည်၊ သူဇာမင်းငယ်၊ နေရစ်မယ်ဟု၊ ဘုန်းကြွယ်ဒေဝ၊ မိန့်တော်ဟသော်၊ ကျွန်မလည်းရှင်၊ လိုက်ချင်စိတ်က၊ ရှိပါလှဟု၊ ညွတ်ခတောင်းပန်၊ ထပ်လျှောက်ပြန်၍၊ အလွန်ငါးရာ၊ သုံးထောင်ပါသည်၊ ရံကာဝန်းပတ်၊ လှမြတ်စံထား၊ ခုနှစ်ပါးတို့၊ ထူးပြားတန်ဆာ၊ ရတနာတိ၊ ရှေးခါကထက်၊ လွန်ကဲတက်၍၊ ပြိုးပြက်ရောင်ထင်၊ တန်ဆာဆင်လျက်၊ သဘင်ယဉ်နု၊ သီတုဒက၊ လွန်လှသာယာ၊ ကန်မြတ်မှာသို့၊ သက်လှပည်းဖြင့်၊ ရွှင်မြဲရွှင်၍၊ ဆင်ယင်ပန်းမန်၊ ချိန်သင့်တန်သော်၊ ဘုန်းဝှန်ထွတ်တင်၊ ဘခင်နတ်ကျော်၊ မယ်တော်နတ်ထက်၊ မျက်တော်ထွက်၍၊ ဖြူညက်နုနု၊ တစုထိပ်ခေါင်၊ ရွှေတောင်ရှေ့ရှူ၊ ပြန်တော်မူဟု၊ ကြည်ဖြူညွတ်တုပ်၊ ကိုယ်လုပ်တော်များ၊ လျှောက်သောအားဖြင့်၊ များသည်ရွေဘော်၊ စုရုံးဆော်၍၊ တိမ်ပေါ်မြင့်ဖြူ၊ ပျံယူးယူးဝယ်၊ ဘီလူးအလား၊ မူဆိုးသားလျှင်၊ ချုံကြားကသာ၊ ထွက်တည့်လာ၍၊ တေဇာကြီးလှ၊ ဒိဗ္ဗပါသ၊ မည်ရတွင်းခြင်း၊ နတ်ကျော့ကွင်းနှင့်၊ လျင်ပြင်းတည့်တည့်၊ ပစ်လွှတ်ထည့်သော်၊ ရွှေမည့်ဆင်းဝါ၊ မင်းသူဇာ၏၊ လက်ယာလက်လှ၊ ဖြူရွရွကို၊ လှမြဲအနေ၊ ပတ်မိလေသည်။ ။မပြေခတ်သော့ မယွန်းတည်း


၁၆။ ရုတ်ခြည်းစိစိ၊ ကြော့ကွင်းမိသော်၊ မချိနာကျင်၊ မမြင်မျက်စိ၊ မသိမည်မှန်း၊ ပင်ပန်းမူလည်း၊ မျက်ရည်စီးဖြာ၊ ယူပါအလို၊ ဟန်ဆို၍သာ၊ ရုန်းရင်းရှာ၏၊ ရံကာပည်းသီ၊ ဟာရီကစ၊ အမတော်များ၊ မင်းခြောက်ပါးလည်း၊ လန့်ကြားပျံတက်၊ ကောင်းကင်ထက်က၊ ဖြူညက်နုနု၊ တို့သက်စုသည်၊ ရွှေဥရွှေရည်၊ ဘယ်ဖြစ်သည်ဟု၊ သံကျည်ဟစ်ဆို၊ ရင်ကိုတီးလျက်၊ ဆင်းသက်ကြ၍၊ ပိုက်ဘက်ကိုယ်ပူး၊ ချီးယူးယူးဝယ်၊ ကြီးထူးရုပ်ဝါ၊ မူဆိုးလာသော်၊ လိပ်ပြာအသက်၊ စဉ်လှုထွက်မျှ၊ ကြောက်ချက်ကြီးစွာ၊ ဖိမ့်ဖိမ့်ပါလျက်၊ ယူပါယူပါ၊ ဟစ်ကြော်ရှာ၏၊ ကိုယ်ဝါရောင်မြူး၊ မင်းခြောက်ဦးနှင့် ချစ်ကျူးလွန်တောင်း၊ ခြွေရံပါပေပါင်းလည်း၊ သောင်းသောင်းလန့်ပြို၊ အိုအိုထိပ်တင်၊ မင်းရှင်တို့မိ၊ သီရိရောင်မြူး၊ တို့ထိပ်ဦးကို၊ ဘီလူးဧရာ၊ မသာမကြည်၊ စားတော့မည်ဟု၊ကျည်ကျည်ဟစ်လျက်၊ ကောင်းကင်ထက်က၊ ရှိလက်စုံပူး၊ ထိပ်တင်ဦး၍၊ ဘီလူးမင်းတော်၊ ပြိုင်ဘော်လက်ရှား၊ တို့ထိပ်ထားကို၊ စားပါတည့်နှင့်၊ ထိပ်တင့်ကိုယ်စား၊ တို့များတကာ၊ စားခံပါမည်၊ ဥစ္စာပုံယင်၊ လိုချင်လျှင်လည်း၊ မျက်ရှင်ပတ္တမြား၊ ပြယားဆယ်လေး၊ ပေးပါရတော့၊ လွှတ်ပါတော့ဟု၊ ချော့မော့ချိုသာ၊ တောင်းပန်ထွာသည်။ ။ သံဝါပဲ့တင် ရိုက်မွန်တည်း


၁၇။ ထိုသို့သောခါ၊ ရုပ်ဝါဆိုးရွား၊ မူဆိုးသားလျှင်၊လေးမြားရည်ကာ၊ ကမ္ဘာပျက်မီး၊ပူညီးညီးသို့၊ သံကြီးဟစ်ငေါက်၊ ခြိမ်းပြန်ခြောက်သော်၊ ထိတ်ကြောက်ပြင်းစွာ၊ သည်းစွာအုတ်ကျက်၊ တပြိုင်နက်လျှင်၊ ရင်လက်ခတ်ထု၊ မြောသေလှုမျှ၊ ရွှေဥရွှေသား၊ ထိတ်ထားမင်းလှ၊ ဖြစ်ရလေခြင်း၊ လွန်မင်းထွေလာ၊ တို့ကြမ္မာဟု၊ ညီညာစုရုံး၊ တို့အလုံးတို့၊ ညှိုးချုံးပူဆာ၊ ပြန်ကြည့်ကာပင်၊ ကြံရာမရ၊ သွားလေကြ၏၊ ကက္ခလိစ္ဆ၊ နေသာဒလည်း၊ ဒိဗ္ဗပါသ၊ ကြော့ကွင်းလှကို၊ မြဲလှလက်စွဲ၊ ကိုင်လှာဆွဲ၏၊ ဘက်ရှဲပြိင်တု၊ ယဉ်ပျောင်းနုသည်၊ ရွှေဥရတနာ၊ မင်းသူဇာကား၊ မှန်စွာမချွတ်၊ ဘီလူးမှတ်လျက်၊ ရွတ်ရွတ်အလျင်၊ စားမည်ထင်၍၊ ကြောက်ငြင်လန်ကျူး၊ ဖိမ့်ဖိမ့်မူးမျှ၊ ဘီလူးမင်းရှင်၊ ပူပင်ပြင်းပြ၊ ကျွန်တော်မကို၊ ကိုယ်ကစားပါ၊ ညှာတာထောင်ချင့်၊ စားပါနှင့်ဟု၊ မပွင့်သံချို၊ ကြောက်စွာဆိုသော်၊ သန်ကိုယ်စွမ်းအား၊ မုဆိုးသားလည်း၊ လျှောက်ထားသာကြည်၊ ကျွန်တော်သည်ကား၊ စွယ်ရှည်ပြူးထူး၊ ဘီလူးမဟုတ်၊ ကျင့်ယုတ်မိစ္ဆာ၊ တောသာလှည့်လျှိုး၊ မုဆိုးမျိုးဟု၊ မြတ်နိုးကြည်လင်၊ လျှောက်ဦးတင်သည်။ ။ ဝမ်းရွှင်ပီတိ သာလွန်းတည်း


၁၈။ သို့လျှောက်သောခါ၊ မင်းသူဇာမှာ၊ သက်သာစိတ်က၊ စိုးစဉ်းရ၍၊ ဆိုသည်ရွံဆိုး၊ မောင်မူဆိုး...၊ ကျင့်ရိုးတံထွာ၊ မောင်တို့မှာကား၊ ရောင်းရာစားဘို့၊ နှစ်လို့စုံမက်၊ သာငှက်ကိုသာ၊ ဘွေရှာကြမြဲ၊ မလွဲစင်စစ်၊ သဘောဖြစ်လျက်၊ မနှစ်သက်ရာ၊ ဘွေရှာဆန်းပြား၊ တို့သွေးသားကို၊ စားလည်းမကောင်း၊ ရောင်းလည်းမစွံ၊ ဝေးလံပါးနီး၊ ယှဉ်မှီးမကွာ၊ စေပါမရ၊ ဘယ်မှအကျိုး၊ ရှိနိုးမဲ့လစ်၊ တို့အဖြစ်က၊ မချစ်ကြည်လင့်၊ လူနှင့်တကွ၊ ပေါင်းနေရသော်၊ ကာလမရှည်၊ သေတော့မည်ကို၊ ကြံစည်ဆင်ခြင်၊ ဘယ်ကျိုးမြင်၍၊ သို့စင်လုံ့လ၊ ဘမ်းချင်ရဟု၊ ကြိုင်ပျပန်းတူ၊ မိန့်တော်မူသော်၊ ကြည်ဖြူထဲသံ၊ မူဆိုးကြံ၍၊ လွတ်စံတင့်ထွတ်၊ သည်နတ်မြတ်ကို၊ ချစ်မှတ်အိမ်နေ၊ ငါပြုချေသော်၊ မရေရာပင်၊ သည်နတ်ရှင်လည်း၊ ရက်ဖြင့်မကြာ၊ သေပေရာ၏၊ ငါလည်းခြကျိုး၊ နူမျိုးထူးလည်၊ နူရည်စက်စက်၊ နူမျိုးထွက်၍၊ နေ့ရက်မကြာ၊ သေရရာဟု၊ လိမ္မာတွေးဆ၊ ယူမိကလျှင်၊ ရာဂတပ်ငြိ၊ မရှိသော့ထွေ၊ပျောက်ကင်းလေ၏၊ ရိုသေမေတ္တာ၊ စေတနာသည်။ ။ ကြင်နာဖြစ်ထွေ တဆန်းတည်း


၁၉။ သို့မှတတည်၊ ကြံပြန်သည်ကား၊ ရွှေရည်ဆင်းပြင်၊ သည်နတ်ရှင်ကို၊ သို့စင်လုံ့လ၊ ပြု၍ရမှ၊ လက်ကငါသည်၊ လွတ်ပြန်မည်ကား၊ ကြံစည်အားကိုး၊ လုံ့လကျိုးသည်၊ ရှိနိုးမဲ့လစ်၊ ချဘ်းနှီးဖြစ်အံ့၊ ဘုန်းသစ်တက်ပွား၊ တို့ရှင်သားကို၊ ညွတ်တွားကော်ရော်၊ ဆက်ရသော်ကား၊ အကျော်လည်းငြား၊ နှစ်ပါးသင့်သည်၊ ဖြစ်တော့မည်ဟု၊ ကြံစည်ရရ၊ အဟုတ်ကျ၍၊ ညွတ်ခသာကြည်၊ လျှောက်စသည်ကား၊ ထက်ပြည်ကလာ၊ နတ်တကာတွင်၊ ကိုယ်ဝါရောင်ဖြိုး၊ လွန်၍မိုးသည်၊ ယဉ်မျိုးထွတ်တင်၊ မင်းလှရှင်...၊ ခင်အင်သမှု၊ လုံ့လပြု၍၊ ယခုကျွန်တော်၊ ဘမ်းကြောင်းသော်ကား၊ ရမ်းရော်ဝမ်းက၊ အတ္တဟိတ၊ ကိုယ့်ကိစ္စကြောင့်၊လုံ့လတွေရှာ၊ မပြုပါဘူး၊ ကျွန်းချာဒီပ၊ သောင်းဌာနတွင်၊ တရာ့တစင်း၊ ထီးဆောင်းမင်းတို့၊ ဦးကင်းထိပ်ဗွေ၊ အကောင်နေသား၊ ပရမေဒိဗ္ဗ၊ ရာဇိန္ဒရာဇာ၊ သာသည်ပါဠိ၊ မည်တော်ရှိသည်၊ လောကီသခင်၊ ဘုရင်များထွတ်၊ ကျွန်းလုံးနတ်ရှင်၊ သုဒဿန၊ အယုဇ္ဈံသို့၊ ဇေယျမည်သာ၊ ပြည်ကြီးစွာ၌၊ ဒေဝါများထွတ်၊ သကြားနတ်သို့၊ ကြီးမြတ်ထူးထွေ၊ မရေတွက်ရာ၊ ချမ်းသာတိုင်းမဲ့၊ မနွဲ့မသိမ်၊ မင့်းစည်းစိမ်ကို၊ ရိပ်ငြိမ်ကြည်ဖြူ၊ စံတော်မူသည်။ ။ ပြိုင်တူဘက်ကင်း မိုး၍နှင်း


၂၀။ ထိုဧကရာဇ်၊ မင်းစစ်ပီစွာ၊ လူ့ထိပ်ချာကား၊ မဟာဥပရာဇာ၊ သာသည်မည်တော်၊ ကြားကျော်ဝေးနီး၊ လွှံ့ဝှဲချီးသည်၊ သားကြီးရတနာ၊ ပွင့်လောင်းလျာကို၊ ရိုက်ရာရှေ့ရည်၊ စိုးစိမ့်သည်ဟု၊ ချစ်ကြည်ဆပွား၊ အိမ်ရှေ့ထား၍၊ မွန်ကြားထွတ်တိုင်၊ ဘုန်းနံကြိုင်သည်၊ လှိုင်သည့်ထိပ်ချာ၊ ဥပရာကား၊ အံ့ရာထူးပြား၊ အပါးပါးပင်၊ ယောက်ျားမိန်းမ၊ ဟူသမျှတို့၊ များလှပေါင်းရုံး၊ စိတ်နှလုံးကို၊ ယူကျုံးဖျော်ဖြည့်၊ ဆောင်ဘိ၏သို့၊ ကြည့်၍မျက်တောင်၊ မညောင်းအောင်သည်၊ ထွန်းရောင်အဆင်း၊ နှင့်တယ်ခြင်းနှင့်၊ ပျံ့ရွှင်းလှိုင်ပျော်၊ အသံတော်လည်း၊ နာပျော်ဘွယ်သာ၊ သာယာပြေပြစ်၊ ကျစ်လျစ်ခြင်းက၊ စသည်ကျေးဇူး၊ အထူးဂုဏ်အင်၊ မြော်မြင်ပညာ၊ ဘုန်းအာဏာနှင့်၊ ပြစ်ဆာမြူရစ်၊ ကင်းသည်ဖြစ်၍၊ မှောင်လှစ်ပယ်ထွန်း၊ နေလဝန်းသို့၊ ထက်ဝန်းနှံ့မျှ၊ ကျော်ပေါက်ပြ၏၊ ကာလမီးခိုး၊ ယဉ်မျိုးစစ်သူ၊ စိတ်တော်မူကား၊ ရိပ်ဖြူဆောင်းချင်း၊ အမင်းမင်း၏၊ ရင်တွင်းသည်းချာ၊ များလှစွာပင်၊ ကညာနုရွ၊ လှသည်ယဉ်ပျောင်း၊ မိုးပေတောင်းကို၊ မကောငါးသည်သာ၊ ဘုန်းဝါပွင့်လူ၊ ထပ်တော်မူ၍၊ ပြိုင်တူမဲ့နိုး၊ မိုးထက်မိုးရာ၊ နတ်ကိုသာလျှင်၊ ဘွေရှာရစေ၊ နင်ကြိုးလေဟု၊ ဘုန်းနေထွန်းညိ၊ ဗျာဒိတ်ရှိ၍၊ သီရိထွန်းပ၊ မင်းရှင်လှကို၊ လုံလကြီးစွာ၊ ဘမ်းဝံ့ပါသည်။ ။ ကိုယ်တာကိုယ်ခင်း မဟုတ်လျှင်း


၂၁။ ယင်းသို့သံချို၊ မူဆိုးဆိုသည်၊ ရွှန်းပျိုပွင့်လျာ၊ မဟဥပရာဇာ၊ သာသည်မည်ခေါ်၊ နာမတော်ကို၊ ရွှေလှော်ဆင်းပြင်၊ မင်းရှင်ဖြူအိ၊ ကြားသည်ရှိသော်၊ ဇာတိရှည်စွာ၊ သံသရာက၊ မြတ်ပါရမီ၊ "ဆယ်" "သုံး" လီကို၊ တူပြီစုံမက်၊ ဖြည့်ကြဘက်လျင်၊ ဆက်ဆက်မှန်စွာ၊ ဝါသနာထုံငွေ့၊ လှိုင်ပျံ့၍တည့်၊ အိမ်ရှေ့မဟာ၊ ဥပရာသို့၊ မေတ္တာလွန်ပြင်း၊ ကြင်နာခြင်းသည်၊ ရိုးတွင်းဝယ်သာ၊ ခြင်ဆီမှာ၍၊ သေချာစွဲနေ၊ တည်လျှင်းလေ၏၊ မပြေမြဲပင်၊ သို့ဖြစ်လျှင်တည့်၊ သခင်မျက်နှာ၊ ပွင့်ရွှေကြာကို၊ လျင်စွာခုပ၊ မြင်ချင်လှ၏၊ နေကြအာဘော်၊ သို့ဖြစ်သော်လည်း၊ မလော်လည်ကြ၊ မင်းမိန်းမတို့၊ တည်ပသိပ်သည်း၊ ချုပ်တည်းသေချာ၊ စောင့်စရာကို၊ ညှာ၍တကြောင်း၊ မွဲယောင်းရုပ်ပြင်၊ မူဆိုးသွင်ကို၊ မြင်တိုင်းပင်သာ၊ ကြောက်စွာလှ၍၊ ယဉ်မြေ့သာချို၊ ဆိုသည်ပျံ့ကြွယ်၊ ဘကြီးငယ် ...၊ သည့်နှယ်ဘခင်၊ ပြောဆိုလျှင်မူ၊ မစင်ကြယ်လွန်း၊ ပြောက်စွန်းသမ်းညို၊ ထိုဇာတ်ကိုလည်း၊ ဝှက်သိုဘဲသာ၊ ပြောပါတော့မည်၊ တို့သည်မှန်စွာ၊ အာကာသဇိုဝ်း၊ နတ်မျိုးမြတ်ထွတ်၊ မဟုတ်တတ်ချေ၊ ရွှေမြေထွန်းပ၊ ပဗ္ဗတဝယ်၊ ဗြဟ္မမည်သာ၊ ကိန္နရာသာ၊ မှန်စွာမသွေ၊ ဖြစ်ပချေသည်။ ။ မြဲနေဖြောင့်စင်း တို့ကြောင်းရင်း


၂၂။ သို့ဖြစ်၍ဆို၊ ငါ့ကိုအချင်၊ ဘသခင်သို၊ ခေါ်ငင်သာပျော်၊ ပို့ဆက်သော်လည်း၊ စိတ်တော်မခြိုက်၊ မကြိုက်ချေဘူး၊ စူးစူးမှန်၏၊ သို့ဖြစ်သည့်ကြောင့်၊ ဖျော်ဖြည့်မေတ္တာ၊ ကြင်နာလေးမြတ်၊ ငါ့ကိုလွှတ်၍၊ အထွတ်မြင့်မှာ၊ မြတ်ရာရာကို၊ ဘွေရှာအရ၊ ရှာလုံ့လ၍၊ ညွတ်ပျပျောင်းပျော့၊ ဆက်ပါလော့ဟု၊ ချော့မော့သံချို၊ မိန့်ဟဆိုသော်၊ သန်ကိုယ်စွမ်းဟုန်၊ ဂဠုန်နဂါး၊ ခြင်္သေ့ကျားကို၊ လေးစားမမူ၊ ခွေးသာယူသည်၊ ကြီးထူဗလ၊ မူဆိုးကလည်း၊ မင်းလှအရှင်၊ သို့စင်ကဲမိုး၊ ဘုန်းတန်းခိုးနှင့်၊ တူရိုးမထင်၊ ဖြစ်လျက်ပင်ကို၊ ထွတ်တင်မြင့်ညှာ၊ အာကာသဇိုဝ်း၊ မြတ်မျိုးဘုန်းထူး၊ မှုတ်ချေဘူးဟု၊ ညံ့နူးပျံ့ကြူ၊ မိန့်တော်မူသော်၊ လွယ်ကူချမ်းသာ၊ ဘယ်ကြောင်းချာဖြင့်၊ အာကာမိုးဝ၊ပျံ့နှိုင်ရဟု၊ ညွတ်ခသာလျောက်၊ မူဆိုးလျောက်၏၊ လျှံတောက်ဝင်းဝါ၊ ရွှေတောင်သာဝယ်၊ ကိန္နရာမျိုး၊ စဉ်ရိုးနွယ်မြစ်၊ တို့အဖြစ်ကား၊ စင်စစ်မချွတ်၊ အတတ်ပညာ၊ ကျေးဇူးပါသည်၊ တန်ဆာရောင်ချက်၊ သည်ဘယက်ကြောင့်၊ အထက်အာကာ၊ ပျံနိုင်ပါရှင့်၊ တန်ဆာရောင်ထင်၊ သည်မဆင်က၊ ကောင်ကင်မြင့်ဖြူး၊ ပျံနိုင်ဘူးဟု၊ စူးစူးပင်ကို၊ ဟုတ်တိုင်းဆိုသည်။ ။ သံချိုပျံ့ညင်း တော်ဖြောင့်စင်း


၂၃။ ယင်းသို့ဆိုလျှင်၊ ကြည်လင်ညွတ်ရို၊ မူဆိုးဆို၏၊ မြတ်ကိုယ်တော်လုံး ယဉ်မျိုးကျုံးသည်၊ ယဉ်ဆုံးစံတင်၊ မင်းလှရှင်...၊ မြေပြင်ကျွန်းပေါ်၊ ပတ်လွှံ့ကျော်သ်ည၊ ကျွန်တော်တို့ရှင်၊ ဘုန်းအင်ကြီးလွေ့၊ အိမ်ရှေ့ထွတ်ထား၊ ဘုရားထွေငေါ်၊ ဗျာဒိတ်တော်မှာ၊ လှကျော်ဆင်းဝါ၊ နတ်ကိုသာလျှင်၊ ဘွေရှာရစေ၊ မိန့်ရှိပေ၏၊ ထိပ်ဗွေမိုးထွတ်၊ အာကာနတ်မှ၊ အမြတ်စံတည်၊ ငါမှတ်မည်ဟု၊ ဆောက်တည်မြဲချက်၊ ဟမြွက်မိန့်လေ၊ သို့ဖြစ်ထွေကြောင့်၊ ဖြူရွဗဝင်းရွ၊ မင်းရှင်လှလည်း၊ စိတ်ချလွယ်ကူ၊ လိုက်တော်မူတော့၊ ကြည်ဖြူသာပျော်၊ လိုက်ရောက်သော်လည်း၊ တွေးခေါ်ဝမ်းက၊ ဆံခြမ်းမျှလျှင်၊ ကြောင့်ကြစရာ၊ မရှိပါဘူး၊ ရတနာစီခတ်၊ ပြဿာဒ်လျှံပြောင်၊ နန်းဆာင်ဆောင်ထက်၊ ဝန်းမြောင်ရံပြီး၊ မင်းသမီးတည့်၊ ဖြင်းညီးပည်းသိပ်၊ ရှစ်သောင်းထိပ်ကို၊ နင်းနှိပ်ထွတ်တည်၊ စံမည်ကိုသာ၊ အောက်မေ့ပါတော့၊ ဟေမာမည်မှတ်၊ ဂိရိထွတ်သို့၊ ဖြူမွတ်ဝင်းကြည်၊ ပြန်ဦးမည်ကို၊ အခြည်မြွက်မျှ၊ မိန့်ဟသာချို၊ မဆိုပါနှင့်၊ ချမ်းသာသင့်၏၊ မြနှင့်-စံရွှေ၊ လင်နှင့်-နေသို့၊ မကွေတူကွ၊ ဥက္ကံသဝယ်၊ တင့်လှရွှန်းပျို၊ စံမည်ကိုလည်း၊ ကျွန်အိုခုလျှင်၊ မသေခင်က၊ သာရွှင်ဝမ်းသာ၊ မြင်ချင်ပါသည်။ ။ သေချာဖြောင့်စင်း ငြိတွယ်ကင်း


၂၄။ သို့လျှောက်သောခါ၊ သူဇာမင်းလှ၊ မိန့်ဟသာကြည်၊ ဆိုပြန်သည်ကား၊ တောလည်ရှာလျှိုး၊ ဘမူဆိုး ...၊ မြတ်နိုးကြည်လင်၊ သာရွှင်သာဖြား၊ ဘစကားသည်၊ မမှားမသွေ၊ မှန်ပေနိုင်မျှ၊ ကောင်းပေလှ၏၊ ဒေါသမထင်၊ သို့ပင်သော်လည်း၊ ရှုမြော်နောင်လာ၊ သံသရာကို၊ ထောက်ညှာသမှု၊ အကြောင်းပြု၍၊ ယခုငါ့ကို၊ ကြည်ညိထဲဝိုက်၊ လွှတ်ပါလိုက်တော့၊ နှစ်ခြိုက်သာဖြည်း၊ လွဝ္ကတည်းကို၊ ကျော်သည်းပတ်ဝေ့၊ အိမ်ရှေ့မင်းနား၊ ကြားပေလားဟု၊ ပျံ့ရှားလှိုင်ချို၊ မိန့်ဆိုပြန်သော်၊ ကြည်ညိုမြတ်နိုး၊ မဆိုးလိမ္မာ၊ လက်ခါလျှာထုတ်၊ ပွက်နှုတ်ကျေပွန်၊ ဆိုစဟန်ကား၊ ငါးကြန်စုံအင်၊ မင်းလှရှင် ...၊ သို့စင်ထွေပြား၊ သည်စကားကို၊ ရွှေသားနုဝါ၊ မမိန့်ပါနှင့်၊ သမ္ဘာရဲရင့်၊ ဆင့်ဆင့်မြင့်သည်၊ တို့ရှင်ဘုန်းတော်၊ အာနုဘော်ကား၊ ကျူးကျော်လွန်စွာ၊ မကြားရာလည်း၊ ဘွေရှာစေ့ရေ၊ ကြာတတ်ချေ၏၊ တောခြေလှည့်ရစ်၊ သည်မှာဖြစ်၍၊ စင်စစ်နားတော်၊ မကြားသော်လည်း၊ ထွန်းပေါ်ဘုန်းတောက်၊ သစ္စာရောက်၍၊ ညှိုးခြောက်ခန္ဓာ၊ ရက်တာမရှည်၊ သေတော့မည်ရှင့်၊ မြဲပင့်စွဲကိုင်၊ အပြီးတိုင်၊ ဘက်ပြိုင်မရှည့်၊ မင်းရွှေမည့်ကို၊ လွှတ်မည့်အရာ၊ မဝံ့ပါသည်။ ။ ရေးရာကြံခင်း ခဲလွန်မင်း


၂၅။ သို့ကိုလက်မှာ၊ ကြိုးကိုသာလျှင်၊ လွှတ်ပါအလျင်၊ နာကျင်ပြင်းပြ၊ စပ်ကျိန်းလှဟု၊ ဝင်းရွဖြူအူ၊ မိန့်တော်မူသော်၊ လွယ်ကူလျင်ပြင်း၊ သည်ကြော့ကွင်းကို၊ မြှော်တင်းမထင်၊ လွတ်တည့်လျှင်သော်၊ မင်းရှင်ယဉ်မြေ့၊ ပျံ့၍မသွား၊ ခဲ့ပြီလားဟု၊ မြသားရောင်မြူး၊ ဘယက်ကြူးကို၊ စူးစူးဆောက်တည်၊ ချွတ်တော့မည်ဟု၊ ရှေ့ရည်ချဉ်းက၊ မင်းအူရွမှာ၊ ကြောက်လှရွံ့ရှာ၊ စက်ဆုပ်စွာကို၊ ဆုတ်ပါဆုတ်ပါ၊ ထိုမှာကနေ၊ လိုလိုဖြေ၍၊ ဖြည်ထွေသာကြည်၊ ပေးပါမည်ဟု၊ ရောင်ခြည်လက်လက်၊ မြဘယက်ကို၊ ရွှေလက်မွှတ်မွှေး၊ ချွတ်၍ပေးမှ၊ မနှေးလျင်လျား၊ မူဆိုးသားလည်း၊ ရွှင်အားရယ်ပြုံး၊ လှမ်းယူဆုံးမှ၊ ရစ်ထုံးသေသတ်၊ နဂါးပတ်ကို၊ ကိုင်းညွတ်ရိုသေ၊ အသာဖြေ၍၊ ပြေလျှင်လျင်ပြင်း၊ နတ်ကျော့ကွင်းလည်း၊ ရပ်တင်းမနေ၊ နဂါးမြေသို့၊ သွားလေထုတ်ချောက်၊ တိုင်လေရောက်၏၊ ထိုနောက်ခဏ၊ မင်းလှမဉ္ဇူ၊ ကြွတော်မူ၍၊ ဖြူအူနုထွား၊ မြေဝယ်သွားသော်၊ တိမ်းပါးယိမ်းနွဲ့၊ မချိခဲ့၍၊ ကျိုးမဲ့မရှည်၊ သေတော့မည်ဟု၊ ငိုမြည်မိန့်ဟ၊ ထွေထွေတသော်၊ ရှေးကဖြည့်ညီ၊ ပါရမီကြောင့်၊ ရှုအီမငြီး၊ ခရီးလမ်းပါး၊ နှစ်ဘက်နားမှ၊ ထူးပြားလှတင့်၊ အပွင့်ချပ်ရံ၊ ပန်းဝတ်ဆံတို့၊ သာစံစီရင်၊ လမ်းအပြင်ကို၊ ဧရွှင်ပေါက်ပြ၊ ခက်လှာကျသည်။ ။ ပုညတော်ရင်း ကျူးလွန်သင်း


၂၆။ ရှေးဘုန်းသမ္ဘာ၊ ထင်ရှားစွာလျက်၊ အရာထူးထွေ၊ သွားရလေက၊ စေ့ရေရူတ၊ နှုတ်တော်ဟဟ၍၊ မင်းလှသူဇာ၊ ငိုခြင်းမှာကား၊ ဟေမာဂီရိ၊ တွင်မည်ရှိသည်၊ ထိန်ညိထိန်ပြောင်၊ ရွှေသားတောင်ကို၊ ထွတ်ခေါင်ပိုင်သ၊ အစိုးရသည်၊ မွေးဘဘုရား၊ ငါ့ထိပ်ထားနှင့်၊ ညာဖျားတောင်တင်၊ မကြီးရှင်သည်၊ လျင်လျင်ရှုကြည့်၊ မြင်ပါလှည့်လော့၊ ရွှေမှည့်နှိုင်းပြီ၊ မင်းဟာရီက၊ သိင်္ဂီဆင်းဝါ၊ မင်းစိတ္တာနှင့်၊ ရာမာခေါ်တွင်၊ မင်းရှင်ကညာ၊ ရမ္မာမင်းလှ၊ မရနှုန်းရာ၊ မင်းပိယာတို့၊ မေတ္တာလွန်ကဲ၊ ရှုမရဲသည်၊ ကြင်မြဲဖျော်ဖြည့်၊ ကြင်ပါလှည့်လော့၊ ရောင်ခြည်စတေ၊ ဘုန်းဝေလျှံလန်း၊ ပြသာဒ်နန်းဝယ်၊ ရွေဝန်များဖြင်၊ ရှိဉီးတင်လျက်၊ ကြမ်းတွင်ခြေမျှ၊ ကျစေရဘဲ၊ ကျူးကဲရောင်စိုင်၊ မြဖထိုင်ထက်၊ ဧလှိုင်ပျံ့စွာ၊ မြမွေ့ရာကို၊ ညှိဝါလျံသည်၊ မြချည်ချောညက်၊ မြထည်ကြက်၍၊ အထက်မျက်နှာ၊ ကြက်သည်မှာလည်း၊ ခါသာမြထည်၊ ထူးမွတ်သည်ကို၊ ပတ်လည်သုံးထပ်၊ ဆင့်ကြာယပ်နှင့်၊ လျှပ်လျှပ်ရောင်ဖြာ၊ တန်ဆာရွှန်းမြေ့၊ တနေ့ဆယ်လ၊ မကဘဲနှင့်၊ လွန်ကဲထူးလည်၊ စံရသည်ကို၊ အတည်မမြဲ၊ ဘဝလှဲသို့၊ ခက်ခဲကြံရာ၊ မယ့်ကြမ္မာသည်။ ။ ပူဆာလွန်မင်း ဖြစ်ရခြင်း


၂၈။ မဖြစ်တောင်းပင်၊ သို့ဖြစ်အင်ကို၊ အရှင်ထိပ်ထား၊ မဘုရားတို့၊ မျက်ဝါးရှေ့ရှူ၊ မြင်တော်မူသော်၊ ဆာပူခွေ့ခွေ့၊ မော၍လှိုက်ပွက်၊ ဝိညာဉ်သက်ပင်၊ ထွက်တော့မည်ပ၊ ခုကိုမျှလည်း၊ မင်းလှခြောက်ယောက်၊ ထံတော်ရောက်၍၊ နှောင်းအောက်မယ်သာ၊ မပါကျန်ရစ်၊ ဖြစ်သည့်ကြောင်းလျား၊ ခြင်းရာများကို၊ ကြားသည်ရှိက၊ မချိဝမ်းဝယ်၊ ပူမျိုးကြွယ်၏၊ ဘယ့်နှယ်ထူးလည်၊ ဖြစ်လိမ့်မည်မျှ၊ ဆောက်တည်ပြီးတိုင်၊ သိနိုင်ပြီဘူး၊ ထိပ်ဦးလည်တင်၊ ဘ-ရှင်ပင်နှင့်၊ မ-ရှင်ဘုရား၊ ထွတ်ထိပ်ထားကို၊ န်များစေ့ရေ၊ အထွေထွေလျှင်၊ ရှာဖွေကြောင့်ကြ၊ လွမ်းလှပါ၏၊ သက်မျှကြင်လေး၊ မ-ရှင်မွှေးသည်၊ ရင်သွေးတူပေါက်၊ ခုနှစ်ယောက်တွင်၊ နှောင်းအောက်မြင့်လှာ၊ မယ့်ကိုသာလျှင်၊ မေတ္တာကြီးအင်၊ ကျူးပြန်ကျင်၍၊ မမြင်ရကာ၊ ခဏကွာက၊ ဖျာဖျာတက်စေ, နန်းလုံးဝေမျှ၊ ရှာဖွေဖျဖျ၊ ခေါ်နေကျကို၊ ရှေးကကြမ္မာ၊ ဝိပါက်ပါ၍၊ တသာဆိုးလှ၊ ကွေကွင်းရသော်၊ ရူတဖျော်ဖြေ၊ ပြေနိုင်မည်လား၊ စုံပြားမြိုင်သာ၊ ဟေမဝါဝယ်၊ တေဇာကြီးထွဝ်၊ တောဆိုးနတ်တို့၊ လေးမြတ်မေတ္တာ၊ ကယ်မပါလော့၊ ဝမ်းမှာလှိုက်လှ၊ သေလှုမျှပင်၊ ကျွန်မ,မတည်၊ လွမ်းမူးလည်သည်။ ။ ဖြေဆည်ဖြည့်တင်း မတံ့လျှင်း


၂၈။ ယင်းသို့စဉ်ရှည်၊ ငိုမြည်များစွာ၊ သာသည်သံညင်း၊ ဖွဲ့နွဲ့ခြင်းနှင့်၊၊ ခင်းသည်လမ်းခွင်၊ ပန်းအပြင်ထက်၊ မရွှင်မပျော်၊ နင်းကြွသော်တည့်၊ ခြေတော်နုရွ၊ နူးညံ့လှ၍၊ မမျှတူပြီ၊ ရွှေသိင်္ဂီဝယ်၊ ကျောက်နီလောဟိ၊ စီချယ်ဘိသို့၊ မချိသွေးဥ၊ နီရီစုမျှ၊ တိမ်းလှုယိမ်းယိုင်၊ အနိုင်ထူထ၊ ပင်ပန်းလှ၍၊ လျလျညှိုးငယ်၊ ပျော့နွမ်းနယ်သည်၊ တသွယ်ရင်ဖြိုး၊ နုပြန်မိုး၍၊ ပြိုင်မျိုးမဆွယ်၊ သနားဘွယ်လျှင်၊ ကြာ့နှယ်ညွတ်ခွေ၊ သွားရလေသော်၊ ရပ်မြေဝေးစွာ၊ ရောက်သောခါဝယ်၊ မလ္လိကာရမ္ဘ၊ အမည်ရသည်၊ ကြိုင်ပျမွှေးထုံ၊ စံပယ်ချုံကို၊ ငါးစုံအင်္ဂါ၊ ကလျာထွန်းညိ၊ မြင်သည်ရှိသော်၊ မွေးမိမြတ်ဖျား၊ ဘဘုရားနှင့်ဒ၊ ဆွေဝါးပေါင်းရုံး၊ အားလုံးတကွ၊ လိုက်လှာကြလျှင်၊ တင်ပြမသွေ၊ မြင်ပါစေဟု၊ သံခြပျံ့ရွှန်း၊ ဓိဋ္ဌာန်မှန်းလျက်၊ ပွင့်လန်းစံပယ်၊ ချုံခြူးနွယ်ထက်၊ ရောင်သွယ်ဖြာစီ။ ဝဇီရာဝလယ၊ မည်ရထူးပြား၊ ပတ္တမြားလျှံတောက်၊ လက်ကောက်နှစ်ကွင်း၊ လျှပ်လျှပ်ဝင်းကို၊ ပြစ်ကင်းလွတ်ကွေ၊ တင်ခဲ့ပေ၏၊ မပြဝှန်ဆူ၊ သည်းအူလှပ်လှပ်၊ တန့်မည်မရပ်၊ မျက်ရည်မစဲ၊ မရွှဲရွှဲနှင့်၊ ဪလဲရှိုက်ရင့်၊ ငိုသည်နှင့်ပင်၊ ရှည်မြင့်ဝေးမြေ၊ သွားရလေသည်။ ။ မူးဝေချည့်ချည့် ပါးပါးတည်း


၂၉။ ချည့်ချည့်ပျောင်းပျ၊ သွားရှာရ၍၊ အသောကဝန၊ သဏ္ဍတွင်မည်၊ မြိုင်စည်သာမော၊ သာနိုးတောတို့၊ နွဲ့ချောပြင်လျာ၊ လွန်ခဲ့လာသော်၊ အံ့ရာထူးပြား၊ ပတ္တမြားပန်းရည်၊ ဝင်းခြည်ကျူးသော်၊ သင်တိုင်းတော်ဝယ်၊ သင့်လျော်ပန်းကြဲ၊ မကရ်းစွဲသည်၊ တပ်ရွဲရောင်တောက်၊ မြကျောက်ရတနာ၊ ရောင်ပြားလွှာကို၊ အသာလွယ်ကူ၊ ခွာတော်မူမှ၊ သက်တူတမျှ၊ ချစ်ကျူးလှသည်၊ မွေးဘထိပ်တင်၊ မ-ရှင်တကွ၊ မင်းလှခြောက်ဦး၊ သည်ကကျူး၍၊ မူးမူးပျံ့လွင်၊ လိုက်ပါနှင့်ဟု၊ ဘိုးချင့်မရ၊ အနဂ္ဃရတနာ၊ ထိန်ဖြာလျှံတောက်၊ စိန်ကျောက်လက်စွပ်၊ လျှပ်လျှပ်ဝင်းဝါ၊ သက်တင်ပါနှင့်၊ အက္ခရာသေးကွေး၊ လက်တော်ရေး၍၊ ကြိုင်မွှေးပျံ့စွာ၊ နာဂရုက္ခ၊ မည်ရခေါ်တွင်၊ ကံ့ကော်ပင်ဝယ်၊ မြော်မြင်ထင်ရှား၊ ကပ်ထားခဲ့၏၊ တန့်နားဖျော်ဖြေ၊ မနေသာလှ၊ သွားပြန်ရသော်၊ ဇေယျခေါ်မည်၊ ပူရပြည်၏၊ ရံလည်ဝန်းရစ်၊ ကျေးစွန်ဖြစ်သည်၊ အသစ်တည်စ၊ တရုဏဟု၊ ဂါမမည်သာ၊ ငယ်သည့်ရွာသို့၊ ချမ်းသာသဖြင့်၊ မမြင့်နေ့ရေ၊ ဝင်ရောက်လေ၏၊ အုပ်တွေဖြီးထူ၊ ကြည့်ကြသူသည်။ ။ ရှင်လူဝန်းဝန်း လျားလျားတည်း


၃၀။ ရွှေတောင့်သခင်၊ နတ်ရှင်သမီး၊ လျှံညီးထွန်းပ၊ ဟာရီစသည်၊ အစ်မခြောက်ပါး၊ သုံးခြားရံကာ၊ ရွေများမှာလည်း၊ မခွါတည့်ရက်၊ ကမ္ဘာပျက်သို့၊ အုတ်အုတ်ကျံကျံ၊ ငိုသံမတိတ်၊ သောင်းသောင်းထိပ်မျှ၊ ရင်ဆိတ်လက်ထု၊ မြောသေလုလျက်၊ ငဲ့ရှုနောက်ပြန်၊ မျက်စိလွန်သော်၊ ဝေဝှန်ဝင်းဝါ၊ ဟေမာမည်မှတ်၊ ဂီရိဆွတ်သို့၊ မတ်မတ်ဖြောင့်သား၊ ရှေ့ရှူသွား၍၊ လျင်းလျားထုတ်ချောက်၊ ရွှေဘုံရောက်သော်၊ ခြောက်ယောက်ရှေ့မြင်၊ လ-သွင်နှိုင်းပြီ၊ မင်းဟာရီကား၊ မပီရွှေခွန်း၊ ဟိုက်ရှူပန်းလျက်၊ ဆူမွှန်းဗျာပါ၊ ကြောက်စွာပင်ကို၊ ငိုသည်နှင့်ကွ၊ မိနှင့်ဘကား၊ သက်မျှလွန်ကြင်၊ ဘ-ရှင်ပင်နှင့်၊ မ-ရှင်သည်းချာ၊ မင်းသူဇာကို၊ မိစ္ဆာလူမျိုး၊ မူဆိုးတယောက်၊ ကြောက်စချင့်ဘွယ်၊ ချုံ့ကကွယ်၍၊ ရှည်သွယ်ကြော့ကွင်း၊ ကြိုးတစင်းနှင့်၊ လျင်ပြင်းကြော့ပစ်၊ မိလေရစ်ဟု၊ ကြွေးဟစ်သံချို၊ လျှောက်တည့်ဆိုသော်၊ နဂိုရ်ထွတ်တင်၊ ရွှေတောင့်ရှင်နှင့်၊ လွန်ကြင်မေတ္တာ၊ မိမြတ်စွာကား၊ ဟာ-ဆိုသည်နှင့်၊ မြွေဆိပ်သင့်သို့၊ ကဲမြင့်ဖြစ်ဆုံး၊ ကိုယ်လုံးဝှန်ဆူ၊ ပူ၍ရုတ်ခြည်း၊ ကြမ်းဝယ်လည်းလျက်၊ အူသည်းလှိုက်ဝေ၊ မိန်းမောလေ၏၊ အုတ်တွေဖျဖျ၊ ချီမပိုက်လျက်၊ ဆေးဝါးဆက်မှ၊ သတိရသည်။ ။ ထူထဆည့်ဆည် တားတားတည်း


၃၁။ ဆည်းတားထူထ၊ သတိရသော်၊ ဒေဝဓီတာ၊ ထွတ်တောင်ညာကား၊ သည်းစွာဟစ်ငို၊ ဆံကိုနုတ်ငင်၊ ရင်ကိုခုခု၊ ခတ်ထုနာကျင်၊ ကြမ်းတွင်လူး၍၊ မောမောခွေ့၏၊ နောက်ရှေ့တွင်းပြင်၊ ရွှေစင်တောင်လုံး၊ ပတ်ကုံးမှောက်လှန်၊ ကမ္ဘာပြန်သို့၊ သည်းထန်ပြင်းပြ၊ ကြေကွဲကြမှ၊ မင်းလှသူဇာ၊ ကျန်ရစ်ရာသို့၊ ဟေမာဂီရိ၊ ဓိပတိက၊ မွေးမိတကွ၊ အစ်မခြောက်ပါး၊ နတ်များခြွေရွေ၊ ကုန်လေဘနန်း၊ ဘူးပန်းကြီးစွာ၊ ခြေငင်ကာချည်း၊ ဖြင်ပည်းညိတ်ညိတ်၊ ကောင်းကင်ပိတ်မျှ၊ လိုက်လေကြ၍၊ ချမ်းမြသာကျယ်၊ ရေကန်ဝယ်နှိုက်၊ နုနယ်ဆင်းဝါ၊ မင်းသူဇာ၏၊ မွေးရာမည်မျှ၊ မမြင်ရသော်၊ များလှသင်္ချာ၊ နတ်တကာတို့၊ မြေမှာတည့်ချည်း၊ လူးကြလည်း၍၊ သည်းမျှငိုယို၊ ထိန့်ထိန့်ပြို၏၊ ရင်ကိုတီးလျက်၊ တို့ထိပ်ရွက်သည်၊ တို့သက်ပမာ၊ တို့ထိပ်ချာကို၊ မိစ္ဆာမူထား၊ မူဆိုးသားသည်၊ ယူသွားချေပြီ၊ သည်ဆီသွားသည်၊ ဖြစ်တော့မည်ဟု၊ မဆည်မတား၊ လျင်တလျားလျှင်၊ ထက်ဖျားကောင်းကင်၊ မြေပြင်နွံမျှ၊ လိုက်လေကြသော်၊ အတုလဒေဝီ၊ မဟေသီကား၊ ဘယ်ဆီညာတိမ်း၊ ယိုင်တဃိမ်းလျှင်၊ မသိမ်းဆံခွေ၊ ဖားရားဝေနှင့်၊ စေ့ရေသံညင်း၊ ဘွဲ့ငိုချင်းသည်။ ။ လွမ်းတင်းထွေထွေ ပြားပြားတည်း


၃၂။ မ-ရှင်ထိပ်မှာ၊ တင်စရာသည်၊ သည်းချာရွှေဥ၊ မယ်ပုလုငယ်၊ ဘယ်ပြုသို့စင်၊ မ-ကြီးရှင်ကို၊ မကြင်သာထွေ၊ သွားရလေသည်၊ ထင်ရည်ပျော်ပါး၊ ရင်ခွင်ထား၍၊ ညံ့တွားပန်းနှယ်၊ ပါးနုနယ်ကို၊ ညာဘယ်ယုယ၊ မနမ်းရသည်၊ ကြာလှပြီရှင်၊ လွမ်းအင်ကြီးစွာ၊ ထိန်ဝါလောင်နီး၊ ဝီစိမီးသို့၊ ညီးညီးရဲရဲ၊ မိဝမ်းထဲမှာ၊ တောက်စွဲမွှေနှည်၊ လောင်ခဲ့သည်ကို၊ ရွှေရည်ရွှေဥ၊ ရွှေဆင်းတုနှယ်၊ မယ်ပုသည်းချာ၊ ခုကြွလာ၍၊ ချမ်းသာဖျော်ဖြည့်၊ ပေးပါလှည့်လော့၊ ရွှေမှည့်ရတနာ၊ မိသည်းချာကို၊ သိင်္ဂါပြောင်ရွှန်း၊ ကျောက်စီနန်းမှာ၊ ရံဝန်းအုပ်တွေ၊ များခြွေရွေနှင့်၊ သွားလေရာရာ၊ ကြမ်းမှာလွှမ်းဖုံး၊ လဲလုံးသိင်္ဂီ၊ ဗုဇွန်ဆီတည့်၊ ထပ်စီရောင်လင်း၊ အပြည့်ခင်းသော်၊ ဖြူဝင်းနုရွ၊ ခြေတော်လှကို၊ ရှခဲ့နိုးနိုး၊ မိမင်းစိုး၍၊ ပန်းအိုးနီတျာ၊ နတ်ဂွမ်းဝါကို၊ ကြိမ်ခါများလွန်၊ ပြန်ပြန်ဆွံနစ်၊ ဖန့်ဖန်ဖျစ်၍၊ သစ်သစ်ရှေ့က၊ ခင်းစေရ၏၊ ယုယပန်းနှယ်၊ ပျံ့ကြွယ်မွေးကြည်၊ ငါးမွေးသည်ကို၊ ထူးမည်ဖြစ်လား၊ မြေဝယ်သွား၍၊ ဘဝါးနုနယ်၊ ဘယ့်နှယ်ခြင်းရာ၊ ဖြစ်ပါလိမ့်နည်း၊ ပေါင်းစည်းလုံခြုံ၊ ချစ်မျိုးပုံသည်၊ ချစ်ကုံထူးဆန်း၊ မိထိပ်ပန်းကို၊ သိန်း,သန်း,သင်္ချေ၊ တွက်ရေမရ၊ မကကောင်းကင်၊ မ-ရှင်လွမ်းမျိုး၊ မောက်မိုးလျှံ၍၊ ခွေ့ခွေ့မိန်းမော၊ ခြောက်ချက်ဇောသည်။ ။ လတ်လေသေလှူ ပြီကိုကား


၃၃။ စာလည်းလျှာမှာ၊ တင်ကာခဏ၊ ကြေညက်မွသည်၊ လွန်လှရသာ၊ နတ်သုဒ္ဓါကို၊ ကောင်းရာရွေးမှ၊ မရနိုးထင်၊ သီးနင်ခဲ့နိုး၊ စိုးမိသည်ကြောင့်၊ မ-ရှင့်စောင့်လျက်၊ စုံမက်ယုယ၊ ကျွေးနကြကို၊ ကြမ်းလှယုတ်မာ၊ လူစားရာကို၊ သည်းချာရင်သွေး၊ ငါသာမွေးသည်၊ မယ်ထွေးနုထွား၊ ဘယ့်နှယ်ဝါး၍၊ စားပါလိမ့်နည်း၊ စက်လည်းယဉ်နု၊ ဝေဠုရိယ၊ ဖထိုင်မြထက်၊ လှိုင်ပျမာလာ၊ စက်မွေ့ရာမူ၊ ညံ့စွာကျူကျော်၊ ယင်နားသော်လည်း၊ မာချော်မခံ့၊ ကြံ့ကြံ့မတည်၊ အိသည်ကိုမျှ၊ မယ်လှနာမည်၊ စိုးရိမ်သည်ကြောင့်၊ သာကြည်စုံမက်၊ မိရင်ထက်ဝယ်၊ နှစ်သက်ပျံ့ပျူး၊ စက်စေဘူးရှင့်၊ လွန်ကျူးခဲလှော်၊ ခုသည်သော်ကား၊ ကြမ်းချော်မာတာ၊ လူ့အိမ်ရာကို၊ ရနတာပုလဲ၊ မိလည်ရွှဲသည်၊ ရွှေခဲဘယ်သို့၊ နှစ်မြို့စက်ခေါ်၊ ပျော်ပါလိမ့်မည်၊ ဖြင်ပည်းလောက၊ အနန္တကို၊ နေကျရှုကြည့်၊ ချမ်းသာဖြည့်သည်၊ ဘုန်းပြည့်မဟာ၊ ဗြဟ္မာလာ၍၊ ချမ်းသာငြိမ်းဆေး၊ တို့ကိုပေးလော့၊ ရှိမ်ပြေးမီးတောက်၊ မောက်မောက် မြင်ခေါင်၊ အလွမ်းတောင်တိ၊ ထိန့်အောင်လိမ့်လည်၊ ကြိတ်ဘိသည်ကို၊ ရွှေရည်သည်းကြား၊ မိထိပ်ထားသည်၊ ရွှေသားရွှေမှည့်၊ မြင်ပါလှည့်လော့၊ မြည့်မြည့်ပရမာ၊ မြူ့နှယ်သာလျင်၊ သည်းချာပေါင်းရုံး၊ တကိုယ်လုံးပင်။ ။ ညက်ဆုံးကျလှု ပြီကိုကား


၃၄။ သည်ကားအစ၊ များလှထွေထွေ၊ စေ့ရသံချို၊ ဘွဲ့နွဲ့ငိုလျက်၊ ပျို,အိုသောင်းသောင်း၊ နတ်ပေါင်းညီညာ၊ လိုက်ကြရာတွင်၊ မွှေးစွာသင်းထုံ၊ စံပယ်ချုံဝယ်၊ ငါးစုံညီအင်၊ မင်းရှင်ရွှေသား၊ တင်ခဲ့ထားသည်၊ ပတ္တမြားရောင်မြူး၊ လက်ကောက်ကျူးကို၊ ပြာဖြူးလျှံဝေ၊ မြင်ကြလေသော်၊ အေ အေသည်မှာ၊ ထိပ်ချာထိပ်ရွက်၊ တို့သက်သခင်၊ ထားခဲ့တင်၏၊ လျှပ်သွင်ထွန်းပေါ်၊ လက်ကောက်တော်ဟု၊ ဟစ်ကြော်ပျာလာ၊ စီကျာအုတ်ကျက်၊ ယူကြဆက်သော်၊ စုံမက်ပြင်းလှ၊ ဒေဝမီတာ၊ ထွတ်တောင်ညာကား၊ ထိပ်မှာရွက်တင်၊ မမြင်မြောက်တောင်၊ မူးမှောင်မှိုင်းမိုက်၊ ခုခုရှိုက်၏၊ ကျိုက်ကျိုက်သောင်းသောင်း၊ အပေါင်းများစွာ၊ နတ်တကာလည်း၊ ခုသာသွားသည်, ဖြစ်မည်ထင်၏၊ ရှာကြည့်ညီညာ၊ လိုက်ပါကြလား၊ နတ်မင်းများဟု၊ မြှောက်စားသံချို၊ ချီးပင့်ဆိုလျက်၊ ထိုထိုကောင်းကင်၊ မြေပြင်မလပ်၊ ဆင့်ထပ်ခြေရာ၊ ပြန်ကာကာလျှင်၊ ထိပ်ချာထိပ်ချာ၊ ဖြူဝါနုဝင်း၊ ထိပ်နှင်းထိပ်နှင်း၊ ရောင်ဆင်းနုရွှန်း၊ ထိပ်ပန်းထိပ်ပန်း၊ စံကျွန်းဘက်ရှား၊ ထိပ်ထားထိပ်ထား၊ တို့ဘုရားဟု၊ ဖန်များခေါ်ဆို၊ ငိုသည်အသံ၊ ကျံကျံအုတ်ကျက်၊ ထပ်ရှက်ပဲ့တင်၊ ကောင်းကင်မိုးမြေ၊ ဆူဝေပတ်ချုပ်၊ ထိန့်ထိန့်လှုပ်မျှ၊ လိုက်လေကြသည။ ။ ဒေသဓွန့်ရှည် မြေဝေးတည်း


၃၅။ ဒေဝိန္ဒရာဇာ၊ ရွှေတောင်ချာက၊ အခါဒေသ၊ ခန့်တွက်ဆ၍၊ အတုလဒေဝီ၊ မဟေသီအား၊ ဖျော်ဖြားသံချို၊ ဖြည့်တင်းဆို၏၊ ယွင်းယိုမဲ့ထွေ၊ ကြပ်လေလေလျှင်၊ မပြေနိုင်အောင်၊ ချစ်ထုံးနှောင်သည်၊ ရွှေတောင်ညာနှင်း၊ ခင်မင်း ...၊ မြှော်တင်း ထိုထို၊ ကိုယ်တော်ကိုလည်း၊တွေးဆိုညှာတာ၊ မ,စ ပါလော့၊ ချမ်းသာအလွန်၊ စင်စစ်မှန်သည်၊ နိဗ္ဗာန်ရပ်ခိုင်း၊ မဘိုင်သမျှ၊ အနန္တတည့်၊ မရသင်္ချာ၊ သတ္တဝါကား၊ ချမ်းသာဟူက၊ စိုးစဉ်းမျှသာ၊ ဒုက္ခမြဲမှတ်၊ ဖြစ်ပျက်တတ်၏၊ လေးမြတ်ကဲဆင့်၊ ချစ်သူနှင့်လည်း၊ တဖျင့်တကွဲ၊ ကွေကွာမြဲတည့်၊ ချွတ်လွဲဒုက္ခ၊ ကွေကွဲမှလည်း၊ တကွညီညွတ်၊ ပေါင်းရတတ်၏၊ အမှတ်နေကျ၊ သို့တွေးဆ၍၊ ခင်မ မင်းရှင်၊ ဖြတင်းဖြည့်ဖျော်၊ စံနန်းတော်သို့၊ ပြန်တော်မူလျှင်၊ သင့်မည်ထင်ဟု၊ ဆွင်ကြင်ဝမ်းက၊ မိန့်တော်ဟသော်၊ တောင်ညာ့သခင်၊ လျှောက်ဦးတင်၏၊ ရှင်ပင်ဘုရား၊ တို့ထိပ်ထား...၊ ရွှေသားလျှံဝင်း၊ ခြေတော်ရင်းတွင်၊ ဝပ်စင်းညွတ်ခ၊ မြဲနေရ၏၊ ကြင်ဆမြတ်လေး၊ ရင်သွေးတူပေါက်၊ ခုနှစ်ယောက်သာ၊ မြင်ပါတော့သည်၊ နှစ်ရည်များဖြင်၊ ဘယ်သည်ဘက်တွင်၊ လိုချင်သမှု၊ တခုမည်မျှ၊ ဘုရားကျွန်မ၊ ပွက်ဟထွေထူး၊ မလျှောက်ဘူးသည်။ ။ ကြောက်မူး ရိုသေ မြတ်လေးတည်း


၃၆။ အရာအခွင့်၊ ကြီးမြင့်ဆောင်ယောင်၊ ကုန်အောင်ကြီးငယ်၊ လူဝယ်များစွာ၊ လိုအပ်ရာကို၊ ထိပ်ချာဘုရား၊ သနားသည်မျှ၊ ထိပ်စတင်ကာ၊ ချမ်းသာသဖြင့်၊ စိတ်တောနှင့်ကို၊ အသင့်လျော်စွာ၊ ညီအောင်သာလျှင်၊ လိုရာဖြစ်စေ၊ ထားတိုင်းနေရှင့်၊ တထွေတလာ၊ သည်တခါတွင်၊ ဆိတ်စာလွှဲချော်၊ သနားတော်ကို၊ ထိပ်ပေါ်တံ့တံ့၊ ခံပါဝံ့ဟု၊ ချစ်နံ့လှိုင်ဧ၊ ပန်းနှယ်မွှေးသည်၊ ရင်သွေးသူဇာ၊ မျက်ရှုရာကို၊ တွေ့ပါလိမ့်မည်၊ ထင်ပါသည်ကြောင့်၊ သာသည်လိုက်ကြွ၊ ပါစေရဦး၊ ကျေးဇူးသခင်၊ ထိပ်တင်ဘုရား၊ ထိပ်ခေါင်ထားဟု၊ သနားစရာ၊ ငိုတိုင်းသာလျှင်၊ ခြေမှဦးချ၊ လျှောက်လကမူ၊ ဒေဝထိပ်နှင်း၊ ရွှေတောင်မင်းကား၊ ဆန်ငြင်းမသာ၊ ချစ်အာဏာသို့ ပါရသဖြင့်၊ နွဲဖင့်မနေ၊ လိုက်ပြန်လေ၍၊ ဝေးမြေမကွာ၊ နှစ်ဂါဝုတ်လောက်၊ တိုင်လေရောက်သော်၊ ခြောက်ယောက်နှောင်းမြင်၊ မ-ရှင်သူဇာ၊ ထားခဲ့ရှာသည်၊ အက္ခရာရေးသား၊ မြရောင်ပြားကို၊ ပျံ့ရှားဧရွှင်၊ ကံ့ကော်ပင်ဝယ်၊ လျှပ်သွင်တောက်ပ၊ မြင်ကုန်ကြ၍၊ ခဏလျင်လျား၊ နတ်အများတို့၊ ကားကားသည်မှာ၊ ထိပ်ချာသီရိ၊ တို့မိယဉ်နွဲ့၊ ထားခဲ့တော်မူ၊ ရောင်လူဝင်းဝါ၊ မြပြားလွှာကို၊ လွယ်ကာလှမ်းမီ၊ တွေ့ပြန်ပြီဟု၊ စီစီသောင်းသောင်း၊ နတ်အပေါင်းတည်။ ။ ထပ်လောင်းငိုယို ဟစ်ကြွေးတည်း


၃၇။ သို့မှလျင်စွာ၊ မြပြားလွှာကို၊ အသာယူပြီး၊ ယှဉ်မှီးမခြား၊ မင်းနှစ်ပါးအား၊ ညွတ်တွားရိုသေ၊ ဆက်ကြလေ၍၊ မကွေ့စုံဖူး၊ နှစ်ဦးနတ်ရှင်၊ စာကိုမြင်သော်၊ ညာတင်နန်းမ၊ အတုလကား၊ ဝဇီရဝလယ၊ နာမမညည်ထူး၊ လက်ကောက်ကျူးနှင့်၊ ရောင်မြူးမြလွှာ၊ ရတနာကို၊ ထိပ်မှာသာပင်၊ အမြဲတင်လျက်၊ မ-ရှင်လည်ရွဲ၊ လည်မှာဆွဲသည်၊ ရွှေခဲရွှေခဲ၊ ပုလဲနုနု၊ မိသက်စုသည်၊ ရွှေဥရွှေဥ၊ မယ်ပုလုဟု၊ ခုခုတမ်းဆို၊ ဖပ်ဖပ်စိုမျှ၊ စီးယိုရှိမ်းနူး၊ ဖပ်ဖပ်မူးသော်၊ ဘုန်းမြူးရောင်ထင်၊ ရွှေတောင့်ရှင်လျှင်၊ ဖြေတင်ချိုသာ၊ မိန့်သည်မှာကား၊ ကညာနုမျစ်၊ ငယ်ကချစ်၍၊ ခုနှစ်ပါးစင်၊ သည်းကြားမြင်လည်း၊ ဘယ်တွင်စွန်းငြိ၊ ပြစ်မရှိတည့်၊ သီရိရောင်ဝင်း၊ ခင်မမင်း ...၊ ချစ်ခြင်းမငြီး၊ သမီးသားက၊ မိဘလင်သား၊ ချစ်မောင်ဘွားနှင့်၊ တိမ်းပါးချွတ်ယွင်း၊ ကွေကွဲခြင်းကား၊ ရောင်ဆင်းနုဝင်း၊ ခင်မမင်းနှင့်၊ လွန်ပြင်းချစ်ဖို့၊ ကျွန်ုပ်တို့သာ၊ မဟုတ်ပါတည့်၊ စက္ကဝါလောက၊ အနန္တတွင်၊ များလှစွာစွာ၊ သတ္တဝါပင်၊ ကင်းကွာကွေကွဲ၊ ကြရမြဲသည်။ ။ မလွဲဓမ္မ တာရေးတည်း


၃၈။ ထိုသို့ဓမ္မတာ၊ ဖြစ်မြဲရာတွင်၊ ကြမ္မာစွန်းညို့၊ ကျွန်ုပ်တို့မှာ၊ နောင်ဘို့ပူရေး၊ ရှိပါသေး၏၊ မြော်တွေးနောက်နောက်၊ သည်ကိုထောက်၍၊ သာလျောက်ဖြေဖျော်၊ တရားတော်ကို၊ တွေးဖော်ကြံယူ၊ ပြန်တောမူသော်၊ ခုမူခရီး၊ လူ့ရပ်နီးပြီ၊ ပုံဖြီးများစည်၊ လူဟူသည်ကား၊ ကြံစည်လွန်ကဲ၊ စဉ်းလဲစဉ်းစား၊ မာယာပရိယာယ်၊ ကွေ့ဆန်းကြယ်၏၊ များကြွယ်အတု၊ ယခုအလျင်၊ ခြေငင်ကာသာ၊ နောက်တော်ပါသည်၊ သုံးဖြာယုတ်၊လတ်၊ အမြတ်မှည့်ခေါ်၊ ကျွန်တော်မျိုးများ၊ စိတ်ထားသမ်းငြို၊ ရှိမည်ကိုလည်း၊ တွေးဆိုဝမ်းက၊ တကြောင်းဆ၍၊ ခင်မ-မင်းရှင်၊ ထောက်စေချင်၏၊ ဖြေတင်ဖြည်းဖျ၊ ဗျာဒိတ်ဟ၍၊ ငိုကြရာမှာ၊ ဟေမာတောင်လုံး၊ ပတ်ကုံးတသွန်း၊ တိရစ္ဆာန်ငှက်၊ ပြေးထွက်ဝေးလံ၊ ဖြန်းဖြန်းပျံမျှ၊ အသံအုတ်အုတ်၊ သောင်းသောင်းရုတ်လျက်၊ စုံမက်လွန်းကြင်၊ နတ်ရှင်နှစ်ပါး၊ သည်းကြားခြောက်မည်၊ ဖြီးစည်အားလုံဂ၊ ခြွေရံရုံး၍၊ မြင့်ဆုံးဟေမာ၊ ဂီရိသာသို့၊ သည်းချာဆူဝေ၊ ပြန်ကြလေ၏၊ ရွှေမြေဘုံကျော်၊ ရောက်လေသော်လည်း၊ ရွှင်ပျော်မမေ့၊ တနေ့တည၊ တခဏမျှ၊ ရူတမကင်း၊ လွင်းတင်းထပ်ပုံ၊ အာရုံမြော်မြော်၊ စိုက်ခေါ်စုံမက်၊ တသက်သက်သည်။ ။ ဟမြွက်တဆို နွေးနွေးတည်း


၃၉။ အရင့်သင်္ချေ၊ တွက်ရေမနိုင်၊ ဖြီးလှိုင်အထု၊ အနုသင်္ချာ၊ ရေးရာမသီး၊ ဖြင်ညီးခပ်မျှ၊ ကြွယ်ကုံငသည်၊ မင်းလှသူဇာ၊ အူရွမှာလည်း၊ သာသာဂါမ၊ တရုဏသို့၊ ပန်းလျမူးဝေ၊ ရောက်တုံလေသော်၊ ရွာနေရှင်လူ၊ သွားသူလာသား၊ ယောက်ျားမိန်းမ၊ လုကြဘနန်း၊ ပတ်ပတ်ဝန်း၍၊ ပင်ပန်းလျက်ပင်၊ ညှိုးရုပ်သွင်ကို၊ မြင်မြင်သသူ၊ သည်းအူပြတ်မျှ၊ သနားလှ၍၊ ခေါ်ကြစိုက်စက်၊ စုံမက်တချို့၊ နှစ်လို့ရွှင်ပျ၊ ရှုကြတသွယ်၊ သည်မင်းငယ်သည်၊ နွမ်းနယ်ပူပင်၊ သို့ကိုစင်လျက်၊ ရွှင်ရွှင်လှမျိုး၊ မိုးထက်မိုး၏၊ တင့်နိုးပြုပြင်၊ ထုံးမြိတ်လျှင်ကား၊ ရွှန်းရွှင်လှချက်၊ မိုးထက်မိုးထက်၊ ဆင့်ဆင့်တက်၍၊ သိပ်နှက်များလှ၊ မြင်သမျှပင်၊ ရာဂပြင်းထန်၊ ဇောငါးတန်သို့၊ ဧကန်မသွေ၊ ရောက်ရာလေဟု၊ စိတ်နေရှိလျောက်၊ ဆိုချီးမြှောက်လျက်၊ နောက်ရောက်အထပ်၊ ကိုယ်ချင်းကြပ်မျှ၊ ကြည့်ကုန်ကြသော်၊ တရုဏရွာစိုး၊ ကြီးရိုးစဉ်လာ၊ ဂါမဏိမည်၊ တွင်သူသည်လျှင်၊ မဆည်မကြာ၊ လျင်ဆောလာ၍၊ ထပ်ကာဝပ်လျား၊ လူအများကို၊ ပယ်ရှားရွတ်ရွတ်၊ ရိုက်ခတ်ခြိမ်းကာ၊ နှင်ဖြိုခွာမှ၊ သူဇာမည်ထင်၊ မင်းလှရှင်ကို၊ ခေါ်ငင်လျှောက်ထား၊ ရိုညွတ်တွားသည်။ ။ သာဖြားပျပ်ပျပ် ခခတည်း


၄၀။ သူဇာရွှေဥ၊ မင်းယဉ်နုကို၊ စတုမုခ၊ သာလာ့မည်တွင်၊ သာသည်ရိပ်ကျယ်၊ စရပ်လယ်ထက်၊ ငြိမ်သက်ပန်းဖြေ၊ နားနေစေပြီး၊ ပန်းကြီးမှုဝန်၊ ကျေးစွန်ရွာသား၊ တို့လျောက်လျားဖြင့်၊ ခန့်ထားစီရင်၊ ထမ်းစင်ပေါင်းကုပ်၊ ဖူးအုပ်အလွယ်၊ ရွှေငွေချယ်နှင့်၊ ထိုဝယ်နေသည်၊ အသည်သမီး၊ ဖြင်ညီးခြွေရွေ၊ ရံလိုက်စေလျက်၊ နေနေနားနား၊ ရွာစဉ်အားဖြင့်၊ သွားသည်ရှိသော်၊ ထင်ပေါ်နီးဝေး၊ သေဋ္ဌေးများစွာ၊ နေရာမှန်ဘိ၊ သေဋ္ဌိနဂရ၊ စည်လှပျော်လောက်၊ မြို့သို့ရောက်၍၊ ကျော်ချောက်ထင်ရှား၊ ထိုမြို့စားသည်၊ စိတ်ထားရင်းလှ၊ သုစိတ္တဟု၊ နာမမည်ရင်း၊ ရှိသည်မင်းလျှင်၊ လျင်ပြင်းစီရင်၊ ကြွလမ်းခွင်ကို၊ သုတ်သင်လှည်းခတ်၊ ရာဇမှတ်လည်း၊ မပြတ်စဉ်ဆက်၊ ကာစေလျက်လျှင်၊ ကြံငှက်ပျော်လျဉ်၊ စီစဉ်စိုက်ထား၊ ရများဆွဲလွှင့်၊ စင်နှင့်ရေကြည်၊ အိုးပြည့်တည်၍၊ သာသည်စုံအင်၊ တန်ဆာဆင်မှ၊ မင်းရှင်သူဇာ၊ နုအူဝါကို၊ ရတနာမျက်ရှင်၊ စီစင်တပ်မတ်၊ ဝေါတုလွတ်ထက်၊ တင့်မြတ်ယဉ်နေ၊ စံပယ်စေ၍၊ အုတ်တွေဖြင်ညီး၊ မတ်သမီးတည့်၊ ထံနီးရံခ၊ လိုက်စေရ၏၊ သုစိတ္တရာဇာ၊ ကိုယ်ကြပ်ပါလျက်၊ မင်္ဂဘာအောင်မျို့၊ ဇေယျာမြို့သို့၊ ညွတ်ကြို့ရိုသေ၊ ဆောင်သွားလေသည်။ ။ နားနေစခန်း ချချတည်း


၄၁။ ဇေယျပူရ၊ ပြည်မမင်းနေ၊ သို့ရောက်လေ၍၊ အောင်မြေမှန်တည်၊ နတ်ပြည်ဆိုလောက်၊ ရွှေမြို့မြောက်ဝယ်၊ လျှံတောက်ထွန်းပ၊ ဝေါတော်ချ၍၊ ပတ်မျှဒိုင်းလွှား၊ ရံထားစောင့်နေ၊ ကချေသဘင်၊ ငါးအင်တူရိယ၊ သီ,က တထွေ၊ မင်းနေတဲတော်၊ ဖျော်ဖျော်ဖျမျှ၊ သုစိတ္တရာဇာ၊ ရေးရာမြှော်တင်း၊ စီရင်တွင်းတွင်၊ လျင်ပြင်းမဆည်၊ မူဆိုးသည်ကား၊ ဘုန်းခြည်ဝင်းဝါ၊ ထိန်လင်းဖြာသည်၊ မဟာဥပရာဇာ၊ မည်သာပျံ့ရွှင်း၊ အိမ်ရှေ့မင်းသို့၊ ကြောင်းခြင်းလျှောက်ချင်၊ မြို့သို့ဝင်သော်၊ ထိပ်တင်နန်းလျာ၊ ဥပရာကား၊ သံဝါကျွတ်၍၊ သီတင်းနေ့ဝယ်၊ ဘုန်းဟေ့မြတ်ကျော်၊ ခမည်းတော်အား၊ ပူဇော်နှစ်သက်၊ ကန်တော့တက်မှ၊ အထွက်ညနေ၊ နှင့်ကြိမ်လေသော်၊ ဝ့နေမကြာ၊ လက်ျာတော်က၊ မြောက်လမ်းဝဝယ်၊ တုချပုဆစ်၊ လျှောက်လစ်ဝံ့စား၊ ထွက်ဘုရား ...၊ ထိပ်ထားရှေ့မှောက်၊ ဘုန်းတော်တောက်၍၊ ဖြိုးမောက်မြင့်ခေါင်၊ ရွှေတောင်ဘုံထွတ်၊ နန်းပြသာဒ်ဝယ်၊ ကြီးမြတ်ဘုန်းရှိန်၊ ဒေဝိန္ဒရာဇ်၊ နတ်မင်းစစ်၏၊ ရင်နှစ်သည်းကြား၊ ခုနှစ်ပါးတို့၊ ကစားသာရွှင်၊ သဘင်ရေမှာ၊ စံကြရာတွင်၊ ဘွေရှာစုတတ်၊ ကြော့ကွင်းမြတ်နှင့်၊ လက်လွတ်ကျွန်တော်၊ ပစ်ကြော့သော်တည့်၊ လှကျော်စံလွတ်၊ ထွေးနှောင်းနတ်ကို၊ ရစ်ပတ်မြဲလှ၊ ကြော့မိရသည်။ ။ စိတ်ကရည်တိုင်း ကျကျတည်း


၄၂။ ရည်တိုင်းကျကျ၊ ကြော့မိရ၍၊ တီးတွမညှာ၊ ယူခဲ့ပါပြီ၊ သာသည်အံ့လောက်၊ ရွှေမြို့မြောက်ဝယ်၊ စောင့်ရှောက်သေချာ၊ ရှိရစ်ပါဟု၊ ရှိကြာလက်မြှောက်၊ ဝံ့ရဲလျှောက်သော်၊ ဝမ်းမြောက်ပြင်းစွာ၊ နန်းပွင့်လျာကား၊ ရတနာပြိုးပြက်၊ ဝေါတော်ထက်က၊ ဆင်းသက်အလျင်၊ ပြေးချင်ယူးမူး၊ ရွှင်ပျမြူး၍၊ ဝေါမှူးဝေါတော်၊ ကျိုင်းတော်လှည့်စေ၊ သံခြေနှုတ်တော်၊ ဖျော်ဖျော်ဖျောမျှ၊ မိန့်ဟလည်းဆို၊ မူဆိုးကိုလည်း၊ ကြည်ညိုသာမြေ့၊ ချဉ်း၍လိုက်လှည့်၊ ပြောတည့်သိအောင်၊ ရွှေတောင်စံနတ်၊ လှမြတ်ယဉ်နု၊ ခုဘယ်မှာလည်း၊ ပျံ့ဖြည်းသာချို၊ ထပ်ထပ်ဆိုသော်၊ နဂိုရ်အောင်မျို့၊ ရွှေမြို့မြောက်မှာ၊ မင်္ဂလာအာပဏ၊ ဈေးမရှေ့တွင်၊ သဘင်တခု၊ ရုံးစုများဘိ၊ ယခုရှိ၍၊ သေဋ္ဌိနဂိုရ်၊ မြို့ကိုစားရ၊ သုစိတ္တနှင့်၊ တရုဏရွာစိုး၊ သူကြီးရိုးသည်၊ မြတ်နိုးလွန်စွာ၊ လိုက်ပို့လှာ၍၊ နေရာတဲနန်း၊ လုံးပန်းစီရင်၊ မြဲပင်စောင့်နေ၊ ကြရစ်လေဟု၊ သံခြေလျင်လျား၊ လျှောက်လေငြားသော်၊ စိတ်အားကြီးလှ၊ ကြွကြွကျိုးကျိုး၊ ပီတိဖြိုးလျက်၊ မူဆိုးငါ့ကျွန်၊ လူလွန်လူကျူး၊ အထူးအပြား၊ အသနားသော်၊ ထင်ပေါ်ထူးလည်၊ ခံရမည်ဟု၊ မိန့်သည်ဖြော်ဖြော်၊ တိုးတိုးဆော်လျက်၊ မူးမော်အားရ၊ သွားလေကြ၍၊ ခဏမနေ၊ တိုင်ရောက်လေသည်။ ။ စိတ်နေရွှင်ရွှင် ရွရွတည်း


၄၃။ သုစိတ္တရာဇာ၊ မည်သာတွင်ပြီး၊ မင်းသားကြီးလည်း၊ ဘုန်းမီးလျှံဖြာ၊ နန်းပွင့်လျာကို၊ ကြွလာဆောလျင်၊ ဝေးကမြင်သော်၊ ခဲအင်ရေးကတ်၊ ရာဇဝတ်ကို၊ ပျပ်ညွတ်ရွံ့ကြောက်၊ ထောက်သောအားဖြင့်၊ ဘဝါးပွင့်ဝါ၊ ရွှေစကြာကို၊ ထိပ်မှာတင်ခ၊ ဘုရာ့းကျွန်တော်၊ ထွေငေါ်ခြင်းရာ၊ လျှောက်ဝံ့ပါသည်၊ ဝင်းဝါပြောက်ပတ်၊ ရွှေတောင်ထွတ်ဝယ်၊ စုံနတ်ကညာ၊ ရတနာကို၊ ညီညာဝမ်းမြောက်၊ ဆောင်ခဲ့ရောက်၍၊ သာလျောက်ထူးဆန်း၊ တဲနန်းသဘင်၊ စီရင်ဖြဖြ၊ သို့ခဏတွင်၊ ကက္ခလိစ္ဆ၊ နာမတွင်မည်၊ မူဆိုးသည်လျင်၊ မလည်မကွေ့၊ အိမ်ရှေ့ဘုရား၊ သို့သွားတည့်ချေ၊ လျှောက်နှင့်လေ၍၊ ဘုန်းနေထွန်းပ၊ ဘုရာ့သားတော်၊ ရွှင်ပျော်သာယာ၊ ကြွလာချေသည်၊ ရောက်တော့မည်ဟု၊ ထွေလည်တွေးထောက်၊ စာနှင့်လျှောက်သော်၊ ရွေမှောက်လူ့ဘ၊ ရာဇိန္ဒလည်း၊ ဒေါသမထင်၊ သာရွှင်စိတ်ကြည်၊ မေတ္တာစည်လျက်၊ လျှောက်သည်ကြောင်းစ၊ သင့်လှလေပြီ၊ သိင်္ဂီနန်းဆောင်၊ မောင်အိမ်ရှေ့မင်း၊ လျင်ပြင်းထိုမှာ၊ ရောက်သောခါကား၊ များစွာကြီးကျယ်၊ စီဘွယ်ရင်ခင်း၊ မကြွင်းလုံးခြုံ၊ ခပ်သိမ်းစုံကို၊ ကုံအောင်လျင်စွာ၊ စီရင်ပါဟု၊ ချိုသာပျံ့မွှန်း၊ မိန့်လိုက်မှန်းသည်။ ။ ရွှေခွန်းကြိုင်ကြိုင် ပျပျတည်း


၄၄။ လက်ရုံးအာဏာ၊ ပညာတုကျွန်း၊ ယဉ်ရွှန်းနုမြေ့၊ ဘုန်းလောက်လွေ့သည်၊ အိမ်ရှေ့သခင်၊ ထိပ်ထားရှင်လည်း၊ များဖြင်အထု၊ ယဉ်မျိုးစုသည်၊ ရွှေဥရတနာ၊ သူဇာစံခန်း၊ တဲတော်နန်းသို့၊ ရွှင်လန်းသာပျော်၊ ရောက်လေသော်တည့်၊ မူးမော်လွန်ပြင်း၊ တင်းထိမ်တွင်းသို့၊ ချက်ခြင်းအလျင်၊ ကြွတည့်ဝင်၍၊ မထင်ပုံထုံး၊ စိတ်နှလုံးကို၊ စုရုံးကြွင်းမဲ့၊ ယူဘိကဲ့သို့၊ ယဉ်နွဲ့မူရာ၊ မယ့်ဆင်းဝါကို၊ ပွင့်လျာဗောဓိ၊ မြင်သည်ရှိသော်၊ ပီတိဖရဏာ၊ ဟုန်သည်းစွာ၍၊ မေ့ကာသတိ၊ ရပ်ထိုင်းရှိမှ၊ ခဏကြာလျှင်၊ မင်းရှင်နေရာ၊ နှစ်ထွာထုစွင့်၊ မွေ့ရာမြင့်သို့၊ ဘုန်းပွင့်လှိုင်ဝေ၊ တက်နေလေသော်၊ ကြက်သရေဝင်းဝါ၊ မင်းသူဇာကား၊ ပျာပျာထိတ်မျှ၊ ရှက်ကြောက်လှ၍၊ ဝမ်းကလှိုက်ကာ၊ မျက်နှာမရဲ၊ ရုတ်ခြည်းလွှဲ၍၊ နွှဲနွှဲလက်ရွှေ၊ ထောက်လျက်နေက၊ ရံရွေခစား၊ စေပါးများလည်း၊ လိုက်လားသိထွေ၊ ရှောင်နေလေ၏၊ ဘုန်းနေကွန့်ဖြာ၊ နန်းပွင့်လျာလည်း၊ ကလျာငါးအင်၊ မင်းလှရှင်၏၊ ဖြူစင်နုရွ၊ ခြေကစသည်၊ စိမ်းမြညိုရောင်၊ ဆံတိုင်အောင်လျှင်၊ ဝင်းပြောင်လျှံမြူး၊ နောက်ပြင်ကျူးကို၊ ရှူမူးမိန်းလှည့်၊ တက်သက်ကြည့်သော်၊ မြူရှည့်ပြစ်ခြည်၊ မထင်သည်ကြောင့်၊ ဆောက်တည်မရ၊ လက်ခြေရွသည်။ ။ ထိန့်မျှကိုယ်လုံး ရိုက်၏တည်း


၄၅။ ကိုယ်လုံးထိန့်မျှ၊ တုန်ရိုက်ကလျှင်၊ လက်လှသန္တာ၊ နုဖြူဝါကို၊ ဆိတ်စာသာကြည်၊ ကိုင်တော့မည်ဟု၊ ဆောက်တည်မှတ်နေ၊ ကိုင်တည့်ချေသော်၊ ထူးထွေကျူး၍၊ နတ်အတွေ့ကြောင့်၊ ချမ်းမြေ့ကိုယ်လုံး၊ ပတ်ကုံးစိမ့်စိမ့်၊ ကြောခြင်ငြိမ့်မျှ၊ နှစ်သိမ့်မိန်းမော၊ စောလျက်မှိုင်ကာ၊ မနည်းကြာလှ၊ လွန်စွာပြင်းလှ၊ တပ်-ရာဂဖြင့်၊ ယုယစုံမက်၊ ပြေးတည့်ဘက်လျှင်၊ အဆက်များစွာ၊ သံသရာက၊ လှူဒါပုည၊ ကံဆုံကြ၍၊ ချစ်ရတော့မည်၊ မှန်ပြီးသည်ကို၊ ဖြူကြည်မွတ်စင်၊ နုရွှန်းရွှင်သည်၊ မင်းရှင်မျက်တော်၊ ထွက်ရှိသော်လည်း၊ ထွေငေါ်ပြင်းပြ၊ မိန့်သမျှကို၊ ခံရတော့မည်၊ တည်ကြည်စောင့်ရုပ်၊ မချုပ်နိုင်ပါ၊ မေတ္တာမိုးမျှ၊ မြေမက၍၊ ဖြစ်ရတော့မည်၊ မင်းရွှေရည်ဟု၊ ဖြေဆည်ဆီးကြို၊ ဆောလျင်ဆို၍၊ မွှေးချိုဘယ်ညာ၊ ပါးနုဝါကို၊ သက်ပါလှုယူး၊ ရှုပ်ရှူကျူး၍၊ မူးမျှမိုက်မိုက်၊ ပန်းတော်ဟိုက်၏၊ ယဉ်မြိုက်နုရွှင်၊ မင်းလှရှင်လည်း၊ မကျင်ကျွမ်းပါ၊ ပူဆာဝမ်းက၊ ရှက်ကြောက်လှ၍၊ စီးကျမျက်ရည်၊ ငိုလှုမည်နှင့်၊ ဆိုမည်နှုတ်က၊ ဟလည်းမထွက်၊ ရှူသက်မသာ၊ ရုန်းရင်းရှာလည်း၊ ဘုန်းဝါတောက်လည်၊ နန်းပွင့်ရည်မှာ၊ မျက်ခြည်မထွက၊ မလွှတ်ရက်၍၊ စွဲမက်လွန်ကဲ၊ တလဲလဲသည်။ ။ ဆုပ်ဆွဲဘက်ပြန် မိုက်၏တည်း


၄၆။ ပိုက်ဘက်လျှင်ပင်၊ ထွတ်တင်နန်းလျာ၊ မိန့်သည်မှာကား၊ မသာ-မကြည်၊ မျက်မူနည်ပင်၊ ယဉ်သည်တဆန်း၊ နုပြန်ရွှန်းသည်၊ ပွင့်လန်းပန်းနှယ်၊ မင်းရှင်ငယ် ...၊ လည်ဝယ်အမြဲ၊ ရစ်ခွေဆွဲ၍၊ ယှဉ်နွှဲစုံမက်၊ ရာကျော်သက်လျှင်၊ ချစ်ဘက်တူရှည်၊ ပျော်ရမည်ကြောင့်၊ သို့သည်ရပ်မှာ၊ ဝေးကျူးရာက၊ ကြုံလှာထူးလည်၊ ကြိုက်ပေသည်ကို၊ မြဲတည်ဧကန်၊ ကျွန်ုပ်ကျွန်သည်၊ အလွန်ကျူးလှ၊ သက်ပင်မျှလည်း၊ မရနှုန်းရာ၊ ချစ်ကြင်ပါသည်၊ အာကာတိမ်ထွတ်၊ ကောင်းကင်လတ်က၊ မာရ်နတ်သည်းချာ၊ ပင်ပေါ်လှာလည်း၊ ပမာမထောက်၊ မင်းလှအောက်သာ၊ ဖြစ်ပါစိမ့်မည်၊ မည်သည်ကိုမျှ၊ မင်းရှင်လှသည်၊ ကြောင့်ကြဆံလွှာ၊ မစွန်းပါနှင့်၊ ဝင်းဝါပြောင်ရွှန်း၊ ရွှေတောင်နန်းဝယ်၊ ချစ်ပန်းလှိုင်ကျော်၊ ခမည်းတော်နှင့်၊ စံပျော်တကွ၊ မယ်တော်မျှလည်း၊ မကပိုက်ထုပ်၊ ကျွန်ုပ်တို့မှာ၊ မေတ္တာကျူးကျော်၊ ဘုန်းတော်ကြီးလှ၊ ဘုရားစသည်၊ နန်းမဘုရား၊ များသည်ဆွေမျိုး၊ ပန်းနှယ်ပျိုး၍၊ မြတ်နိုးညီညာ၊ ချစ်ပါလိမ့်မည်၊ မြင့်သည်ယူဇနာ၊ စောက်နှစ်ရာသား၊ ဟေမာဂီရိ၊ မည်ရှိနာမ၊ ရွှေတောင်မျှကို၊ မင်းလှရွှေစည်၊ စိုးစံသည်လည်း၊ ကြံစည်ထောက်ချင့်၊ မလျော်သင့်ပါ၊ အောင်ချာပတ်ကုံး၊ ဇမ္ဗူလုံးကို။ ။ ယူကျုံးစိုးစံ ထိုက်၏တည်း


၄၇။ တသိန်းရှစ်သောင်း၊ ထပ်လောင်း၊ ကိုးထောင်၊ မြို့ကုန်အောင်ကို၊ မောင်နှင့်အတူ၊ ကြည်ဖြူမြတ်နိုး၊ သိမ်းရစိုးလျက်၊ ဆောင်းမိုးစကြာ၊ မင်းတကာတို့၊ သည်းချာများထက်၊ ထိပ်ဗွေချက်ကို၊ ရွှေစက်တင်ကာ၊ စံပယ်ပါတော့၊ တန်ဆာဝတ်စား၊ စသည်များလည်း၊ ရွှေသားဝင်းဝါ၊ ဂီရိမာထက်၊ လွန်စွာကဲကျူး၊ ထူးပါစိမ့်မည်၊ တဆံခြည်မျှ၊ ကြံစည်ကြောင့်ကြ၊ နိမ့်ကျစရာ၊ မရှိပါဘူး၊ ရွံရှာပျောက်ကင်း၊ ဖြည့်တင်းဖြေဖျော်၊ ရွှင်ပျော်ကျွမ်းဝင်၊ ပါတော့ရှင်ဟု၊ ထိပ်တင်ဘုန်းလူ၊ မိန့်တော်မူသော်၊ ရောင်ဖြူထွန်းပ၊ မင်းအူရွမှာ၊ ရှက်လှကြောက်စွာ၊ မချိရှာ၍၊ လွှတ်ပါဦးရှုင်၊ ထိပ်ထားတင်ဟု၊ လျှောက်ချင်စိတ်က၊ လျှောက်မည်မျှလည်း၊ မဟနိုင်ရာ၊ ခွေးသာလှိုင်ပျံ့၊ ကိုယ်လုံးနှံ့လျက်၊ ရှူသက်မသာ၊ မျက်နှာလွှဲသွေ၊ ခပ်တိမ်းနေသော်၊ ဘုန်းဝေညွန့်စည်၊ မိန့်ပြန်သည်ကား၊ ဝင်းကြည်အူရွ၊ မင်းရှင်လှကို၊ ပွက်ဟသာကြည်၊ လျှောက်ပါသည်ကို၊ မည်မျှမဟ၊ စ န မမြွက်၊ နေသည့်ချက်သည်၊ ထဲနက်ဝှက်သို၊ မောင့်ကိုမကြင်၊ မုန်းသည်ထင်၏၊ သို့လျှင်သို့ဟု၊ မင်းယဉ်နုသည်၊ ရွှေဥနွဲ့ပျောင်း၊ မိန့်ပါကောင်း၏၊ အကြောင်းထွေလည်၊ မဟသည်ကြောင့်၊ ကြံစည်ခဲလွန်၊ ကျွန်ုပ်ကျွန်သည်၊ ပူပန်ပြင်းပြ၊ ပင်ပန်းလှသည်။ ။ ဝမ်းကဝှေ့သည် လှိုက်၏တည်း


၄၈။ ယင်းသို့ထွေလာ၊ မိန့်သောခါတည့်၊ သူဇာယဉ်နု၊ မင်းရွှေဥမှာ၊ သေလှုဝမ်းက၊ အားနာလှ၍၊ ညွတ်ခရှိရည်၊ လျှောက်ပါမည်ဟု၊ ဆောက်တည်အာဘော်၊ ကြံရှိသော်လည်း၊ ထွေငေါ်သံသာ၊ လည်ချောင်းမှာက၊ ဟကာပြီးတိုင်၊ မထွက်နိုင်၍၊ ဂလိုင်လှိုက်မွှေ၊ တိတ်တိတ်နေသော်၊ ဘုန်းဝေကွန့်ဖြာ၊ ဥပရာကား၊ သိင်္ဂါရွှေဥ၊ မင်းယဉ်နုကို၊ ယခုလျှောက်၍၊ ချမ်းမြေ့သာချို၊ မိန့်ဆိုကြိုင်ပျ၊ ခွင့်မရလျှင်၊ သည်ညကလွန်၊ နက်ဖြန်ရွှေခွန့်၊ မိန့်ဟန့်သံချို၊ ဆိုလိမ့်မည်ပ၊ မပျ - မရွှင်၊ နက်ဖြန်ပင်ကို၊ ချစ်ခင်စုံမက်၊ မဟမြွက်၍၊ သန်ဘက်,ဖိန်းနွဲ၊ ဆင့်ကဲကာကာ၊ နှစ်ရာကျူးကျော်၊ ပင်တိုင်သော်လည်း၊ သွေချော်မထုတ်၊ အားထုတ်ပြင်းစွာ၊ လွန်ကျူးကာလျှင်၊ မေတ္တာရစ်ချည်၊ မြဲမည်သသ၊ မင်းလှရွှေလှော်၊ နေတော်မူဦး၊ သံပျံ့ပျူးဟု၊ ကြိုင်မြူးမွှေးပျ၊ မိန့်ပြီးမှလျှင်၊ မင်းလှသူဇာ၊ သင်းသိင်္ဂါကို၊ အသာညံ့သက်၊ ရင်ခွင်ထက်က၊ ရွှေလက်ဖြေယူ၊ လွှတ်တော်မူမှ၊ လွယ်ကူရက်ရက်၊ ပြင်သို့ထွက်၍၊ စဉ်ဆက်မှန်လှ၊ မနနဟု၊ မည်ရရသွံ့ပတ်၊ ရည်ရှိမတ်ကို၊ နှုတ်လွတ်သာပျော်၊ ခေါ်တော်မူပြီး၊ ဘမင်းကြီးအား၊ သည်ကြောင်းလျားကို၊ လျှောက်ထားချေဟူ၊ စေတော်မူသည်။ ။ ကြည်ဖြူရွှင်နှစ် မြိုက်၏တည်း


၄၉။ မနနမည်ခေါ်၊ အမတ်ကျော်လည်း၊ သံတော်ဦးတင်၊ ၍အလျင်ပင်၊ သွားဝင်ရောက်သော်၊ ဗြဲတိုက်တော်ဝယ်၊ ထင်ပေါ်ဆောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ တွင်းဝန်များကို၊ ပြန်ကြားဆင့်ထောက်၊ တွင်းဝန်လျှောက်က၊ ရွှေမှောက်ထွတ်တင်၊ ဘဝရှင်ကား၊ သာရွှင်အားရ၊ ဝမ်းမြောက်လှ၍၊ နန်းမဘုရား၊ ရှစ်သောင်းဖျားကို၊ ကြိုင်ရှားပျံ့ကြူ၊ မိန့်တော်မူ၏၊ သက်တူတမျှ၊ ချစ်ညီကြသည်၊ နန်းမရာနှင်း၊ ခင်မမင်းသည်၊ လျင်ပြင်းလာတည့်၊ မြင်ပါလှည့်လော့၊ တူရှည့်ချစ်ချင်း၊ ခင်မမင်း၏၊ ရင်တွင်းသည်းချာ၊ သားနန်းလျာကား၊ စကြာရွှေတည်၊ လေးကျွန်းလည်၍၊ စိုးမည်ဧကန်၊ ပွင့်လောင်းမှန်၏၊ ဝင်းဝှန်ဖြောင့်မတ်၊ ရွှေတောင်ထွတ်ဝယ်၊ စံနတ်ကညာ၊ ရတနာကို၊ ဆက်လှာနတ်များ၊ သဘောအားဖြင့်၊ မခြားတာထောက်၊ ရွှေမြို့မြောက်ဝယ်၊ ကျော်ချောက်ဖြီးစည်၊ ခုရှိသည်ကို၊ ချစ်ကြည်သက်နှင်း၊ ခင်မ မင်းမှာ၊ သတင်းလေသံ့၊ မပျံ့ပါလား၊ ခုပင်သွား၍၊ ထိမ်းမြားမင်္ဂလာ၊ ဆောင်မည့်ရာကို၊ မကြာအလျင်၊ စီရင်ပါတော့၊ မပေါ့လျော့ဟု၊ သာပျော့ဖြည်းဖြ၊ မိန့်ပြီးမှလျှင်၊ လောက်လှဂုဏ်ဉာဏ်၊ အတွင်းဝန်အား၊ ထံပါးတော်လျက်၊ ငါခုထွက်၍၊ နန်းဆက်ခန့်ရွယ်၊ မောင်နှင့်မယ်ကို၊ ကြီးကျယ်လှစွာ၊ မင်္ဂလာ ထိမ်းမြား၊ စုလျားပတ်မည်၊ မိန့်နှုတ်ရည်သည်။ ။ မရှည်မလျား လွယ်ကာတည်း


၅၀။ တွင်းဝန်ဂုဏ်လွေ့၊ မတ်ယဉ်မြေ့လျှင်၊ အရှေ့အနောက်၊ ပတ်လျှောက်မကျန်၊ မိန့်တော်ပြန်သော်၊ စောင့်ဖန်ဒိုင်းဝင်း၊ ဆင်မြင်း,ရထား၊ မှူးမတ်များနှင့်၊ မယားကတော်၊ ရေသော်များလှ၊ ပုဏ္ဏားစသည်၊ တိုက်ကြတော်မှာ၊ ဘဏ္ဍာစုံစေ့၊ လောက်လွေ့ပည်းဖြင်၊ လိုလျှင်ခဏ၊ ချက်ချင်းရအောင်၊ နေကျ မကျင်၊ တင်းလင်-တည်းလည်း၊ ရုံးစည်းသောင်းသဲ၊ ရှိစမြဲဖြင့်၊ ထွတ်ကဲမောင်နှံ၊ တင့်စံနတ်တူ၊ ထွက်တော်မူသော်၊ လွယ်ကူကြိယာ၊ အစုံပါလျက်၊ နာရဒွါရ၊ တံခါးမဖြင့်၊ ထွက်ကြွသာလျောက်၊ ထံတော်ရောက်၍၊ ဘုန်းလောက်လွေ့လုံ၊ နန်းပွင့်ငုံနှင့်၊ ငါးစုံလျှံလန်း၊ ယဉ်နုရွှန်းသည်၊ ဝင်းထွန်းဖြူဝါ၊ မင်းသူဇာကို၊ အခါသင့်ရန်၊ သင်္ကြန်အလျင်၊ ဒက်ဆင်-နားတွင်း၊ ပျံ့ရွှင်းဆံထုံး၊ ရစ်ကုံးစုလျား၊ ငါးပါးညွန့်ဖြာ၊ မင်္ဂလာကို၊ လျင်စွာဘန်ဆင်း၊ ထိုညဉ့်တွင်းဝယ်၊ ပြီးလျှင်းစေ၏၊ သို့သည့်မင်္ဂလာ၊ ကျယ်ဝန်းစွာကို၊ လွယ်ကာကျဉ်းချုံး၊ ရုံးစေခြင်းကား၊ ထိုမင်းမဟာ၊ ဥပရာနှင့်၊ သူဇာခေါ်တွင်၊ မင်းလှရှင်၏၊ ရင်ခွင်သည်းချာ၊ ရတနာစု၊ ယဉ်နုဆင်းဝါ၊ ရတနာထိပ်ပန်း၊ မည်မှန်းထင်ရှား၊ မင်းနှစ်ပါးကို၊ ထိမ်းမြားမင်္ဂလာ၊ ဆောင်သည့်ရာနှင့်၊ နန်းလျာခန့်၍၊ အိမ်ရှေ့ညွန့်ရှည်၊ ဆောက်နှင်းသည်ကို၊ ထူးလည်စေ့ရှာ၊ ချဲ့စရာသည်။ ။ များစွာရှိ၍ ညှာသတည်း


၅၁။ မင်္ဂလာဆောင်ပြီး၊ ထွန်းညီးရောင်ထင်၊ နေထွက်လျှင်တည့်၊ နတ်ရှင်မင်းကျော်၊ ခမည်းတော်နှင့်၊ ရှုဖျော်လေးမြတ်၊ ရှစ်သောင်းနတ်ကား၊ ရံပတ်များစွာ၊ နောက်တော်ပါလျက်၊ သိင်္ဂါဘုံကျော်၊ ရွှေနန်းတော်သို့၊ တင့်လျော်မကွေ၊ ဝင်ကြလေ၏၊ ဘုန်းနေရောင်လင်း၊ အိမ်ရှေ့မင်းနှင့်၊ ဖြူဝင်းနုဝါ၊ မင်းသူဇာလည်း၊ ရတနာစီခတ်၊ ဝေါတုလွတ်နှင့်၊ သထွတ်စံရာ၊ အိမ်တော်သာသို့၊ မကွာတကွ၊ ဝင်လေကြ၏၊ ရာဇိန္ဒရာဇာ၊ အချာစိုးရ၊ ပြည်သူဘလည်း၊ သုစိတ္တရာဇာ၊ ဂါမဏိရွာစိုး၊ မူဆိုးတို့အား၊ လျောက်လျားသမှု၊ ပေးဘွယ်ဆုကို၊ စေ့ငုစီမံ၊ ကိုယ်တော်ရံပြီး၊ ဘုန်းလျှံရှိန်ပြင်း၊ အိမ်ရှေ့မင်းမှာ၊ နာမမည်မှတ်၊ ရည်ရှိမတ်ကို၊ ပြဿာဒ်ဘုံကျော်၊ ဗြဲတိုက်တော်သို့၊ ခေါ်စေရောက်ပြီး၊ မတ်ကြီးတွင်းဝန်၊ မိန့်တော်ပြန်သော်၊ ကျေပွန်လျောက်ပတ်၊ အိမ်ရှေ့မတ်လည်း၊ ရှိညွတ်ထိပ်ပြင်၊ သံတော်တင်၍၊ အလျင်ထွက်ပြီး၊ မိမိသခင်၊ အိမ်ရှေ့ရှင်အား၊ လျှောက်ကြားလေ၏၊ ထွတ်ထားပွင့်လျာ၊ ဥပရာကား၊ မေတ္တာချမ်းမြ၊ သုစိတ္တအား၊ သိင်္ဂရောင်ချော၊ ရွှေဝေါလျှံတောက်၊ အထောက်ကြံဆစ်၊ ဖြူစစ်ညီးညီး၊ ထီးလည်းနှစ်ဆူ၊ သလူမိုးရွက်၊ ကျိုင်းလေးချက်နှင့်၊ ဝင်ထွက်သွားတိုင်း၊ တင့်နှိုင်းလှတောင်း၊ ထီးဆောင်းစိမ့်မည်၊ စည်ခုနှစ်လုံး၊ ဘိုးကျုံးများစွာ၊ ရွှေပါ ဝတ်စား၊ ပေးသနားသည်။ ။ ဆပွါးမြတ်လေး ကြည်စွာတည်း


၅၂။ ချစ်ကြည် ဆပွား၊ မူဆိုးအားလည်း၊ ထူးပြားနာမ၊ လက္ခလိစ္ဆ၊ ဝနရာဇာ၊ သိင်္ဂါရောင်လျှပ်၊ ရွှေဘွဲ့တပ်၍၊ ဆင့်ထပ်လေလေ၊ ရွှေ, ငွေ, ပုဆိုး၊ အုပ်မျိုးတသွန်၊ ကျေး, ကျွန်, မြင်း, ဆင်၊ များဖြင်ခွန်ထွက်၊ မြို့လက်တတည်၊ ခုနှစ်မည်မျိုးဆက်၊ မပျက်ရှည်စွာ၊ ချမ်းသာစိမ့်ရေး၊ ဘေးမဲ့ပေး၍၊ မြတ်လေးလွန်စွာ၊ မူဆိုးရွာ၏၊ ဂါမဏိခေါ်ဆို၊ ရွာစိုးကိုလည်း၊ ကြည်ညိုပီတိ၊ ဂါမဏိမတ္တနာ၊ မည်သာတွင်စေ, သံခြေပျံမွှေး၊ စာချွန်ပေး၍၊ ထောင့်ကွေးအချိုး၊ မိုးကြိုးချယ်ကွပ်၊ ဆောင်ကြပ်ယွန်းထိုး၊ လက်လက်အိုးမူ၊ မိုးကြိုးလားလား၊ ဓားအိမ်လယ်လွတ်၊ ငါးပတ်ခံတွင်း၊ အရင်းအဖျား၊ ရွာကားတရုဏ၊ ဂါမကိုပင်၊ သာရွှင်ကြည်ဖြူ၊ ပေးတော်မူ၏၊ အတူမှုထမ်း၊ ကြိုးပမ်းကြံစည်၊ အသည်-ကပ္ပါး၊ အလာ-အားလည်း၊ စပါးကြေးငွေ၊ ထွေထွေဝတ်စုံ၊ အပုံအဖြိုး၊ သယ်ပိုးမနိုင်၊ ဖြီးလှိုင်ထပ်ထွေး၊ ဆုတော်ပေး၏၊ မနှေးကိုယ်သို့၊ မြို့ရွာသို့လျှင်၊ နှစ်လို့ရွှင်ပျ၊ ပြန်လေကြသည်။ ။ အားရရယ်မော - ဝမ်းသာတည်း


၅၃။ ကက္ခလိစ္ဆ၊ ဝနရာဇာ၊ မည်သာကျော်ဟိုး၊ မတ်မူဆိုးကား၊ မိုဃ်းသို့ရွာချ၊ ဆုတောင်းရ၍၊ ပြောပမြေးမြတ်၊ စံဖြစ်လျှင်းအောင်၊ နေ့ချင်းပြောင်သော်၊ ဘုံဆောင်လျှံဝင်း၊ အိမ်တော်တွင်းသို့၊ ဝင်လျှင်းလေပြီး၊ ဘုန်းမီးတောက်ဝှန်၊ နန်းပွင့်ရန်ကို၊ အလွန်ညွတ်ကြည်၊ လျှောက်သည်မှာကား၊ ထွတ်ဘုရား ...၊ ထိပ်ထားမင်းရှင်၊ လည်မှာဆင်သည်၊ ရောင်ထင်မျက်ကျော်၊ ဘယက်တော်ကား၊ တိမ်ပေါ်အာဏာ၊ လိုရာရာသို့၊ အာသာစိတ်မှတ်၊ ပျံနိုင်တတ်သည်၊ ကြီးမြတ်စွာကို၊ တန်ခိုးရှိ၏၊ သတိတော်မြတ်၊ မလွတ်ပါနှင့်၊ မပွင့်ဝှက်ခွေ၊ သေသေချာချာ၊ ထားသင့်ပါဟု၊ ရှိကြာဦးမြှောက်၊ ထားတင်လျောက်သော်၊ ဝမ်းမြောက်လျက်ပင်၊ ရယ်ရွှင်သာပျော်၊ အော်အော်ဟုတ်စံ၊ ပျံ့ပျံ့ထွေငေါ်၊ မိန့်ပြီးသော်တည့်၊ မျက်ကျော်ပြိုးပြက်၊ မြဘယက်ကို၊ ပြိုင်ဘက်လွတ်ကင်း၊ မယ်တော်မင်းသို့၊ ဆက်သွင်းရိုသေ၊ ပို့ရလေ၏၊ ကြက်သရေရောင်ခြည်၊ ထွန်းလွှံ့လည်သည်၊ ဖြူကြည်ဝင်းဝါ၊ မင်းသူဇာကား၊ သာသည်ရိပ်မြ၊ တဲနန်းကသည်၊ ပြောင်းကြွခဲ့၍၊ အိမ်ရှေ့အိမ်တော်၊ တိုင်ရောက်သော်လည်း၊ ဘုန်းကျော်သည့်ရှင်၊ ထိပ်တင်မင်းလှ၊ ခခယမ်းယမ်း၊ ဘာချမ်းယုယ၊ မိန့်သမျှကို၊ နှိမ့်ချရွံရှာ၊ အားနာလှလျက်၊ ဟမြွက်သံချို၊ မဆိုနိုင်သေး၊ ပူနွေးဝမ်းက၊ ကြံမရသည်။ ။ရှက်လှခုန်ဆွေ့ - ရင်မှာတည်း


၅၄။ ကိုးမျက်ရောင်ဖြာ၊ ရတနာကို၊ ဝင်းဝါသိင်္ဂီ၊ နန်းချည်သီမှ၊ စုံစီရှက်ရှက်၊ စက်ကြမ်းခက်သည်၊ ပြိုးပြက်ရောင်မြူး၊ ဖထိုင်ကြူးထက်၊ စုံပူးမောင်နှံ၊ နှစ်ပါးစံသော်၊ ဘုန်းလျှံထွန်းဝါ၊ ဧကရာကား၊ သူဇာမင်းရှင်၊ မင်းရွှေစင်ကို၊ ရင်ခွင်တင်ထက်၊ ထားတင်ဘက်၍၊ ဖြူညက်ဝင်းရွ၊ မင်းရှင်လှကို၊ ပွက်ဟထွေလည်၊ လျှောက်ပါသည်ကို မည်မျှရွှေခွန်း၊ ကြိုင်မွှန်းချိုသာ၊ မဟပါခဲ့၊ ဩဇာပျံ့သင်း၊ မိန့်သံညင်းကို၊ လွန်ပြင်းဆန္ဒ၊ ကြားချင်လှ၏၊ မိန့်ဟမရွှင်၊ ရုပ်သွင်ပန်းနှယ်၊ မင်းလှငယ်ဟု၊ နံ့ကြွယ်ပန်းတူ၊ မိန့်တော်မူသော်၊ ဖြူအူနုဝါ၊ မင်းသူဇာကား၊ ရှုရာသက်ခင်၊ ပန်းလျက်ပင်တည့်၊ လျှောက်ချင်လွန်းအား၊ ထုတ်ကြိုးစား၍၊ သနားဘွယ်သာ၊ လျောက်သည်မှာကား၊ စကြာပတ်ကုံး၊ လေးကျွန်းလုံးကို၊ ယူကြုံးမည်ရာ၊ ဘုန်းညွန့်ဖြာသည်၊ ထိပ်ခြာထားတင်၊ ထိပ်ပန်းရှင် ….၊ ပူပ်ငြင်ငြို၊ ကျွန်မကိုလေ၊ ဟိုမူဆိုးပ၊ ဘမ်းမိစက၊ ကျွန်မစိတ်မှာ၊ မကြာလျင်တောင်း၊ ဘယ်အကြောင်းကြောင့်၊ ငံ့ညောင်းမဆည်၊ သေရမည်ဟု၊ ကြံစည်စိတ်ထဲ၊ အမြဲသေချာ၊ အောက်မေ့ရာတွင်၊ တောသာလည်လား၊ မူဆိုးသားသည်၊ တိုင်းကားပြည်ရွာ၊ သာသည်ကစ၊ ယဉ်လှရွှန်းမြေ့၊ အိမ်ရှေ့သခင်၊ ထိပ်တင်နာမ၊ လည့်နှယ်ပဟု၊ ကျွန်မကိုလေ၊ အထွေထွေသည်။ ။ သံခြေပွက်ဟ - စေရှာတည်း


၅၅။ သို့လျှင်ကျွန်မ၊ မပျမရွှင်၊ သေတည့်ချင်သည်၊ အလျင်စိတ်များ၊ ဘယ်ကိုသွားဘိ၊ တခြားအသစ်၊ ဖြစ်ပြန်တော့ကို၊ ဟိုကစ၍၊ ခုနေ့ရောက်တိုင်း၊ မြဲကိုင်စွဲကြိတ်၊ ကျွန်မစိတ်သည်၊ အဆိတ်ကယ်မျှ၊ လျှင်းမွပြီးဘူး၊ ရှည်ကျူးနောက်နောင်၊ သက်ဆုံးအောင်လည်း၊ စိန်တောင်ကဲ့သို့၊ မနဲ့မယိုင်၊ ခိုင်တော့မည်ပ၊ ကျွန်မစိတ်လက်၊ သည်ဖြစ်ချက်ကို၊ ဖော်မြွက်စေ့ငု၊ ခုလျှောက်ဘူးရှင်၊ နှစ်ဖြင်များလွေ့၊ သက်ရာစေ့၍၊ စုတေ့မည်စိတ်၊ ရွှေလှော်ရွှေသား၊ ဘဝါးစေတီ၊ မြတ်သိင်္ဂီကို၊ လှိုင်ညီကေသာ၊ ဆံပန်းကြာနှင့်၊ စေတနာမြတ်လှ၊ ပူဇော်ရမြ၊ ကျွန်မသာကြည်၊ လျှောက်ပါမည်ဟု၊ ပျံ့ကြည်သာချို၊ မိန့်လျှောက်ဆို၏၊ ထိုစကားဝယ်၊ အဓိပ္ပာယ်ကား၊ ပန်းနှယ်လှိုင်ကျော်၊ နာမံတော်ကို၊ ချီငေါ်အစ၊ ကြားသည်ကပင်၊ ချစ်လှပါပြီ၊ ပည်းသီချစ်ထု၊ ခုလည်းသည်းထဲ၊ ချစ်စွဲမြဲနှောင်၊ နောင်လည်းသက်ဆုံး၊ ချစ်ထုံးရစ်ခွေ၊ မြဲနေမယွင်း၊ ခြေတော်ရင်းတွင်၊ ဝပ်စင်းညွတ်ကြည်၊ ခေါင်းချမည်ဟု၊ မိန့်ရည်သာလျှောက်၊ စကားရောက်၏၊ ဘုန်းတောက်လျှံထင်၊ အိမ်ရှေ့ရှင်လည်း၊ ဟလျှင်ခဏ၊ နားလည်လှ၍၊ ရွှင်ပျမြတ်နိုး၊ မေတ္တာမိုးသည်။ ။ ဖြိုးဖြိုးသည်းလှ - စွေရွာတည်း


၅၆။ အိမ်ရှေ့သခင်၊ ထိပ်ထားတင်မှာ၊ မင်းရှင်မိန့်ရည်၊ ရွှေခွန်းသည်လျှင်၊ ဖွေနှည်ပေါင်းရုံး၊ စိတ်နှလုံးကို၊ ကျုံး၍ကြွင်းမဲ့၊ ယူဘိကဲ့သို့၊ မဟဲ့ပြစ်ခြည်၊ မြဲတည်မှတ်နေ၊ ထင်သောထွေကြောင့်၊ သည်လေမိန့်ဟ၊ ဆိုပြီးမှလျှင်၊ အရခဲခက်၊ ကိုယ့်အသက်ကို၊ ဆက်ခါဆက်ခါ၊ မညှာမတွန့်၊ ကြိမ်ကြိမ်စွန့်၍၊ ပွားပြန့်မေတ္တာ၊ ချစ်စရာလျှင်၊ ပေါ်လှာတော့သည်၊ ဝင်းကြည်နုနယ်၊ မင်းလှငယ်ဟု၊ ပျံ့ကြွယ်သာချို၊ ဖျော်ဖြားဆို၍၊ ကြည်ညိုသာရွှင်၊ ပါးဝယ်ပင်လျှင်၊ ငုံချင်မတက်၊ ချစ်မြတ်လွန်ကျူး၊ ရွှေသို့ဦးမျှ၊ ပျံ့ပျူးထွေထွေ၊ နေလည်းမခြား၊ စားလည်းတလျက်၊ စက်လည်းတူအုံး၊ နှလုံးမခြား၊ သွားလည်းတူစုံ၊ ရိပ်ခြုံကသိုဏ်း၊ မှတ်နှိုင်းကြ၏၊ နေ့တိုင်းပျော်မှု၊ ရတုစောင်းငြင်း၊ သီချင်းကျူးရင့်၊ အနင့်လုံးထား၊ ထူးပြားထွေထွေ၊ ကချေနှင့်ပတ်၊ နတ်လည်းခုန်က၊ နန်းမစပ်ယှဉ်၊ ဥယျာဉ်ရေကန်၊ သာလွန်နန်းမြင့်၊ တိုက်ဆင့်ရိပ်ချမ်း၊ ဆင်ဘမ်းရေကြောင်း၊ ရွှေလောင်း ရွှေလှေ၊ နေ့ရေမချန်၊ ရံဖန်တင့်ရည်း၊ မင်းစည်းသဘင်၊ စံရွှင်ရာရာ၊ မည်သည်မှာမှ၊ မကွာစဘူး၊ ချစ်မျိုးကြူး၍၊ ကြိုင်မြူးချစ်နံ့၊ နေ့တိုင်းပျံ့လျက်၊ ပံ့ကာဖြီးလှိုင်၊ ချစ်စွဲခိုင်သည်။ ။ ယိမ်းယိုင်မရှိ - သေချာတည်း


၅၇။ ဤသို့ထူးချွန်၊ ချစ်ကြိုးလွန်၍၊ ခြောက်တန်နတ်မှာ၊ ပဒေသာသို့၊ လိုရာမတ၊ ကာလမီးမိုး၊ အဘိုးနဂ္ဃ၊ နဝရောင်ညီး၊ ကျောက်ဖြင့်ပြီးသား၊ အံ့ချီးစရာ၊ တန်ဆာစုံအင်၊ လဲလှယ်ဆင်လျက်၊ ပူပင်ဒုက္ခ၊ ကြောင့်ကြမဆံ၊ ချမ်းသာစံသော်၊ တရံရောခါ၊ မင်းသူဇာ၏၊ ရတနာဂဗ္ဘ၊ ဝမ်းတော်လျဝယ်၊ မြတ်လှသန္ဓေ၊ တည်လျှင်းလေ၏၊ နေ့ရေလည်းမြင့်၊ ချိန်ခါသင့်သော်၊ ဘုန်းရင့်သမ္ဘာ၊ အင်္ဂါညီညွတ်၊ ယောက်ျားမြတ်ကို၊ ညှာလွတ်ချပ်ပြေ၊ နတ်ပန်းကြွေသို့၊ ကြက်သရေတိုက်ဝှမ်း၊ မယ်တော်ဝမ်းမှ၊ သာချမ်းသန့်စင်၊ မျက်နှာမြင်၏၊ မထင်ပြစ်ဆာ၊ ထိုဘွားခါဝယ်၊ ရတနာပြိုးပြက်၊ မြကွန်ရက်နှင့်၊ ခင်းကြက်သာကြည်၊ ခံရသည်ကို၊ ရည်၍တကြောင်း၊ တပ်ပေါင်းမြို့စား၊ တလွှားရပ်စည်၊ ရှမ်းပြည်ယွန်းပြည်၊ စရှိသည်ဝယ်၊ ထီး, စည်, ဝေါရ၊ ဒေသမြို့ပြား၊ မင်းမင်းများက၊ ပတ္တမြားစသည်၊ ထူးလည်မြားစွာ၊ ရတနာတိ၊ ရှိကြာဦးတည်၊ ဆက်ရောက်သည်ကို၊ ရည်၍လည်းကောင်း၊ ကျော်သောင်းလွှံ့ကြား၊ ထိုမင်းသားကို၊ ထူးပြားသာယာ၊ ရတနာပဉ္ဇ၊ မည်မှည့်ကြ၏၊ မာဂဓအလို၊ ထိုထိုမြန်မာ၊ ပြန်သောခါမူ၊ ရတနာစု၊ နုသည်နာမ၊ ခေါ်ဆိုရသည်။ ။ ဒိဗ္ဗမာလု - ပမာတည်း


၅၈။ ရတနာစု၊ နုနုနယ်နယ်၊ ပန်းဝတ်နှယ်သို့၊ စိုးလယ်ထိပ်ပေါ်၊ ဘိုးမင်းကျော်နှင့်၊ ဘွားတော်ဘုရား၊ ထွတ်ထားမယ်တော်၊ ရှုပျော်ချစ်စည်း၊ ခမည်းတော်မင်း၊ ဆွေရင်းမျိုးတော်၊ အိမ်တော်နန်းလုံး၊ ချစ်ကုံးသီကြ၊ ချီ-မငတည့်၊ ဒေါသရှောင်ပြစ်၊ ဆယ့်ရှစ်နှစ်သာ၊ ရွယ်သစ်မကြီး၊ မတ်သမီးချည်း၊ နို့လည်းမြိန်ချို၊ ကိုယ်လည်းမလျ၊ လှသည်ပြင်လျာ၊ ဝါးရာကောက်ရွေး၊ နို့ထိန်းပေးသော်၊ ရင်သွေးငါးရာ၊ ဘွားဘက်ပါ၏၊ ရတနာပုခက်၊ တင်မည့်ရက်ဝယ်၊ ပြိုးပြက်ရောင်လူး၊ စိန်ခြူးမြထိတ်၊ ဖိတ်ဖိတ်ရောင်တောက်၊ လက်ကောက်ခြေချင်း၊ ဝင်းဝင်းရောင်ချက်၊ ကျားလက်သည်းပါ၊ လည်မာ-လည်တွင်၊ တန်ဆာဆင်မှ၊ မျက်ရှင်စီခြယ်၊ ပုခက်ဝယ်လည်း၊ ရောင်သွယ်ထွန်းဝေ၊ ကလပ်ခြေနှိုက်၊ မြဲနေစောင့်ဟန်၊ ဂုမ္ဘဏ်ဘီလူး၊ စွယ်ပြူးထူးနှင့်၊ မာန်ရူးနဂါး၊ ခြင်္သေ့ထား၍၊ ဘောက်ကြားကြိုးကြွ၊ အစငေါ်ရှက်၊ ပန်းလှထက်ဝယ်၊ သန်လျက်နတ်သား၊ ထမ်းဟန်ထား၏၊ ပြယားရည်ရှင်၊ တုရင်လေးထောင့်၊ သုံးမြောင့်အုံးထား၊ တုရင်ဖျားဝယ်၊ မြပြားညိုမြိုက်၊ မှန်ကင်းစိုက်၏၊ မြင်းကိုက်အင်းကွက်၊ မျက်နှာကျက်လည်း၊ ပြိုးပြက်ရောင်ဖြာ၊ ကြမ်းမှာခင်းပေ၊ ခြင်္သေ့ရေတွက်၊ ဆယ်ထွေ-ဆယ်ရည်၊ မွေးရှည်ညံ့စွာ၊ ကတ္တီပါတည့်၊ အံ့ရာဘိုးကြိုး၊ ဆယ်ထပ်နှီးသည်။ ။ မငြီးစက်မွေ့ ပျော်ရာတည်း


၅၉။ လက်ဖွဲ့ချည်မျှင်၊ စီရင်ထူးဆန်း၊ လင်ပန်းချိုးအင်၊ ရည်ရွှင်မြမှုတ်၊ ခွက်ကြုတ်ဖလား၊ ပတ္တမြားရိုးရဲ၊ ရွှေခဲ-ငွေလျက်၊ အမျက်ရတနာ၊ များစွာအနဂ္ဃ၊ အယ-အချီ၊ ပည်းသီထပ်လောင်း၊ သိန်းသောင်းခွန်ရ၊ မြို့ပြ ဆင် မြင်း၊ သင်းပင်းလူစု၊ ကစားမှုလည်း၊ ဝေဠုရိယ၊ ကျောက်ပေါင်းစသည်၊ ပီသရုပ်သွင်၊ ဘန်စီရင်လျက်၊ နန်းပြင်-နန်းတွင်း၊ ဆက်သွင်းလက်ဖွဲ့၊ ထားရာမဲ့မျှ၊ မဟဲ့ကြည့်ရာ၊ ပက်သာကချေ၊ ထွေထွေပွဲလမ်း၊ ပည်းဖြင်မွန်းတိ၊ မင်းခမ်းမင်းမှု၊ မင်းရတုဖြင့်၊ ယဉ်နုစီရင်၊ ပြခက်တင်မှ၊ ရုပ်သွင်နုမျစ်၊ ရင်သိမ်းသစ်ချည်း၊ တရွယ်တည်းလျှင်၊ ဆံစည်းထောင်ထောင်၊ ညိုရောင်ညိညိ၊ နောက်ဆံအိနှင့်၊ ချစ်မိဘွယ်ရာ၊ စဉ်ကာတဖက်၊ နေစေလျက်တည့်၊ ဖြူညက်နုရွ၊ ရွယ်ကမျှပင်၊ ဒက်လှရင်ရစ်၊ နားထွင်းသစ်ချည်း၊ နက်မည်းဆံထုံး၊ တင့်ဆုံးချီချီ၊ နှင်းဆီကြိုင်ကြိုင်၊ ရှက်ဆိုင်ရွရွ၊ အိနောက်စနှင့်၊ ဘယ်ကတရွေ၊ စဉ်နေစေလျက်၊ သံခြေပျောင်းငေါ်၊ သံကြော်ယဉ်ဆုံး၊ ဘွဲ့သီကုံး၍၊ နှလုံးသည်းအူ၊ စိတ်ကိုယူသို့၊ သံတူမယွင်း၊ ကျူးသံညင်းသည်။ ။ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၀။ နန်းလုံးထိပ်မှာ၊ တင်စရာသည်၊ ထိပ်ချာစက်တော်၊ မခေါ်တည့်လေ။ ။ အချစ်မေတ္တာ၊ ထပ်လောင်းကာသည်၊ ရှုရာတို့မျက် ဖျော်တည့်လေ။ ရွှေဘုန်းသမ္ဘာ၊ ညွန့်လူးလာသည်၊ ရတနာတစု၊ မြဆင်းတုနှယ်၊ နုနုညိုညို၊ မစက်လိုလည်း၊ ငိုရဘူးရှင်၊ ရာဇဝင်ဖြင့်၊ သန့်စင်မြတ်ကျော်၊ အကြောင်းတော်ကို၊ ချီငေါ်ဟုတ်လျောက်၊ ရွှေနားလျှောက်မည်၊ မိုမောက်မေတ္တာ၊ ပုံစရာသည်၊။ ထိပ်ချာတည့်ထိပ်ပန်း ထိပ်ထက်တင်၊ ပန်းသွင်သည့်ရည်သွေး၊ နုမွှေးမွှေး။ ။ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၁။ မဒ္ဒတိုင်းစည်၊ စိုးစံတည်သည်၊ ခေါ်မည်အဂ္ဂသီတည့်လေ။ ။ ထိုမင်းသည်းချာ၊ နုကညာသည်၊ ဘဒ္ဒါနုဝတီတည့်လေ။ ။ ဘဒ္ဒါနုဝတီ၊ ဆင်းသိင်္ဂီနှင့် ယှည်မှီသိကြား၊ စံပျော်ပါး၍၊ သည်းချာရင်ခွင်၊ မြင်သည်ဣန္ဒ၊ ပုတ္တမည်ခေါ်၊ စုံသည်အင်္ဂါ၊ တရာမချို့၊ ငါသားတို့ဟု၊ နန်းမြို့မကျန်၊ သိကြားဘန်၍၊ သာလွန်ဇေယျ၊ ပူရတွင်မည်၊ သည်ရွှေပြည်သည်။ ။(ထောင်တည်ဖြစ်စေ-သမိုင်းလာ) စိုးချာတည့်ဦးရှေး၊ သိကြားသွေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၂။ ဣန္ဒပုတ္တ၊ နရိန္ဒသည်၊ အစထွတ်ရာဇာတည့်လေ။ ။ သည့်သားသည့်သား၊ မြတ်ဆက်ပွားသည်၊ တခြားမဘောက်လှာတည့်လေ။ ။ မြတ်ဆင့်ဆင့်ပွား၊ အညအားဖြင့်၊ များသည့်မင်းပေါင်း၊ ခြောက်သောင်းမျှစင်၊ ဣန္ဒဝင်ဟု၊ ဥကင်စိုးမြန်း၊ စည်ပြီးထွန်း၏၊ ဘုန်းတန်းမချို့၊ ထိုမင်းတို့တွင်၊ မျှို့မင်္ဂလာ၊ ညွန့်ဖြာဘုန်းသစ်၊ အဆုံးဖြစ်သား၊ ဧကရာဇ်ထိပ်ပေါ်၊ ရှင့်ဘိုးတော်သည်။ ။ မည့်ခေါ်တည့် ရာဇိန္ဒရာဇာ၊ ဘုန်းဝါတည့်နီးဝေး၊ ရောင်လွင့်ပြေး၊ ဧယာဉ်ချိုယဉ် ပျောင်းနုဧ


၆၃။ ဇမ္ဗူကျွန်းလုံး၊ လက်နက်ကျုံးသည်၊ ထွတ်ဆုံးဘိုးရာဇာနှင့်လေ။ ။ ဥကင်ထိပ်ပေါ်၊ တူစုံပျော်သည်၊ ဘွားတော်ထွတ်မြတ်မျိုးမြင့်လေ။ ။ ဣန္ဒဝင်စစ်၊ တဖြစ်တနွယ်၊ စင်ကြယ်လှစွာ၊ မည်တော်သာမူ၊ နရိန္ဒာဒေဝီ၊ ကျော်ထင်ညီသည်၊ သိင်္ဂီရွှေသား၊ ဘွားဘုရားကား၊ ငါးပါးဣန္ဒြေ၊ ငါးထွေသီလ၊ တည်ကြည်လှ၍၊ ရူပလက္ခဏာ၊ ပညာဂုဏ်အင်၊ ဘက်မထင်သည်။ ။ မြေပြင်တည့်မဆန့် ကျော်စောဝှန့်၊ နတ်ဌာန်တည့်ပျံ့မွှေး၊ အံ့ချီးကြွေး။ ။ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၄။ နန်းမသခင်၊ ဘွားရှင်ပင်နှင့်၊ မြေပြင်စိုးရ၊ ရာဇိန္ဒိလေ။ ။ စုံပူးရွှေရင်၊ စုံရာတွင်နှိုက်၊ ဘွားမြင်မြတ်လှ၊ ဩရသလေ၊ ပုတ္တရတနာ၊ လက်ဦးစွာဟု၊ ဖြစ်လာငြားသင့်၊ ရွှေဘုန်းပွင့်သည်၊ ရှင့်ခမည်းတော်၊ မမြော်နှိုင်းရဦ၊ တို့ထိပ်ချာကား၊ အဋ္ဌာရသ၊ ဟူသမျှကို၊ လွန်လှဆန်းထူး၊ သူ့ထက်ကျူး၏၊ မုန်ယူဆင်ပြောင်၊ ကြမ်းခေါင်မြင်းကြီး၊ ကိုယ်တော်စီးက၊ အံ့ချီးစရာ၊ လိုတိုင်းပါသည်။ ။ (ရှုသာတည့်ထင်၊ လှကိုယဉ်) ဘက်ယှည်တူရေး၊ မရှိဝေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၅။ တတ်ရာဖြင်ပည်း၊ တတ်သည်ချည်းတွင်၊ ကျော်သည်းကျွန်းလုံး ဝန်းမျှလေ။ ။ လေးအတတ်သည်၊ ထူးထွေလည်သည်၊ စံတည်ကြူး၍ လွန်လှလေ။ ။ လျှင်သည်လှပ်လှပ်၊ တပြက်လျှပ်ကို၊ ဆင့်ဟပ်မြားဆက်၊ ခုနှစ်ချက်စင်၊ ရွှေလက်ငင်လွတ်၊ ပစ်မိတတ်လျက်၊ နတ်အပြည်ပြည်၊ နှံ့လည်ဝိုက်ရုတ်၊ သမုဒ္ဒရာ၊ ရေမှာမြေထဲ၊ ငရဲထုတ်ချောက်၊ စေတိုင်းရောက်၍၊ ပတ်လျှောက်ပြည်ထောင်၊ မင်းကုန်အောင်တို့၊ ထိပ်ခေါင်ရွက်ကျုံး၊ ရှိပန်းကုံးသည်။ ။ လက်ရုံးတည့်မဟာဝရဇိန်၊ လျှံထိန်တည့်နီးဝေး၊ ဖြာပြန့်ပြေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၆။ လှသည့်မှာသော်၊ ကျူး၍ကျော်သည်၊ မမြော်ဘက်လွတ် ကွေတည့်လေ။ ။ ယဉ်သည်မှာသော်၊ မိုးထိပ်ပေါ်သည်။၊ ကျော်၍အဖျားနချည့်လေ။ ။ ယဉ်လည်းယဉ်နု၊ ပြိုင်တုမရ၊ လှလည်းလှတင့်၊ နှုတ်ဘွင့်သာချို၊ ဆိုလည်းကျစ်လျစ်၊ တင်ပြစ်မဲ့ပြီ၊ လုံးစုံညီ၍၊ ပည်းသီပေါင်းရုံး၊ လူ့နှလုံးကို၊ ကျုံးသို့သိ၍၊ ရွှန်းယဉ်မြေ့၏၊ ကြီးလွေ့ပညာ၊ အရာရာကို၊ ခန္ဓာသက်လုံဂ၊ လျှောက်မထုံးသည်။ ။ ကျဉ်းရုံးသည်မျှ လျှောက်လွယ်ကာ၊ အရာတည့်ချီးရေး၊ များလှသေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၇။ သို့လျှင်မြတ်နွယ်၊ ကြောင်းတမယ်ကို၊ မင်းဝယ်ရွှေနား ညွတ်ပါလေ။ ။ မယ်တော့်မျိုးဝယ်၊ လွန်တင့်တယ်သည်၊ ဆန်းကြယ်ဇာတ်မျိုး မြတ်လှလေ။ ။ အစရှေးခါ၊ တောင်စန္ဒာဝယ်၊ ဂဏာခေါ်ညီ၊ ကိန္ဒရီသည်၊ ထက်ဆီမိုးမှာ၊ နတ်ဗြဟ္မာကို၊ ဝမ်းသာစုံမက်၊ ကြည်နှစ်သက်အောင်၊ ကျင့်ခက်ရှည်တာ၊ လွန်မြတ်စွာ၍၊ ဗြဟ္မာမြတ်လေး၊ သားဆုပေး၏၊ ရင်သွေးရှုဖျော်၊ ဘွားမြင်သော်လည်း၊ တေဇော်ထွန်းဝင်း၊ ဗြဟ္မာမင်းသည်၊ မကင်းတည့်စောင်မ ဘုန်းကြီးအောင်၊ ရည်ဆောင်တည့်မြတ်လေး၊ ဆရာပေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၈။ သူရဿတီ၊ နတ်ဒေဝီသည်၊ စုံစီတတ်မျိုး သင်ရလေ။ ။ မြေကိုလျှိုးဝင်၊ မိုးကောင်းကင်ကို၊ ဝှက်သွင်ဟူးဟူးပျံကြွလေ။ ။ ယင်းသည့်အစ၊ စုံသိပ္ပကို၊ ဗြဟ္မာ့သားတော်၊ တတ်ပြီးသော်တည့်၊ တောင်ကျော်ဟေမာ၊ ဝိရိချာဝယ်၊ အင်္ဂါမချို့၊ ယင်သည်မြို့ကို၊ အောင်မျှို့ထွန်းပဒ၊ တည်ထောင်စ၏၊ သည်ကဆင့်ပွား၊ သား, မြေးအားဖြင့်၊ များသည်ရွှေမှောက်၊ မင်းတို့နောက်ဝယ်၊ ဘုန်းတောက်ရှိန်ပြင်း၊ ဘိုးတော်မင်းသည်။ ။ သံညင်းတည့်ဒေဝိန္ဒရာဇာ၊ မည်သာတည့်ပျံ့မွှေး၊ ဘွဲ့တော်ရေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၆၉။ ဒေဝိန္ဒရာဇာ၊ ဘိုးထွတ်ချာသည်၊ တေဇာမြတ် တန်ခိုးတည့်လေ၊ နတ်ကိုပင်သာ၊ စိုးချုပ်ချာသည်၊ အာဏာနတ်ထက်၊ မိုးတည့်လေ။ ။ ဒေဝိန္ဒရာဇ်၊ ဘိုးတော်ချစ်နှင့်၊ ဘွင့်လှစ်ဥကင်၊ တူစုံရွှင်သည်၊ သခင်ဘွားတော်၊ ပြိုင်ဘော်မရ၊ အတုလဒေဝီ၊ မဟေသီကား၊ စုံညီအင်္ဂါ၊ လက္ခဏာတောက်ပ၊ ယင်းမူလသည်၊ ဗြဟ္မာ့နွယ်မြစ်၊ မြတ်မျိုးဖြစ်၍၊ တင်ပြစ်လွတ်ကင်း၊ သန့်သန့်ရှင်းသည်။ ။ သတင်းတည့်ဂုဏ်နံ့၊ နတ်ခြောက်တန်၊ ကျူးလွန်တည့်မြတ်လေး၊ လှိုင်လွင့်ပြေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၇၀။ ဘွားတော်ရင်သွေး၊ ဆင့်ကာမွေးသည်၊ ဖြူမွှေးခုနှစ်ဦးတည့်လေ၊ ယဉ်မျိုးလောက်ဖြင့်၊ ရွှန်းမြိုက်ရွှင်သည်၊ လသွင်ထွန်းရောင်၊ မြူတည့်လေ။ ။ ကျူးသည်စတေ၊ ထိပ်ဗွေတင်ထား၊ ခုနှစ်ပါးတွင်၊ နှောင်းဘွားမြင်မြော်၊ ရှင့်မယ်တော်ကား၊ အဟော်ဝတ၊ အလှပေါင်းစု၊ ယဉ်နုရာမှာ၊ ကျူးကာမက၊ ကျော်ပြန်လှလျက်၊ မိုးမှမြင့်မောက်၊ အထွတ်ရောက်၍၊ ထက်အောက်မိုးမြေ၊ ဘုံနေနတ်လူ၊ မြင်ဘူးသူသည်။ ။ လဟူတည့်ထွန်းပ မျက်နှာတော်၊ မြင်မြော်တည့်ရေးရေး၊ ရှည်မြင့်ဝေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၇၁။ အိမ်ရှေ့ဦးကိုင်၊ ယဉ်မျိုးပိုင်သည်၊ နိုင်သည်ထိပ်ချာ၊ ကိုပလေ။ ။ ရှေးကဆရာ၊ ထားခဲ့မှာသည်၊ သိုက်စာတကယ်မှန်လှလေ။ ။ ဂိရိရွှေတောင်၊ အုပ်စိုးဆောင်သည်၊ ဘုန်းခေါင်မဟာ၊ ဥပရာဟု၊ သိုက်စာမမှား၊ မှန်သောအားဖြင့်၊ တင်ထားထိပ်ပေါ်၊ ခမည်းတော်နှင့်၊ လှကျော်ရောင်ဆင်း၊ မယ်တော်မင်းလျှင်၊ ဘုန်းချင်းဆုံင်၊ စံကြချင်၍၊ သခင်သလေး၊ နုကွေးလွေးကို၊ မွှေးသည့်ပန်းသွင်၊ မျက်နှာမြင်သည်။ ။ ဥကင်တည့်စိုး၊ ညွန့်ပြူစကာ၊ ဆိတ်စာတည့်ကွေးလွေး၊ မင်းသလေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ


၇၂။ တကျူးကျော်ကျော်၊ စက်မွေ့ပျော်အောင်၊ ဖျော်ပါလျက်ကို၊ ဘယ်ဘက်ပြုလေ။ ။ စက်လိုဘဲသာ၊ ကြာတောင်းကြာသည်၊ ထိပ်ချာပုလီပုလုလေ။ ။ နီနီတွေးတွေး၊ ခြေသလေးကို၊ ကွေးချေဆန့်ချေ၊ မနေမနား၊ ကန်သည်အားနှင့်၊ ညံ့ထွားပန်းနှယ်၊ လက်နုနယ်ကို၊ ဘယ်မှာဓန၊ လှုပ်တော့စေသာ၊ ထိပ်ချာပုလု၊ သည့်နှယ်ပြုလျှင်၊ သွေးစုနီတွေး၊ ပါးသလေးကို၊ စုဝေးစေ့င၊ နမ်းရချည့်ကို၊ ငိုနှင့်သို့လျှင်၊ တကယ်ပင်သည်။ ။ ဥကင် နောင်ဆက်စိုးမည့်သူ၊ ဘုန်းလူတည့်လှိုင်းဧ၊ ပျံ့ပျံ့မွှေး၊ ဧယာဉ်ချိုယဉ်ပျောင်းနုဧ

၇၃။ ယင်းသို့စသည်၊ ကျူးမြည်သံညင်း၊ ဘွဲ့ဧချင်းနှင့်၊ မတင်းနေကျ၊ မွေးဘဘုန်းရှိ၊ မွေးမိဘုန်းကျော်၊ အိမ်တော်သူလုံး၊ ချစ်ကုံးရစ်သီ၊ ချီလည်းမင၊ နမ်းမဝတည့်၊ ယုယတုံတုံ၊ ချစ်မျိုးပုံ၍၊ ချစ်ကုံပေါင်းစု၊ ကသိုဏ်းပြုလျက်၊ မျက်ရှုကာကာ၊ မြင့်ရှည်ကြာသော်၊ အခါတပါး၊ မင်းဖျားပဝရ၊ ရာဇိန္ဒဝယ်၊ တရားအရာ၊ လိမ္မာနားဝင်၊ ကျွမ်းလှကျင်ဟု၊ စီရင်နေကြ၊ ဆုံးဖြတ်ရသည်၊ ရာဇိန္ဒရာဇဂုရု၊ ယဉ်နုဘွဲ့မည်၊ ပုဏ္ဏားသည်လျှင်၊ ပိတ်ထည်ခါသာ၊ မာတရဘက်၊ ငွေရွက်စားများ၊ တန်ဆိုးစား၍၊ နိုင်သားရှိလျက်၊ နှိပ်စက်ရှုံးစေ၊ ဆင်ခြေမလှ၊ ရှံးရမည်သူ၊ နိုင်စေဟူ၍၊ ကောင်ယူကတ်လတ်၊ ဓမ္မသတ်ကျမ်း၊ မိန့်တော်တမ်းလျက်၊ စဉ်လှမ်းစွဲသုံး၊ စီရင်ထုံးကို၊ နှလုံးမထား၊ လောဘအားဖြင့်၊ မှောက်မှားစီရင်၊ အလွဲဆင်သော်၊ တိုင်းခွင်ဝန်းလျား၊ ပြည်သူများဘို့၊ မင်းနားရောက်တိုင်၊ မပေါက်နိုင်ရှာ၊ ကြံရာခဲအင်၊ ကြွေးတင်ကျွန်ဖြစ်၊ သားနစ်-မြေးမွှန်း၊ ကြေးပန်း-ငွေကုန်၊ ဆူမှုန်ဝမ်းမှာ၊ မသက်သာလျက်၊ မိစ္ဆာနှောင့်ရှက်၊ ပုဏ္ဏားဖျက်၍၊ အောင်ချက်ရွှေပြည်၊ ပျက်တော့မည်ဟု၊ ကမြည်ညည်းညည်း၊ စိုးရိမ်သည်းသည်။ ။ မနည်းကာလ ရှည်၏တည်း


၇၄။ ထိုသည့်အခါ၊ မဟာဥပရာဇ်၊ ဘုန်းသစ်လျှံပတ်၊ ရဲတုလွတ်ကား၊ ပြဿာဒ်ရောင်ညီး၊ ဝေါတော်စီး၍၊ ဘုန်းမီးတောက်ဖြိုး၊ ဘမင်းစိုးသို့၊ ရှိခိုးဝင်၍၊ ချမ်းမြေ့သာယာ၊ ထွက်ခဲ့လာသော်၊ ဥစ္စာမြေမိုး၊ ကြီးရိုးလူဆို၊ ငြင်ငြိုရှိရှား၊ မူသည်များတို့၊ ဝန်းလျားတိုင်ပင်၊ သည်တွင်သက်စွန့်၊ လက်ညွန့်ရှိမည်၊ လျှောက်တော့်မည်ဟု၊ ကြံစည်ပြီးမှ၊ လက်မထက်နား၊ ထင်ရှားပြနေ၊ စာခွေထိပ်ပြင်၊ ပန်းနှယ်ဆင်လျက်၊ မြေတွင်ဝပ်လျား၊ လျှောက်ဝံ့ငြား၏၊ ဘုရားဘုန်းရောင်၊ ထိန်ထိန်ပြောင်သည်၊ အခေါင်ထိပ်ချိုး၊ တို့ထိပ်မိုး။ ။ ပုဆိုးဖြူလှပ်၊ စက်နားတပ်နှင့်၊ ရွှေကျပ်ပြောင်ပြောင်၊ မြင်းမိုရ်တောင်သည်၊ ဆန်းခေါင် တိုင်ဘိ၊ ပုရောဟိတ်လျှင်၊ အကျိလောက်လား၊ လက်ဆောင်စား၍၊ တရားဖြောင့်သော်၊ ကျွန်တော်တို့သာ၊ နိုင်ကောင်းပါလျက်၊ မသာအရေး၊ အရှုံးပေးခဲ့၊ ဘုန်းမွေးပျံ့ရှား၊ ဘုရားကယ်မ၊ ရှုပါမှသာ၊ ဘုရားကျွန်တော်၊ ရေသော်အများ၊ ဆင်းရဲသားတို့၊ ကြိုးစားသာပျော်၊ အမှုတော်ကို၊ နှစ်ကျော်ကျူးရှည်၊ ထမ်းနိုင်မည်ဟု၊ ရှိရည်ထိပ်ပေါ်၊ တင်လျှောက်သော်တည့်၊ လေးတော်သစ္စာ၊ ပွင့်မည်လျာကား၊ ကိုးရာမဲ့ငြား၊ ဆင်းရဲသားကို၊ သနားကြည်ဖြူ၊ ချစ်တော်မူ၍၊ လွယ်ကူသာပျော်၊ ရှေ့ရုံးတော်သို့၊ ခေါ်ခဲ့လိုက်စေ၊ မိန့်ရှိပေသည်။ ။ သံခြေပျံ့မွှေးကြည်၏တည်း


၇၅။ သို့နှင့်သာပျော်၊ အိမ်တော်ရဝေ၊ ကြွရောက်လေသော်၊ ငံ့နေမနား၊ မူသည်များကို၊ လျင်လျားခေါ်မြောက်၊ အညီရောက်မှ၊ နှည်နှောက်စင်မော၊ စစ်ဆေးကြော၍၊ သဘောဖြောင့်မတ်၊ မျဉ်းခတ်သော့သွင်၊ ရွှေချိန်ခွင်သို့၊ စီရင်ကောက်ဘူ၊ ဖြတ်တော်မူသော်၊ ပြည်သူကလူက၊ အူအူစ၍၊ ရုက္ခဘုမ္မာ၊ အာကာငါးထပ်၊ ထက်ရပ်ထုတ်ချောက်၊ ဗြဟ္မာရောက်မှု၊ ချီမြှောက်ကျံကျံ၊ အသံသောင်းသောင်း၊ ထိန့်ထိန့်ခြောင်း၏၊ မြတ်လောင်းဧကရာဇ်၊ ထိုအဖြစ်ကို၊ စိစစ်မနှေး၊ လန့်ကြားမေးသော်၊ မိုက်မြှေးရှက်ခြည်၊ ပုဏ္ဏားသည်လျှင်၊ ဖြီးစည်အများ၊ တန်ဆိုးစား၍၊ တရားမှောက်လှန်၊ ပြောင်းပြန်လိမ်ကွေ့၊ စီရင်၍လျှင်၊ အိမ်ရှေ့ဘုရား၊ မူသည်များကို၊ သနားကြည်ဖြူ၊ ခေါ်တော်မူ၍၊ ချိန်တူဖြောင့်မှန်၊ စီရင်ဟန်ကို၊ အလွန်ကြည်ညွတ်၊ လူနှင့်နတ်တို့ လေးမြတ်ကောင်ခြီး၊ သီးသီးပတ်လည်၊ ဆိုကြသည်ဟု၊ မတ်ရည်ရှိများ၊ လျှောက်သည်ကြားသော်၊ မင်းဖျားရာဇာ၊ လူ့ထွတ်ချာကား၊ ဝမ်းသာစုံမက်၊ လွန်နှစ်သက်၍၊ ရွှေလက်ဆန့်ပြီး၊ လက်ဖျစ်တီးလျက်၊ ကောင်းခြီးရွှေခွန်း၊ ကြိုင်ပျံ့မွှန်းသည်။ ။ ဥဒါန်း ဤသို့မည်၏တည်း


၇၆။ ယခုအခါ၊ သောင်းဒီပါထက်၊ ငါ့နှင့်တူမျှ၊ စကြာ့သနင်း၊ မင်းတို့နှိုက်ဝယ်၊ ဂုဏ်ကြွယ်စည်ဖြီး၊ သားကြီးမြတ်စွာ၊ ရတနာကို၊ ရေးရာမြော်မြင်၊ သားကြံဘော်နှင့်၊ ငြားတော်လှခြင်း၊ သို့သည်မင်းလျှင်၊ မယွင်းပုံပြင်၊ ဘယ်မှာထင်လိမ့်၊ မင်းတွင်မင်းထွတ်၊ ငါ့သားမြတ်ဟု၊ နှုတ်လွတ်သံကြော်၊ ကြိမ်းပြီးသော်တည့်၊ ဘုန်းတော်တက်သစ်၊ ဘုရင်နှစ်သည်၊ တလှစ်တိုင်းခြေ၊ နေသည်များလှ၊ လူ့ကကိစ္စကြောင့်၊ အဘကြံစည်၊ ပူရပြည်ကို၊ မြိုက်ရည်ထိပ်မှာ၊ သွန်းဘိလှာသို့၊ ချမ်းသာငြိမ်းဆေး၊ ဘကိုပေး၏၊ မြှော်တွေးစေရှာ၊ သည်ကိုစာသော်၊ မကြာလျင်ပြင်း၊ ထီးဖြူနှင်း၍၊ မင်းမင်းထိပ်ဆင့်၊ တင်ပေသင့်ဟု, မမြင့်ယင်းနေ့၊ မှစ၍လျှင်၊ နောက်ရှေ့ရုံးပြင်၊ စီရင်ကြတွေ၊ စိတ်မပြေ၍၊ ရွှေနားတော်ကြား၊ သည်တရားကို၊ သည်းကြားမောင်မှာ၊ စီရင်ပါဟု၊ ထွေသာပျံ့ဆို၊ မိန့်လိုက်ဆို၍၊ နဂိုရ်စိုးချာ၊ မင်တို့သာလျှင်၊ ဝတ်ရာစဉ်ရိုး၊ ရာမြင့်မိုး၏၊ ပုဆိုးလျှပ်သွင်၊ ဒုရင်လျှပ်ဝါ၊ ကျောက်စုံပါကို၊ မေတ္တာချမ်းမြ၊ ဆက်စေရ၏၊ မွှေးပျလှိုင်ကျော်၊ သည်မိန့်တော်ကို၊ ထင်ပေါ်ကြားက၊ ပုဏ္ဏားအိန်မှာ၊ ပဏ္ဏာထွေပြား၊ ရောက်မည်ထား၍၊ လာ, သွားသူမျှ၊ မချဉ်းကြသည်။ ။ ဝေးလှလွှတ်ရှောင်ဖည်၏တည်း


၇၇။ ထိုခါသရော်၊ ပုဏ္ဏားချော်ကား၊ မလျော်ကျင့်ညစ်၊ မိမိပြစ်ကို၊ မစစ်တွက်ပြီ၊ လှိုင်ညီဘုန်းပန်း၊ လူးလာလန်းသည်၊ ရွှေနန်းထွတ်ချာ၊ စိုးမည်လျာကို၊ ပြင်းစွာမုန်းထား၊ ငြိုးထားလျက်၊ နှိပ်စက်မည်ခွင့်၊ ကြံနေလင့်၏၊ သို့နှင့်တန်စွာ၊ များမကြာပင်၊ ကျယ်စွာတိုင်းကား၊ ကြီးအင်အားနှင့်၊ ဆင်များစွာဘိ၊ တိုင်းမဲ့ရှိ၍၊ စတ္ထိပူရ၊ ခေါ်ကြမည်တွင်၊ တပါးပြည်ကို၊ စိုးသည်ကွပ်မှူး၊ မင်းတဦးလျှင်၊ မည်ထူးဇေယျ၊ ပြည်ပူရ၏၊ မြို့ပြစွန်နား၊ ကင်းလမ်းများကို၊ ထိပါးရန်ရှာ၊ ခိုက်တိုက်လာသော်၊ ဆိုင်ရာမြို့စား၊ စစ်ကဲများက၊ ကြောင်းလျားဖြစ်လျောက်၊ စေလှာလျှောက်၍၊ ရွှေမှောက်ဘုန်းတူ၊ ကြားတော်မူသော်၊ ဝှန်ဆူမျက်ငေါက်၊ မာန်တော်ပေါက်၍၊ ဘုန်းလောက်လွေ့လုံ၊ နန်းပွင့်ငုံကို၊ ရွှေဘုံနန်းခွင်၊ ခေါ်စေဝင်မှ၊ ဘုရင်ဓိပတိ၊ မိန့်တော်ရှိ၏၊ ဘကြီးရင်နှစ်၊ ရွှေဘုန်းသစ်သည်၊ ဥပရာဇ်မဟာ၊ နန်းပွင့်လျာ။ ။ ဝေးစွာလှဘိ၊ ခြားနားရှိလျက်၊ ဟတ္တိပူရ၊ မင်းမျာ့းရည်သည်၊ ရွှေပြည်တိုင်းကျော်၊ နိုင်ငံတော်ကို၊ ပြိုင်တော်ဘက်ရှာ၊ ဖျက်ဆီးလာ၍၊ မိစ္ဆာရန်မြှေး၊ သည်အရေးကို၊ မနှေးလျင်လှ၊ မောင်ချီမှမင်၊ နှစ်, လမဖြင်၊ ကုံတွင်လွယ်မည်၊ သို့ဖြစ်သည်ကြောင့်၊ နန်းရည်ရာထား၊ ဘသည်းကြားကို။ ။ ချီသွားစိမ့်မည်ရည်၏တည်း


၇၈။ မောင်သွားချေ၍၊ ကျင့်လေ့ညစ်ပေ၊ ထိုလူမွှေကို၊ မျိုးဆွေမယား၊ သမီးသားနှင့်၊ ခန့်ထားကြဉ်းဆောင်၊ လုံအောင်ယူခဲ့၊ ဖင့်နွှဲမချိ၊ ထိုမြို့ကိုလည်း၊ သိပ်သည်းမြော်မြင်၊ အစီရင်နှင့်၊ တိုင်ပင်စစ်ကဲ၊ မှန်းမြဲတော်တည့်၊ နှိုင်းရှည့်ရွေးသန့်၊ သင့်အောင်ခန့်၍၊ ရှောင်လန့်ပြေးသွား၊ မြို့နေများကို၊ သားဖြားဖျော်ဖြေ၊ ခေါ်သွင်းစေဟု၊ ပရမေဘုန်းဝှန့်၊ မိန့်တော်ခန့်သော်၊ ဝေးကွန့်ရေမြေ၊ တောခြေဘေးထူ၊ ချမ်း, ပူ မဆို၊ ထိုထိုကျူးကျော်၊ အမှုတော်ကို၊ သွေချော်မဖည်၊ ထမ်းပါမည်ဟု၊ ရှိရည်လက်မြှောက်၊ လျှောက်ကားလျှောက်၏၊ မိုမောက်မေတ္တာ၊ မင်းသူဇာနှင့်၊ မြေတာဝေးရှည်၊ ကွာရမည်ကြောင့်၊ ဝေ့လည်ဝမ်းက၊ လှိုင်ပွက်ထလျက်၊ ခဏကြာလျျင်၊ ထွက်ခဲ့ကျင်၍၊ ပူပင်ညှိုးခေါက်၊ အိမ်တော်ရောက်သော်၊ လျှံတောက်ပြိုးပြက်၊ ကျောက်စုံခက်သည်၊ ခြူးစက်ညောင်မှာ၊ နှစ်ထွာထုကြွား၊ ယင်နားမခံ့၊ မွေ့ရာညံ့ထက်၊ ချစ်ပံ့ရစ်ခွေ၊ နွှဲယှဉ်နေမှ၊ သရေထွန်းပ၊ မင်းရှင်လှငယ်၊ ဝေးလှစစ်မြေ၊ ချီမိန့်လေရည်၊ ရှိချေသည်ဟု၊ သာကြည်ချိုချို၊ မိန့်မြွက်ဆိုသော်၊ ငယ်ပျိုဆင်းဝါ၊ မင်းသူဇာမှာ၊ ထွေသာပျံ့ချို၊ အော်ဆိုသည်နှင့်၊ ပျံ့ခွင့်အူသည်း၊ တပြိုင်တည်းသည်။ ။ ရုတ်ခြည်းမှိုင်းဝေလည်း၏တည်း


၇၉။ ပြည့်ဝန်းရောင်ဖြာ၊ စန္ဒရာကို၊ တိမ်လွှာညစ်ကျိ၊ လွှမ်းတည့်ဘိသို့၊ သိရိဝင်းဝါ၊ လမျက်နှာကို၊ ဗျာပါတိမ်ပုပ်၊ လွှမ်းအုပ်တည့်၍၊ ဖြေချုပ်မလည်း၊ ရွှမ်းမျက်ရည်ကို၊ မဆည်နိုင်ခဲ့၊ ငိုသံနွဲ့နှင့်၊ လုပ်လဲ့မှုနည်၊ လျှောက်သည်ဆိုကား၊ ကျွန်းစည်သောင်းတွင်း၊ အမင်းမင်း၏၊ ရင်တွင်းသည်းကြား၊ မင်းသားမင်လျာ၊ များတကာတို့၊ တတ်ရာသိပ္ပ၊ ဂုဏ်ရှိမျှနှင့်၊ အလှယဉ်နု၊ မြတ်ရာမှုကို၊ ပေါင်းစုဆည်းဆူ၊ အညွန့်ယူသည်၊ ဘုန်းလူသည့်ရှင်၊ မင့်ထိပ်တင်။ ။ မြေပြင်ပတ်ကုံး၊ စိုးယူကျုံးသည်၊ ထွတ်ဆုံးထိပ်ပေါ်၊ ခမည်းတော်ပင်၊ ကျူးကျော်စစ်မြေ၊ ချီသွားလေဟု၊ သံခြေပျံ့ဖြည်း၊ မိန်းကတည်းကို၊ ကျော်သည်းကြေညာ၊ မယ့်ထိပ်ချာသည်၊ ကြွပါလေနှင့်၊ နွှဲဖင့်စိတ်လျော့၊ နေပါတော့လော၊ ပျောင်းပျော့ပူသည်း၊ ကျွန်မချည်းသာ၊ ဗျာပါမူလည်၊ ရှိတော့မည်ကို၊ ကြံစည်ဝမ်းငယ်၊ မသိနှယ်ပင်၊ အလွယ်ရွှေရည်၊ သွားတော့မည်ဟု၊ သာကြည်ဝမ်းမြောက်၊ လျှောက်ခဲ့ပြီလာား၊ ထွေပြားတွက်ဆ၊ ကြံစည်ကမူ၊ ကျွန်မစိတ်တွင်၊ ခုကပင်လျှင်၊ ပူအင်ကြီးဘိ၊ မီးနှယ်ညိ၍၊ မချိနှိုင်းလျှင်း၊ ကိုယ်တွင်းပြောင်ပြောင်၊ လောင်ခဲ့ပြီကို၊ မှီခိုကိုးကွယ်၊ ဘယ့်နှယ်ကျွန်မ၊ ပြုရပါမည်၊ ခဲလှကြံရာ၊ မတတ်သာသည်။ ။ နောင်ခါဆယ်ဆခက်ပြီတည်း


၈၀။ ကာမဘုံမည်၊ ခုနှစ်ပြည်တွင်၊ ဖြီးစည်များလှ၊ မြတ်မိန်းမတို့၊ နုလှရွှန်းမြေ့၊ ယဉ်သရွေ့ကို၊ လွေ့လွေ့ပြောဟုံ၊ ထက်ကပုံလျက်၊ လောက်လုံအထု၊ ယဉ်မျိုးစုသည်၊ ရွှေဥရွှေစင်၊ မင်းလှရှင်။ ။ ကြီးအင်အထူး၊ ကျေးဇူးလွန်လှ၊ မွေးမိဘကို၊ တွေးဆသင့်ရွယ်၊ ခိုင်းပယ်သာကြည်၊ စေပါသည်ကို၊ ရှေ့ရည်လိုရာ၊ သွားမည်သာဟု၊ ရှောင်ခွာမလွဲ၊ မဆိုဘဲနှင့်၊ ဖင့်နွှဲဘယ်မှာ၊ နေသာပါ့မည်၊ ခုသည်အရာ၊ အမှုမှာလည်း၊ ပြည်ရွာပျက်စီး၊ ရေးကြီးခွင့်ကျယ်၊ မကွယ်-မဝှက်၊ ပြက်ပြက်ပြဲ့ပြဲ့၊ ပင်ဖြစ်ခဲ့၏၊ နောက်ငဲ့မလျင်၊ မောင်သွားလျှင်လည်း၊ မင်းရှင်လှမှာ၊ တော်ကွက်လှိုက်လှဲ၊ ဝမ်းကွဲဝမ်းနည်း၊ တယောက်တည်းသာ၊ သွယ်ဖြာမျက်ရည်၊ ရှိရစ်မည်ကို၊ ကြံစည်စိတ်က၊ သိလှပါ၏၊ နေကျဖြောင့်ဖြောင့်၊ သိသောကြောင့်လျှင်၊ စိုးနှောင့်ဗျာပါ၊ မောင့်စိတ်မှာမူ၊ စစ်တာမြောခြား၊ မှာကိုထား၍၊ ခစားညွတ်ကြို့၊ တွင်းတော်သို့မျှ၊ နေဘို့ကိုပင်၊ မဝင်ချင်ပါ၊ မလွှဲသာ၍၊ ရံခါခေါ်တော်၊ ဝင်ရသော်လည်း၊ ကျူးကျော်ရက်ကြား၊ မြေတာဝေးလှ၊ ကွေကွင်းရသို့၊ မင်းလှမျက်နှာ၊ တော်ကိုသာလျှင်၊ ရှေ့မှာမြဲတည်၊ ထင်တော့သည်ကြောင့်၊ ရွှဗပြည်ထိပ်ပေါ်၊ ဘုန်းတော်ကြီးလှ၊ ဘုရားရွှေခွန်း၊ မေးမြန်းသာရွှင်၊ မရွှင်သာဖြား၊ မိန့်စကားကို၊ မကြားတခါ၊ ကြားတခါပါင၊ အောက်မေ့ရည်ထင်၊ မောင့်စိတ်တွင်လေ၊ မင်းရှင်မျက်နှာ၊ လသော်တာကို၊ ဆိတ်စာမလှည့်၊ စိတ်စောကြည့်လျက်၊ သည့်သက်ခန္ဓာ၊ နှစ်တရာကို၊ သင်္ချာအပေါင်း၊ ထောင်သောင်းခန့်တွက်၊ ဆက်၍မြဲပင်၊ တည်နေချင်၏၊ ရွှေရင်ရွှေသား၊ ခွာကြခြား၍၊ ဘဝါးချီဆန့်၊ တတောင်ခန့်မျှ၊ မကွန့်သွားချင်၊ သည်ကိုပင်သည်။ ။ စိတ်တွင်တောင့်တမှန်ပါလှ


၈၁။ စက်လက္ခဏာ၊ အင်္ဂါမြတ်ပုံ၊ ခြေတော်စုံကို၊ မွှေးထုံလှိုင်ပျ၊ မဉ္ဇူသကို၊ ကျွန်မထိပ်စွန်၊ နေ့တိုင်းပန်သည်၊ ဘုန်းသနသည့်ရှင်၊ မယ့်သခင်သည်၊ စစ်ခွင်မြေခြား၊ မှာကိုထား၍၊ ဘဝါးချီဆန့်၊ တတောင်ခန့်မျှ၊ ခွာကွန့်ပျံ့ပျူး၊ သွားချင်ဘူးဟု၊ ညံ့နူးချစ်ရည်၊ တူမျှသည်ကြောင့်၊ မွှေးကြည်ပန်းတူ၊ မိန့်တော်မူလျှင်၊ ဘုန်းလူသည့်ရှင်၊ မယ့်ထိပ်တင်မှာ၊ တိုင်ပင်နှိုင်းရှည့်၊ မသိ၏သို့၊ သွားမည့်အရာ၊ စစ်တန်ဆာကို၊ များစွာစိတ်ဖြာ၊ ကြံ၍သာလျှင်၊ နေပါတော့ရှင်၊ အလျင်မကြာ၊ ကျွန်မသာလျှင်၊ သိင်္ဂါဘုံကျော်၊ ရွှေနန်းတော်သို့၊ ကြံမြှော်ရည်ထင်၊ ထဘက်ဝင်၍၊ ဦးတင်ခညွတ်၊ စစ်သွားလွတ်အောင်၊ အထွတ်ကျော်မိုး၊ ဘုန်းတော်ကြီးကို၊ ထံတော်နီးပါး၊ ချဉ်းရိုတွား၍၊ သနားတော်မြတ်၊ ညွတ်ညွတ်ပျော့ပျော့၊ ခံပါတော့မည်၊ မပေါ့မေတ္တာ၊ သေချာမြသို့၊ ကျွန်မကိုလည်း၊ နဂိုရ်ဦးကိုင်၊ စိုးပိုင်ဘုရား၊ သနားနေကျ၊ ချစ်နိုင်မျှကို၊ ခဏလွယ်ကာ၊ လွှတ်ပါသော်ကား၊ သနာစရာ၊ အကြောင်းမှာကား၊ လွင့်လာမျောပါး၊ ရောက်သောအားဖြင့်၊ ဆွေဝါးမဲ့ဆုံး၊ 'ဥ' တလုံးသာ၊ ပျော်ပိုက်ပါသည်၊ မိကွာ-ဘကွင်း၊ ဝပ်စင်းတိမ်းလည်း၊ ကျွန်မချည်းကို၊ ပေါင်းစည်းချစ်ခင်၊ ဘရှင်ဘုရား၊ တို့သနားမှ၊ ရှည်လျားမြဲတည်၊ လူဖြစ်မည်ကို၊ ကြံစည်ထောက်ချင့်၊ သိသဖြင့်လျှင်၊ ကဲမြင့်ထပ်လောင်း၊ ချစ်ကောင်းပါ၏၊ ချစ်ကြောင်းချစ်ရာ၊ ရှိပါတော့လျောက်၊ ကျွန်မလျှောက်က၊ ဝေးထောက်စစ်မြေ၊ သွားစေနှင့်တော့၊ နေလော့သာရွှင်၊ မိန့်ပါလျှင်လည်း၊ သခင်ခြေဘော်၊ မွှေးကျော်ပွင့်ကြာ၊ ပဒုမာကို၊ ထပ်မှာပုံလှိုင်း၊ နေ့တိုင်းကြိုင်ပျ၊ ပန်ပါရစော့၊ ခပ်လျော့မေတ္တာ၊ သည်အရာမှာ၊ လွယ်သာဘူးဟု၊ ငဲ့ရှုမထင်၊ မိန့်ခဲ့လျှင်လည်း၊ ပူပင်လိုမျှ၊ ကံသာပရှင်၊ကျွန်မမှန်စွာ၊ သည်တခါတွင၊ အာဏာစက်မီး၊ ဘုန်းတော်ကြီးကို၊ ထံနီးတော်ရောက်၊ ချဉ်းကပ်လျှောက်မည်၊ မကြောက်ပြီဘူး၊ ရှိဦးတင်ကာ၊ စုတ်ပင်သာလျှင်၊ တိုးပါတော့မည်၊ မဆုတ်လည်သည်။ ။ သွေဖည်မခွရဲနိုင်မျှ


၈၂။ အချစ်မေတ္တာ၊ လောင်းစရာကို၊ ဘွေရှာလုံ့လ၊ သစ်သစ်ရသို့၊ ရူပဆင်းရည်၊ လျှံလည်ကြက်သရေ၊ တိုးလေလေပင်၊ ထွေထွေထူးလည်၊ တိုးတော့သည်ဟု၊ နေ့ရည်ရက်ဖြင်၊ မောင့်စိတ်ထင်သည်၊ မင်းရှင်နုနယ်၊ ရွှေဥငယ်။ ။ မှတ်ရွယ်ဆက်ဆက်၊ သည်အချက်ကို၊ ဟမြွက်ချိုသာ၊ မိန့်သည်မှာမူ၊ မေတ္တာပုံပြီး၊ ချစ်အားကြီး၍၊ လျှံညီးနုအူ၊ မိန့်တော်မူ၏၊ တွေးယူထောက်မြှော်၊ အကြောင်းသော်ကား၊ မြေပေါ်မျက်နှာ၊ သောင်းဒီပါထက်၊ မင်းလျာမင်းလောင်း၊ ကျော်သောင်းဝှန်ဆူ၊ မင်းသားဟူက၊ ရန်သူဝန်းလည်၊ စစ်ဆိုသည်ကို၊ ရှောင်ဖည်လက်ချ၊ မလွှဲရဘူး၊ ပြည်မထိပ်ခေါင်၊ စိုးမည့်နောင်ကို၊ ရည်စောင်မှတ်လျက်၊ စစ်မက်ချီသွား၊ မခန့်ညားလည်း၊ ထွတ်ဖျားခေါင်နှိမ်၊ မင်းစည်းစိမ်ကို၊ ရိပ်ငြိမ်သာမြိုင်၊ နောင်စံပိုင်အောင်၊ စွဲကိုင်အောက်မေ့၊ လျှောက်ထား၍ပင်၊ ချမ်းမြေ့မနေ၊ ထမ်းရွက်ချေ၏၊ လူ့မြေထင်ရှား၊ သို့ချက်များကြောင့်၊ ရွှေသားယဉ်နု၊ ယဉ်မျိုးစုသည်၊ ရွှေဥဆင်းစံ၊ သနားခံ၍၊ ဝေးလံမှုတော်၊ ထမ်းလွတ်သော်လည်း၊ ထင်ပေါ်နှံ့ပြား၊ မင်းသား-မင်းညီ၊ ပည်းသီအများ၊ ဆင်းရဲသားက၊ စ၍ကုန်အောင်၊ စစ်ရှောင်စိတ်နှောင့်၊ မစောင့်လားလား၊ မင်းဖြစ်သားဟု၊ ထွေပြားရှုတ်ချ၊ ကဲ့ရဲ့ကြ၍၊ ထွန်းပညွန့်ဝေ၊ ဘုန်းသရေပင်၊ လျော့ပြေသိမ်နွဲ့၊ ယုတ်ခဲ့ရာ၏၊ ကျိုးမဲ့ထင်ပေါ်၊ နောက်နောင်သော်လည်း၊ မလျော်သမှု၊ ဥဒါန်းပြု၍၊ မှာစုမှတ်သား၊ ထားချေတော့မည်၊ သည်ကိုစေ့ရှာ၊ ထောက်ထားပါ၍၊ ဖြေဖျော်သာယာ၊ ဖြည့်ဖြူးပါတော့၊ မြေတာကျူးကျော်၊ မောင်သွားေသော်လည်း၊ ြလှော်ရှက်ဖြာ၊ စစ်ရေးရာကြောင့်၊ မကြာမဘူး၊ ဝေးကျူးမနီး၊ ခရီးတွင်သာ၊ ကြာပါရမည်၊ သွားလာသည်နှင့်၊ ဓွန့်ရှည်ဝေးတာ၊ ခရီးမှာလည်း၊ ရှည်စွာကြာလှ၊ ငါးလမျှသာ၊ စိတ်ကပြတ်ပြတ်၊ အဆုံးမှတ်၍၊ လှမြတ်ရတနာ၊ သည်းခံပါတော့၊ ဗျာပါဆူဝေ၊ စစ်ရပ်မြေဝယ်၊ သည်းခြေနောက်နောက်၊ လွမ်းသည့်ထက်ကို၊ ဆက်တက်မြင့်မို၊ လွမ်းလေဆိုသို့၊ သံချိုပျံ့ကြွယ်၊ သနားဘွယ်လျှင်၊ နွမ်းနယ်မူနည်၊ မျက်ရည်သွယ်ပြိုက်၊ တရှိုက်ရှိုက်သာ၊ ငိုပါနှင့်တော့၊ ပျောင်းပျော့မတည်၊ ကျွန်ုပ်သည်လျှင်၊ လူ့ပြည်တစစ်၊ လူဟုဖြစ်၍၊ ဆယ့်ရှစ်နှစ်စင်၊ ရေတွက်ဝင်ပြီ၊ ဘယ်တွင်ရှိမ်းယို၊ မငိုဘူးပါ၊ ဟုတ်ရာကျနိုင်၊ တရားကိုင်လျက်၊ စိတ်လက်ကြည်ကြည်၊ ပြုပါသည်ကို၊ ဖြေဆည်မသာ၊ သည်တခါတွင်၊ သွာဖြာရှိမ်းနူး၊ ငိုရဘူးဟု၊ လွန်ကျူးခဲခက်၊ ခုကလျက်ပင်၊ လှိုက်ပွက်ဝမ်းက၊ သို့ရှိရသော်၊ မင်းလှရတနာ၊ မယ်နှင့်ကွာ၍၊ စစ်တာကွန်းတောက်၊ ချရောက်သော့ခါ၊ မင်းပါဝမ်းဝယ်၊ လွမ်းမျိုးကြွယ်၍၊ ဘယ့်နှယ်ထူးလည်၊ ဖြစ်ရမည်မျှ၊ ဆောက်တည်ပြီးတိုင်၊ မသိနိုင်ခဲ့၊ ဂလိုင်လှိုင်ပွက်၊ သို့အချက်ကြောင့်၊ ကြံခက်ခဲလွန်၊ ကျွန်ုပ်ကျွန်ကို၊ ပြန်ကြည့်ထောက်ညှာ၊ သနားပါ၍၊ ပူဆာဖျော်ဖြေ၊ ပြေပျောက်ထွေဖြင့်၊ သရေမျက်နှာ၊ ပွင့်လန်းကြာသို့၊ မြင်ပါရစေ၊ လှိုင်ဝေပူဆုံး၊ မောင့်နှလုံးကို၊ သိမ်းကျုံးယူဆောင်၊ ချမ်းသာအောင်သည်။ ။ ရည်စောင်မင်းလှ ကြံပါမှ


၈၃။ သံသရာဘဝ၊ ဆက်ဆက်ကပင်၊ ကျွန်မသခင်၊ အရှင်ဧကန်၊ ဖြစ်ဘူးမှန်၍၊ ကျူးလွန်ကျွန်မ၊ အဆဆပင်၊ ညွတ်ခလေလေ၊ ချစ်ရိုသေသည်၊ ထိပ်ဗွေထားတင်၊ ကိုယ်တော်ရှင်။ ။ သို့စင်ဝေးရှည်၊ ပစ်သွားမည်ကို၊ ကျူးသည်မိုမြင့်၊ ဆိုပါနှင့်တော့၊ ဘုန်းပွင့်ဝေဆာ၊ မယ့်ထိပ်ချာသည်၊ သိင်္ဂါရောင်ညီး၊ နန်းတော်ကြီးသို့၊ ပုံဖြီးရံရွှေ၊ ကြွဝင်လေသည်၊ တည့်နေယိမ်းစ၊ မွန်းလွဲကကို၊ နေကြရေတွက်၊ သုံးချက်ခေါ်ဆို၊ ပဟိုရ်ကျော်ရုံ၊ ဘုန်းလှုံသည့်ရှင်၊ ထိပ်တင်မင်းပျို၊ ကြာသည်ကိုမျှ၊ မောက်မိုတင်းကျမ်း၊ ကျွန်မဝမ်းမှာ၊ အလွမ်းပြည့်လှ၊ လျှံဘိတ်ကျ၍၊ ဆောင်မကျယ်ဝင်း၊ တင်းထိမ်တွင်းမှာ၊ ဘော်ကင်းရှိမ်းယို၊ ငိုရကိုပင်၊ ထိပ်တင်မသိ၊ ၍ရှိသည်ရှင်၊ သို့စင်ရေးရာ၊ ယခုမှာမူ၊ ရှည်တာကာလ၊ ငါးလမျှစင်၊ ချီကြွသွားလာ၊ ကြာမည်ဆိုတိုင်း၊ ထုံ့ပိုင်းဧကန်၊ မှန်ချေခဲ့က၊ ကျွန်တော်မသည်၊ သေရမည်လျှင်၊ အပြီးထင်ခဲ့၊ ထိပ်တင်ပွင့်လျာ၊ သနားပါလျှင်၊ ခန္ဓာမပျက်၊ ကျွန်မသက်ကို၊ စိတ်ထက်ယဉ်နု၊ လှူသည်ပြု၍၊ များထုဆည်းဆူ၊ လူလည်းကျိုးမဲ့၊ ကဲ့ရဲ့ဘဲနှင့်၊ ချီးမြင့်ကြည်ချစ်၊ စစ်လည်းချီဘဲ၊ အမြဲတကွ၊ ကျွန်မနှင့်ပေ၊ နေရအောင်ကို၊ ဘုန်းမိုမောက်ရွှန်း၊ မယ့်ထိပ်ပန်းနှယ်၊ ကျယ်ဝန်းလိမ္မာ၊ မြတ်ပညာနှင့်၊ ကြံပါတော့ရှင်၊ သို့မှပင်လျှင်၊ ထိပ်တင်မင်းလှ၊ ကျွန်တော်မကို၊ ဆယ်ဆထူးလည်၊ ချစ်ကြူးသည်ဟု၊ ပျံ့ကြည်သာဖြား၊ မိန့်စကားကို၊ မှတ်သားတာရှည်၊ ယုံတော့မည်သည်။ ။ ဆောက်တည်နေကျတကယ်ပ


၈၄။ ဆက်ဆက်ဆယ်ခါ၊ မညှာမတန့်၊ သက်ကိုစွန့်၍၊ ပွားပြန့်မေတ္တာ၊ ချစ်စရာဟု၊ စေတနာပြတ်ပြတ်၊ ကျွန်ုပ်မှတ်သည်၊ လှမြတ်မဉ္ဇူ၊ မင်းနုအူ။ ။ ရှင်လူကျိုးမဲ့၊ မကဲ့ရဲ့စေ၊ စစ်မြေတပါး၊ မသွားရဘဲ၊ ယှဉ်နွှဲမြဲနှောင်၊ ပျော်ရအောင်ကို၊ ရည်ဆောင်လုံ့လ၊ ကြံပါမှဟု၊ ချစ်လှမေတ္တာ၊ စေတနာနှင့်၊ ထွေသာပျံ့ကြည်၊ သနားဘွယ်သာ၊ မိန့်ရာမှာကား၊ စစ်ဟာရပ်မြေ၊ ချီလေခန့်စ၊ အလျင်ကပင်၊ နေကျမြဲမှတ်၊ စစ်ထမ်းလွတ်အောင်၊ ခွေညွတ်ဆန်းကြည်၊ ဥပါယ်တမျဉ်၊ ကြံစည်ယှဉ်သော်၊ နုယဉ်သာကြည်၊ လွတ်တော့မည်ဟု၊ ဆောက်တည်စိတ်ရှိ၊ အောက်မေ့မိ၍၊ သံတိသံလှိုင်း၊ အောက်မေ့တိုင်းကို၊ ထုံ့ပိုင်းရည်ထင်၊ အားထုတ်လျှင်လည်း၊ သာရွှင်ချမ်းသာ၊ ပြီးတိုင်ရာ၏၊ လိမ္မာကြံဆန်း၊ ခွေဝန်းသွေးချော်၊ တတ်အားသော်လည်း၊ ကျူးကျော်အထူး၊ ကျေးဇူးလွန်လှ၊ မိဘတို့ကို၊ မဆိုနှင့်ဦး၊ တထူးသူ့အား၊ လှည့်စားချွတ်လွဲ၊ စဉ်းလဲစဉ်းစား၊ မမှန်ကာဟူ၊ ပြုသသူကား၊ လူကစုတိ၊ သေသည်ရှိသော်၊ ဂတိယုတ်လား၊ ပါယ်လေးပါးသို့၊ သွားမည်ကြောင့်သာ၊ ထင်စွာဖြစ်၍၊ ဘုန်းဟေ့မြတ်ဖျား၊ ဘုရားလူ့ဆွေ၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၏၊ အလျာအလောင်း၊ သူတော်ကောင်းတို့၊ ကျင့်ဟောင်းမဟုတ်၊ ကျင့်ယုတ်စင်စစ်၊ ဖြစ်ခဲ့သည်ရှင်၊ လူ့ပြည်တွင်နှိုက်၊ များဖြင်ရှိမဲ့၊ လူကဲ့ရဲ့ကို၊ သွယ်နွဲ့ကွေ့လည်၊ ကြံစည်တတ်ကျော်၊ လွတ်ငြားသော်လည်း၊ ထဲပေါ်အစဉ်၊ နတ်တို့မြင်က၊ စိတ်တွင်စုံမက်၊ မနှစ်သက်၍၊ စဉ်ဆက်နေကြ၊ မ, မစဘဲ၊ ထွန်းပဘုန်းတန်း၊ မလန်းမဖြိုး၊ အကျိုးပင်သာ၊ နည်းပါးရာခဲ့၊ လိမ္မာထဲသံ၊ စံလွတ်ကြံမှ၊ မြဲမြံကြည်ဖြူ၊ ချစ်၏ဟူ၍၊ ယူမည်မိန့်ချက်၊ ငယ်စိတ်လက်ကို၊ မပျက်မြဲစွာ၊ မလွတ်ပါက၊ ကြံရာခဲလွန်၊ ကျွန်ုပ်ကျွန်မှာ၊ မတန်လွန်းစွာ၊ ဝန်လေးရာတွင်၊ ထပ်ကာတမြင့်၊ သားငယ်ဆင့်ကို၊ မိုးပြင့်ချစ်မွမ်း၊ အချစ်လွမ်းတွင်၊ လျှမ်းလျှမ်းဖြိုးမောက်၊ ကြောက်လွန်လှောက်၍၊ ညှိုးခြောက်ခန္ဓာ၊ မကြာမတင်၊ သေမည်ထင်ခဲ့၊ မင်းရှင်အူနု၊ သည်အယူကို၊ လွယ်ကူခဏ၊ လွှတ်ပါမှသာ၊ ချမ်းမြသက်သာ၊ မထောင်းတာလျက်၊ စစ်ရာမက်ရေး၊ နီးဝေးကြီးကျယ်၊ အသွယ်သွယ်ကို၊ လျင်လွယ်ပြီးတိုင်၊ စီရင်နိုင်၍၊ မပြိုင်ရန်ထောက်၊ ပြန်ရောက်သာပျော်၊ မျက်နှာတော်ကို၊ ရှုမြော်သာရွှင်၊ မြင်ပါရမည်၊ ဖြစ်ပါသည်ရှင်၊ သို့မှုတ်လျှင်သည်။ ။ ကြံအင်ကိစ္စခဲလုံ့လ


၈၅။ နိဗ္ဗာန်ပြည်ခိုင်၊ မတိုင်မချင်း၊ သံသာတွင်းဝယ်၊ မကင်းဘဝ၊ ဖြစ်ဖြစ်မျှပင်၊ ကျွန်မသခင်၊ အရှင်စတေ၊ ဖြစ်ပါစေဟု၊ မှတ်နေကြည်ဖြူ၊ တောင်းဆုယူလျက်၊ ပြိုင်တူမထင်၊ ကျွန်မကြင်သည်၊ ထိပ်တင်မိုးလယ်၊ တောင်းဆုယူလျက်၊ ထိပ်ပန်းနွယ်။ ။ သည့်နှယ်ထွေထွေ၊ ရှာဘွေပြီးတိုင်၊ မတတ်နိုင်အောင်၊ ကြုံမှိုင်လက်ချ၊ ဖြစ်ခဲ့ရသော်၊ ကျွန်မသေစာ၊ အခါနီးသည်၊ ဖြစ်တော့မည်ရှင်၊ ပေါ်ထင်တန်းခိုး၊ ကဲမိုးအလွန်၊ ဘယ်နတ်ဘန်၍၊ ဖြီဆန်ပြိုင်ဆိုင်၊ ဘုန်းစတိုင်များ၊ ဝံ့စားခိုက်တိုး၊ သည်စစ်ဆိုးသည်၊ အကျိုးမရောက်၊ ပေျာက်ပါလိမ့်မည်၊ ဘုန်းခြည်တောက်ဝါ၊ မယ့်ထိပ်ချာသည်၊ လွှဲခွာရှောင်ရှား၊ မတတ်အား၍၊ ရှည်လျားဝေးလှ၊ ချီလေရလျှင်၊ ကျွန်မမှာလေ၊ ရွှေမြေနေမြစ်၊ ဝေးသည်ဖြစ်ကြောင့်၊ ကြင်ချစ်မိဘ၊ အစ်မမောင်ရင်း၊ သားချင်းမျိုးနယ်၊ လျဉ်းသွယ်စပ်မိ၊ မရှိတုံးတုံး၊ ယုတ်ဆုံးတိုင်အောင်၊ တကောင်ကြွက်ကယ်၊ ဆိုသည့်နှယ်လျှင်၊ အငယ်ပုလု၊ သားတခုနျင့်၊ ရွှင်မှုမလန်း၊ ရှက်ကန်းရှက်ကိ၊ မော်မိမော်မန်း၊ မကျန်းမတည်၊ ရှိတော့မည်ကို၊ ဘုန်းကြည်ရောင်ရွှန်း၊ ပြောင်ပြောင်ထွန်းသည်၊ ထိပ်ပန်းစေ့စေ့၊ ကြံအောက်မေ့၍၊ ရက်နေ့များလှ၊ ငါးလမျှစင်၊ ကျွန်မထိပ်ဗွေ၊ ကြာပါစေနှင့်၊ မနေဘယ်မှ၊ လျင်လှသည်ထက်၊ လျှပ်ပြက်နှယ်ပ၊ လျင်လှအောင်သာ၊ ပြန်ခဲ့ပါရှင်၊ အခါညဉ့်နေ့၊ အိပ်၍မပျော်၊ စားတော်မဝင်၊ နေလျှင်မကောင်း၊ သမ်းပျောင်းညွတ်ခွဗ၊ ငို၍စေသာ၊ လွမ်းတာရှည်မြင့်၊ ပါစေနှင့်လို၊ သို့စင်ဘုန်းရွှန်း၊ မယ့်ထိပ်ပန်းသည်၊ စခန်းတဲသာ၊ ချတိုင်းမှာလည်း၊ သာဘာရွှင်ပျော်၊ ကိုယ်တော်မပျောင်း၊ ကျန်းမာကြောင်းကို၊ ယုံကောင်းသည့်သူ၊ ခန့်တော်မူ၍၊ ပန်းတူလှိုင်ကျော်၊ အမိန့်တော်နှင့်၊ ရည်ရော်စိုက်စိုက်၊ စေလိုက်ပါရှင်၊ သာရွှင်ပျော်မွေ့၊ တနေ့မျှသာ၊ ပြတ်ပါစေနှင့်၊ စေ့ရှာကျွန်မ၊ လျှောက်သမျှကို၊ ယဉ်လှသည်ရှင်၊ မယ့်ထိပ်တင်ဝယ်၊ နော်ရှင်ထိပ်ချာ၊ မေ့ပါစေနှင့်၊ ဘုန်းပွင့်ဝေဝေ၊ ထွတ်ထိပ်နေကို၊ ချမ်းရေကြည်မော၊ သီတောဒက၊ ကန်နားကပင်၊ စ၍ကျွန်မ၊ ပြတ်မျှအသက်၊ ချစ်လေချက်ကို၊ ဟမြွက်ခြင်းရာ၊ ပုံပမာမျှ၊ ဆိုသာပြီဘူး၊ ကျော်၍ကျူး၏၊ ညံ့နူးသာဖြား၊ သည်စကားသည်၊ ဆွေဝါးမနီး၊ ဝေးရပ်ကြီးက၊ ကိုယ်ထီးသည်မှာ၊ လွင့်ရောကလှာသည်၊ ကိုးရာမဲ့၍၊ ချောမြေ့ပျူဟာ၊ လျှောက်သည်သာလျှင်၊ ဟုတ်ပါဘူးရှင်၊ သည့်တိုင်းပင်သာ၊ မှန်လှပါသည်။ ။ ဆံလွှာခြမ်းမျှ မယွင်းခွ


၈၆။ ဗောဓိဉာဏ်ခိုင်၊ ရောက်တိုင်မငြို၊ အဆုံးကိုမျှ၊ မဆိုတည့်ရက်၊ ဖြစ်ဆက်ဆက်ဝယ်၊ ပြိုးပြက်လည်မာ၊ မျက်နီလာသို့၊ လည်မှာစတေ၊ ဆွဲရစေဟု၊ သံခြေဓိဋ္ဌာန်၊ ကျွန်ုပ်ပန်လျက်၊ မြဲမှန်အချစ်၊ ဆင့်ဆင့်ရစ်သည်၊ နုမျစ်နွဲ့သွယ်၊ မင်းလှငယ်။ ။ ပျံ့ကြွယ်ထွေသာ၊ ငါးလကြာ၍၊ လွမ်းတာမမြင့်၊ ပါစေနှင့်ဟု၊ ထပ်ဆင့်လောင်းကာ၊ မိန့်ရာမှာရှင့်၊ ဖြူဝါနုရွ၊ မင်းရှင်လှသာ၊ ရူပမတည်၊ လွမ်းမည်မှတ်ပါ၊ မောင့်စိတ်မှာလည်း၊ ကလျာငါးအင်၊ မြေ့ရွှမ်းရွှင်သည်၊ မင်းရှင်ဖြူညက်၊ လွမ်းသည်ထက်ပင်၊ ဆတက်ထောင်ရာ၊ စစ်မြေတာဝယ်၊ အူချာပြတ်ကြွေ၊ သေလှုမြောမျှ၊ မချိလှအောင်၊ လွမ်းရမည်လျှင်၊ ဧကန်ပင်ကို၊ ကြာတင်မြင့်ဖြဲ၊ ဖင့်နွှဲစရာ၊ ဘယ်အာဏာဖြင့်၊ လွမ်းတာရှည်အောင်၊ ရည်ဆောင်ထဲသံ၊ ကြံရက်ပါ့မည်၊ ဝံ့ဆည်မရှောင်၊ လျင်လှအောင်ကို၊ အန်တောင်ကြီးထု၊ လုံ့လပြု၍၊ လွမ်းမှုမကြာ၊ ပြန်ပါမည်ပ၊ ကြာစွဆုံးမှာ၊ ငါးလသာဟု၊ ရေးရာညှာတာ၊ လျှောက်ရာမှာလည်း၊ ပြိုင်လှာရှုပ်ထွေး၊ စစ်မက်ရေးကို၊ မြှော်တွေးထွေလည်၊ စိုးရိမ်သည်ကြောင့်၊ ကြံစည်ခန့်ထောက်၊ မလျှောက်ဘူးရှင်၊ စစ်လေးအင်နှင့်၊ များဖြင်လုံးရင်း၊ ခြေခင်းလက်ရာ၊ မသာရောင်ကွန့်၊ ခရီးဓွန့်ကို၊ မခန့်နိုင်ပါ၊ ၍သာလျှောက်သည်၊ ဆောက်တည်နေကျ၊ ငါးလမျှစင်၊ မြင့်ကြာတင်မည်၊ မထင်ပါဘူး၊ စူးစူးသွားရောက်၊ တထောက်ကွန်းသာ၊ ချတိုင်းမှာပင်၊ စေ့ပါနေ့ရေ၊ မပြတ်စေနှင့်၊ သံခြေပျံ့စွာ၊ မိန့်ရာမှာလည်း၊ ဗျာပါမိုးမွှန်၊ ကျွန်ုပ်ကျွန်သည်၊ ဝေးလွန်ရပ်ခွင်၊ စစ်မြေပြင်ဝယ်၊ မင်းရှင်ထွေငေါ်၊ ရွှေခွန်းတော်ကို၊ ဘွေဖော်စေ့ငု၊ ခုခုခဏ၊ ကြားရမှပင်၊ ဆူမျှလှိုက်ဝမ်း၊ အလွမ်းဗျာပါ၊ မထောင်းတာ၍၊ သက်သာရမည်၊ ဖြစ်တော့သည်ကို၊ ကြံစည်တခြား၊ တပါးစေ့ငုံ၊ ဘယ်အမှုဖြင့်၊ ဂရုပြုလျက်၊ မွေရက်ပါမည်၊ ရောင်ခြည်စိမ်းဝါ၊ မြပေစာနှင့်၊ ရေးရာလက်မှတ်၊ ယုံကျွန်မတ်တည့်၊ မပြတ်နေ့ဆက်၊ မပျက်မှန်ချီ၊ တယောက်စီလျှင်၊ မြင်းနှင့်ပင်သာ၊ အလျင်ထုတ်ချောက်၊ ခန့်တိုင်းရောက်အောင်၊ စေလျှောက်ပါမည်၊ ဆောက်တည်မယွင်း၊ သည်အခင်းမှာ၊ နေမင်းသော်တာ၊ သူရိယာသည်၊ ပူဝါစဲပျောက်၊ ချမ်းသာရောက်လျက်၊ အနောက်ခေါင်ထွတ်၊ လောကဓာတ်က၊ ပြောင်ပတ်ထွန်းပ၊ ပေါ်လေမှပင်၊ တီးတွငင်ချိတ်၊ မောင့်စိတ်ပေါ့လျော့၊ မွေတော့မည်ပ၊ မည်သည်မှပင်၊ မင်းလှသင်္ကာ၊ မရှိပါနှင့်၊ ဖျားနာတည်တည်၊ ဗျာဓိမည်သာ၊ ပတ်လည်ဝန်းရစ်၊ သေမင်းစစ်ကို၊ ပယ်ပစ်ပျောက်ခွာ၊ နိုင်အောင်သာလျှင်၊ မေတ္တာသည်းနု၊ ပြုပါတော့ရှင်၊ ခုကပင်လျှင်၊ ရွှေစင်ရတနာ၊ ဆင်းဂီဝါမှာ၊ မျက်နှာလျလျ၊ လျော့နွမ်းလှ၍၊ လှိုက်မျှပူပင်၊ မမြင်ဝံ့ပါ၊ ကြံကာဝှန်ဆူ၊ အပူအဆာ၊ လျောက်ပါတော့ရှင်၊ စိတ်တော်ရွှင်မှ၊ မပင်မပန်း၊ ကိုယ်တော်ကျန်းမည်၊ ဖြစ်ချေသည်ရှင်၊ ကိုယ်တော်လျှင်လည်း၊ ပန်းသွင်ရွရွ၊ နူးညံ့လှခဲ့၊ ပျောင်းပျမသာ၊ ဖျားနာထူးထွေ၊ ရချေတော့မည်၊ သို့ဖြစ်သည်ကြောင့်၊ ဖြေဆည်သာပျော်၊ စိတ်ကိုဖျော်၍၊ စားတော်မြိန်ပင်၊ စက်လျှင်ပျော်ရေး၊ မျတ်တွေးရည်ရော်၊ ကိုယ်တော်ကိုသာ၊ ဖြည့်တင်းပါတော့၊ မြေတာဝေးထောက်၊ ချီလေရောက်မှ၊ စံမြောက်လှကျော်၊ ဆင်းရွှေလှော်သည်၊ ကိုယ်တော်မလန်း၊ မခံ့ကျန်းဟု၊ ထွေဆန်းမောင့်နား၊ ကြားဘိရက၊ ခဏလျင်ဆော၊ ငါးချက်ဇောကို၊ လတ်လောခြင်းပင်၊ သေမည်ထင်ခဲ့၊ ငါးအင်ယဉ်နု၊ မောင့်သက်စုသည်၊ ရွှေဥရတနာ၊ သည်ကိုညှာ၍၊ ဆင်းဝါရွှေလှော်၊ ရွှေစိတ်တော်ကို၊ သာပျော်ဖြားယောင်း၊ ဖြေပါကောင်းသည်။ ။ အကြောင်းဟုတ်စွ ယူတွေးဆ


၈၇။ သည့်နှယ်နှစ်ဦး၊ စုံပူးပိုက်နွှဲ၊ တလဲလဲပင်၊ သန်လွဲသန်ကျော်၊ မိုးသောက်သော်လည်း၊ ကိုယ်တော်မခြား၊ သည်စကားသာ၊ တပါးမလာ၊ မျက်နှာသမ်းညို၊ ငိုယိုငိုယို၊ ဆိုကြအော်လဲ၊ နွဲကြကာကာ၊ ဖြစ်ခြင်းရာကို၊ များစွာမြင်သူ၊ သည်းအူပြတ်မျှ၊ ကြေကွဲက၏၊ မွေးဘရာဇာ၊ ပြည်ကြီးချာလည်း၊ များစွာပုံယင်၊ စစ်လေးအင်ကို၊ စီရင်သီးသီး၊ ခန့်ရပြီးသော်၊ စစ်ကြီးမချီ၊ ခင်မီကာလ၊ တနေ့ကပင်၊ တပ်မလက်ရင်း၊ ဆင် မြင်း ရထား၊ များပြားရဲမက်၊ လက်နက်ကိရိယာ၊ ဆန်ဆာထက်ကြပ်၊ မြင်းတပ်ရှေ့ဆုံး၊ တွက်ကျုံးစင်စစ်၊ ဆဲနှစ်ခေါဘိဏီ၊ စုံညီအင်ကွပ်၊ အကြပ်စာရေး၊ ရည်ရွေးနာခံ၊ မြဲမြံစွမ်းရဲ၊ စစ်ကဲတပ်မှူး၊ ဆက်ကူးရှက်စပ်၊ အတပ်တပ်သိ၊ အထပ်ထိန့်ဆူ၊ ပလူစိုရွ၊ ကျိုင်းကျသောဟန်၊ သုဝဏ်ဒွါရ၊ တံခါးပြင်က၊ စ၍စဉ်စီ၊ ပည်းသီအံ့လောက်၊ ထိုထိုရောက်၏၊ ရှေ့နောက်ထားနေ၊ တပ်ခင်းစေသည်။ ။ ဝေးမြေဓွန့် ရှည်လျား၏တည်း


၈၈။ သဗ္ဗညုဉာဏ်၊ ပွင့်ဆုပန်သည်၊ ဘုန်းဝှန်တေဖြာ၊ ဥပရာကား၊ မည်သာရပြီး၊ မြင်းကြီးမြင်းကောင်း၊ တကြောင်းတလူး၊ သင်းမှူးသင်းကြီး၊ စာရေးကြီးက၊ စုသီးဖြာဆွယ်၊ စာရေးငယ်ကို၊ သင့်ရွယ်စောင့်တန်၊ နေထားရန်မှ၊ တွင်းဝန်နောက်ဝန်၊ ကျေပွန်ရည်ကျူး၊ ဝန်ဝင်းမှူးသို့၊ ကြိုင်မြူးမိန့်တော်၊ ထုတ်ပြီးသော်တည့်၊ ရွှေလှော်ဝင်းပြောင်၊ နောက်ဆက်ဆောင်သို့၊ ဘုန်းရောင်လျှံလူ၊ ဝင်တော်မူ၍၊ ဇမ္ဗူနန်ဆောင်၊ မြောက်ယောင်အကြီး၊ ခြားသီးရာထူး၊ အိမ်ဆောင်မှူက၊ စ၍ပတ်ချုပ်၊ ကိုယ်လုပ်ပျိုတော်၊ ဆိုင်လျှော်မှုထမ်း၊ အကြမ်းအလတ်၊ အမြတ်ခြားကြ၊ ရှိသမျှကို၊ မင်းလှစိတ်တော်၊ နှင့်သာလျော်အောင်၊ အာဘော်လိုက်သင့်၊ ရိုသေကျင့်ကြ၊ မသင့်ငါ့နား၊ ကြားရလျှင်မူ၊ ဆွေခင်မျိုးချစ်၊ အကုန်စစ်၍၊ ပြစ်ပြစ်လုံခြုံ၊ မီးပုံရှေ့ရည်၊ ဝင်ရမည်ဟု၊ မျက်ခြည်ဖော်ပြေး၊ အာဏာပေးမှ၊ မဝေးသုံးဘောင်၊ ဆောင်မတော်သို့၊ နှိုင်းလျော်နတ်သွင်၊ ကူးလေဝင်၍၊ မျက်ရှင်ရတနာ၊ ထိန်ထိန်ဖြာသည်၊ သီဟာသန၊ မည်ရတွင်ခေါ်၊ သလွန်တော်ထက်၊ နှစ်ဘော်မကွေ၊ ငှက်ရွှေလွန်းကြင်၊ လည်ချင်းတင်သို့၊ မရွှင်မပျ၊ ယနေ့ပလျှင်၊ ချုပ်ညညဉ့်လွန်၊ နက်ဖြန်ကစ၊ ရှုတမတည်၊ လွမ်းရမည်ကို၊ ဖြေဆည်မဲ့ငြား၊ ဘက်၍ထားသား၊ နှစ်ခြားမရှည်၊ နေတော့မည်ဟု၊ ရွှေချည်နှစ်လွန်း၊ တင်မယွန်းသည်။ ။ ထွေဆန်းဖျော်ကြ ဖြား၏တည်း


၈၉။ လွမ်းတင်းသံချို၊ ဆိုကြအပြီး၊ ယိုစီမျက်ရည်၊ မဆည်နိုင်ကြ၊ သွယ်စီးကျ၍၊ နှစ်ပါးရင်ခြား၊ ကပ်သည်ကြားမှာ၊ လေပါးမြစ်မ၊ ပေါင်းကြဆုံသည်၊ ဝဲနှယ်လည်၏၊ ဖြီးစည်ဆင့်လောင်း၊ နံ့ပေါင်းသင်္ချာ၊ ရေးရာမထင်၊ မျိုချင်မတတ်၊ သတ်ပြတ်လှုနီး၊ သုံးချက်တီးက၊ စ၍စုံပူး၊ ချစ်မျိုးကြူးမျှ၊ ညဦးသန်းခေါင်၊ သောက်လင်းဆောင်သည်၊ မျက်တောင်မရှက်၊ ပိုက်ဘက်လျက်လျှင်၊ ညဉ့်လုံးပင်ကို၊ ခုတွင်နေကြ၊ တခဏသို့၊ စိတ်ကပြတ်ပြတ်၊ ထင်ကြမှတ်၍၊ မလွှတ်ကြရက်၊ စုံမက်ဆွတ်ကြင်၊ နေကိုပင်တည့်၊ တားချင်မတတ်၊ ရစ်ပတ်မကွာ၊ နွှဲတိုင်းသာလျှင်၊ ရှိန်ဝါရောင်လွင့်၊ နေမိုးမြင့်၏၊ ချိန်ခါသင့်တော်၊ ထွက်နီးလျော်၏၊ အကျော်ဗေဒင်၊ မြော်မြင်တတ်သိ၊ ပညာဟိတို့၊ ဦးရှိလက်ထား၊ ဆင့်လျှောက်ငြားမှ၊ ထွတ်ထားနန်းလျာ၊ အနိုင်ခွာ၍၊ သိင်္ဂါရောင်ဘိတ်၊ ပရိတ်နာဆက်၊ ဆောင်သို့ထွက်၍၊ ကိုးမျက်ချယ်မြှောင်၊ တထောင်ပြက်လှပ်၊ ရောင်ဖြာလျှပ်သို့၊ ရင်သပ်အံ့ရာ၊ စစ်တန်ဆာတိ၊ အာကာသဓာတ်၊ ထွတ်ဆုံးနတ်သို့၊ သင့်မြတ်ကျူးကျော်၊ ထင်ပြီးသော်တည့်၊ သားတော်သည်းချာ၊ ရတနာကို၊ အသာလှမ်းယူ၊ ချီတော်မူ၍၊ မွှေးကြူပန်းနှယ်၊ ပါးနုနယ်ကို၊ ညာဘယ်ဘက်ယမ်း၊ ထပ်ကာနမ်းသည်။ ။ ချစ်ဝမ်းဆူးချောက်ချား၏တည်း


၉၀။ သို့မှမကြာ၊ မင်းသူဇာကို၊ သွားပါတော့မည်၊ မင်းရွှေရည်ဟု၊ မိန့်သည်ရှိက၊ မင်းလှရှင်ကား၊ ဝမ်းတွင်လှိုက်ပူ၊ ပင်လယ်ဆူသို့၊ သည်းအူပြတ်မျှ၊ မချိလှ၍၊ မဟနိုင်ရှာ၊ ခြေတော်ကြာကို၊ ဦးသာချလျက်၊ ရှိုက်မက်ယိမ်းယဲ့၊ မိန်းမောခဲ့၏၊ ယဉ်နွဲ့ထိပ်တင်၊ အိမ်ရှေ့ရှင်လည်း၊ ဆောလျင်ရွှေလက်၊ မ, တည့်ဖက်၍၊ လှိုက်ပွက်ဆူဝေ၊ မိန်းမောလေ၏၊ ခြွေရွေဖျဖျ၊ လာကုန်ကြ၏၊ ဗြဟ္မဝါဒိယ၊ စသည့်အကျော်၊ သာမားတော်တို့၊ သာစုံပျော်မက်၊ ဆေးဝါးဆက်မှ၊ သတိရသော်၊ မင်းလှမဉ္ဇူ၊ ရွဖြူအူကား၊ နေတူရောင်သွယ်၊ ကွက်ကျယ်ကျူးကဲ၊ ဖြစ်ခက်ခဲသည်၊ ဝတ်လဲတော်လွန်၊ နှာမောင်းစွန်ကို၊ ပူပန်တုန်လှုပ်၊ မျက်နှာအုပ်၍၊ မချုပ်တည်းပါ၊ ပြင်းစွာရှိုက်မဲ့၊ ငိုပြန်ခဲ့သော်၊ ဘက်ရှဲ့လွတ်ကွာ၊ နန်းပွင့်လျာမှာ၊ ဗျာပါကြီးလှ၊ ဟိန်း ဟဲ ချ၍၊ လက်ကျမှိုင်ကာ၊ ကြာတောင်းကြာမှ၊ နှိုင်းရာမရှည့်၊ ယဉ်သည့်နဖူး၊ ပြင်အံ့ကြူးကို၊ ဖြည့်ဖြူးယုယ၊ နမ်းပြီးမှလျှင်၊ မင်းလှရှင်ငယ်၊ ပန်းနှယ်ညှိုးကျော်၊ နှလုံးတော်ကို၊ ဖြေဖျော်ချုပ်ထိမ်း၊ သိမ်းပါတော့ရှင်၊ ကြာတင်မြင့်ကျူး၊ နှစ်ကူးလေသည်၊ ရှိမည်မှတ်ပါ၊ သွားနှင့်လာသာ၊ ကြာပါလိမ့်မည်၊ မင်းရွှေရည်ဟု၊ နှုတ်ကြည်ပန်းသွင်၊ မိန့်ဖြေတင်သည်။ ။ ကြည်လင်ခညွတ်တွား၏တည်း


၉၁။ ယင်းသို့ဆိုလျှင်၊ ဟာ ရှင် ထိပ်ချာ၊ ညီလှပါသည်၊ မေတ္တာတူရှည်၊ မမျှသည်ကြောင့်၊ ပေါ်ဖြည်သာဖြား၊ စစ်ကိုလားသား၊ သွားစပိုင်အောင်၊ လုပ်ဆောင်ပြုသ၊ မိန့်သမျှကို၊ ယုယသံချို၊ ဆိုပါနှင့်တော့၊ ပျောင်းပျော့နွမ်းလျ၊ ကျွန်မတို့လျောက်၊ သားတယောက်နှင့်၊ ညှိုးခြောက်ဆူဝေ၊ သေသေရှင်ရှင်၊ ဖြစ်ချင်လိုရာ၊ ရှိပါစေရှင်၊ တကကယ်ပင်ဟု၊ မပြင်မပြု၊ သဘောမှုဖြင့်၊ ငယ်နုဆင်းရောင်၊ မျက်မှောင်ကုပ်ကုပ်၊ ဦးလှုပ်လက်ခါ၊ ချစ်မျက်ပါနှင့်၊ မျက်နှာလွှဲသွေ၊ ငဲ့စောင်းနေသော်၊ ဘုန်းဝေညွန့်ဖြာ၊ နန်းပွင့်လျာကား၊ ထပ်ကာပူသည်၊ ဖိမ့်ဖိမ့်ကြည်းမျှ၊ အူသည်းမချိ၊ ပြတ်လှုရှိလျက်၊ ဖြူအိဝင်းပ၊ မင်းရှင်လှငယ်၊ ချေပတုံ့ခေါက်၊ မလျှောက်နိုင်ပြီ၊ မှိုင်းရီပူပန်၊ ကျွန်ုပ်ကျွန်ကို၊ ပြန်၍တခါ၊ သနားပါတော့၊ ကြံရာခဲလွန်၊ သည့်တိုင်းမှန်လျှင်၊ သုဝဏ်ဒွါရ၊ သေရတော့မည်၊ ထင်ခဲ့သည်ဟု၊ ဖြေဆည်ယုယ၊ တ မ မ လျှင်၊ နှိမ့်ချဖန်များ၊ ယို့ယို့တွားမျှ၊ ထွတ်ထားမြှောက်တင်၊ ရှိပင်ခိုးမြူး၊ ပျံ့ပျူးဖျော်ပြောင်း၊ စိတ်ပြေကြောင်းကို၊ ဖြားယောင်းသည်နှင့်၊ နေမြင့်ချိန်လျော်၊ ခါကျူးကျော်သည်။ ။ စိတ်တော်ပန်ရိရှား၏တည်း


၉၂။ သို့မှကျူးလွန်၊ လေးလှဝန်ကို၊ မသန်အားနွဲ့၊ ထမ်းသကဲ့သို့၊ တူရှဲ့နှိုင်းဆို၊ ကိုယ်ကိုချီမ၊ အနိုင်ကြွ၍၊ မလှမျက်နှာ၊ ထခဲ့လာသော်၊ သူဇာခေါ်တွင်၊ မင်းရှင်ကစ၊ မောင်းမကိုယ်လုပ်၊ ရံအုပ်ပျိုတော်၊ ရေသော်ပည်းဖြင်၊ နတ်သွင်မယွင်း၊ ဆင်းရရင်းတို့၊ ပြတင်းကြီးပြင်၊ မာရဘင်ကျူး၊ လျောင်းတော်ဦးတိုင်၊ ရိုင်ရိုင်သဲမျှ။ လိုက်ပို့ကြ၏၊ ဒီပသောင်းပြင်၊ စိုးမည့်ရှင်လည်း၊ ပန်းသွင်ညှိုးငယ်၊ သနားဘွယ်လျှင်၊ နွမ်းနယ်လှစွာ၊ မယ့်မျက်နှာကို၊ ပြန်ကာလည်လှည့်၊ တကြည့်ကြည့်နှင့်၊ ဖျော်ဖြည့်သံချို၊ ထွေထွေဆိုသော်၊ ရွယ်ပျိုနုထွား၊ မင်းနှစ်ပါးကို၊ များသည်ခယ၊ မြင်သမျှတို့၊ ခေါ်ကြစိုက်စက်၊ စုံမက်ဆပွား၊ လွန်သနား၍၊ ရှုစားသာကြည်၊ မျက်ရည်မကျ၊ မရှိကြဘူး၊ လျောင်းဦးလက်ယာ၊ ဆင်ယှဉ်မှာနှိုက်၊ လက္ခဏာမြတ်စု၊ သတ္တရုဘင်္ဂ၊ မင်္ဂလဟု၊ မာဂဓဘာသာ၊ မည်သာခေါ်တွင်၊ စီးတော်ဆင်ကို၊ စုံအင်တန်ဆာ၊ ရတနာပြိုးပြက်၊ ကိုယ်လုံးခက်၍၊ ကိုးမျက်လျှံပတ်၊ စီချယ်လတ်သည်၊ စိတ္တတ္ထရဏ၊ မည်ရခေါ်ညီ၊ သဉ္ဇာလီကို၊ သိင်္ဂီဝင်းဝှန်၊ ဗုဇွန်ဆီကြိုး၊ လျှံပြိုးရောင်ထင်၊ ကြပ်တိုင်တင်လျက်၊ ညင်သည်ယဉ်ယဉ်၊ ယှဉ်နှင့်ရာသို့၊ ပွင့်လျာဘုန်းတူ၊ တက်တော်မူသည်။ ။ ဆာပူညွတ်တိမ်းပါး၏တည်း


၉၃။ သတ္တရုဘင်္ဂ၊ မင်္ဂလကို၊ မြန်မာ့အလို၊ ဆိုသော်ထူးမြတ်၊ ရန်ဖြတ်မင်္ဂလာ၊ ဆင်တော်ခွာ၍၊ ရှုသာစဉ်စီ၊ ဆောင်တော်နီက၊ ကျောက်စီပြိုးပြက်၊ ကွမ်းခွက်ရှေ့တည်၊ ဓွန့်ရှည်ရောင်ဖြိုး၊ လက်ဘက်အိုးနှင့်၊ တင့်နိုးယဉ်ဆုံး၊ လက်သုံးတော်ဓား၊ ရွက်ပြားရောင်တိတ်၊ ရွှေအိတ်ရောင်လတ်၊ ကျိုင်းချက်သိင်္ဂါ၊ ခြောက်စင်းကာလျက်၊ အရာယုတ်လွန်၊ ဝန်တွင်းဝန်က၊ စသည်သီးသီး၊ မှူးကြီးမတ်ပေါင်း၊ သိန်းသောင်းရံပြီး၊ စည်တော်တီလျက်၊ ကြွလေထွက်သော်၊ ဖြူညက်နုဝါ၊ မင်းသူဇာကား၊ သည်းချာစုရုံး၊ နှလုံးကြွင်းမဲ့၊ ထွက်လေကဲ့သို့၊ ချဲ့ချဲ့ပူဆာ၊ မချိရှာပြီး၊ ရှိကြာရွှေလက်၊ ဆယ်ချောင်းရှက်လျက်၊ မကွက်မျက်ခြည်၊ မျှော်လိုက်သည်နှင့်၊ မျက်ရည်စီးသွယ်၊ ဝင်းတော်ကွယ်က၊ ကြာ့နှယ်ယိမ်းနွဲ့၊ မိန်းမောခဲ့သော်၊ ကိုယ်လုပ်တော်တို့၊ ခေါ်ဝေါ်ယုယ၊ ချီပိုက်မ၍၊ ယူထဆောင်လျက်၊ ဆောင်မထက်ဝယ်၊ ကိုးမျက်စီပေါ်၊ သလွန်တော်ထက်၊ ဖြေဖျော်သာဖြား၊ တင်ကြာထား၍၊ ဆေးဝါးယှဉ်ကာ၊ မနည်းကြာမှ၊ သာက်သာသသ၊သတိရ၏၊ ဒီပလုံးယူ၊ စိုးမည့်သူလည်း၊ သည်းအူကြွင်းမဲ့၊ ရှိရစ်ကဲ့သို့၊ တငဲ့ငဲ့ပင်၊ ကြွလေကျင်၍၊ မျက်ရှင်ရောင်သွန်း၊ ရွှေနန်းတော်ရှေ့၊ ချမ်းမြေ့သာယာ၊ ဆင်ယှဉ်မှာနှိုက်၊ ရံကာစီစဉ်၊ ဆင်တော်ယှဉ်၍၊ နုယဉ်နတ်ထက်၊ ဆင်ကသက်သည်။ ။ငဲ့ကွက်ကြည့်မြှော်မှား၏တည်း


၉၄။ မြှော်ကြည့်ယောင်လျက်၊ ဆင်ကသက်၍၊ ပြိုင်ဘက်လွတ်ရှား၊ ရွှေတံခါးဖြင့်၊ ကြွသွားနတ်တူ၊ တင်တော်မူ၍၊ ဖြီးထူစောင့်ကြပ်၊ သုံးထပ်တံခါး၊ လွန်ခဲ့ငြားမှ၊ ကိုးပါးမျက်ခတ်၊ ပြသာဒ်ဘုံကျော်၊ ဗြဲတိုက်တော်သို့၊ သာပျော်တက်ပြီး၊ လျှံညီးရတနာ၊ စီမြွာကိုးပါး၊ ဆောင်တော်များကို၊ ထူးပြားရောင်ဝင်း၊ လက်တင်ဝင်းဝယ်၊ ခင်းသည်သင့်လျော်၊ နေရာတော်ထက်၊ စဉ်လျက်ထားမှ၊ မနာပ−က၊ စသည်တရွေ၊ ကွမ်းရေကိုင်မတ်၊ လျောက်ပတ်မူထား၊ လူမျိုးများကို၊ တောင်ပါးသာကျူး၊ ရှေ့ဆောင်ဦးဝယ်၊ပျံ့ပျူးဖျော်ဖြေ၊ နေကြစေမှ၊ ရဝေသာကျယ်၊ ဓဝယ်ဆောင်က၊ ဝင်လေကြွ၍၊ နန်းမစိုးစံ၊ မယ်တော့်ထံသို့၊ ကျိုးနွံရိုသေ၊ တိုင်ရောက်လေသော်၊ စေ့ရေခြင်းရာ၊ လျှောက်သည်မှာကား၊ အချာစိုးရ၊ ဘုန်းရောင်ပသည်၊ နန်းမဘုရား၊ ထွတ်ထိပ်ထား။ ။ ထင်ရှားကျော်သောင်း၊ မှုတော်ကောင်း၍၊ တိမ်းစောင်းမခွ၊ ဘုရာ့းကျွန်တော်၊ ကျူးကျော်ဝေးမြေ၊ သွားရလေလျှင်၊ အိမ်နေဘုရာ့း၊ ကျွန်တော်မမှာ၊ မိဘမောင်ဘား၊ ဆွေဝါးမဲ့ပါ၊ ကိုးကွယ်ရာသည်၊ အချာစိုးရ၊ အရှင်ပဟု၊ မည်မျှမည်မည်၊ မရှိသည်ကြောင့်၊ ဖျော်ဖြည်စေပါ၊ ကြင်နာလေးမြတ်၊ မပြတ်ခေါ်ဝေါ်၊ ထံတော်ချဉ်းကပ်၊ နီးစပ်နေထိုင်၊ လက်ကိုင်ပေးကမ်း၊ ဖုံလွမ်း မ စ၊ ပို့သစလေ့၊ ပြကတော့တွင်၊ ထူး၍ထပ်လှောက်၊ ချီးမြှောက်မြှင့်ပါ၊ မျက်နှာညှိုးငယ်၊ နွမ်းနယ်နိမ့်ကျ၊ မရှိရအောင်၊ မ−−ပါဘုရား၊ နှစ်ပါးထွတ်တင်၊ အရှင်တို့သာ၊ ကိုးရာဖြစ်လျက်၊ ငဲ့ကွက်ပေါ့ဆ၊ ရှိချေကမူ၊ ပြင်ပမည်သူ၊ ကြည်ဖြူစိတ်ထား၊ မခစားပြီ၊ ရှောင်ရှားသွေဖည်၊ နေတော့မည်သည်။ ။ မြဲတည်နေကျအမှန်တည်း


၉၅။ အယုတ် − အလတ်၊ အမြတ်မှန်ထား၊ စေပါးများကို၊ စော်ကားကြော့ကြမ်း၊ အဟမ်း မမ၊ လွှားပ ထောင်ထား၊ စကား မာမာ၊ မှန်ရာမသိ၊ ပြုံးရိပ်ရှိလည်း၊ ဝိဝိပျော့ညံ့၊ နောင်မဝံ့အောင်၊ အခေါင်ထိပ်နင်း၊ တင်းတင်းကြပ်ကြပ်၊ ပြားပြားဝပ်မျှ၊ ကွပ်ညှပ်မျက်ပါ၊ လိမ္မာနည်းလှ၊ ကျွန်တော်မမှာ၊ ပြည်ပသူကို၊ မဆိုနှင့်ဦး၊ အထူးရံခါ၊ ဆိတ်စာဒေါသ၊ ရိပ်မြွက်ဟ၍၊ ဘုရားကျွန်တော်၊ ဆိုမိသော်မျှ၊ ထွေငေါ်ဖော်ထုတ်၊ နှုတ်လည်းလော်လဲ၊ မတုံ့ဘဲနှင့်၊ ယိုရွှဲမျက်ရည်၊ ငိုတော့မည်ကို၊ ရှေ့တည်၍သာ၊ မျက်နှာပျက်လွယ်၊ ညှိုးငယ်ဆွတ်လွတ်၊ ဝမ်းနည်းတတ်ခဲ့၊ အထွတ်ထားတင်၊ အရှင်နှစ်ပါး၊ ထောက်သနား၍၊ ဖျော်ဖြားပျူဟာ၊ လိုလိုက်ပါမှ၊ မျက်နှာလန်း၍၊ သာချမ်းမြေ့လျက်၊ ပျော်မွေ့ပါမည်၊ ရွှေရည်ရတနာ၊ မြေးတော်မှာလည်း၊ ဆိတ်စာသလေး၊ ငယ်လှသေးခဲ့၊ နာဆေးဖျားတာ၊ အရာကိစ္စ၊ ရှိသမျှကို၊ နန်းမဘုရား၊ တို့ထိပ်ထားသည်၊ ဆေးဝါးကစ၊ မလစ်ရအောင်၊ ထောက်မကုသပ်၊ ကြပ်ကြပ်တည်းတည်း၊ သိမ်းဆည်းပိုက်ထုပ်၊ အုပ်တော်မူပါ၊ မေတ္တာတော်ညွန့်၊ သစ်သစ်သန့်လျက်၊ ပွားပြန့်ဆင့်လောင်း၊ ပါမည့်ကြောင်းကို၊ ဆယ်ချောင်းရှိကြာ။၊ တင်လျှောက်ပါသည်။ ။ ပန်ထွာညွတ်ခလျှောက်ပန်တည်း


၉၆။ ယင်းသို့လျှောက်သော်၊ မယ်တော်ဘုရား၊ မိန့်ပေငြား၍၊ ကြိုင်ရှားပျံ့ကြွယ်၊ နတ်ပန်းနှယ်လျှင်၊ ထိပ်ဝယ်ဆင်တင့်၊ ရှုမျက်ပွင့်သည်၊ မရှင့်သည်းချာ၊ နန်းပွင့်လျာ။ ။ ဘွေရှာတွေးဆ၊ ဘယ်ကိစ္စကြောင့်၊ ကြောင့်ကြလှည့်တာ၊ မဆိုရာကို၊ ဆိုရှာသနည်း၊ မောင့်ခမည်းနှင့်၊ ကျော်သည်းမြေပေါ်၊ မောင့်မယ်တော်မှာ၊ ရှုပျော်မေတ္တာ၊ ပုံစရာသည်၊ သည်းချာသက်လှယ်၊ မောင်နှင့်မယ်သာ၊ ဖြစ်ပါသည်ကို၊ ရွယ်ပျိုနုထွား၊ မိသည်းကြားမှာ၊ တခြားတူရှဲ့၊ ရှိပြန်ကြံသို့၊ ထောက်ငဲ့ထွေဆန်း၊ စိုးရိမ်လွန်းစွ၊ ထိပ်ပန်းမောင်ချည်း၊ တယောက်တည်းလျှင်၊ ဘော်နည်းနေကျ၊ ချစ်−မဝ၍၊ ဘယ်ကဘော်လှာ၊ ရပါမည်နည်း၊ ပေါင်းစည်းညီညာ၊ အောက်မေ့ရာတွင်၊ လှူဒါပုည၊ ကံဟောင်းမ၍၊ မယ်လှသည်းချာ၊ ဝေးရပ်ရွာက၊ ပေါ်လှာပေသည်၊ ရွှေရည်ရွှေခဲ၊ ပုလဲဖြူညက်၊ တို့အသက်ဟု၊ စုံမက်အင်ပြည့်၊ မှတ်ပါ၏ရှင့်၊ သို့သည်သမီး၊ မငြီးရှုပြော၊ စိတ်ဇော ပီတိ၊ မျက်စိ တန်ဆာ၊ အရသာကို၊ မစ္ဆာမှားယူ၊ ဘယ်သသူလျှင်၊ ကျင့်မူရုန့်ရိုင်း၊ မကိုင်းမညွတ်၊ ကိုယ်လွတ်ရှောင်ခွာ၊ ကွယ်ရာမျက်မှောက်၊ မောက်စောက် ဟုံးစုံး၊ နှလုံးဝမ်းမှာ၊ မသာယာအောင်၊ ရန်ရှာလွှားပ၊ ဝံ့ရမည်နည်း၊ ပေါင်းစည်းလုံခြုံ၊ ချစ်ပုံစုရာ၊ မိသည်းချာသည်။ ။ ဘွေရှာကြောင့်ကြ ထူးချွန်တည်း


၉၇။ ရတနာစု၊ မြေးမောင်ပုကို၊ ပျိုလုမတတ်၊ အသက်ပြတ်မျှ၊ အထွတ်လူတွင်၊ မောင့်ဘခင်နှင့်၊ မ−ရှင်ကစ၊ တကွရိပ်မြုံ၊ ရွှေဘုံနန်းလုံး၊ စုရုံးညီညာ၊ မေတ္တာကြီးအင်၊ ချစ်စဉ်ပင်ကို၊ ကြင်ကြင်နာနာ၊ အရာမည်မျှ၊ မလစ်ရအောင်၊ မ စ သိမ်းချုပ်၊ ပိုက်ထုတ်အုပ်ပါ၊ မှာရာမှာလည်း၊ ဘွေရှာကြောင့်ကြ၊ ဖြစ်လွန်းလှ၏၊ တွေးဆသင်္ကာ၊ သည့်နှယ်မှာကို၊ ဆ့လွှာမြူမျှ၊ မကြောင့်ကြနှင့်၊ တကွတူရှိ၊ မောင်ဟိသည်ထက်၊ ဖျော်ဖြည်သာဖြူး၊ သစ်သစ်ထူး၍၊ အကျူးလွန်စွာ၊ ချစ်မည်သာလျှင်၊ နန်းလျာရည်သွား၊ မိထိပ်ထားသည်၊ ရင်သားသည်းချာ၊ မောင်မှတ်ပါတော့၊ စစ်ရာမက်ရေး၊ ရှုပ်ထွေးလုံခြုံ၊ မှုမျိုးကုံသည်၊ ရွှေဘုံသိင်္ဂီ၊ စံနန်းမက၊ အမှအရှင်၊ မြှော်လျက်ပင်လျှင်၊ မဝင်စားသောက်၊ အိပ်နေဘောက်မျှ၊ ညှိုးခေါက်မူသည်၊ ရွှမ်းမျက်ရည်နှင့်၊ မတည်ရှိုက်လွမ်း၊ လှိုက်သည့်ဝမ်းကို၊ သာချမ်းရေ့နှယ်၊ ငြိမ်းသက်လွယ်အောင်၊ မှတ်ရွယ်နေကြ၊ လုံ့လပြုပါ၊ မိသည်းချာသည်၊ ရေးရာကုန်စင်၊ ပြီးအောင်မြင်၍၊ ပြန်လျင်သဖြင့်၊ ခါမြင့်ရှည်ကျော်၊ ဘုန်းတော်ကြီးအင်၊ ဘနတ်ရှင်ကို၊ တိုင်းခွင်ကြေညာ၊ လူချမ်းသာနှင့်၊ ညွန့်ဖြာသားချစ်၊ မြေး, မြစ်နောက်နောင်၊ ဆက်ထွန်းအောင်ကို၊ ဆောင်နိုင်ပါစေ၊ လျှံဝေတောက်ပြုန်း၊ မိသက်နှုန်းသည်။ ။ ရွှေဘုန်းတစညွန့်သန်တည်း


၉၈။ ယင်းသို့းသာပျော်၊ မယ်တော်ဘုန်းထူ၊ မိန့်တော်မူသော်၊ ဇမ္ဗူစွဲရည်၊ လျှောက်ပြန်မည်ကား၊ ဖြီးစည်ဂုဏ်အင်၊ ကျေးဇူးတင်သည်၊ ဆွတ်ကြည်မြတ်လေး၊ မိဘုန်းမွှေး၊ စစ်ရေးမက်ရာ၊ စစ်မှုမှာကို၊ ထွတ်ချာရွှေစိတ်၊ ဆံဆယ်စိတ်မျှ၊ လန့်ထိပ်ရွံ့ရှာ၊ မစိုးပါနှင့်၊ သီတာပတ်ဝန်း၊ ဇမ္ဗူကျွန်းတွင်၊ ကြငှန်းထီးဆောင်း၊ မင်းအပေါင်းတို့၊ ဦးခေါင်းစူဠာ၊ မြတ်အင်္ဂါကို၊ မကြာမယူ၊ နေ့ချင်းယူ၍၊ လွယ်ကူသာပျော်၊ ဆက်မိန့်သော်လည်း၊ ဘုန်းတော်ရိပ်သာ၊ ထိပ်ထပ်ကာလျက်၊ မကြာရက်ရက်၊ ကျွန်တော်ဆက်မည်၊ နှောင့်ရှက်စွန်းငြိ၊ စိုးတစိမျှ၊ မရှိစေဘူး၊ အံ့ရာကျူးစိမ့်၊ ကိုယ်ထူးရှိလှာ၊ ကိုးရာမရ၊ ကျွန်တော်မနှင့်၊ နေကြမျက်ဖျော်၊ ရှုတိုင်းပျော်သည်၊ ကျွန်တော်ရတနာ၊ ငယ်ကိုသာလျှင်၊ ထွတ်ချာဘုန်းမော်၊ မိန့်တော်မြတ်တိုင်း၊ ထုံးဝိုင်းမသွေ၊ မြဲနေသေချာ၊ သနားပါဟု၊ ထပ်ကာဆင့်လှောက်၊ ကျိုးနွံလျှောက်မှ၊ ရွှေမှောက်ဒိဗ္ဗ၊ ရာဇိန္ဒနှင့်၊ ဦးချကော်ရော်၊ ညွတ်ပူဇော်သည်၊ သာပျော်စိတ်ကြည်၊ သွားခွင့်ရည်သော်၊ ဘုန်းစည်တောက်ပ၊ မွေးဘရန်နင်း၊ မိန့်သံညင်းသည်။ ။ ကြိုင်သင်းမဉ္ဇူအဟန်တည်း


၉၉။ စကြဝတေး၊ ရှေးမင်းတို့ဝယ်၊ ဂုဏ်ကြွယ်ခိုင်ဖြီး၊ သားကြီးမြတ်စွာ၊ ရတနာသို့၊ သည်းချာစုရုံး၊ ဘနှလုံးကို၊ ယူကျုံးသော့ထွေ၊ ချမ်းသာစေလျက်၊ ညွန့်ဝေသီရိ၊ ဘုန်းစရှိသည့်၊ ဘကြီးရင်နှစ်၊ ဥပရာဇ်။ ၊ ကြင်ချစ်မပြား၊ မောင့်မြောက်သားနှင့်၊ သည်းကြားရတနာ၊ ပုဏ္ဏမာကို၊ အရာကိစ္စ၊ ရှိသမျှပင်၊ ကြောင့်ကြသမ်းညှိုး၊ မောင်မစိုးနှင့်၊ သူ့မိုးသူ့မြေ၊ သူ့တိုင်းခြေသို့၊ ရောက်လေသောခါ၊ ဖျားနာမထောင်၊ ချမ်းသာကြောင်းကို၊ နန်းလောင်းမောင်ပု၊ သတိပြုလော့၊ များထုအရာ၊ စစ်ရေးမှာကား၊ ကြေညာပေါက်ပြ၊ မောင်ချီကလျှင်၊ ထွန်းပမိုးသောက်၊ နေရောင်ကျောက်သော်၊ နှင်းပေါက်လွင့်လေ၊ ခြောက်သွေ့ပြေသို့၊ ဝိုက်ခွေထောက်ထောက်၊ ရန်မျိုးပျောက်၍၊ လွင့်ချောက်ပြစ်ပြစ်၊ စင်မည်ဖြစ်ကို၊ စင်စစ်နေကျ၊ ငါသိလှပြီ၊ သည်ကချီလျှင်၊ စစ်လမ်းတွင်မူ၊ ငြိုငြင်ရှားပါး၊ ဆင်းရဲသားတို့၊ ခမ်းနားဥစ္စာ၊ သုံးဆောင်ရာကို၊ ဘွေရှာနှိပ်စက်၊ ဟင်းရွက်တချပ်၊ စောင့်ကြပ်ကာဆီး၊ သစ်သီးတလုံး၊ ဆောင်သုံးစွဲရ၊ ဝါး တစမျှ၊ စိတ်က မကြည်၊ မပေးသည်ကို၊ ခေါင်းတည်ကြီးမ၊ တပ်မှူးစသည်၊ များလှတသွန်၊ မောင့်ကျွန်တော်မျိုး၊ လူဆိုးလူကောင်း၊ သိန်း, သောင်းဝမ်းလျား၊ ရဲမက်များသို့၊ လျှပ်စား−သောက်စား၊ ပိုင်ကားနိုင်ထက်၊ လုယက်သမျှ၊ မပြုရအောင်၊ မောင်မြစ်တားပါသည်၊ သည်အရာသည်။ ။ ကြီးစွာပြည်ရေးမှုဝန်တည်း


၁၀၀။ ယင်းသို့သံချို၊ မင်းဖျားဆိုသော်၊ ကြည်ညိုရိုညွတ်၊ မိန့်တော်မြတ်ကို၊ ထွတ်ထိပ်ဦးဆီ၊ တင်ပါပြီဟု၊ လက်ချီစုံမြှောက်၊ ဝန်ခံလျှောက်မူ၊ ချိန်ရောက်သင့်လျော်၊ ခါတော်မျို့ကောင်း၊ ပြည့်စုံကြောင်းကို၊ သံညောင်းမွှေးပျ၊ တွင်းဝန်ကလည်း၊ ဇေယျဒူတ၊ သိပ္ပသရေ၊ မည်ထွေသာထူး၊ မိန်းမမှူးတို့၊ သာကြူးလွတ်ကျွန်း၊ နန်းမတော်ရောက်၊ ဆက်လှာလျှောက်သော်၊ ရွှေမှောက်ဘုန်းခေါင်၊ မောက်ကြွတော့ဟူ၊ မိန့်တော်မူ၍၊ ဇမ္ဗူကျွန်းစည်၊ စိုးလျှောက်တည်သည်၊ ဘုန်းခြည်တောက်ဝါ၊ နန်းပွင့်လျာလည်း၊ သိင်္ဂါဘုံကျော်၊ ဗြဲတိုက်တော်က၊ သက်ကြွခဲ့သော်၊ ဘုန်းတော်ကြီးလှ၊ ဘုရာ့းတွင်းဝန်၊ မကျန်မှူးမတ်၊ ဝန်းပတ်ရံကာ၊ စဉ်တိုင်းလာ၍၊ ရတနာမြတ်လှ၊ မြောင်နာဂထက်၊ ထွန်းပရောင်ညီး၊ စံပယ်ပြီးလျက်၊ ထပ်ဖြီးစဉ်လျား၊ လမ်းနားညိတ်ညိတ်၊ နှစ်ဖက်ပိတ်မျှ၊ ကြည့်ကြသသူ၊ ဆင်ဖြူလွလွ၊ သုမိတ္တနှင့်၊ မာဃနတ်ရှင်၊ စစ်မြေပြင်သို့၊ ရန်နှင်လွှင့်ဖြို၊ ထွက်သည်ဆိုလည်း၊ သည်ကိုထင်ရည်၊ မှီမည်ထားဦး၊ မတူဘူးဟု၊ ရူမူးစည်လျဉ်၊ အံ့ချီးစဉ်ဝယ်၊ ရဲယဉ်တင့်လှ၊ ချီလေကြသည်။ ။ ထိန်မျှသောင်းသဲသံဝှန်းတည်း


၁၀၁။ ဆဲ့နှစ်ခေါဘိဏီ၊ ပည်းသီစစ်ခြေ၊ တွက်ရေဖြင်ညီး၊ မြေကြီးနန့်နန့်၊ မြေမုန့်ကောင်းကင်၊ လောက်မျှ၍ပင်တည့်၊ စုံအင်လေးထွေ၊ ချီလေအံ့လောက်၊ ကွန်းသုံးထောက်ကို၊ အရောက်လျင်လှ၊ နေ့ချင်းချ၍၊ နေကြထုံ့ပိုင်း၊ စခန်းတိုင်းလည်း၊ မနှိုင်းယှည်သာ၊ လွမ်းခြင်းရာကို၊ မိန့်မှာစေ့ရေ၊ စာရွှေပေနှင့်၊ ပြစ်ပြေလိမ္မာ၊ နှုတ်လျှာရွရွ၊ ကျေပွန်လှသည်၊ ဇေယျမင်းရဲ၊ မည်သာကဲသည်။ မင်ရဲဇေယျ၊ စသည်ပျိငယ်၊ အရွယ်နုထွား၊ မင်းသားတို့အား၊ စေစေားနေကြ၊ လျှောက်စေရ၏ ညွတ်ခဆက်လှာ၊ ထိုရွှေစာကို၊ သိင်္ဂါလျှံတောက်၊ အိမ်တော်ရောက်သော်၊ ငံ့ထောက်မဲ့ဘူး၊ အိမ်ဆောင်မှူးနှင့်၊ ရာထူးတသီး၊ အကြီးတို့က၊ ဆင့်ဆက်ရ၏၊ အူရွရွှန်းရွှင်၊ မင်းရှင်ကလည်း၊ အူသည်းပြတ်မျှ၊ လွမ်းလှသည်ဖြစ်၊ ဘွေလှစ်လျှောက်မှာ၊ ရွှေပေစာကို၊ ရေးရာသိလှ၊ ဇေယျယဉ်နု၊ လူမှုကုံတွင်၊ နားဝင်ရှင်မှု၊ ယဉ်နုဇေယျ၊ စသည်မည်ဆို၊ မတ်ပျိုတို့အား၊ အကြီးများက၊ မှတ်သားမြဲနေ၊ သင့်အပစေ၍၊ ရိုသေညွတ်ခ၊ ဆက်စေရ၏၊ ယဉ်လှသည့်ရှင်၊ ထိပ်တင်ကစေ၊ ဖြူရွေဝင်းရွ၊ မင်းလှကခန့်၊ ရည်သန့်မင်းသား၊ မှူးမတ်များက၊ လာသွားတုံ့ဖယ်၊ ယက်ကန်းရှယ်သို့၊ အံဘွယ်ထွေလာ၊ မြင်းခွာရာဘိ၊ ထပ်ကာဆင့်လောင်း၊ တောလမ်းကြောင်းလည်း၊ ထောင်းထောင်း မုန့်ညက်၊ ဖုံဖုံတက်သည်။ ။ စဉ်ဆက်တနေ့မချန်တည်း


၁၀၂။ ယဉ်မျိုးထိပ်ဗွေ၊ မိုးနိမ့်နေသည်၊ သပြေစိုးရန့်၊ ရဲတမ်းခွန်ကား၊ လွမ်းဝှန်အူသည်း၊ ဖိမ့်ဖိမ့်ကြည်း၍၊ ဟိန်းဟည်းဖန်များ၊ ချသည့်သားနှင့်၊ ရပ်ခြားသူ့မြေ၊ တိုင်ရောက်လေသော်၊ ငံ့နေမတင်း၊ ဆင်ခင်းမြင်းရာ၊ မညှာမဆ၊ ဗျူဟာ့သုံးပါး၊ မှတ်သားမပြု၊ လျင်မှုခဏ၊ ထပ်မျှမတည်၊ ငံ့ဆည်မမြော်၊ တိုက်စည်ဆော်၍၊ ဗြာကြော်ထိန့်ဆူ၊ သောင်းသောင်းအူမျှ၊ သူ့သူစစ်ဆိုင်၊ ပြိုင်ပြိုင်သမျှ၊ ကြွင်းရမထင်၊ အစဉ်သတ်လိုက်၊ ချွံချွံတိုက်၍၊ ရောက်ဆိုက်ရိုင်ရိုင်၊ မြို့ရင်းတိုင်သော်၊ ကြံ့ခိုင်လူကျော်၊ မြို့ပေါ်ခုန်လွှား၊ တံခါးကိုဆင်၊ ဖျက်ဘောက်ဝင်၍၊ မြင်းလျင်ဗိုလ်ခြေ၊ တွက်ရေမရှိ၊ နောက်ထပ်ဖိသော်၊ ဟိတ္ထိပူရ၊ မင်းကစသည်၊ ပြည်မအလုံး၊ ပတ်ကုံးမကြွင်း၊ တပွဲချင်းနှင့်၊ လျင်ပြင်းခဏ၊ အကုန်ရ၍၊ ပူရဟတ္ထိ၊ တွင်ရှိမည်မှည့်၊ မြို့၏အပါ၊ ကြေညာတလွှား၊ မြို့ပြများက၊ သားနှင့်သမီး၊ ဆင်ကြီးမြင်းကျော်၊ ပူဇော်ရှိလက်၊ ညွတ်လှာဆက်သော်၊ နှောင့်ရှက်မထင်၊ ရန်မျိုးစင်၏၊ သို့လျှင်မကြာ၊ နောင်လာဆီးဆို့၊ မြို့အစီရင်၊ သိမြင်စစစ်ကဲ၊ ယှဉ်တွဲနာခံ၊ စီမံသီးသီး၊ ခန့်ထားပြီးလျှင်၊ သူ့ရှင်မင်းသား၊ မိဖုရားနှင့်၊ မြေး, သားမကြွင်း၊ ယူခဲ့လျှင်း၍၊ ရပ်တင်းမညှာ၊ ပြန်ခဲ့လာသည်။ ။ မကြာမငံ့လျင်ထန်တည်း


၁၀၃။ ထိုမြို့ကခွာ၊ အကွာစခန်း၊ ချမှန်းတထောက်၊ ရောက်သည့်နေ့ဝယ်၊ ဘုန်းငွေ့တောက်ရှိန်၊ ထိန်ပြင်းထိန်သည်၊ ရာဇိန္ဒရာဇာ၊ မည်သာတွင်ခေါ်၊ ခမည်းတော်လျှင်၊ စက်ပျော်သာယာ၊ မိုးသောက်ခါနှိုက်၊ မင်္ဂလာမည်မှည့်၊ ထွန်းစည့်ရောင်ညီး၊ ရထားစီး၍၊ ကြွချီးစံတည်၊ ထက်နတ်ပြည်သို့၊ တက်သသည်ကိုထင်၊ အိပ်မက်မြင်သော်၊ နိုးလျှင်စိတ်က၊ ရွံထိတ်လှလျက်၊ နံနက်စောလှ၊ ထ တော်မူ၍၊ တံပူကိစ္စ၊ ပြီးပြီးမှလျှင်၊ ရာဇိန္ဒရာဇဂုရု၊ နုသည့်အမတ်၊ ကြမ်းသည်စိတ်လက်၊ ပုဏ္ဏားပျက်ကို၊ အိပ်မက်မြင်ဟန်၊ ခေါ်တွင်ပြန်၏၊ အလွန်ကြောင်ဆင်၊ မင်းရိပ်ထင်သော်၊ သည်တွင်လွယ်ကူ၊ ငါ့ရန်သူကို၊ ကလူနှိပ်စက်၊ နိုင်ထက်ထားသည်၊ အောင်တော့မည်ဟု၊ ဘုန်းခြည်တောက်ဝါ၊ နန်းပွင့်လျာကို၊ မြဲစွာကျိတ်ကျိတ်၊ မှတ်ရင်းစိတ်နှင့်၊ ထိတ်လန့်ပြန်ကြောင်း၊ လောင်းကာဆင့်လျက်၊ သည်အိပ်မက်ကို၊ ဘတ်မြွတ်တံ့တံ့၊ မလျှောက်ဝံ့ဟု၊ ပျေ့ညံ့ဖြည်းသာ၊ လျှောက်သော့ခါဝယ်၊ ထွတ်ချာရွှေမှောက်၊ လွန်ပြန်ကြောက်၍၊ တင်လျှောက်ဆရာ၊ ဘတ်ပါတော့ဟူ၊ မိန့်တော်မူက၊ ဘုန်းတူဘုရား၊ များမကြာခင်၊ သည်လတွင်ပင်၊ အရှင်မင်းသည်၊ အစတည်၍၊ ရွှေပြည်ရပ်ကြီး၊ ပျက်စီးမည်ဆင်၊ ဥပဒ်မြင်ဟု၊ ကြောက်ငြင် ဘွယ်လောက်၊ လုပ်ကြံလျှောက်သည်။ ။ အကောက်ကြံဆန်းအလွန်တည်း


၁၀၄။ သို့လျှင်ဆရာ၊ ကွယ်ကာဆည်းဆို့၊ အသို့ဘွေနှယ်၊ ကြံပါမည်ဟု၊ မိန့်သည်ရှိသော်၊ တွေဖော်ကျမ်းလာ၊ ယတြာကြီးအင်၊ ယဇ်စီရင်မည်၊ နတ်ရှင်ဘုန်းခြည်၊ ဘုရားသည်ကား၊ မြိုင်စည်ရိပ်ကျော်၊ ဥယျာဉ်တော်မှာ၊ ယတြာမည်မှန်း၊ တဲနန်းဆောက်၍၊ ခုနှစနေ့တွင်၊ မမြင်လူသူ၊ ဆံမြူမနှောင့်၊ ဥပုသ်စောင့်လျက်၊ ငြိမ်သက်ကုပ်သေ၊ နေတော်မူပါ၊ ရေးရာမြော်မြင်၊ ပုဏ္ဏားတော်ကို၊ မှာသော်မူကား၊ ထင်ရှားကျူးကျော်၊ ယဇ်ပူဇော်မည်၊ ဘုန်းတော်စည်ဖြီး၊ ကြီးသည်ဘုရား၊ ရက်လည်ငြားမှ၊ နှုန်းထားပုံထု၊ ရာဟုလက်က၊ လွတ်သည့်လသို့၊ ထကြွခဲ့၍၊ ဘုန်းဟေ့ဧကရာဇ်၊ မင်းသစ်ဘွဲ့မည်၊ ခံသင့်သည်ဟု၊ ယုံကြည်ဘွယ်လောက်၊ လျှောက်လတ်သောခါ၊ ဆရာသင့်ပြီ၊ ခန့်စီရင်ပါ၊ လျင်မကြာဟု၊ ထွေသာအလျင်၊ နတ်ရှင်ဘုန်းဟေ့၊ ယနေ့နေ့ပင်၊ စုံစေ့ရုံးပေါင်း၊ ပြီးစေကောင်း၏၊ ပွင့်လောင်းဘုန်းကျော်၊ ဥယျာဉ်တော်မှာ၊ နေသော်ခါလည်း၊ လုံစွာတံခါး၊ စောင့်ရှောက်ထားလော့၊ ပုဏ္ဏားတို့ဝယ်၊ ပူဇော်ဘွယ်ကား၊ ကြီငယ်ဝတ္ထု၊ ရုံးစုစေ့င၊ များမြောင်လှ၏၊ ခုကဘုရား၊ မိန့်စေသားဟု၊ စီးပွားလိုယောင်၊ လှည့်ပတ်ဆောင်၍၊ ယုံအောင်ချိုသာ၊ နှုတ်ပျူဟာနှင့်၊ လိုရာချောင်းချောင်း၊ စကားတောင်းသည်။ ။ ပျော့ပျောင်းကွယ်ဝိုက်ကျေပွန်တည်း


၁၀၅။ အနုပိယဘာဏီ၊ ခေါ်ညီစင်စစ်၊ ခင်ပွန်းဖြစ်သည်၊ ကျင့်ညစ်ပုဏ္ဏား၊ ဆိုစကားကို၊ ယုံမှာချေ၍၊ စုံစေ့များစွာ၊ လိုရာရာကို၊ ဘွေရှာစိတ်အား၊ လျောက်လျားယူလေ၊ ရွှေမြေတိုင်းကျော်၊ နိုင်ငံတော်တွင်၊ မပေါ်မရှိ၊ မသိသည်သာ၊ ဆရာမယူ၊ လွတ်လေဟူ၍၊ လွယ်ကူသံချို၊ စုန်းကိုသားကင်၊ ထည့်မှားကျင်သို့၊ နတ်ရှင်ဘုန်းထွတ်၊ မိန့်တော်လွှတ်၍၊ ချမ်းမြတ်ရိပ်ဝှဲ၊ ဥယျာဉ်ထဲသို့၊ ဘော်ရှဲရှောင်နေ၊ ကြွဝင်လေ၏၊ ပေအောင်ငယ်က၊ ဆိုးလွန်းလှ၍၊ ပါပစာရီ၊ သညီငယ်မည်၊ တွင်သည်ကြားကျော်၊ ကြီးရင့်သော်ကား၊ မလျော်လေဘဲ၊ ကျူးကဲမိုးလှ၊ ရာဇိန္ဒရာဇဂုရု၊ နုသည်နာမ၊ ဘွဲ့မည်ရသည်၊ လောဘရမ္မက်၊ ပုဏ္ဏားပျက်ကား၊ သားငှက်ပုံယင်၊ မြင်းဆင်ကစ၊ များလှတိရစ္ဆာန်၊ သေဒဏ်မှတ်သား၊ နှောင်ထားသည့်လူ၊ ယူ၍ဖြင်ညီး၊ စုထားပြီးသော်၊ အံ့ချီးလူ့မြေ၊ ကိန္နရေကို၊ ရစေမင်းများ၊ ခုလျင်လျားဟု၊ ဆိုငြားသောခါ၊ ကိန္နရာကို၊ ဘယ်မှာတို့သည်၊ ရနိုင်မည်ဟု၊ မကြည်မချို၊ မတ်များဆိုသော်၊ နဂိုရ်ရွှေပြည်၊ ပျက်စီးမည်ကို၊ တားဆည်ဆီးဆ၊ တယောက်မျှလျှင်၊ တီတွမဲ့ထွေ၊ မသေကောင်းလော၊ လျင်ဆောခုသာ၊ မိသူဇာကို၊ ငါပင်ရှေ့တည်၊ သွားယူမည်ဟု၊ အရည်စိမ်းစို၊ မြင်းမိုရ်ရွှေကြပ်၊ လျှပ်လျှပ်ပြောင်ပြောင်၊ နောက်ကဆောင်လျက်၊ ကြွေရောင်မညှိုး၊ ပုဆိုးဖြူညက်၊ စက်နားဆက်နှင့်၊ နှစ်ဘက်ဟန်ပန်၊ ဝင့်ပြန်လွန်ကဲ၊ သုတ်သုတ်လွှဲလျက်၊ သဲသဲများစ္စာ၊ ခြွေရံကာနှင့်၊ သည်သာဘုန်းကျော်၊ အိမ်ရှေ့တော်သို့၊ ရည်ရော်ဖြောင့်သား၊ စိုက်စိုက်သွားသည်။ ။ တရားမလျော်ပြောင်းပြန်တည်း


၁၀၆။ အိမ်ရှေ့မိဖုရား၊ ထွတ်ထားစရာ၊ မိသူဇာကို၊ ယစ်စာပို့ယူ၊ အပ်မည်ဟူ၍၊ လူသူများစွာ၊ ပုဏ္ဏားလာဟု၊ ရှိန်ဝါပြောင်ပြောင်၊ ရှားမီးလောင်သို့၊ ထိန်အောင်ထိတ်လှ၊ လန့်ဖျပ်ကြသော်၊ ပြင်ကအတွင်း၊ ချက်ခြင်းခဏ၊ ကြားသိကြ၍၊ ခြောက်ပါးနှောင်းမြင်၊ မင်းရှင်လှမှာ၊ မရွှင်ညွတ်ခွေ့၊ ယင်းသည့်နေ့တွင်၊ ဝိုက်ဝှေ့ဝမ်းမှာ၊ အခါခါထက်၊ ထပ်ကာလောင်းဆင့်၊ အလွမ်းမြင့်၍၊ သခင့်ခြေရာ၊ ထိပ်ချာဗွေထက်၊ မျက်နှာကြက်ကို၊ ရှိလက်စုံကာ၊ ကြိမ်ခါများလှ၊ ဦးသာချ၍၊ ထိပ်စတင်တင်၊ သခင်ညစ်ခံ၊ ညိုလျှံလဲ့ရှိမ်း၊ အစိမ်းဆယ်မည်၊ ရွှေခြည်ကပ်ကွက်၊ လက်ချိပ်ရက်သည်၊ ချောညက်ကျူကျော်၊ ဝတ်လဲတော်ကို၊ ထိပ်ပေါ်တင်ကာ၊ မျက်နှာအုပ်လွွှမ်း၊ ကြိမ်ကြိမ်နမ်း၍၊ အလွမ်းမပြေ၊ သည်းလေလေဖြင့်၊ ဘွေဘွေရှာရှာ၊ စက်မွေ့ရာကို၊ နမ်းပါသော်လည်း၊ လွမ်းပြန်သည်း၍၊ တင့်ရည်းသာရွှင်၊ ထိပ်တင်မင်းလှ၊ တီးနေကြသည်၊ စိမ်းမြချယ်စီ၊ သိင်္ဂီမြူမဲ့၊ ရွှေညှို့ဘွဲ့လျက်၊ နှိုင်းရှဲ့မရ၊ ကရဝိက၊ ဃောသမည်မှတ်၊ စောင်းတုလွတ်ကို၊ လေးမြတ်စုံမက်၊ ပိုက်ခါဘက်၍၊ ရွှေလက်ထိရာ၊ သည်ဆီမှာတု၊ ဘွေရှာယောင်ယမ်း၊ ကြံကာနမ်းသည်၊ အလွမ်းထပ်ကျယ်၊ သနားဘွယ်။ ။ ပြိုက်သွယ်မျက်ရည်နှင့်သာတည်း


၁၀၇။ သို့နှင့်မနေ၊ ရှာဘွေကာကာ၊ မင်းသူဇာမှာ၊ ဖန်ပြာအိကျုံး၊ ရောင်မြှုံးပတ္တလား၊ ပန်းရောင်ဝါးနှင့်၊ ပိတ်သားရွှေချည်၊ ထိုးသည်သေသတ်၊ လက်ခတ်အမိုး၊ သန္တာရိုးကို၊ မြတ်နိုးကြည်လင်၊ ထိပ်မှာတင်၍၊ ရင်မှာချပ်လျက်၊ ပြိုက်စက်သွယ်ရွှမ်း၊ ခုခုနမ်းသည်၊ အလွမ်းထပ်ကာ၊ မပြေရှာသော်၊ ဝေဆာမူးမှောင်၊ ပြူယောင်ပြုမှား၊ ဘိုးများနဂ္ဃ၊ ပုကန်မြတွင်၊ ကြိုင်ပျဖြိုးပြည့်၊ နှင်းရည်ထည့်၍၊ ယင်းသည့်ထိပ်ထွတ်၊ တီးမြဲမှတ်သည်၊ လက်ခတ်သစ်ပေါ့၊ ပန်းရည့်ဖြော့ကို၊ ပျောင်းပျော့ပူဆာ၊ ထိပ်မှာလည်းတင်၊ ရင်မှာလည်းချပ်၊ ပါးမှာကပ်၍၊ ပွတ်သပ်ဖန်များ၊ နမ်းသည်လားနှင့်၊ လွမ်းအားကြီးအင်၊ နေစဉ်တွင်နှိုက်၊ ပည်းဖြင်တအုပ်၊ ကိုယ်လုပ်မောင်းမ၊ အကြီးစသည်၊ ငိုကြလန့်ကြ၊ ဘုရားဘုရား၊ တို့ထိပ်ထားကို၊ ပုဏ္ဏားလူကျော်၊ ယဇ်ပူဇော်ရာ၊ ယဇ်စာထည့်မည်၊ ယူလာသည်ရှင့်၊ ခုပင်ထိပ်နင်း၊ ရွှေနန်းတွင်းသို့၊ အပြင်းရှေးရှူ၊ ဝင်တော်မူမှ၊ ခေါ်ယူတဲမ၊ ဝန်းရံကြလျက်၊ နဝရတနာ၊ စီမြွာကိုးမျက်၊ ရွှေယာဉ်ထက်သို့၊ ရွှေလက်ဆွဲငင်၊ အသော့တင်မှ၊ ဆောလျင်ပြင်းပြ၊ သွားလေကြ၍၊ နန်းမစိုးစံ၊ ဘုရားထံသို့၊ ရည်သံထုတ်ချောက်၊ ဝင်လေရောက်သော်၊ ရွှေမှောက်ထိပ်ဗွေ၊ အေ − အေ မယ်မှ၊ ဘယ်ကိစ္စဟု၊ ထိတ်လှလန့်ကြား၊ မေးလတ်ငြားသည်။ ။ လျှင်လျားရုတ်ခြည်းပြေးလှာတည်း


၁၀၈။ ထိုသို့သောခါ၊ မင်းသူဇာကား၊ လိပ်ပြာအသက်၊ စဉ်လှုထွက်မျှ၊ ကြောက်လွန်းလှ၍၊ မဟနိုင်ရာ၊ မျက်နှာဖြူခြောက်၊ တဆုပ်လောက်နှင့်၊ ရွှေမှောက်ထွတ်ချက်၊ ရှစ်သောင်းထက်၏၊ နှစ်ဘက်ခြေမှာ၊ ဖက်၍သာလျှင်၊ သည်းချာမဟိ၊ ဟိုက်လျှင်းဘိ၏၊ သို့ရှိခါသော်၊ ပျိုတော်တယောက်၊ ကြွင်းမဲ့လျှောက်က၊ နန်းမထိပ်ပေါ်၊ မျက်တော်ပြင်းလှ၊ ဟူးဟူးထ၍၊ ပါပကျင့်ညစ်၊ ပုဏ္ဏားယစ်သည်၊ ဧကရာဇ်အလျာ၊ ငါ့သည်းချာကို၊ ပြင်းစွာမုန်းထား၊ အငြိုးထား၍၊ လှည့်စားပြုပြင်၊ သို့စင်ကွေ့လည်း၊ ကြံစည်သည်ကို၊ မရှည်ကြာခင်၊ ပူပင်လတ်လတ်၊ သင့်ကိုသတ်ပါ၊ မြိုင်သာရိပ်လန်း၊ ဥယျာဉ်နန်းဝယ်၊ ဘုန်းရွှန်းလျှံဝေ၊ ကိုယ်တော်နေ၏၊ လျှောက်ချေအလျင်၊ ယခုပင်ဟု၊ မရွှင်ထဲပိုက်၊ စေလိုက်သော့အား၊ စေသူသွား၍၊ တံခါးသေချာ၊ ဥယျာဉ်မှာနှိုက်၊ လွှား, ကာ, ဒိုင်း, ဝင်း၊ လက်နက်ကျင်းလျက်၊ ထန်ပြင်းဆီးဆ၊ မဝင်ရဘဲ၊ ဖင့်နွှဲမကြာ၊ ပြန်ရောက်လှာသော်၊ အချာနန်းမ၊ အစိုးရသည်၊ ကြင်ဆသက်တူ၊ မိဘုန်းထူကား၊ မင်းသူဇာကို၊ ဘယ်၍ငိုမှ၊ ဆိုသည့်ပျံ့ကြွယ်၊ မင်းလှငယ်။ ။ အံ့ဘွယ်ပုံဖြီး၊ မြေကြီးမှောက်လှန်၊ ကမ္ဘာပြန်သို့၊ ဖြစ်ဟန်တူစွာ၊ သည်ရေးရာသည်၊ မျက်ပါငြိုးထား၊ သည်ပုဏ္ဏားနှင့်၊ မခြားတူပင်၊ သည်ရှင်ဘုရင်၊ တိုင်ပင်ညီကြ၊ တမျှစိတ်နေ၊ ဖြစ်ချေသည်ရှင်၊ လွန်ခဲအင်သည်။ ။ မိခင်ကြံရေးခက်စွာတည်း


၁၀၉။ အစိုးရသူ၊ အမူမသင့်၊ ကျင့်ခဲ့သည်ကြောင့်၊ စိုးနှောင့်ပူပင်၊ မရှင်ကြံမှိုင်၊ မကယ်နိုင်၍၊ ရွှေစိုင် − ရွှေခဲ၊ ပုလဲဇောတ၊ မယ်လျလျကို၊ အစ်မ − အရှင်၊ မမြင်ဝံ့ပြီ၊ လှိုင်ညီပျံ့ကြူ၊ နတ်မဉ္ဇူကို၊ မှတ်ယူမပြား၊ ငါထိပ်ထားသည်၊ ငါ့သားလာတည့်၊ ရောက်ပါလှည့်လော့၊ ငါလှည့် − ငါလည်၊ ကြံစည်ဆန်းပြား၊ သည်ပုဏ္ဏားသည်၊ စိတ်ထားထဲသံ၊ မနောကံမျှ၊ ကြံဝံ့မည်ထား၊ သည်းကြားဇာတိ၊ ခု − မရှိ၍၊ ဘေးတိထွေလည်၊ ကြံစည်သည်ကို၊ ရွှေရည်ရွှေဥ၊ တို့သက်စုသည်၊ မယ်ပုသည်းချာ၊ ဟေမာဂိရိ၊ တွင်ရှိမည်မှန်း၊ ရွှေတောင်နန်းသို့၊ ဖြောင့်တန်းစူးစူး၊ သွာချေဦးတော့၊ ပြားဖြူးရောင်ထွေ၊ နတ်ရွှေမြေသို့၊ ရောက်လေလျှင်သာ၊ စံကာပျော်မွေ့၊ တို့ကိုမေ့၍၊ ရက်နေ့ရှည်ကြာ၊ မနေပါနှင့်၊ မေတ္တာကြီးအင်၊ မ − ရှင်ခွေရစ်၊ လွမ်းသည်ဖြစ်နှင့်၊ ရင်နှစ်ရတနာ၊ နန်းလျာရည်သွား၊ ခင့်မြောက်သားကို၊ ချစ်အားတူရှဲ့၊ ထောက်ညှာငဲ့၍၊ ပြန်ခဲ့ပါဦး၊ စုံပူးယှဉ်ဘော်၊ ခင့်မောင်တော်လည်း၊ ထွန်းပေါ်တန်ခိုး၊ ရန်မျိုးပယ်ပျောက်၊ စစ်ကရောက်၍၊ လွေ့လောက်အထု၊ ချစ်မျိုးစုသည်၊ မယ်ပုငယ်ပျို၊ မရှိဆိုက၊ သက်ကိုမျှပင်၊ အရကြံစည်၊ ကြိုးရမည်ကို၊ ရွှေရည်ရွှေခဲ၊ ပုလဲစေ့ရှာ၊ ထောက်ပါနော်ရှင်၊ မိခင်မှာထား၊ သည်စကားကို။ ။ သည်းကြားသတိပြုပါတည်း


၁၁၀။ နန်းမဘုရား၊ မြတ်ဖျားဘုန်းထူ၊ မိန့်တော်မူသော်၊ ဖြူအူဝင်းဝါ၊ မင်းသူဇာကား၊ ပွင့်အာတွဲလှု၊ ရွှေရင်နုကို၊ ခုခုရွှေလက်၊ ဆိတ်ထုချက်လျက်၊ ရှိုက်မက် − မတည်၊ ရွှမ်းမျက်ရည်နှင့်၊ လျှောက်သည်သံညင်း၊ ထွတ်ထိပ်နင်း။ ။ လွန်ပြင်းထောက်မ၊ သနားလှ၍၊ မိဘနေပြည်၊ ရှေ့ရည်စူးစူး၊ သွားချေဦးတော့၊ ညံ့နူးထွေသာ၊ မိန့်သည်ရာကို၊ မေတ္တာအထူး၊ ကျေးဇူးတော်ဂုဏ်၊ မကုန်မိုးမျှ၊ ကြီးပေလှ၏၊ အံ့ရကျူးကျော်၊ သို့ဖြစ်သော်လည်း၊ ဘုန်းတော်ဝံ့လန်း၊ ပွင့်လှုရွှန်းသည်၊ ရွှေနန်းစိုးလျာ၊ မယ့်ထိပ်ချာကို၊ မညှာ − မလေး၊ သွားမည့်ရေးသည်၊ မြှော်တွေး၍မျှ၊ကြံမရခဲ့၊ ကြမ္မစီရင်၊ ဖြစ်ချင်သမျှ၊ နှလုံးချ၍၊ ကျွန်မထိပ်တင်၊ သခင်ရှိရာ၊ လိုက်ပါတော့မည်၊ ဘုန်းခြည်တောက်ဝါ၊ ထိပ်ချာယဉ်နွဲ့၊ အပ်ထားခဲ့သည်၊ လျှပ်ကဲ့ပမာ၊ ရောင်ဖြာပြိုးပြက်၊ မြဘယက်ကို၊ ထွတ်ချက်ခေါင်ချာ၊ သနားပါတော့၊ လိုရာမိုးမြေ၊ ပျံနိုင်စေသည်၊ လျှံဝေရောင်ခြည်၊ သည်ဘယက်မျှ၊ အနဂ္ဃကို၊ ရပါမှသာ၊ မကြာလျင်လျား၊ ပျံချေသွား၍၊ ဘဝါးမာလာ၊ ပွင့်ရွှေကြာတွင်၊ ပါသည်မြူသေး၊ ဝတ်ဆံမွှေးကို၊ ကြည်လေးမြတ်စွာ၊ မယ့်မျက်နှာတွင်၊ ချေပါရမည်၊ ဖြစ်ပါသည်ဟု၊ မျက်ရည်ပြိုင်စက်၊ လျှောက်ဆိုမြွက်သည်။ ။ လှိုင်ပွက်ဝမ်းကဆူကာတည်း


၁၁၁။ မင်းလှသူဇာ၊ ထွေသာပျံ့ရှား၊ လျှောက်သည်ကြားသော်၊ သာဖြားနှုတ်ကြည်၊ မိန့်ပြန်သည်ကား၊ ဖြီးစည်အထု၊ ချစ်မျိုးစုသည်၊ ရွှေဥရတနာ၊ တို့သည်းချာ။ ။ မေတ္တာကြီးထူ၊ အစ်မမူကား၊ လွယ်ကူလှစွာ၊ မောင်ရှိရာသို့၊ မကြာဖြောင့်တန်း၊ မစွန်းမငြိ၊ လိုက်လေဘိဟု၊ စိတ်ရှိတိုင်းရည်၊ ဆိုရမည်လည်း၊ ကျူးရှည်ရပ်ခွင်၊ စစ်မြေပြင်ဝယ်၊ မြင်း, ဆင်, ဒိုင်း, လွှား၊ လှံဓားပြက်ပြက်၊ သွေးစက်စက်နှင့်၊ ရန်ဘက်ရန်သူ၊ ရုပ်တူဆီးဆ၊ မိန်းမတို့နှင့်၊ မလျော်သင့်၍၊ ထောက်ချင့်အာဏာ၊ နေလှည့်ရာကို၊ သည်းချာငယ်ပျို၊ လိုက်မည်ဆိုသော်၊ တို့ကိုချမ်းသာ၊ စီးပွားရှာသည်၊ မှန်စွာစင်စစ်၊ သဘောဖြစ်၍၊ ကြင်ချစ်ဝမ်းက၊ အားရလှ၏၊ သည်းချာ့ရွှေသား၊ သွာလေသော်မူ၊ တူရူရှေ့တည်၊ သည်ကိုရည်လျက်၊ ဝေးသည်လမ်းဝယ်၊ ဘေးသွယ်သွယ်ကို၊ ညာဘယ်လည်လှည့်၊ ရှေ့နောက်ကြည့်၍၊ တည့်တည့်ရှေ့ရည်၊ မောင်ရှိသည်သို့၊ ရွှေရည်ဆင်းဝါ၊ မင်းသူဇာငယ်၊ သွားပါတော့ရှင်၊ ငါ့မိခင်ဟု၊ ပန်းသွင်ကြိုင်ပျ၊ မိန့်ပြီးမှလျှင်၊ ထိန်မျှပြိုးပြက်၊ မြဘယက်ကို၊ လက်လက်ရောင်ညီး၊ မှန်တိပြီးသည်၊ အံ့ချီးစရာ၊ အံဆင့် တာ က၊ အသက်လက်တော်၊ ထုတ်ပေးသော်လည်း၊ ရွှေလှော်ဆင်းဝါ၊ မင်းသူဇာကား၊ ခြေမှာတိပ်စ၊ ဦးဖြင့်ချ၍၊ ညွတ်ခကြည်ဖြူ၊ လှမ်းသာယူသည်။ ။ သည်းအူပြတ်လှု လောင်ဆာတည်း


၁၁၂။ လှမ်းယူပြီးလျှင်၊ လည်မှာဆင်၍၊ မင်းရှင်သူဇာ၊ လျှောက်သည်မှာကား၊ ရတနာပလ္လင်၊ မြတ်ညာတင်သည်၊ လသွင်ရောင်ဖြိုး၊ ထွတ်ထိပ်မိုး။ ။ ကြောက်စိုးရွံ့ရှာ၊ ဘေးကိုညှာ၍၊ ပစ်ခွာခဲ့ရ၊ ကျွန်တော်မသည်၊ သည်မှထိုရော်၊ သွားလေသော်မူ၊ ကျွန်တော်သလေး၊ ကွေးလေးဆိတ်စာ၊ ရတနာကို၊ ထွတ်ချာမြတ်ဖျား၊ ထံတော်ပါးမှာ၊ ယူထားမကွာ၊ ကျွေးမွေးပါမှ၊ ဖျားနာကုမ၊ ဆေးကိစ္စနှင့်၊ ထိန်းယနို့ကျွေး၊ မဝေးစောင့်နေ၊ ဖျော်ဖြေသံချို၊ မငိုစေရ၊ လုံ့လမြဲစွာ၊ ကျိုးနွံပါမည်၊ သို့ဖြစ်သည်ကို၊ ရည်၍မကြာ၊ ခုပင်သာလျှင်၊ အချာထိပ်နင်း၊ ထံတော်ရင်းသို့၊ ယူသွင်းယုယ၊ မွေးပါမှသာ၊ ပျံကြွသွားရာ၊ လျင်နိုင်ပါမည်၊ ဖြစ်ပါသည်ဟု၊ ငိုမြည်လျက်သာ၊ လျှောက်ဆိုရှာသော်၊ အချာနန်းမ၊ ထွတ်ဘုန်းပလည်း၊ ဖျဖျခန့်ထား၊ လျင်လျားမနေ၊ ဆောင်ယူစေ၍၊ အုပ်ထွေဖြီးလှောက်၊ ယူခဲ့ရောက်သော်၊ လျှံတောက် ဆင်းဝါ၊ မင်းသူဇာကား၊ ရတနာစု၊ မင်းယဉ်နုကို၊ မျိုလှုဝိုက်ဘက်၊ ခေါ်စိုက်စက်နှင့်၊ စုံမက်ပြင်းစွာ၊ ပါးဘယ်ညာကို၊ ထပ်ကာယုယ၊ နမ်းပြီးမှလျှင်၊ နန်းမစိုးချာ၊ မိမြတ်စွာအား၊ ခြေမှာကိုင်းညွတ်၊ ဆံနှင့်ပွတ်၍၊ ဘုန်းထွတ်လူလူ၊ နန်းသူအားလုံး၊ ရှိကုံးဆင်ရွက်၊ စိုက်စက်ခေါ်ကာ၊ များစွာစီလျဉ်၊ ငိုကြွေးစဉ်ဝယ်၊ တိမ်ယာဉ်မိုးဝ၊ ပျံလေကြွသည်။ ။ တီတွနှောင့်နှေးတွယ်တာတည်း


၁၁၃။ ပျံကြွမိုးမြင့်၊ ထန်းဆယ်ဆင့်မျှ၊ ရောက်ပြီးမှလျှင်၊ မင်းလှရတနာ၊ သည်းချာလောင်လင်၊ ငိုသံထင်၍၊ မရွှင်ဆာပူ၊ သည်းအူချဲ့ချဲ့၊ သက်ပြန်ခဲ့မှ၊ လုတ်လွဲ့နုနယ်၊ သားသက်လှယ်ကို၊ ရင်ဝယ်ဘက်ယမ်း၊ ထပ်ထပ်နမ်းပြီး၊ ထွန်းညီးကိုယ်ဝါ၊ နန်းမချာကို၊ တခါညွတ်ခ၊ ရှိခိုးချလျက်၊ ရွရွနုနယ်၊ ကျွန်တော်ငယ်သည်၊ သက်ဆိုးရှည်၍၊ ပွားစည်ခန္ဓာ၊ ကြီးမြင့်ပါလျှင်၊ ရေးရာနောက်နှောင်း၊ မှုတော်ကောင်းသော်၊ ကျော်သောင်းကြေညာ၊ စေရပါမည်၊ မေတ္တာနှင့်ကွ၊ ယုယမြတ်လေး၊ မွှေးပါဘုရား၊ ထွတ်ထိပ်ထားဟု၊ လျှောက်ကြားဆိုလျှင်၊ ရှစ်သောင်းရှင်လျှင်၊ မရွှင်မူးလည်၊ မျက်ရည်ပြိုင်စက်၊ လည်ကိုဘက်၍၊ စုံမက်ဝမ်းက၊ မချိလှလျက်၊ မယ်လျမယ်လျ၊ မည်သည်မျှကို၊ ကြောင့်ကြပူဆာ၊ မရှိပါနှင့်၊ ရတနာစု၊ မြေးမောင်ပုကို၊ ယခုစုံမက်၊ အသက်ကဲ့သို့၊ ထပ်ဖို့မေတ္တာ၊ ငါမွေးပါမည်၊ သားမှာချစ်ပေါ့၊ အလွမ်းလျှော့၍၊ ကြွတော့မင်းငယ်၊ ကြွတော့မယ်ဟု၊ ပျံ့ကြွယ်ပန်းတူ၊ မိန့်တော်မူ၍၊ နန်းသူအပေါင်း၊ သောင်းသောင်းငိုယို၊ ရွှမ်းစိုပြိုက်စက်၊ ရှိလက်စုံကာ၊ မြှော်လိုက်ခါဝယ်၊ သားမှတဘက်၊ ငဲ့ကွက်ယုံ့ယွင်း၊ မင်းမှာတသွယ်၊ လျင်လွယ်တွေ့ချင်း၊ ပူပင်လောင်ဆာ၊ ကြီးဗျာပါနှင့်၊ အာကာမိုးယံ၊ ကြွားကြွားပျံ၍၊ ကုံထံမိုးသွေ့၊ ယဉ်မျိုးကြွေ့သည်၊ အိမ်ရှေ့မင်းဆီ၊ မှိုင်းရီဝေဆာ၊ ယမ်းယော်စာလျက်၊ မျက်နှာရှေ့တည်၊ စူးစူးရည်သည်။ ။ ဖြေဆည်မတား နိုင်ရှာတည်း


၁၁၄။ ဆည်းတားမပြေ၊ ပြန်ကြွလေသော်၊ ဆူဝေလှိုက်ဝမ်း၊ ကောင်းကင်လမ်းဝယ်၊ ပြိုက်ရွှမ်းမျက်ရည်၊ ယိုစီးသည်နှင့်၊ မူနည်နွဲ့ပျို၊ ဘွဲ့နွဲ့ငို၏၊ အိုအိုထိပ်တင်၊ ငါ့သခင်ဝယ်၊ လျင်လျင်ဆီးတည့်၊ ကြိုပါလှည့်လော့၊ ရွှေပြည့်သခင်၊ ဘုန်းတန်းအင်နှင့်၊ မင်းစင်ကိုလျက်၊ ပုဏ္ဏားပျက်သည်၊ လွဲလျက်မုသား၊ ဆိုလှည့်စား၍၊ ငြိုးထားပြင်းထွေ၊ လူကိုသေအောင်၊ ရှာဘွေဆန်းပြား၊ ရှာသောအားဖြင့်၊ ထိပ်ထားရှိရာ၊ ကျွန်မလာသည်၊ ထိပ်ချာထိပ်ဆင့်၊ မယ့်မျက်ပွင့်ငယ်၊ ကြောက်နှင့်မိန့်တည့်၊ ဆိုပါလှည့်လော့၊ နှိုင်းရှည့်စာနာ၊ အကြောင်းမှာပ၊ ယုတ်မာမှုထား၊ ပုဏ္ဏားသားသည်၊ တရားမဖြောင့်၊ ဆင်သည်ကြောင့်သာ၊ ကိုယ်တွင်ပါ၍၊ နန်းလျာရည်သွား၊ မယ့်ထိပ်ထားကို၊ တရားစီရင်၊ ဘနတ်ရှင်က၊ သာရွှင်စိတ်ကြည်၊ အပ်ပါသည်ကို၊ ဘွေနှည်စိတ်ဆိုး၊ တို့ကိုငြိုး၍၊ အကျိုးမဲ့ပင်၊ သို့စင်နှိပ်စက်၊ ကြံလေချက်ကို၊ အထက်မိုးဖျား၊ စိုးထင်ရှားသည်၊ သိကြားဗြဟ္မာ၊ နတ်တကာတို့၊ စေ့ရှာခြင်းတ၊ သိကြပါစေ၊ ရှိရလေခြင်း၊ လွန်ကျူးမင်းသည်။ ။ အခင်းစိတ်ဆူး − လောက်ပါဘူး


၁၁၅။ အကျူးအကျော်၊ စိတ်ဆိုးလေသော်၊ ကျွန်တော်မမှာ၊ စုံအင်္ဂါနှင့်၊ လူပါဘက်ကို၊ မဆိုတခြား၊ လည်လွတ်ထားဘိ၊ သားငါးကိုမျှ၊ ကိုယ်နှင့်ဆ၍၊ တီးတွညှာတာ၊ ချစ်ကောင်းပါလျက်၊ ကြင်နာပါဘဲ၊ အလွဲကျင့်ယုတ်၊ မီမှာဖုတ်၍၊ ယဇ်ပုဇ္ဇော်မည်၊ ပြုဘိသည်ကြောင့်၊ ကြံစည်ဆန်းကြယ်၊ ကိုးကွယ်မရ၊ ကြီးသောကနှင့်၊ ကျွန်မခုသာ၊ လာခဲ့ပါသည်၊ ဗြဟ္မ, သိကြား၊ နတ်အများတို့၊ ထိပ်ထားရှိရာ၊ မကြာလျင်လျား၊ အသော့သွား၍၊ ထံပါးတော်နီး၊ လျှောက်ချေပြီးသော်၊ ဘုန်းကြီးသည့်ရှင်၊ မယ့်သခင်သည်၊ ခုပင်မကြာ၊ ဆီးကြိုလာအောင်၊ ပန်ထွာညွတ်ခ၊ ချီးပင့်ကြပါ၊ အရာအခွင့်၊ သို့နှင့်စိတ်တော်၊ မတူသော်မူ၊ တိမပေါ်ပျံဝဲ၊ ရေထဲအဆုံး၊ လေးကျွန်းလုံးကို၊ ပတ်ကုံးရစ်ခွေ၊ ရောက်နိုင်စေသည်၊ လျှံဝေစကြာ၊ ရတနာကို၊ ဘွေရှာနတ်တို့၊ ဆက်ပို့ချေ၍၊ တွက်ရေဗိုလ်ပါ၊ ယူဇနာတည့်၊ ချတာစင်စစ်၊ တဆဲ့နှစ်နှင့်၊ ရောက်လစ်စကြာ၊ ရှေ့တင်ကာလျက်၊ ကြိုလာဆီး၍၊ ရင်ဆိုင်တွေ့အောင်၊ ဘုန်းလွေ့သည့်ရှင်၊ မယ့်ထိပ်တင်သည်။ ။ ရွှေရင်ပျံ့ပျူး − စုံလှည့်ဦး


၁၁၆။ အကျူးငယ်က၊ ဆိုးလွန်းလှ၍၊ ပါပစာရီ၊ ခေါ်ညီမည်ရ၊ တွင်သည်ကကို၊ ကြီးမှဂုဏ်အင်၊ ဗေဒင်မှုမှာ၊ မထောင်းတာပေ၊ ခွဲဝေဆုံးဖြတ်၊ ဓမ္မသတ်ကို၊ မတတ်ပါဘူး၊ လှမ်းကူးဆီးဆ၊ လူရေးလှလျက်၊ ရွရွနှုတ်ရည်၊ ဆိုတတ်သည်ကြောင့်၊ အမည်ရွှေကြပ်၊ ပေးထပ်ကျေးရွာ၊ နေရာတခြား၊ တရားစီရင်၊ ခန့်လေလျှင်ပင်၊ နီလွင်စက်နား၊ ဆန်းပြားကျူးမိုး၊ ပုဆိုးပိတ်ဖြူ၊ တလူလူနှင့်၊ ပြည်သူအများ၊ ဆင်းရဲသားကို၊ သနားမဲ့သီး၊ ညှဉ်းဆဲပြီးမှ၊ ငြိုးကြီးငြိုးသို၊ လူကိုပင်သာ၊ မီးမှရှေ့ရည်၊ ထည့်တော့မည်ပင်၊ ထင်ထင်နှိပ်စက်၊ ကြံလေချက်ကို၊ ထိပ်ထက်ထားတင်၊ ကိုယ်တော်ရှင်ကို၊ အလျင်ကျွန်မ၊ လျှောက်ချင်လှ၏၊ ဒီပကျွန်းမှာ၊ စိုးမည့်လျာဝယ်၊ ဆီးလာအသင့်၊ ကြိုပါနှင့်လော့၊ စက်ပွင့်ကြိုင်မွှန်း၊ ခြေတော်ပန်းကို၊ လန်းလန်းထိပ်စ၊ မပန်ရသည်၊ ကြာလှပြီရှင်၊ ပူပင်စိုးနှောင့်၊ သည်ချက်ကြောင့်လည်း၊ မအောင့်စောင့်နိုင်၊ ဂလိုင်ဝမ်းမှာ၊ လှိုက်ကာကာနှင့်၊ လျင်စွာကျွန်မ၊ ဖူးချင်လှ၍၊ ရွှင်ပျရွှမ်းစို၊ မင်းပျိုပျိုငယ်၊ သည်ကိုသည်ကို၊ မိန့်သံချိုနှင့်၊ ခေါ်ဆိုသာပျော်၊ လက်တော်အသင့်၊ ရပ်ပါနှင့်လော့၊ ပျံ့လွင့်အူချာ၊ မယ့်ဗျာပါသည်။ ။ ဝမ်းမှာဝေဆူး − နောက်ကျိမူး


၁၁၇။ မြင့်ဖြူးအာကာ၊ မိုးကသာလျှင်၊ ဗျာပါခိုးမျှ၊ ယမ်းယော်ဆ၍၊ ကျွန်မလိုက်လှာ၊ ခု ရှာပါသည်၊ သည်မှာတည့်တည့်၊ မောင်ရှိ၏ဟု၊ ဖျော်ဖြည့်သံချို၊ မင်းပျိုပျိုငယ်၊ ဆီးကြိုအသင့်၊ မခေါ်နှင့်ပါ၊ ကျွန်မသာလျှင်၊ အူချာပြတ်မျှ၊ ရာ့ခုနှစ်ကွက်၊ စက်လက္ခဏာ၊ အစုံပါသည်၊ အင်္ဂါထင်ရှား၊ ဘဝါးတော်က၊ ရေတွက်ဆ၍၊ ယဉ်လှတင့်ဆုံး၊ သားလုံးပုဆစ်၊ ပြေပြစ်တင်ရင်၊ နောင်ပြင်ရှေ့မှာ၊ မျက်နှာလှကျော်၊ ဗောင်းတော်ညွန့်ရှည်၊ ရစ်လည်ခွေခေါက်၊ ထက်ဖျားရောက်အောင်၊ ထက်အောက်ဘွေရှာ၊ ကြည့်လေရာပင်၊ မြူလွှာဆံလောက်၊ ရိုင်းမျိုးပျောက်၍၊ မိုးမောက်အထု၊ ယဉ်မျိုးစုသည်၊ အနုစေသား၊ ပြိုင်ဘော်ရှား၏၊ သူများဗောင်းတတ်၊ သေသတ်ကျူးကျော်၊ ဗောင်းထုပ်တော်လည်း၊ အတော်မလွဲ၊ အမြဲကျမှ၊ ယဉ်ကျေးကြ၏၊ ကျွန်မထိပ်ဗွေ၊ ဘုန်းညွန့်ဝေမှာ၊ သေသေသတ်သတ်၊ တတ်လည်းတတ်၏၊ အမှတ်မဲ့သာ၊ လွယ်ကာပင်လိုက်၊ ဖြစ်ကြိုက်ဖြစ်စေ၊ အနေမတော်၊ ရွဲ့စောင်းသော်လည်း၊ ခေါင်းတော်ဗောင်းနှင့်၊ တင့်သည်ကျူးကျော်၊ မျက်နှာတော်မှာ၊ ပြိုင်ဘော်ရှိဘူး၊ ယဉ်မျိုးကြူး၏၊ ဘုန်းထူးသည့်ရှင်၊ မယ့်ထိပ်တင်ကို၊ ဖူးချင်ပြင်းစွာ၊ လိုက်ရှာပါရှင့်၊ အခါဆည်းဆာ၊ နေဖန်ဝါသည်။ ။ ဝင်ပါနှင့်ဦး − ရောင်ဖြာမြူး


၁၁၈။ ရောင်မြူးရွှေလှော်၊ နောင်တွင်းတော်က၊ ခေါ်တော်ရှိလျှင်၊ ကျွန်မဝင်သော်၊ သခင်ပလည်း၊ တင့်ရည်းသာဖျော်၊ ရှေ့တွင်းတော်က၊ မခေါ်ဘဲသာ၊ စင်လိုက်လှာ၍၊ ညခါချမ်းမြ၊ ထွက်ခဲ့ကြလျှင်၊ ယဉ်လှသည့်ရှင်၊ ထိပ်တင်ဘုန်းမောက်၊ အလျင်ရောက်သော်၊ အနောက်ဝေါယှဉ်၊ ယဉ်နိုင်မျှက၊ ဆီးနေကြကို၊ ခုမှထွေလာ၊ သည်တခါတွင်၊ စစ်တာတဲခန်း၊ သဘင်နန်းမှာ၊ ရှိပန်းတင်ရွက်၊ ဘယ်ကဆက်သည်၊ နတ်ထက်ရောင်ဆင်း၊ ဘယ်မင်းသည်းချာ၊ ရတနာကို၊ ညီလာဝန်းရံ၊ ဘယ်ပွဲခံ၍၊ ရွှင်စံပျော်မွေ့၊ မေ့လေသနည်း၊ အူသည်းကျွန်မ၊ ပြတ်လှုမျှပင်၊ ဝမ်းကချိဘူး၊ လှိုက်ကာဆူးခဲ့၊ စူးစူးလွှမ်းမြှော်၊ ကြည့်ပါသော်လည်း၊ ကိုယ်တော်ကိုထား၊ ရထား, မြင်း, ဆင်၊ အတင်တင်လျှင်၊ ပုံယင်များလှ၊ ရဲမက်မျှကို၊ အစအမွေ၊ ရှာဘွေမျက်စိ၊ မမြင်ရှိခဲ့၊ မငြိမတွယ်၊ ကောင်းကင်လယ်မှာ၊ ဘယ့်နှယ်ကျွန်မ၊ ပြုပါရမည်၊ ဒေဝထိပ်မိုး၊ အာကာစိုးသည်၊ တန်းခိုးကြီးစွာ၊ နတ်တကာကို၊ မယ့်ကိုစိုက်စိုက်၊ ပြပါလိုက်တော့၊ ချစ်ထိုက်ကြမ္မာ၊ ဆုံလှာငြားသင့်၊ သင်နှင့်လည်းကွာ၊ ထိပ်ချာမင်းပျို၊ သခင်ကိုလျှင်၊ ကြည်ညိုလွန်ကဲ၊ ဖူးရဘဲကို၊ ဘော်ကွဲကိုယ်ထီး၊ ကောင်းကင်ကြီးမှာ၊ သွယ်စီးမျက်ရည်၊ တကျည်ကျည်သည်။ ။ တလည်မူးမူး − ဝေးရပ်ကျူး


၁၁၉။ ဤသို့စသည်၊ ငိုမြည်ရှိက်မဲ့၊ ကုံသီဘွဲ့လျက်၊ ယဉ်နွဲ့မူရာ၊ လိုက်ရှာလေသော်၊ မဟာဥပရာဇာ၊ နန်းပွင့်လျာနှင့်၊ သူဇာမည်ခေါ်၊ မင်းရွှေလှော်တို့၊ ရှေးသော်အခါ၊ မဟာရဋ္ဌ၊ မြို့ပူရနှိုက်၊ နာမကျော်ညီ၊ မဟီပတိ၊ သိရိဝံသ၊ ထွတ်ရာဇာနှင့်၊ စန္ဒမုခါ၊ ဝံသာဒေဝီ၊ သညီထင်ရှား၊ မိဖုရားဟု၊ မြတ်ဖျားဇာတိ၊ ဖြစ်သည်ရှိသော်၊ ပီတိကြည်စိတ်၊ ကရဝိတ်တို့၊ ကျူးထိတ်တွန်ထူး၊ ဖို, မ မြူးလျက်၊ ပျံ့ပျူးပျော်ရာ၊ မ − ကိုခွာ၍၊ ကင်းကွာဝေးကြ၊ မဟုတ္တမျှ၊ မင်းလှနှစ်ဦး၊ ထားခဲ့ဘူးသား၊ အထူးဝိပါက်၊ အကျိုးစက်သည်၊ အဆက်ဖန်များ၊ ပေးသောအားဖြင့်၊ စစ်သွားလေရာ၊ တော်ကာရည်ဆောင်၊ တောင့်သို့ရှေ့တည်၊ ပြန်ပါသည်ကို၊ မှောက်လည်မျက်စိ၊ တုံ့မိပြန်မှား၊ မြောက်သို့သွား၍၊ တိုင်းကားပြည်ရွာ၊ ဘွေရှာမမြင်၊ ဖြစ်ခဲ့ကျင်သော်၊ သခင်သခင်၊ ခေါ်လျက်ပင်တည့်၊ ပူပင်လောင်ဆာ၊ ကြီးဗျာပါနှင့်၊ ကိုးရာမဲ့လျှင်း၊ ဖြစ်စဉ်တွင်းဝယ်၊ နေမင်းကလည်း၊ ချုပ်မိုက်မည်း၍၊ သည်းမျှပူပြင်း၊ မြေသို့ဆင်းသော်၊ ပျံ့ရွှင်းကြာမျိုး၊ မွမ်းပြည့်ဖြိုး၍၊ မူဆိုးဘမ်းရာ၊ သီတာဒက၊ မည်ရထင်ရှား၊ ရေကန်ပါးဝယ်၊ ထူးပြားဆန်းကြယ်၊ ဘုန်းတသွယ်ဖြင့်၊ ပျံ့ကြွယ်မွှေးစွာ၊ ပန်းတကာတို့၊ လွင့်လှာပေါင်းစု၊ တတောင်ထုထက်၊ နုနုရွရွ၊ အသာကျသည်။ ။ မှောင်ကမည်းမည်း − မိုက်မိုက်တည်း


၁၂၀။ မည်းမျှမိုက်မှောင်၊ မြောက်, တောင်မသိ၊ ဖြစ်သည်ရှိသော်၊ မချိဝမ်းမှာ၊ ဗျာပါထွေဆန်း၊ ကြောက်လှလွန်း၍၊ ကိုယ်မှန်းမသိ၊ သတိညွတ်ကာ၊ ညဉ့်လုံးကြာသည်၊ သောက်ဝါလင်းမှ၊ သတိရ၍၊ လျလျပါးပါး၊ လျော့ရေသားနှင့်၊ ထသွားကြည့်လျှင်၊ ကန်ကိုမြင်သော်၊ ရှိုက်ငင်သံချို၊ ပြင်းစွာငို၍၊ အိုကံအိုကံ၊ စီမံဘန်ဆင်း၊ ဖြစ်လေခြင်းလေ၊ လွန်မင်းကျူးမျှ၊ ဖြစ်ထူးလှစွ၊ ကျွန်မထိပ်တင်၊ သခင်ရှိရာ၊ တပ်တော်သာသို့၊ စိတ်မှာဆောက်တည်၊ စူးစူးရည်၍၊ လိုက်သည်ကိုသာ၊ ဘယ်ကြမ္မာနှင့်၊ မိစ္ဆာမူထား၊ ဘယ်နတ်များတို့၊ ဖီတားကန့်ကွက်၊ ဘယ့်နှယ်ဖျက်၍၊ နှစ်သက်စရာ၊ မရှိပါသည်၊ သည်မှာတောရပ်၊ လူမစပ်သို့၊ မအပ်မရာ၊ ရောက်လှာရမိ၊ ဖြစ်တတ်ဘိစွ၊ ဗောဓိတန်ဆောင်၊ ထွန်းရည်ဆောင်သည်၊ ခင့်မောင်ရှိရာ၊ တို့သည်မှာဟု၊ အာကာထွတ်ထား၊ ထက်ခေါင်ဖျားက၊ နတ်များလာတည့်၊ ပြပါလည့်လော့၊ မလှည့်မပျက်၊ မရှိဝှက်ဘဲ၊ စုံမက်ချစ်ကျွမ်း၊ မေတ္တာဝမ်းနှင့်၊ ပြန်လမ်းတည့်တည့်၊ ချပါလှည့်လော့၊ ပြန်မည့်ကြောင်းလမ်း၊ ရှာစမ်းမရ၊ ပြပါမည့်သူ၊ လူလည်းမထင်၊ ပူပင်လောင်သည်း၊မယ်လည်းသိဘဲ၊ ကြံခက်ခဲခဲ့၊ တောထဲကြီးမှာ၊ မယ့်ချည်းသာလျှင်၊ ကြံရာမဲ့လျှင်း၊ စိုးရိမ်ခြင်းသည်။ ။ လွန်မင်းကဲဆင့် − လောင်းသည်နှင့်


၁၂၁။ အကျင့်ဆိုးစွာ၊ ယုတ်မျာချော်ခက်၊ ပုဏ္ဏားပျက်ကြောင့် ရုတ်ရပ်ဆောမျှ၊ ပြေးရခဲ့လာ၊ တညဉ့်ကြာမှ၊ ဆာလည်းဆာမွတ်၊ ဖတ်ဖတ်မောလှ၊ မချိလှပြီ၊ ကျွန်မလဲပြို၊ မူးလှကိုလေ၊ ရွှန်းပျိုညွန့်သန်၊ နန်းပွင့်ရန်ငယ်၊ မန္တန်ထက်မျှ၊ အနဂ္ဃနှင့်၊ ဖွဖွလာတည့်၊ မန်းပါလှည့်လော့၊ ဖျော်ဖြည့်မရွှင်၊ ကြီးလွမ်းအင်ကြောင့်၊ မမြင်မြောက်, တောင်၊ မူးမှောင်ဝေလည်၊ မိုက်လှာသည်ကို၊ ဘုန်းခြည်တောက်ရွှန်း၊ မယ့်ထိပ်ပန်းနှယ်၊ တုကျွန်းဘက်ရှောင်၊ ဘုန်းတန်ဆောင်နှင့်၊ လင်းအောင်လာတည့်၊ ထွန်းပါလှည့်လော့၊ အပြည့်ကိုယ်လုံး၊ ပတ်ကုံးကုန်အောင်၊ လွမ်းမီးလောင်၍၊ ပြောင်ပြောင်ညီးလည်၊ ပူလှသည်ကို၊ ဘုန်းစည်တက်စ၊ မင်းပျိုလှငယ်၊ ဒေဝဂန္ဓာ၊ နတ်နံ့သာနှင့်၊ ထိပ်ချာတိတိ၊ သွန်းပါလှည့်လော့၊ မည်သည့်ပူမျိုး၊ လူ့မြေမိုးတွင်၊ တူရိုးမထင်၊ ကြီးလွမ်းအင်းနှင့်၊ ရပ်ခွင်မနီး၊ တယောက်ထီးသာ၊ မြှော်ရီး − မြှော်ယောင်၊ မြောက်, တောင်မသိ၊ အလွမ်းဖိ၍၊ ရိရိပါးမျှ၊ ကျွန်မ မတည်၊ သေတော့မည်ကို၊ ယဉ်သည်နဂိုရ်၊ မင်းပျို့ပျို့ငယ်၊ မယ့်ကိုလာတည့်၊ မြင်ပါလှည့်လော့၊ မူးပြည့် − မုတ္တာ၊ ရတနာသို့၊ လည်မှာရစ်ဆွဲ၊ ပိုက်ခါနွှဲ၍၊ ဆင်မြဲဖျော်ဖြည့်၊ ဆင်ပါလှည့်လော့၊ ရှုကြည့်မညောင်း၊ သက်ချင်းပေါင်း၍၊ ဆင့်လောင်းလွန်ကဲ၊ မရောင့်ရဲသည်၊ ကြင်မြဲတူရှည့်၊ ကြင့်ပါလှည့်လော့၊ ဖြေဖြည့်မသာ၊ မယ့်ဗျာပါသည်။ ။ နှိုင်းရာမိုးနှင့် − မြေအချင့်


၁၂၂။ သုံးဆင့်ဘုံသူ၊ နတ်နှင့်လူကို၊ ဆောင်ယူသာသာ၊ မဂ်စကြာနှင့်၊ မင်္ဂလာအောင်မျို့၊ နိဗ္ဗာန်မြို့သို့၊ စို့မည့်စိတ်သန်၊ ဆုကြီးပန်သည်၊ ပွင့်ရန်ရည်ထင်၊ မယ့်ထိပ်တင်ကို၊ သခင် သခင်၊ ထိပ်ထားတင်ဟု၊ လျှာခင်ပြတ်မျှ၊ ခေါ်ပါလှပြီ၊ ကျွန်မသခင်၊ ထိပ်ထားတင်ငယ်၊ ရှင်ရှင်လာတည့်၊ ထူးပါလှည့်လော့၊ ပွင့်မည့်အလျာ၊ နန်းငုံအာငယ်၊ သာယာဖျော်ဖြည့်၊ ပြုပါလှည့်လော့၊ ပတ်လှည့်ဇမ္ဗူ၊ စိုးမည့်သူရှင်၊ အလျင်များက၊ ကျွန်မဆိတ်စာ၊ မျက်ကွယ်ကွာက၊ ဖျာဖျာတက်မျှ၊ မရမက၊ ခေါ်နေကျကို၊ မင်းလှထိပ်ပန်း၊ ဘုန်းညွန့်လန်းငယ်၊ ရွှေခွန်းဟတည့်၊ ခေါ်ပါလှည့်လော့၊ ယဉ်သည့်ထိပ်ချာ၊ နန်းပွင့်လျာငယ်၊ ရှေ့မှာတည့်တည့်၊ ပေါ်ပါလှည့်လော့၊ ရွှေမည့်ပြောင်ပြောင်၊ ဂီရိတောင်သို့၊ ထက်ခေါင်အာကာ၊ သွားစရာကို၊ လမ်းသာထင်ပေါ်၊ မြင်ငြားသော်လည်း၊ ရွှင်ပျော်ဝမ်းမှာ၊ တဆိတ်စာမျှ၊ သာယာပါဘူး၊ စိတ်သာဆူးရှင့်၊ ထွေထူးဖြီးပုံ၊ ယဉ်မျိုးကုံသည်၊ လှုံသည့်ထိပ်ချာ၊ ရှိလေရာသို့၊ ရည်ကာစိတ်စွဲ၊ လိုက်ရဘဲလျှင်၊ ခွာရှဲတပါး၊ ရပ်တခြားသို့၊ သွားရသည်ထက်၊ ဆက်ဆက်လျင်တောင်း၊ သေသော်ကောင်း၏၊ လျင်ကြောင်းမယ့်ကို၊ သေလိုဘဲသာ၊ ထပ်လောင်းကာသည်။ ။ ဗျာပါသာနှင့် − ကာလမြင့်


၁၂၃။ ချီးပင့်ပြီဘူး၊ ညံ့နူးစိတ်လျော့၊ သေပါတော့ဟု၊ ပျော့ပျော့ညွတ်ခွေ၊ သေအောင်နေလည်း၊ မသေမရှင်၊ ပူပင်ဆန်းသာ၊ ဝမ်းမှာပူကြီး၊ ဝီစိမီးသို့၊ ညီးညီးထိန်ဝေ၊ လောင်၍နေခဲ့၊ ဝိုက်မွေလည်လျက်၊ လွမ်းလှိုက်ပွက်ကို၊ ဖျောက်ဖျက်ဆင်ခြင်၊ ဖြေပါလျှင်လည်း၊ ပုံယင်ထွေထွေ၊ လွမ်းလေလေကို၊ ဖျော်ဖြေသည်ထက်၊ စုံမက်ဆွတ်လွတ်၊ စိတ်ကိုလွှတ်၍၊ ရေရွတ်စုံပေါင်း၊ လွမ်းသော်ကောင်း၏၊ သမ်းပျောင်းမချိ၊ မယ့်မျက်စိကို၊ ညှိုးရိပူပင်၊ မှိတ်လေလျှင်လည်း၊ ထိပ်တင်လှလှ၊ ယဉ်နိုင်မျှမှာ၊ စိတ်ကလေးမြတ်၊ ကြိုက်စမှတ်သည်၊ ကွက်ကပ်ညိုရွှဲ၊ ဝတ်လဲရွှေဝါ၊ မှိုင်းပြာပြာနှင့်၊ ကူဟာထွန်းကျော်၊ ဗောင်းတော်ပါးလှပ်၊ ငွေချည်ကွပ်သည်၊ လျှပ်လျှပ်ထင်ပေါ်၊ ရောင်တော်ညွန့်ရွှန်း၊ ဗောင်းဝန်းခက်ဝေ၊ ညွန့်ဝိုက်ခွေနှင့်၊ တင့်နေယဉ်နွဲ့၊ မှတ်မှဲ့ဆင်မှတ်၊ ဖြူဆွတ်နားဝယ်၊ ဆင်စွယ်က ထူး၊ ထန်းဖူးနုရွ၊ ပင်ထဲရကို၊ ညီလှချောပြေ၊ မယ့်လက်ရွှေနှင့်၊ သပြေညွန့်လမ်း၊ ပရိတ်ပန်းလည်း၊ နီမြန်းပန်းရည်၊ မယ် စည်းသည်ကို၊ တင့်ရည်လွန်ကဲ၊ ပန်းစမြဲနှင့်၊ စိန်ရွဲနှိုင်းလျော်၊ မျက်လုံးတော်ကို၊ ပြိုင်ဘော်မရှည့်၊ ချာချာလှည့်၍၊ ကြည့်သည့်ရုပ်သွင်၊ အတိုင်းပင်လျှင်၊ ထင်၍ကျွန်မ၊ ရှု တ သမ်းညှိုး၊ ပြေစနိုး၏၊ ပွင့်ရိုးနန်းလျာ၊ ငုံရင့်မာသာ၊ ထိပ်ချာထိပ်စွန်း၊ မယ့်ထိပ်ပန်းသည်။ ။ ဘုန်းရွှန်းဝေတင့် − ဖြာဖြာဆင့်


၁၂၄။ ယင်းသို့စသည်၊ ထူးလည်များစွာ၊ ကြောင်းခြာရှိမဲ့၊ ဘွဲ့နွဲ့ချီးကောက်၊ ငိုပြီးနောက်မှ၊ တယောက်တည်းသာ၊ ငါသည်သည့်နှယ်၊ ပြိုက်သွယ်ရွှမ်းစို၊ ငိုသာငို၍၊ ကိုယ်ကိုမညှာ၊ မတာနောင်ကြွင်း၊ ပစ်စွန့်ခြင်းသည်၊ အလျှင်းမြူလောက်၊ ကျိုးမရောက်လှည့်၊ သို့ဖြစ်သည့်ကြောင့်၊ ဖြေဖြည့်ထူထောင်၊ နန်းရွှေတောင်သို့၊ ရောက်အောင်လျင်လျား၊ ပုံချေသွား၍၊ မြင့်ဖျားဟေမာ၊ ရောက်သောခါမှ၊ အချာထွတ်တင်၊ ဘ − နတ်ရှင်နှင့်၊ မရှင်ဘုရား၊ မင်းနှစ်ပါးကို၊ သာဖြားကျိုးနွံ၊ သနားခံ၍၊ ခြွေရံအုပ်တွေ၊ မျိုးဆွေဝန်းရံ၊ သားချင်းပုံနှင့်၊ နန်းငုံပွင့်ဆက်၊ မယ့်ထိပ်ရွက်သည်၊ မယ့်သက်သခင်၊ ထိပ်တင်ထိပ်ချာ၊ စံနေရာသို့၊ ရှည်ကြာမညောင်း၊ လာသော်ကောင်း၏၊ အကြောင်းဧကန်၊ သို့ကားမှန်ပြီ၊ ဘုန်းဝှန်သည့်ရှင်၊ မယ့်သခင်သည်၊ စစ်ခွင်ရပ်က၊ ပြန်ကြွခဲ့၍၊ ကျွန်မအလျင်၊ ရောက်ဦးလျှင်မူ၊ သေရှင်မညှာ၊ မယ့်ကိုသာလျှင်၊ လိုက်လာချိမ့်မည်၊ သို့ဖြစ်သည်ကို၊ ဆောက်တည်အောက်မေ့၊ ရှင်ရသေ့ကို၊ ဝင်၍စေ့ရေ၊ မှာသင့်ချေ၏၊ မှတ်နေဝမ်းက၊ ကြံတွက်ဆ၍၊ ပပချပ်ချပ်၊ လှပ်လှပ်လွှာလွှာ၊ ဆာဆာလှိုက်လှိုက်၊ ရှိုက်ရှိုက်ယဲ့ယဲ့၊ လုတ်လဲ့လဲ့နှင့်၊ ကနွဲ့ − ကနောင်း၊ ရသေ့ကျောင်းသို့၊ သမ်းပျောင်းမူးဝေ၊ ကြွဝင်လေသည်။ ။ ညွတ်ခွေတိမ်းပါး − တိမ်းပိုးတည်း။


၁၂၅။ သုဒ္ဓါစာရ၊ တွင်မည်ရသည်၊ သီလချမ်းမြေ့၊ ရှင်ရသေ့လည်း၊ ဆီး၍လွယ်ကူ၊ မေးတော်မူ၏၊ မူရူဆင်းဝါ၊ ထူးမြတ်စွာသည်၊ မျက်နှာနွမ်းလျ၊ တကာမ။ ။ တောင့်တပူဆာ၊ ဘယ်ရေးရာကြောင့်၊ များစွာတန်တန်၊ ဘေးရန်ထူထပ်၊ သည်တောရပ်သို့၊ မအပ်မရာ၊ ရောက်လှာသနည်း၊ တင့်ရည်းရောင်လှ၊ တကာမသည်၊ ဒေဝထိပ်နင်း၊ ဘယ်နတ်မင်း၏၊ ရင်တွင်းသည်းချာ၊ ဖြစ်ရှာသနည်း၊ သိမ်းဆည်းခြားမိုး၊ ခြောက်ဘုံစိုးသည်၊ တန်းခိုးထန်ပြင်း၊ မာရ်နတ်မင်း၏၊ ရင်တွင်းသည်းကြား၊ ပေတို့လားဟု၊ ကြောင်းလျားသိလို၊ မေးမြူဆိုသော်၊ ငယ်ပျိုဆင်းဝါ၊ လျှောက်သည်မှာကား၊ ကျင့်အာစာရ၊ သိမ်မွေ့လှသည်၊ သီလသန့်စင်၊ ခင်ကြီးရှင်။ ။ ကြောင်းအင်မူလ၊ ကျွန်တော်မသည်၊ တေဇထန်ပြင်း၊ မာရ်နတ်မင်းဩ၊ ရင်တွင်းသမီး၊ အနီးမျိုးဆွေ၊ မဟုတ်ပေဘူး၊ ရွှေမြေဇာတိ၊ ပြောင်ထွန်းညိသည်၊ ဂိရိဟေမာ၊ တောင်ထိပ်ချာဝယ်၊ အာဏာမီးရှိန်၊ ညီးညီးထိန်သည်၊ ဒေဝိန္ဒရာဇ်၊ နတ်မင်းစစ်၏၊ ခုနှစ်ယောက်စင်၊ သမီးတွင်နှိုက်၊ နှောင်းမြင်ငယ်ပျို၊ သူဇာဆိုသည်၊ မယ့်ကိုဖက်က၊ သိပါကြ၏၊ သာလှထူးထွေ၊ ထိုရေကန်တွင်၊ ပျော်ကြရွှင်သော်၊ တောခွင်လှည့်လည်၊ မူဆိုးသည်လျှင်၊ ဘုန်းစည်မနီး၊ ခင်ကြီးစကား၊ ကြားလျှင်လျင်ပြင်း၊ နတ်ကြော့ကွင်းနှင့်၊ ကြော့လျှင်းမိထေ၊ လူ့မြေရှေ့းရှု၊ ဆောင်ယူလေသည်။ ။ ဟိုလူကျွန်မ − ပင်ကိုတည်း


၁၂၆။ သို့လျှင်ဇေယျ၊ ပြည်ပူရကို၊ စိုးရထွတ်ထား၊ မင်း − စစ်သားနှင့်၊ ထိမ်းမြားရာတွင်၊ သားလည်းမြင်၍၊ ကြာတင်မှသာ၊ ယုတ်မာပုဏ္ဏား၊ တရားမသင့်၊ ဆင်သဖြင့်လျှင်၊ ရာမင်းထွတ်ထား၊ ဘ − မင်းဖျားက၊ တရားစီရင်၊ မယ့်သခင်ကို၊ သာရွှင်ဝမ်းသာ၊ အပ်လှည့်ရာတွင်၊ ထိုမှာပုဏ္ဏား၊ ငြိုထားဘိ၍၊ အိမ်ရှေ့ဘုရား၊ စစ်သွားသည်နောက်၊ ရွှေမှောက်အိပ်မက်၊ ပွားတက်စည်ကြောင်း၊ ကောင်းပေတောင်းကို၊ မကောင်းဆို၍၊ လူကိုမချစ်၊ ယဇ်ပူဇော်ရာ၊ ပါစေတော့မည်၊ ယူလှာသည်ကြောင့်၊ လွှဲဖည်ရှောင်ခွာ၊ ရှစ်သောင်းချာကို၊ ပန်ထွာခဲ့၍၊ အိမ်ရှေ့သခင်၊ ထိပ်တင်ရှိရာ၊ လိုက်ချေပါသည်၊ မျက်စိလည်၍၊ နေခြည်ပျောက်စ၊ မနေ့ကပင်၊ ကြမ္မအလျောက်၊ သည်သို့ရောက်၏၊ မိုးသောက်လင်းဝါ၊ ယခုမှာကား၊ ထိပ်ချာနေမှန်း၊ စစ်ရခန်းကို၊ ပြညွှန်းမည့်သူ၊ ဘယ်သူဘယ်ဝါ၊ မရှိပါခဲ့၊ ဟေမာဂိရိ၊ တောင်ဇာတိသို့၊ ပျင်းရိနိုင်မျှ၊ သွားရတော့မည်၊ မိပြည် − ဘရွာ၊ လွယ်ကာမငြို၊ ရောက်မည်ကိုဟု၊ ကြည်ညိုဝမ်းက၊ ဆိတ်စာမျှပင်၊ အားရပါဘူး၊ စူးစူးဖြောင့်သား၊ သည်စကားသည်၊ မမှားဧကန်၊ မှန်ပါတော့သည်၊ သွေဖည် မလွဲ၊ မှန်ဘဲ ကျွန်မ၊ ဆိုချေကမူ၊ ခဏမနေ၊ ခုပင်သေ၍၊ တွက်ရေ မသာ၊ ကမ္ဘာဘာတိ၊ အဝီစိမှာ၊ မချိပြင်းပြ၊ ခံရစေသား၊ ပြက်စကားကို။ ။ လားလားကျွန်မ − မဆိုတည်း


၁၂၇။ ကျွန်မသစ္စာ၊ မှန်ကန်ပါလျက်၊ မကွာတူကွ၊ ထိပ်တင်လှနှင့်၊ ဖူးရစေသား၊ စိတ်ထားဝမ်းတွင်း၊ မယ့်ဖြစ်ခြင်းကို၊ ထိပ်နင်းသည့်ရှင်၊ သခင်စေ့ရ၊ မသိလေ၍၊ မိမြေ − ဘရွာ၊ ရည်ကာရည်ကာ၊ ဝမ်းသာနှစ်သက်၊ သွားလေရက်ဟု၊ မှတ်မြွက်တွေးဆို၊ လိမ့်မည်ကိုလျှင်၊ သမ်းငြိုကြောင့်ကြ၊ စိုးရိမ်လှ၏၊ ကျွန်မထိပ်တင်၊ စစ်ရပ်ခွင်က၊ ဖူးချင်ပြင်းစွာ၊ ပြန်ခဲ့လှာ၍၊ အိမ်မှာရောက်က၊ ကျွန်မမရှိ၊ ကြောင်းကိုသိလျှင်၊ မငြိမကွက်၊ ကိုယ်နှင့်သက်ကို၊ ရေတွက်မညှာ၊ မယ့်ကိုသာလျှင်၊ လိုက်လှာမည်ပင်၊ ကျွန်မထင်၍၊ လိုက်လျှင်ကြောင်းလမ်း၊ စုံစမ်းနားထောက်၊ ကျောင်းသို့ရောက်သော်၊ ခွေခေါက်နွမ်းရစ်၊ ကျွန်မဖြစ်ကို၊ ရှစ်ချစ်စေ့ရှာ၊ လျှောက်ပါဘိရှင်၊ သို့ပြီးလျှင်မူ၊ ရွှေစင်ဝင်းပြောင်၊ ဂိရိတောင်မှာ၊ ကြာအောင်နေဘူး၊ မကျူးရက်လ၊ ပြန်လာမည်ပ၊ တကာ့ကြင်ရာ၊ လျှောက်ခဲ့မှာ၏၊ ဟေမာတောထဲ၊ ခရီးခဲဝယ်၊ သားရဲယက္ခ၊ များလှဘေးရန်၊ ရှောင်ကျွန်မစိုး၊ အရဲကိုး၍၊ အားကြိုးပြင်းထွေ၊ မလိုက်လေနှင့်၊ နေတော့မင်းပျို၊ သင့်ဘူးဆို၍၊ သံချိုသာဖြူး၊ တားနှင့်ဦးလော့၊ ငုံဖူးနန်းလျာ၊ မယ့်ထိပ်ချာကို၊ တားပါလျက်ပင်၊ မနိုင်လျှင်ကား၊ ရောင်ထင်ဝင်းဝါ၊ ထိန်လင်းဖြာသည်၊ စိန္တာမဏိ၊ အတိဝစရာ၊ မည်သာကျော်ချီး၊ သည်ပုတီးကို၊ ခင်ကြီးရှင်ပင်၊ အပ်စေချင်သည်။ ။ ကြည်လင်ကြည်ညွတ် ကြည်ညိုတည်း


၁၂၈။ ဒိဗ္ဗောသဓ၊ မည်ရတွင်ဆို၊ သည်ဆေးကိုလည်း၊ ကြည်ညိုသာပျော်၊ အပ်တော်မူပါ၊ ခရီမှာကား၊ သီတာဇလ၊ သည်ကဖြောင့်သား၊ မြောက်သို့သွားသော်၊ ရှည်လျားယူဇနာ၊ ခြောက်ဆယ်မှာနှိုက်၊ တေဇာပြင်းထန်၊ ဝေဿဝဏ်ဟု၊ ကျော်ဝှန်နီးဝေး၊ နတ်မင်းပေးသည်၊ ကြိုင်မွှေးပျပျ၊ သာလပဏ္ဏိ၊ မည်ရှိတွင်ခြင်း၊ အင်ကြင်းပင်စည်၊ ရှည်သည်အလယ်၊ အံဘွယ်များစွား၊ အဉ္ဇနာဂိရိ၊ မည်ရှိညိုရောင်၊ မျက်စဉ်းတောင်ကို၊ သိမ်းဆောင်ပိုင်သ၊ အစိုးရသည်၊ လက္ခလယက္ခ၊ မည်ရစိတ်သွမ်း၊ ဘီလူးကြမ်းသည်၊ လမ်းကိုဖြတ်နေ၊ ဆီးနှင့်ချေ၏၊ ဘုန်းဝေသည့်ရှင်၊ သင့်ကိုမြင်လျှင်၊ ပျံ့ရွှင်လှိုင်ဧ၊ သည်နတ်ဆေားကို၊ ချိပ်သွေားနှိုင်းလျော်၊ ခြေတော်နုထွား၊ လက်တော်ဖျားမှာ၊ ကြိုင်ရှားပျံ့ငြိမ်း၊ ဆိတ်စာလိမ်းလျက်၊ ချောက်ခြိမ်းထန်ပြင်း၊ သင့်ကိုခွင်း၍၊ ဖြောင့်စင်းမြောက်ဆီ၊ ကြွခဲ့ချီဟု၊ ပီပီသသ၊ ပွက်ဟလျှောက်ပါ၊ သည်ကခွာ၍၊ ယူဇနာဝေးကျယ်၊ ခြောက်ဆယ်များပင်၊ ရောက်ပြန်လျှင်လည်း၊ ဆူးရှင်နီမောင်း၊ ကြေးရေချောင်းမှာ၊ မိကျောင်းပြိတ္တာ၊ သင့်ကြမ္မာဖြင့်၊ ပူဇာရှိန်ငွေ့၊ တနေ့တခါ၊ ပေါ်လှာမကင်း၊ တန်တားခင်းသို့၊ စင်းစင်လျားရှည်၊ ခံရသည်ကို၊ ဘုန်းစည်ညွန့်လန်း၊ ဝေဆာရွှန်းသည်၊ ရွှေနန်းပွင့်လျာ၊ တွေ့သောခါဝယ်၊ ခြေမှာကြိုင်မြူး၊ နတ်ဆေးလူး၍၊ ကူးတော့လျှောက်ပါ၊ သို့မှာသည်ချက်၊ မယ့်နှုတ်ထွက်ကို၊ ကျင့်ခက်သိမ်မွေ့၊ ရှင်ရသေ့သည်။ ။ မမေ့ပါနှင့်မြဲသို့တည်း


၁၂၉။ သည်ကတဖန်၊ ကြွသွားပြန်လျှင်၊ ဝေးဟန်ဓွန့်တာ၊ ယူဇနာခြောက်ဆယ်၊ ရှေ့နယ်တမျှ၊ ရောက်လေကလျှင်၊ ဝေတ္တဝန၊ မည်ရထင်ရှား၊ ဆူးစေသားသား၊ ဓားမျှ မက၊ ထက်လှထူပြော၊ ကြိမ်ပိုက်တောသည်၊ ကြောက်မောချင်ဘွယ်၊ မျက်နွယ်ထပ်ပြီး၊ လမ်းကိုဆီးချည့်၊ ပျစ်ကြီးထူထပ်၊ ထိုတောရပ်သို့၊ ချဉ်းကပ်အလျင်၊ မရောက်ခင်ဝယ်၊ များဖြင်ကြာမျိုး၊ လှိုင်ဖြိုးတင့်ဆုံး၊ ရေပေါ်ဖုံးလျက်၊ ပတ်ကုံးဝန်းရံ၊ ငှက်ပျောကြံဘိ၊ ကုံထံများဘိ၊ တိုင်းမသိသည်၊ မည်ရှိစူဠ၊ ဆဒ္ဒန္တဟု၊ သာလှပျော်ဘွယ်၊ ထိုအိုင်လယ်နှိုက်၊ တောင်နှယ်ကြီးတောင်း၊ အလောင်းအလျာ၊ မြဲစွာကျင့်မှန်၊ ဆဒ္ဒန်မျိုးစစ်၊ ဖြစ်သည့်ဆင်မင်း၊ တစီးချင်းသာ၊ မကင်းမကွေ၊ ပျော်ပါးနေ၏၊ ရဲထွေတုလွတ်၊ ဆိုဆင်မြတ်ကို၊ တောင်ထွတ်ဟေမာ၊ ဂိရိချာသို့၊ ပို့ပါဆိုလျှင်၊ ကျောက်ထက်တင်၍၊ သာရွှင်နှစ်လို့၊ ပို့ပါလိမ့်မည်၊ ယင်းသည်ကသာ၊ ထိပ်ချာနွဲ့ပျို၊ မယ့်ကိုဖူးခွင့်၊ မမြင့်မရှည်၊ လွယ်တော့မည်ဟု၊ နားလည်သာလှ၊ အချက်ကျအောင်၊ သီလသခင်၊ လျှောက်ပါရှင်ဟု၊ ဦးတင်ပန်ထွာ၊ မှာထားရှာသော်၊ အရိယာဘုန်းဟေ့၊ ရှင်ရသေ့သည်၊ ချမ်းမြေ့မေတ္တာ၊ စေတနာနှင့်၊ တကာတော်မ၊ မကြောင့်ကြနှင့်၊ တကာမ ကြင်ဘော်၊ မောင်တော်ဒါယကာ၊ လာရောက်ပါလျှင်၊ ဝါဝါညီးညီး၊ ပုတီးနှင့်ဆေး၊ ကိုလည်းပေး၍၊ ငြိမ့်လေးရောင်မြေ့၊ မှာသရွေ့ကို။ ။ စေ့စေ့ပြောမည် သံချိုတည်း


၁၃၀။ သဘောဖြောင့်သား၊ တရားကိုသာ၊ ဒါယိကာမ၊ နေကျမှတ်သား၊ နှလုံးထားလော့၊ တပါးတပို၊ ကွဲပြိုတတ်သော၊ သဘောမည်သည်၊ အတည်မမြဲ၊ ပြိုကွဲသည်သာ၊ ဖြစ်တတ်စွာ၏၊ ထွေလာဘောက်ယွင်း၊ ကွေကွဲခြင်းလည်း၊ ကွေကွင်းတတ်စွ၊ မြဲနေကြသည်၊ ဒုက္ခအဘို့၊ ဤသို့မလွဲ၊ ပြိုကွဲကွေကွင်း၊ ကွာရှဲခြင်းကား၊ စင်းလျင်းမှန်လှ၊ တကာမချည်း၊ တယောက်တည်းမှာ၊ မဟုတ်ပါသည်၊ သင်္ချာမဟဲ့၊ တိုင်းမဲ့များစွာ၊ စက္ကဝါနှိုက်၊ ရောရာမရ၊ တည်ကုန်ကြသည်၊ များလှသတ္တဝါ၊ ခပ်သိမ်းမှာပင်၊ ကွေကွာပြိုကွဲ၊ ကြရမြဲတည့်၊ နက်နဲပညာ၊ ဒါယိကာတော်မ၊ သတိရလော့၊ သဗ္ဗသတ္တာ၊ သတ္တဝါတို့၊ ဝေါဟာတွင်မည်၊ ဤသို့သည်ကား၊ မကြည်ချစ်ရာ၊ ရွံဘွယ်သာတည့်၊ ကေသာဆံ၊ အမွေးစသည်၊ ဒေါသပြဲ့ပြဲ့၊ သုံးဆယ့်နှစ်ပါး၊ ခြင်းရအားဖြင့်၊ ဖြစ်သားယုတ်မာ၊ တည်ရာသာတိ၊ ရွံရှာတလ္လ၊ ကိုးဒွါရမှ၊ ကျသည်သွယ်သွယ်၊ စက်ဆုပ်ဘွယ်သည်။ ။ ပုပ်ကြွယ်နံ့လှောင်းထွက်ယိုတည်း


၁၃၁။ ထို့ကြောင့်မှန်စွာ၊ ဒါယိကာမ၊ လှရောင်မြိုက်၏၊ ကိုယ်နှိုက်လည်းကောင်း၊ နန်းလောင်းပွင့်လျာ၊ ဒါယကာ၏၊ ခန္ဓာအမှိုက်၊ ကိုယ်နှိုက်လည်းကောင်း၊ နှစ်ထောင်းသာယာ၊ မတပ်ရာတည့်၊ ကြောင်းခြာဟုတ်လှ၊ အနိစ္စသာ၊ မှတ်ရှုရာ၏၊ မြဲစွာနေကြ၊ နိစ္စကိုကား၊ မမှတ်သားလင့်၊ မမှန်းမှန်လှ၊ အနတ္တာသာ၊ မှတ်ရှုရာ၏၊ မြဲစွာနေကြ၊ အတ္တကိုကား၊ မမှတ်သားလင့်၊ တရားဟုတ်ကြ၊ အသုဘသာ၊ မှတ်အပ်ရာ၏၊ ကောင်းစွာယူဆ၊ သုဘဟူ၍၊ မအောက်မေ့လင့်၊ ချမ်းမြေ့သာကြည်၊ ကြာရှည်မြင့်ကျူး၊ မစွန့်ဘူးဟု၊ စူးစူးသေချာ၊ မှတ်ရှုရာ၏၊ မြဲစွာခိုင်ကျည်၊ အရှည်စွမ်းမည်၊ မမှတ်တည်လင့်၊ သွေးပြည်ရွံဘွယ်၊ ကိုယ်တွင်းဝယ်နှိုက်၊ အူသွယ် − အူမ၊ စသည်တို့လျှင်၊ အပပြင်နှိုက်၊ အထင်အရှား၊ ဖြစ်ဘိငြားအံ့၊ ချီစားအံ့ငှာ၊ လာသည်သောင်းသဲ၊ စွန်ရဲကစ၊ ကျီး, လင်းတကို၊ ဆီးဆချောက်လင့်၊ လှံကန်ဖြင့်လည်း၊ ပြေးလွင့်စိမ့်ခွါ၊ မနိုင်ရာတိ၊ မှန်စွာစင်စစ်၊ ထိုသို့ဖြစ်၍၊ မနှစ်သက်ရာ၊ ကိုယ်ခန္ဓာကို၊ ရွံရှာထိတ်လှ၊ သံဝေရလော့၊ ဘဝများစွာ၊ အခါရှည်လျား၊ ကျိုးစီးပွားကို။ ။ မှတ်သားဝမ်းဝယ် ပိုက်မျိုတည်း


၁၃၂။ ဤသို့ဘုန်းဟေ့၊ ရသေ့သူတော်၊ ဟောပါသော်လည်း၊ ရွှေလှော်ဆင်းဝါ၊ မင်းသူဇာမှာ၊ အူချာလှိုက်လဲ၊ လွမ်းဆွတ်မြဲဖြင့်၊ ငိုရွဲမျက်ရည်၊ လျောက်သည်မှာကား၊ ရှင်ဘုရား။ ။ ဟောကြားမြွက်ဖော်၊ တရားတော်ကို၊ ထင်ပေါ်သိသာ၊ နားဝင်ပါ၏၊ ခြင်းရာထွေငေါ်၊ သို့သိသော်လည်း၊ ကျွန်တော်မမှာ၊ လွမ်းစရာသည်၊ ထိပ်ချာထားတင်၊ သခင် − တကဘက်၊ အသက်ပမာ၊ သားမှာ − တသွယ်၊ ဝမ်းဝယ်ရစ်ခွေ၊ ခဲတွေအပြည့်၊ ရှိခဲ့သည်ကြောင့်၊ ဖြေဖြည့်ဖျော်ပြိုင်၊ မတတ်နိုင်ပါ၊ စေ့ရှာခြင်းတ၊ မှာသမျှကို၊ ကျွန်မသခင်၊ လာရောက်လျှင်သာ၊ မြတ်စွာဘုန်းဟေ့၊ မမေ့မလျော့၊ လျှောက်ပါတော့ဟု၊ ပျောင်းပျော့သာချို၊ မှာခဲ့ဆို၍၊ ရှိုက်ငိုယိုလျက်၊ ကျောင်းကထွက်၍၊ ချမ်းမြေ့ကြည်မော၊ သီတောဒက၊ ရေကန်စသို့၊ ကြွတော်မူပြီး၊ ရောင်ညီးထွန်းပေါ်၊ သိုရင်းတော်ဝယ်။ သင့်လျော်ဆန်းကြယ်၊ ကပ်ချယ်လှယ်သည်၊ ရောင်သွယ်ကျူးကျော်၊ ဝေရော်စန၊ မည်ရ − ရတနာ၊ ရောင်ပြားလွှာကို၊ ခွာတော်မူမှ၊ ကျွန်မလျှောက်သည်၊ ဘုန်းစည်ထိပ်ချာ၊ ကြွလိုက်လှာလျှင်၊ ကျောင်းမှာဝင်၍၊ စေ့စေ့ရှာရှာ၊ မယ့်ခြင်းရာကို၊ မေးပါမင်းငယ်၊ ထိပ်ပန်းနှယ်ဟု၊ နှိုင်းဆွယ်မမှီ၊ ဝဇီရသာရ၊ နာမထင်ပေါ်၊ လက်စွပ်ကျော်နှင့်၊ လက်တော်နုအူ၊ ရေးတော်မူ၍၊ မဉ္ဇူသက၊ ပင်ရုက္ခနှိုက်၊ ပြပြထင်ရှား၊ တပ်ခဲ့ထားသည်။ ။ တိမ်းပါးယိမ်းနွဲ့ လဲပြိုတည်း


၁၃၃။ သို့မှမကြာ၊ ဟေမာမည်မှန်း၊ ဝိရိနန်းသို့၊ ဖြောင့်တန်းရည်ရော်၊ စူးစူးမြှော်၍၊ တိမ်ပေါမိုးဝ၊ ပျံလေကြွသော်၊ ရူတဆိုမြည်၊ ငိုချင်းသည်ကား၊ ဖြီးစည်ပြောထူ၊ ဆင်ရဲလူကို၊ ကြည်ဖြူသနား၊ စောင့်ပါငြာလည်း၊ သိကြား, ဗြဟ္မာ၊ နတ်တကာကို၊ တ ဆို စေ့ရေ၊ အူသည်းကြွေမျှ၊ မသေ − မရှင်၊ ပူပင်သည်သား၊ မယ့်ဖြစ်လားကို၊ ထိပ်ထားရှိရာ၊ လျှောက်ချေပါလော့၊ ဗျာပါခွေရစ်၊ ကျွန်မဖြစ်ကို၊ ဧကရာဇ်အလျာ၊ မယ့်ထိပ်ချာသည်၊ ဝမ်းမှာပြတ်ပြတ်၊ မသိတတ်၍၊ လှည့်ပတ်မာယာ၊ စစ်မြေတာသို့၊ လိုက်လှာယောင်နှင့်၊ ထွတ်မြင့်ဟေမာ၊ ဂိရိချာသို့၊ လွယ်ကာရှေ့ရည်၊ သွာလေသည်ဟု၊ မှတ်တည်စိတ်ထဲ၊ ယူတော်စွဲ၍၊ ကျော်သဲကြေညာ၊ မယ့်ထိပ်ချာသည်၊ မယ့်မျာမကြည်၊ မုန်းခဲ့မည်ကို၊ ကြံစည်ကျွန်မ၊ စိုးရိမ်လှ၏၊ တက်စနေ့နှယ်၊ ဘုန်းညွန့်သွယ်သည်၊ တကယ်မယ့်မှာ၊ အမုန်းပါ၍၊ အောင်ချာမည်ဟူ၊ ကျွန်းဇမ္ဗူတွင်၊ ရိပ်ဖြူထီးဆောင်း၊ အပေါင်းများစွာ၊ မင်းတကာတို့၊ သည်းချာရင်တွင်း၊ လှရောင်ဆင်းနှင့်၊ မကင်းသာရွှင်၊ သဘင်ညီလာ၊ ခံ၍သာလျှင်၊ မယ့်မှာချစ်နံ့၊ မပျံ့ပန်းနှယ်၊ ပြယ်လိမ့်မည်သား၊ ပျံ့ရှားနံ့သာ၊ နတ်မာလာလည်း၊ နှိုင်းရာမမျှ၊ ဘက် မရသည်၊ မွှေးပျံ့ကြိုင်ဆုံး၊ မယ့်ပန်းကုံးကို၊ ပင်ရုံးဆံဖျား၊ ထိပ်ခေါင်ထား၍၊ သူများပျံ့ကြည်၊ ပန်လိမ့်မည်ကို၊ ကြံစည်စိတ်က၊ စိုးရိမ်လှသည်။ ။ ကျွန်မကိုယ်တွင်း − ပူလောင်ပြင်း


၁၃၄။ ထွန်းဝင်းလျှံပြောင်၊ ဉာဏ်တန်ဆောင်ကို၊ သုံးဘောင်ရပ်ခန်း၊ လင်းအောင်ထွန်းမည်၊ လုံးပန်းရည်ချူ၊ ဆုကြီးယူသည်၊ ဘုန်းဘူသည့်ရှင်၊ မယ့်သခင်ကို၊ မကြင်ထဲပိုက်၊ မကြိုက်၍မျှ၊ မနေရအောင်၊ လုံ့လထွေထွေ၊ ရှာဘွေကောက်ကျစ်၊ မျက်ချစ်ဆေးဝါး၊ ပြုလှည့်ငြားလည်း၊ စီးပွားမထင်၊ ပန်းပင်ရိရှား၊ ထိုသူများကို၊ ထိပ်ထားပွင့်လျာ၊ မယ့်ထိပ်ချာသည်၊ မေတ္တာဝေးလွန်၊ မုန်းသာဝှန်၍၊ မုန်းပြန်ပါစေ၊ ထိပ်ဗွေထားတင်၊ မယ့်သခင်ဟု၊ မြဲပင်ဆောက်တည်၊ မှတ်ပါသည်ကို၊ ထွေလည်ယွင်းခွ၊ ဆိုးကြမ္မကြောင့်၊ သူမျာ့းသခင်၊ သူ့အရှင်စစ်၊ ဖြစ်ခဲ့နိုး၍၊ သမ်းညှိုးလွန်ကဲ၊ မယ့် ဝမ်းထဲမှာ၊ ဝဲသို့လှိုက်ပွက်၊ ပူလေချက်မှာ၊ လက်လက်ပြောင်ညီး၊ ဝီစိမီးမျှ၊ ကမည်ထင်ဘူး၊ ပူမျိုးကျူးခဲ့၊ ငုံဖူးသစ္စာ၊ ပွင့်မည့်လျာရှင့်၊ မယ့်မှာလွန်ကဲ၊ ချစ်စမြဲဖြင့်၊ စိတ်ကွဲမကြံ၊ မြဲမြံသေချာ၊ ထပ်ကာကာလျှင်၊ မေတ္တာမြင်းမိုရ်၊ မယ့်ချည်းကိုသာ၊ ကြည်ညိုခွေရစ်၊ ရွှေချည်ကျစ်သို့၊ အချစ်အပေါင်း၊ စုမည့်ကြောင်းကို၊ တောကောင်းမြိုင်သာ၊ ဟိမဝါတွင်၊ တေဇာအမိုး၊ နုဘော်ဖြိုးသည်၊ တန်းခိုးထင်ရှား၊ ရှင်နတ်များတို့၊ သွား၍သာဖျော်၊ နှလုံးတော်မှာ၊ မကွာဝင်နေ၊ စောင့်ပါချေတော့၊ မမေပြမြဲချက်၊ ခဲစိတ်လက်ကို၊ ဖျောက်ဖျက်မနိုင်၊ အခဲစိုင်သည်။ ။ မြဲခိုင်တင်းတင်း − မယ့်ဝမ်းတွင်း


၁၃၅။ လွန်မင်းဖြစ်ဆက်၊ သည်တချက်မှာ၊ ရမ္မက်လောဘ၊ မျက်ဒေါသနှင့်၊ မောဟရောက်စေ၊ လိုကြီးချေ၏၊ တောမြေလှည့်လည်၊ မူဆိုးသည်လျှင်၊ လူ့ပြည်ရှေ့ရှူ၊ မယ့်ကိုယူ၍၊ ဘုန်းလူရောင်ရွှန်း၊ မယ့်ထိပ်ပန်းနှင့်၊ ရွှင်လန်းစုံပူး၊ ဖူးစဦးက၊ ညံ့နူးချိုသာ၊ နှုတ်ဩဇာနှင့်၊ အာကာတိမ်ထွတ်၊ ကောင်းကင်လတ်က၊ မာရ်နတ်သည်းချာ၊ ပင်ပေါ်လှာလည်း၊ ပမာ မထောက်၊ မင်းလှအောက်သာ၊ ဖြစ်ပါစိမ့်မည်၊ မည်သည်ကိုမျှ၊ မင်းရှင်လှသည်၊ ကြောင့်ကြထောက်ချင့်၊ စိုးပါနှင့်ဟု၊ ကြိုင်လွင့်ပျံ့ရှား၊ မိန့်စကားလည်း၊ ရေးသားကျောက်မှာ၊ အက္ခရာသိုံ၊ သေချာလှထွေ၊ ရှိပါလေ၏၊ သံခြေပျံ့ချို၊ သည်ချက်ကိုလည်း နဂိုရ်ထိပ်ချာ၊ စိုးမည့်လျာသည်၊ စိတ်မှာလျော့ပြေ၊ ပေါ့ပါစေနှင့်၊ စေ့ရေရုံးပေါင်း၊ မှတ်မိကြောင်းကို၊ ကျော်သောင်းလွှံ့ပတ်၊ အာကာနတ်တို့၊ မပြတ်စောင့်နေ၊ လှုံပါချေလော့၊ ဆူဝေသည်းချာ၊ ကျွန်မသာလျှင်၊ မေတ္တာကြိုင်မွှန်း၊ မိန့်သည့်ခွန်းကို၊ ထိပ်ပန်းဘုန်းမိုး၊ မေ့ခဲ့နိုး၍၊ သမ်းညှိုးကြောင့်ကြ၊ မီး − မကအောင်၊ သောကလွန်မင်း၊ ပူလောင်ပြင်းစွ၊ ထိပ်နင်းသည့်ရှင်၊ မယ့်သခင်သည်၊ အလျင်ရှေးက၊ ကျွန်မမယ့်မှာ၊ မေတ္တာမိုးသည်၊ ချစ်ကြူးသည်ကြောင့်၊ ဖျော်ဖြည်လေးမြတ်၊ မျိုမတတ်ပင်၊ ရစ်ပတ်လည်တွင်၊ ဆွဲချင်မူးမူး၊ အထူးအပြား၊ ပြုသည်များကို၊ ထောက်ထားထွေထွေ၊ အောက်မေ့ချေသော်၊ မပြေနိုင်ဘူး၊ သွယ်ရှိန်နူးသည်။ ။ မိန်းမူးပူပြင်း − မချိလျင်း


၁၃၆။ မကင်း − မကွေ၊ နေလည်းတူပင်၊ စက်လျှင် − မခြား၊ စားလည်း − လိုရာ၊ မယ့်ကိုသာလျှင်၊ မေတ္တာဆပွား၊ ချီးမြှောက်စား၏၊ ရွှေသား ရောင်လက်၊ အိမ်တော်ထက်ဝယ်၊ ယှဉ်လျက်ပင်လျဉ်၊ ဥယျာဉ်သာလွန်၊ ပန်းမန်ထူးပြား၊ ငါးပါးတူရိယာ၊ ပတ်သာ, စောင်းငြင်း၊ သီချင်းအန်အဲ၊ ပျေားနွဲရတု၊ ယဉ်နုသဘင်၊ သည့်ပြင်မှာသော်၊ ရေကန်တော်ဝယ်၊ ရွှေလှော်ရောင်မောင်း၊ ရွှေလောင်းဆန်းကြယ်၊ ရွှေဘောင်ငယ်နှင့်၊ တင့်တယ်စီစဉ်၊ ယဉ်သည်မူထား၊ ပျိုငယ်များကို၊ ဆန်းပြားသံညင်း၊ လှေဟစ်ချင်းနှင့်၊ ညခင်း − လသာ၊ သာယာရွှင်ပျ၊ စံသမျှလည်း၊ ကျွန်မကိုသာ၊ မေတ္တာကြီးအင်၊ ပျော်ရွှင်စေမှု၊ အကြောင်ပြုရှင့်၊ ရုံးစုများဖြင်၊ အင်းပြင်မြစ်မှာ၊ ဧရာကြီးတောင်း၊ ရွှေလောင်းရွှေဘောင်၊ သောင်းထောင်မက၊ ဆင်ဘမ်းစသည်၊ များလှပျော်ရာ၊ ကြည်းမှာတထူး၊ မင်းမှူး − မင်းမတ်၊ ဝန်းပတ်ပည်းသီ၊ မင်းညီမင်းသား၊ မယားကတော်၊ ရေသော်မပြီး၊ ထံနီးရွှေအုပ်၊ ကိုယ်လုပ်မဿံ၊ ခရံဝန်းရုံ၊ သဘင်စုံနှင့်၊ မျက်ပုံရောင်လွှမ်း၊ စီချယ်မွမ်းသည်၊ မင်းခမ်းမင်းဆောင်၊ ပြောင်ပြောင်ကျင်းပ၊ စံသမျှလည်း၊ ကျွန်မကိုသာ၊ မေတ္တာကျူးကျော်၊ ရွှင်ပျော်စိမ့်သား၊ နှလုံးထားရှင့်၊ လက်ဝါးပေါ်တွင်၊ ထားတင်မတတ်၊ အသက်ပြတ်မျှ၊ မြတ်မြတ်လေးလေး၊ ပိုးကိုမွေးသို့၊ ပွင့်မွှေးမဉ္ဇူ၊ ပန်းအတူလျှင်၊ ကြည်ဖြူရိုသေ၊ ကြမ်းဝယ်ခြေမျှ၊ ကျစေချင်ဘဲ၊ ချစ်မရဲသည်။ ။ လွန်ကဲချစ်ချင်း − ပြိုင်ဘက်ကင်း


၁၃၇။ ပုံခင်းတူနေ၊ လူမိုက်မြေတွင်၊ ရှာဘွေတမျှ၊ ဘက်မရအောင်၊ ဆယ်ဆ −ဆယ်တက်၊ ချစ်ပေလျက်ကို၊ ပေါ့ပျက်လွယ်ကာ၊ ဘယ်ကြောင်ခြာဖြင့်၊ ဘယ်မှာဖြေပိုင်၊ တရားတိုင်၍၊ ဖြေနိုင်ပါမည်၊ ယဉ်သည်အထု၊ နုသည်လွန်ကဲ၊ ရဲသည်ဇာနည်၊ ရပ်သည်စောင့်စောင့်၊ ဖြောင့်သည်သစ္စာ၊ မယ့်ထိပ်ချာသည်၊ သီတာပတ်ဝန်း၊ ဇမ္ဗူကျွန်းတွင်၊ ဘုန်းတန်အာဏာ၊ ပညာမြတ်ဆုံး၊ လက်ရုံးအရည်၊ တူမျှမည်ဟု၊ မှတ်တည် မှောက်မှား၊ နှလုံးထားနှင့်၊ ဝံ့စားပြိုင်လှာ၊ မင်းတကာတို့၊ မည်သာတွင်ရှိ၊ ပါဠိဘာသာ၊ မင်္ဂလာသိခရ၊ မြန်မာ့အလို၊ ဆိုလျှင်သာယာ၊ မင်္ဂလာထွတ်ခေါင်၊ မိုးအောင်မောက်မို၊ ခေါ်မည်ဆိုသည်၊ မုန်ယိုအာစွတ်၊ ဆင်တော်မြတ်နှင့်၊ ရွတ်ရွတ်စီးချင်း၊ သတ်ခဲ့ခွင်းမှ၊ လျင်ပြင်းမကြာ၊ မယ်သို့လာ၍၊ စကြာတဝါး၊ မယ့်ထိပ်ဖျားမှာ၊ တင်ထားနင်းတည့်၊ ချပါလှည့်လော့၊ ပျောင်းချည့်ပူဆာ၊ မယ့်ဗျာပါကို၊ ဖြေခွာပြီးတိုင်၊ ဖျောက်တတ်နိုင်၍၊ ဦးကိုင်စိုးလျာ၊ မယ့်ထိပ်ချာလျှင်၊ မယ့်မှာမဖူး၊ ရှည်ကျူးရက်, လ၊ ကြာချေကမူ၊ ကျွန်မကိုယ်သည်၊ အတည်မကျ၊ အနိစ္စသို့၊ ရောက်ရမည်လျှင်၊ ဧကန်ထင်သည်။ ။ ခဲအင်လွန်မင်း − မယ့်ကြံခင်း


၁၃၈။ ဘက်ကင်းလူတွင်၊ ဂုဏ်အင်ပညာ၊ အာဏာတန်းခိုး၊ နုယဉ်မျိုးကို၊ စိုးသည့်ထိပ်ချာ၊ ဧကရာဝယ်၊ မေတ္တာမြင်းမိုရ်၊ မယ့်ကိုခွေရစ်၊ ချစ်မြဲချစ်၍၊ ရောက်လစ်စကြာ၊ ရတနာလျှင်၊ ကြွလှာရောက်တည့်၊ ထင်ပါလှည့်လော့၊ ဖြေဖြည့်မသာ၊ လွမ်းယော်ကာနှင့်၊ ဟေမာရွှေမြေ၊ ဂိရိဗွေဘွယ်၊ မသေချင်ပါ၊ ထိပ်ချာမင်းလှ၊ ယဉ်နှိုင်းမျှ၏၊ နုလှရွှေစက်၊ စုံနှစ်ဘက်ကို၊ အုံးလျက်ကျွန်မ၊ သေချင်လှ၏၊ လောကခေါင်ချာ၊ စိုးမည့်လျာငယ်၊ ခုသာစုံမက်၊ ကျွန်မသက်ကို၊ တဆက်ဖျော်ဖြည့်၊ ကယ်ပါလှည့်လော့၊ မိုသည့်စေသား၊ ရတနာတိ၊ တန်ဆာရောင်ညီး၊ ဆင်ယင်ပြီးသော်၊ စစ်ကြီးမြေရှည်၊ ချီမည်ဆဲဆဲ၊ လှိုက်လဲမူးလည်၊ သွားတော့မည်ဟု၊ မိန့်သည်ရှိလျှင်၊ တာရှင်မင်းလှ၊ ဘယ်သို့ပဟု၊ ကျွန်မမျက်ပါ၊ လက်ခြေခါ၍၊ ပြစ်ရှာမကြည်၊ လျှောက်မိသည်ကို၊ ကြံစည်နောင်တ၊ မရယူကျုံး၊ နှလုံးဝမ်းမှာ၊ ရှိန်ဝါညီးညီး၊ ဝီစိမီးမျှ၊ မနီးစပ်ရ၊ ပူလောင်လှခဲ့၊ ဒေါသပြက်ပြက်၊ သည်အချက်ကြောင့်၊ ရင်လတ်ခုခု၊ ခတ်ထုမနာ၊ မဆက်သာပါ၊ စကြာရွှေလှော်၊ ဘဝါးတော်ကို၊ မွှေးကျော်နံ့သာ၊ ကေသာဆံရွက်၊ မြတံမြက်နှင့်၊ မြူညက်လှည်းကာ၊ ကန်တော့ပါ၏၊ ထိပ်ချာမင်းလှ၊ နှိမ့်ချဖြေတင်၊ ရှိခိုးပင်လှု၊ တယုတယ၊ ပြုသမျှကို၊ ကျွန်မသာကြည်၊ ခံချေသည်လည်း၊ တူရည်မရ၊ ဝန်လေးလှ၏၊ ခုမှစေ့ရေ၊ အထွေထွေလျှင်၊ ရှာဘွေမိမိ၊ ပျော့ပျောင်းအိသည်။ ။ မချိပူပြင်း − မယ့်ဖြစ်ခြင်း


၁၃၉။ သို့စသည်ဖြင့်၊ ရှိုက်ရင့်သံချို၊ ဘွဲ့နွဲ့ငိုလျက်၊ စီးယိုမျက်ရည်၊ မဆည်နိုင်ရှာ၊ ဝမ်းမှာပူအိုက်၊ တလှိုက်လှိုက်နှင့်၊ တိမ်တိုက်မိုးခြေ၊ ပျံ့သွားလေ၍၊ ရွှေမြေဂိရိ၊ တိုင်သည်ရှိသော်၊ မဏိရောင်ထွန်း၊ နန်းမတော်နောက်၊ ပျော်လောက်ထူးပြား၊ တန်းလျားရှေ့တွင်၊ နန်းကြမ်းပြင်ထက်၊ အသာသက်တော်၊ ကြွက်ကြွက်ဆူသည်၊ ခမည်း − မယ်တော်၊ ခြောက်ဘော်အမ၊ များလှပည်းထူ၊ နန်းသူအလုံး၊ ရွှင်ပြုံးကြည်ဖြူ၊ အိပ်ပျော်သူလည်း၊ ဟောက်ရှူရာက၊ ထကြွအပြင်း၊ ထမင်းစားခွက်၊ ပက်လက်ပစ်ခဲ့၊ ယဲ့ယဲ့နာကို၊ လူဆွံအိုလည်း၊ အလိုပြီးတိုင်၊ ထလာနိုင်၏၊ ရိုင်ရိုင်စုကြ၊ ဝေးကတချို့၊ နှစ်လို့စုံမက်၊ ရှိလက်စုံမိုး၊ ခိုးကြမြတ်လေး၊ မေးကြဆင့်ဆင့်၊ ချစ်ပွင့်လန်းကြ၊ မစားရဘဲ၊ ဝသည်ဝမ်းဝယ်၊ ပီတိကြွယ်၍၊ ရယ်ကြရွှင်ကြည်၊ တချို့သည်လည်း၊ မျက်ရည်ရွှမ်းကျ၊ ကြေကွဲကြ၏၊ ဒေဝိန္ဒရာဇာ၊ ရွှေတောင်ချာလည်း၊ ကြင်နာလွန်ကဲ၊ ဆံကိုခွဲ၍၊ ယိုရွှဲပြိုက်သွယ်၊ ထိပ်လယ်ပျံ့ကြူ၊ နမ်းတော်မူသည်။ ။ ကြည်ဖြူပီတိ − လန်း၏တည်း


၁၄၀။ အတုလ ဒေဝဓီတာ၊ မိမြတ်စွာလည်း၊ မေတ္တာဖြီးစည်၊ မျက်ရည်ရွှမ်းစို၊ ငိုလည်းငို၍၊ တိုင်းဆိုမသိ၊ ဇောပီတိနှင့်၊ မ − ကြီးသခင်၊ နှောင်းမြရှင်မ၊ အထွေးလှကို၊ ယုယရင်ခွင်၊ ထားတင်ပိုက်မ၊ မနမ်းရသည်၊ ကြာလှပြီရှင့်၊ နှစ်မြင့်ကျူး၍၊ မနေ့မှသာ၊ နမ်းရပါ၏၊ ငါသာနမ်းမည်၊ ငါ့သွေးရည်ကို၊ ချစ်ကြည်ထပ်မွမ်း၊ အုံ၍နမ်းသော်၊ ညှိုးနွမ်းပျံ့ကြည်၊ ပြယ်တော့မည်ဟု၊ ဆိုမြည်ဆီးကန့်၊ ဝေးကဟန့်လျက်၊ စုံမက်ကြိမ်ဖန်၊ နမ်းပြန်လေလေ၊ ဘက်၍နေ၏၊ နှိုင်းထွေဆိုရာ၊ ဥပမာမူ၊ မဟာသမုဒ္ဒ၊ မြစ်မဤရေ၊ ကုန်ချေတော့မည်၊ ငံ့ဆည်မြှော်ခေါ်၊ တော်လျော်ရုံမျှ၊ သောက်ကုန်ကြဟု၊ မြစ်မထက်ဖျား၊ ဖြတ်လျက်သွားသည်၊ ထူးပြားမိုက်ချက်၊ တင်ကျီးငှက်နှင့်၊ နှိုင်းဘက်ပုံယူ၊ သဘောတူ၏၊ အမူမှားစွာ၊ သည်အရာသည်၊ မေတ္တာစိတ်က၊ အားကြီးလှ၍၊ မောဟတွေဝေ၊ ဖြစ်လေသတတ်၊ မျက်မြတ်ဇောတ၊ အနဂ္ဃကျုံး၊ ငါ့ပန်းကုံးကို၊ တင့်ဆုံးထိပ်ဆီ၊ ဆင်ရပြီဟု၊ ရွှင်အီစိတ်စော၊ ရယ်ပြောရယ်ဆို၊ လက်ကိုဖြန့်ကာ၊ လက်ရှစ်ပါမျှ၊ မြူးရွှင်ပြသည်။ ။ အားရထွေထူး − ဆန်း၏တည်း


၁၄၁။ အစ်မတော်များ၊ မင်းခြောက်ပါးလည်း၊ ရွှေသားယဉ်နု၊ မင်းရွှေဥသည်၊ ယခုပျောက်ကွယ်၊ ပြေးမည့်နှယ်ပင်၊ လည်ဝယ်အလျင်၊ ရစ်ဆွဲဆင်၍၊ နမ်းခင်နမ်းက၊ ရှိလကလျင်၊ တိုးကြလုယက်၊ စီစီကျက်ပင်၊ ဖြူညက်ရွရွ၊ လက်ဖျားမျှကို၊ ခဏခဏ၊ ဆွဲကိုင်ကြ၏၊ သို့မှမကြာ၊ မင်းသူဇာကို၊ ညောင်းညာပျံ့ပျူး၊ ဖြေပါဦးဟု၊ ညံ့နူးမွေ့ရာ၊ ထုနှစ်ထွက်ထက်၊ ဘယ်ညာယုယ၊ ချီမဖျော်ဖြေ၊ စက်လျောင်းစေ၍၊ ကွမ်းရေလက်ဘက်၊ ဆက်ကြတသွယ်၊ ခြေနယ်လက်သပ်၊ ရွှေယပ်ခံကြ၊ ဖြားယုယလျက်၊ အစ်မခြောက်ပါး၊ မေးကြငြား၏၊ ရွှေသားညီမ၊ မင်းရှင်လှကို၊ မူလညစ်ခေ၊ မူဆိုးလေသည်၊ ရှာဘွေဆန်းကြယ်၊ သားငှက်နှယ်ပင်၊ ရောင်းဝယ်မည်လား၊ ယူလေသွားသော်၊ ဆွေဝါးမနီး၊ ကိုယ်ထီးတော်ကွဲ၊ မျက်ရည်ရွဲနှင့်၊ ဆင်းရဲပူဆာ၊ ရှိရှာတော့မည်၊ လူတို့ပြည်ဝယ်၊ မတည်ညှိုးငယ်၊ ဘယ့်နှယ်မင်းပု၊ ရွှေဥကြက်သရေ၊ ဖြစ်လေသည်ရှင်၊ မရွှင်နိုင်လျှင်း၊ တို့လွမ်းခြင်းကား၊ ကိုယ်တွင်းမီးဟု၊ ပူ၍ချိချိ၊ ငြိတော့ကိုရှင်၊ များဖြင်နှစ်လ၊ ကြာတင်မှကို၊ လုံ့လသမှု၊ ဘယ်နှယ်ပြု၍၊ ရွှေဥရတနာ၊ ယူ့လက်မှာက၊ လွတ်ပါခဲ့သည်၊ မျက်ရည်မကင်း၊ ရှိရခြင်းကား၊ မိဘကင်းကွာ၊ ဆင်းရဲရာက၊ ငဲ့ညှာ၍ကို၊ လွတ်ပါလှရှင်၊ ပူပင်ရှိရှား၊ ဖြစ်ကြောင်းလျားကို၊ ကြားလည်းကြားချင်၊ ဆွတ်အင်အူသည်း၊ ကြားလည်းမဝံ့၊ ပျောင်းပျောင်းညံ့သည်။ ။ မခံ့လွန်ပင် − ပန်း၏တည်း


၁၄၂။ ရွှေခဲရတနာ၊ မင်းသူဇာနှင့်၊ ကင်းကွာကြရ၊ ထိုနေ့ကသည်။ နေ့ကပည်းလှိုင်၊ ခုတိုင်တော့သည်။ ဘယ်မည်နေ့ရက်၊ နံနက်နေဝင်၊ ဘယ်သည်တွင်မျှ၊ ပျော်ရွှင်သမှု၊ အစုတို့များ၊ မေ့မည်ထား၍၊ ထပ်ပွားလေလေ၊ ထူးထွေထွေသာ၊ ပူဆာညှိုးသမ်း၊ လွမ်းတော့သည်ရှင်၊ ကြာတင်နှစ်လ၊ ယခုမှပင်၊ စိမ်းမြညိုပြာ၊ တို့ထိပ်ချာမှာ၊ အာကာသဖြစ်၊ ညွန့်လာထစ်သို့၊ စင်စစ်ချမ်းမြ၊ ငြိမ်းပေရဟု၊ ယုယမြတ်လေး၊ လျှောက်ကြမေးသော်၊ ဖြူမွှေးနုဝါ၊ မင်းသူဇာကား၊ ပေါ်လှာရူပ၊ ဆောင်ရွက်မ၍၊ ဝမ်းကလှိုက်နှည်၊ ဝဲနှယ်လည်လျက်၊ လျှောက်သည်မှာကား၊ ထိပ်တင်များကို၊ ကံအားလျော်စွာ၊ လူရပ်ရွာသို့၊ ကွေကွာမိဘ၊ လွင့်ရောက်ရသည်၊ နိမ့်ကျပူဆာ၊ ဘယ်သည်ငှာမျှ၊ ပြစ်ဆာစွန်းငြိ၊ ရှိပေဘူးရှင်၊ ဘ − ရှင်ပင်နှင့်၊ မ − ရှင်ကစ၊ မင်းလှခြောက်ပါး၊ ထိပ်ချာများကို၊ ထိပ်ပွားလှိုက်ပွက်၊ လွမ်းသည်ချက်သာ၊ တပြက်လျှပ်ရွေ့၊ မလျှောက်မေ့၍၊ ဖြီးလွေ့ခွေရစ်၊ ဆင်းရဲဖြစ်၏၊ စင်စစ်သည့်ပြင်၊ ပူပင်ဒုက္ခ၊ ဘယ်မှာညစ်ညူး၊ ရှိပေဘူးဟု၊ ညံ့နူးဩဇာ၊ ဖြီးညံ့စွာသည်။ ။ ထွေလာကြိင်ပျံ့ − မွန်း၏တည်း


၁၄၃။ သို့လျှောက်ပြီးမှ၊ အစ်မခြောက်ဘော်၊ မယ်တော်တို့ကို၊ လွန်ရိုသေစွာ၊ ရှက်ရွံ့ရှာ၍၊ နရိန္ဓဒေဝီ၊ မဟေသီက၊ သိင်္ဂီထွန်းပြောင်၊ ဝိရိတောင်သို့၊ ရည်ဆောင်ရှေ့ရှူ၊ သွားတော့ဟူလျက်၊ အယူဆို့မျို၊ စစ်သို့ရှေ့ရည်၊ လိုက်သည်ကိုသာ၊ ချန်ညှာခဲ့၍၊ စေ့စေ့စဉ်လျား၊ မူဆိုးသားလည်း၊ ယူသွားသည်က၊ စ၍ရွှေပြည်၊ ရောက်သည်ရှိလျင်၊ အိမ်ရှေ့ရှင်နှင့်၊ တူပင်ထိမ်းမြား၊ သည်းကြားမြင်ဟန်၊ ဆိုးလွန်သွမ်းပျက်၊ ပုဏ္ဏားဖျက်၍၊ ဘယက်ဆင်ကာ၊ ဟေမာတုံ့ခေါက်၊ ပြန်ရောက်သည်တိုင်၊ ကံဆိုင်ကြမ္မာ၊ ဖြစ်ခြင်းရာကို၊ စေ့ရှာမကြွင်း၊ ပြန်လေလျှင်းသော်၊ ဝင်းသည်ရောင်တောက်၊ မင်းခြောက်ယောက်လည်း၊ ဝမ်းမြောက်လျဘွယ်၊ ယိုသွယ်ပြိုက်ရွှဲ၊ ဝမ်းကွဲတချက်၊ စိုက်စက်လည်းခေါ်၊ ဪဪတို့မယ်၊ သည့်နှယ်ပင်လား၊ တို့သက်ထားဟု၊ သားဖြားရိပ်မြုံ၊ တစုံမက်မက်၊ ပိုက်ဘက်ယုယ၊ ဖျော်ဖြားကြသော်၊ ရွှေနန်းခေါင်ချာ၊ စိုးမည့်လျာကို၊ ဝမ်းမှာခဲအိုင်၊ ဂလိုင်သည်းထိ၊ လွမ်းတည့်မိ၍၊ မချိပြင်းပြ၊ ငိုချင်လှသော်၊ အစ်မ − မယ်တော်၊ မျိုးဘော်တို့အား၊ ခံ့ညားရွံ့ရှာ၊ လွန်အားနာ၍၊ ကြံရာမရ၊ ကြီးဒုက္ခဖြင့်၊ ဝမ်းကလှိုက်ဆူ၊ မီးရှိန်ပူသည်။ ။ မဉ္ဇူကဲ့သို့ − မြန်း၏တည်း


၁၄၄။ သို့နှင့်ခဏ၊ ကြာပြီးမှလျှင်၊ ကျွန်မမျက်စိ၊ နောက်ကျိမူးလည်၊ ပါလှသည်ရှင်၊ ထိပ်တင်တို့များ၊ ထိုသို့သွား၍၊ ပျော်ပါးရွင်ပျ၊ နေဦးကြပါ၊ ကျွန်မချည်းသာ၊ မထောင်းတာအောင်၊ ပူဆောဖြေဆည်၊ ပါဦးမည်ဟု၊ ရှိရည်မြှောက်ချီး၊ လျှောက်ဆိုပြီးသော်၊ လည်သီးစိန်ဖြူ၊ မြချူသွင်သွင်၊ တင်းထိမ်ငင်၍၊ ရောင်ထင်ဝင်းဝါ၊ ရွှေမွေ့ရာထက်၊ ပူဆာလှပ်လှပ်၊ အုံးဝယ်ဝပ်၍၊ ဖပ်ဖပ်မျက်ရည်၊ ရူတသည်ကား၊ ဘုန်းခြည်ဖြာဖြိုး၊ နေ့တိုင်းတိုးသည်၊ ယဉ်မိုးသည့်ရှင်၊ မယ့်သခင်ကို၊ နတ်တွင်နတ်များ၊ နတ်သိကြားကား၊ နတ်သားဘုန်းရှိ၊ မာတလိအား၊ မှာထားကြည်ဖြူ၊ စေတော်မူ၍၊ စောက်ယူဇနာ၊ တရာငါးဆယ်၊ ဖြူသွယ်မြင့်ဖျား၊ ရထားစကြာ၊ ဝေယန္တာနှင့်၊ ယူဇနာပလ္လင်၊ မြတ်ထက်တင်၍၊ မျက်ရှင်ရောင်ထွန်း၊ သည်မယ့်နန်းကို၊ လျင်လွန်းခုသာ၊ ဆောင်ခဲ့ပါလော့၊ နေရာရပ်ဟောင်း၊ မရောက်တောင်းပင်၊ ဆွေပေါင်းမျိုးစည်၊ မွေးသည်မိဘ၊ အစ်မမျက်နှာ၊ မြင်ရပါလည်း၊ ထိပ်ချာမင်းလှ၊ ယဉ်နိုင်မျှကို၊ ကျွန်မဝမ်းထဲ၊ အံ့လွမ်းဝဲသည်။ ။ လှိုက်မြဲမက − ပါတကား


၁၄၅။ ဘွေရှာဘွေရှာ၊ မယ့်စိတ်မှာလေ၊ ကြံကာဆင့်ပွား၊ ဗျာပါများခဲ့၊ ထိပ်ထားပွင့်လျာ၊ မယ့်ထိပ်ချာသည်၊ စစ်မှာလုံခြုံ၊ မှိုမျိုးကုံ၍၊ ရွှေဘုံတုံ့ခေါက်၊ ပြန်ရောက်လာသော်၊ ချီးမြှောက်မယ့်တူ၊ ဘယ်သူဆီးကြို၊ ကြည်ညိုမြတ်နိုး၊ ညွတ်ကျိုးဦးထိ၊ စိတ်တော်ရှိကို၊ သိ၍မြတ်လေး၊ လုပ်ကျွေးခစား၊ ထံပါးစေပါ၊ ခုပါလိမ့်မည်၊ ရွှေချည်ချယ်ပက်၊ လက်ချိပ်ရက်သည်၊ ကပ်ကွက်ကျူးကျော်၊ ဝတ်လဲတော်ကို၊ ရွှင်ပျော်နှစ်သက်၊ နံနက်ညယံ၊ ညစ်ခံမပြတ်၊ ဝတ်စမှတ်သည်၊ လေးမြတ်မယ့်သာ၊ ဘွေရှာကြံစည်၊ ရွှေချည်ပိုးစုံ၊ ကွက်ပုံပေးအပ်၊ ဆုလပ်များစွာ၊ ကျေးရွာရွှေငွေ၊ ကုန်လေမှတ်ဘူး၊ ကဲကျူးကာလ၊ ပိုးမီလှကို၊ ကျွန်မမယ့်တူ၊ ဘယ်သူကြံရက်၊ ဆက်ပါလိမ့်မည်၊ ပင့်ကူချည်ကို၊ ချောသည်ကျူးကျော်၊ ဗောင်းတော်ဆံဇာ၊ ကူဟာသန့်ရှင်း၊ ကြိုင်သင်းချက်ပျောင်း၊ ဖယောင်းပျံ့ကြွယ်၊ စံပယ် နှင်းဆီ၊ စုံစီထူးထွေ၊ မျက်နှာချေကျူး၊ ကြတ်ဗူးလှစ်လျှင်၊ ဧရွှင်ပျံ့လှိုင်၊ မြို့လုံးကြိုင်ကို၊ လက်ကိုင်သန့်စင်၊ ပြုပြင်မယ့်တူ၊ ဘယ်သူစုံမက်၊ ဆက်ပါလိမ့်မည်၊ နုသည်ထန်းဖူး၊ အကျူးဖြူညက်၊ မယ့်လက်လှီးရေ၊ သပြေကျွန်းဆိပ်၊ ပရိတ်ပန်းလည်း၊ မယ့်လက်စည်း၍၊ သာဖြည်းရိုသေ၊ ဆက်သောထွေသို့၊ မြဲနေကြည်ဖြူ၊ ဘယ်သူညွတ်ခ၊ ဆက်ပါကြလိမ့်၊ ကျွန်မကြံကာ၊ ဗျာပါအပေါင်း၊ ထပ်ကာလောင်းသည်။ ။ သမ်းပျောင်းပူရ − လှာတကား


၁၄၆။ ကြံကာကြံကာ၊ မယ့်ဝမ်းမှာလေ၊ ထပ်ခါထွေဆန်း၊ လှိုက်ကာဝန်းခဲ့၊ ဘုန်းရွှန်းသည့်ရှင်၊ မယ့်သခင်သည်၊ ပုံယင်ဖြီးစည်၊ ပွဲတော်တည်က၊ ထူးလည်ရသာ၊ ကောင်းမြိန်ရာတွင်၊ ဟံသာဒွိဇ၊ ဆာဝအရသာ၊ နှစ်နီတျာကို၊ ရွေးကာစားတော်၊ ခေါ်ကြိုက်၍ပ၊ သန့်လှစင်စွာ၊ ပါဏာတိပါတ်၊ လွတ်အောင်စိတ်ထား။ သူများပြင်က၊ ဆက်လှာကြသည်၊ ကျွန်မကြိုက်ဘူး၊ အထူးရှာဘွေ၊ ရွှေဆယ်လေးသည်၊ ဈေးမှာဝယ်၍၊ သိမ်မွေ့အရသာ၊ နတ်သုဒ္ဓါသို့၊ များစွာခွက်ပေါင်း၊ ပျံ့လှောင်းမွှေးကြွယ်၊ စင်ကြယ်သန့်သက်၊ ကျွန်မဆက်၏၊ ရွှေရွက်ကွမ်းရွ၊ ကွပ်နိုင်မျှနှင့်၊ နုလှကွမ်းသီး၊ မငြီးစားပျော်၊ ရည်စုတ်ကျော်ကို၊ ထိပ်ပေါ်ထိပ်ချက်၊ မယ့်ထိပ်ရွက်မှာ၊ မြိန်ရှက်အင်ပြည့်၊ ကြိုက်လှသည်ကြောင့်၊ ပတ်လှည့်ကျော်တိုး၊ ကျွန်တော်မျိုးတို့၊ မြတ်နိုးညွတ်ခ၊ ဆက်ကုန်ကြလျှင်၊ ကျွန်မတသွယ်၊ သင့်ရွယ်ကျေးရွာ၊ ခါသာပုဆိုး၊ အုပ်မျိုးရွှေငွေ၊ ထွေထွေများမြောင်၊ ထိန်အောင်ပေးက၊ ကျွန်မမှာချည်း၊ ညွတ်တိမ်းလည်း၍၊ ပည်းမျှကျွန်မ၊ ရသမျှကို၊ နေကြမကွာ၊ စက်ရာခေါင်းပါး၊ သိပ်သိပ်ထားမှ၊ ပတ္တမြားစီတပ်၊ လှပ်လှပ်ရောင်မောင်း၊ ခွက်အုပ်ဆောင်းနှင့်၊ ယဉ်တောင်းစီရင်၊ ကျွန်မပြင်၍၊ သို့ပင်နေ့ည၊ ဆက်နေကျကို၊ ဆိုးလှကြမ္မာ၊ ဗျာပါကြီးထူ၊ ယခုမူကား၊ ဘယ်သူဘယ့်နှယ်၊ စင်ကြယ်သန့်သက်၊ ချစ်စိတ်လက်နှင့်၊ ဆက်ပါလိမ့်မည်၊ ကြံစည်ငင်ရှိုက်၊ ကျွန်မဟိုက်သည်။ ။ ခေါ်စိုက်မိတော့ − သာတကား


၁၄၇။ လှိုက်ဆာလှိုက်ဆာ၊ အူထဲမှာက၊ ကြံကာဝိုက်ဝေ့၊ အလွမ်းဝှေ့ခဲ့၊ ဘုန်းလွေ့ဖြိုးဖြာ၊ နန်းပွင့်လျာကို၊ ကွမ်းဝါရွက်ငယ်၊ ရွှေနှယ်ဝင်းညီး၊ ကွမ်းသီးနုလှ၊ စသည်ထွေလည်၊ လေး ငါးမည်နှင့်၊ ထူးသည်ဆန်းကြယ်၊ စံပယ်သာစေ၊ သုံးထွေလက်ဘက်၊ ကောင်းမြိန်ရှက်ကို၊ မယ့်လက်ကိုင်ငင်၊ ပြုပြင်နေကြ၊ မဆက်ရသော်၊ ညွတ်ခကြည်ဖြူ၊ မယ်နှင့်တူအောင်၊ ဘယ်သူဦးနှိမ့်၊ ဆက်ပါလိမ့်မည်၊ ခြိမ့်ခြိမ့်ပတ်ကုံး၊ ကျွန်းလုံးမြေပြင်၊ ကျော်သည့်ရှင်ကို၊ တိုင်ပင်နှိမ့်ကြို့၊ လူးလည်းယို့၍၊ နှစ်လို့တော်မူ၊ ရွှင်ကြည်ဖြူ၍၊ မယ့်တူမပြား၊ ထံတော်ပါးတွင်၊ စေစားခေါ်ငင်၊ ကွမ်းပြင်ပွဲတော်၊ ဆက်ခန့်သော်လည်း၊ ကျူးကျော်ဆန်းလှ၊ ခပ်လေလိမ့်လား၊ ခန့်ညား ကြောက်လို၊ သည်ချက်ကိုလည်း၊ တွေးဆိုအော်လဲ၊ မယ့်ဝမ်းထဲမှာ၊ ရဲရဲညီးညီး၊ ဝီစိမီးတိ၊ အကျိစေသား၊ သွတ်၍ထားသို့၊ အူများကျွမ်းလှု၊ ခုခုပြင်းပြ၊ ပူပြန်လှခဲ့၊ သူရသတီ၊ မြတ်လက္ခီနှင့်၊ စန္ဒီနေတ္တရာ၊ မေခလာမဏိ၊ မည်ရှိတည်လှ၊ နတ်ခင်မတို့၊ နှိမ့်ချရိုတွား၊ ထံတော်ပါးမှာ၊ ခစားဝန်းရံ၊ စေစေားခံ၍၊ မြဲမြံစောင့်သုံး၊ တော်နှလုံးနှင့်၊ ဖြောင့်ဆုံးမသွေ၊ စောင့်ပါချေလော့၊ မနေမသာ၊ မယ့်စိတ်မှာလည်း။ ။ ကြံကာစိုးဗျာ − ပါတကား


၁၄၈။ ယင်းသို့သာလျှင်၊ မင်းရှင်သူဇာ၊ ဆင်းသိင်္ဂါမှာ၊ များစွာရွေဘော်၊ မယ်တော် − အစ်မ၊ ထိန်းယပျံ့ပျူး၊ ထွေထူးဖြေဖျော်၊ ဖြားယောင်းသော်လည်း၊ မပျော်နိုင်ဘူး၊ စိတ်သာဆူး၍၊ ကိုယ်ထူးကိုယ်သာ၊ လွတ်ရာကွယ်၍၊ ယိုသွယ်မျက်ရည်၊ တီးတိုးမြည်လျက်၊ ဖြေဆည်မသာ၊ ရိုလှည့်ရာတွင်၊ ဟေမာဂီရိ၊ ဓိပတိကား၊ ဘကြီးမျက်ဖျော်၊ နှောင်းမြင်မြော်သည်၊ ကျူးကျော်မြေတာ၊ လူ့ရပ်ရွာဝယ်၊ ရှည်တာကာလ၊ နေလေရကြောင့်၊ ဒေဝကြက်သရေ၊ ပျောက်ကင်းလေ၍၊ တည်နေစိမ့်ပြန်၊ မြတ်သင်္ကြန်ဖြင့်၊ ဝင်းဝှန်သီရိ၊ လျှံညိရောင်ခြည်၊ မျို့သွင်းမည်ဟု၊ ရုပ်ရည်ဆင်းပြင်၊ ငါးအင်ညီစွာ၊ မည်ရည်သာသည်၊ သီတာ ဇာလာ၊ နော်ဇာ ဝဏ္ဏာ၊ ရူပါ သဒ္ဒါ၊ ဂီဝါ − မည်မှတ်၊ နတ်မင်းသမီး၊ မကြီးရွယ်သစ်၊ တင်ပြစ်ကင်းပျောက်၊ ခုနှစ်ယောက်ကို၊ လျှံတောက်ရောင်ထင်၊ တန်ဆာဆင်၍၊ ထမ်းစင်သိင်္ဂါ၊ ကျိုင်းကြီးကာလျက်၊ မြူတာရွှေသား၊ အနားကျောက်ကွပ်၊ သီတာဇလ၊ မည်ရကျော်ဝှန်၊ နတ်ရေကန်နှိုက်၊ သင်္ကြန်တော်ရေ၊ ခပ်ကြစေ၍၊ တွက်ရေခန့်တွက်၊ ခုနှစ်ရက်လျှင်၊ နေ့ဆက်အမှန်၊ သင်္ကြန်သန့်စင်၊ သန္တေးရင်သည်။ ။ သဘင်နုဆေး − လေး၏တည်း


၁၄၉။ ဇေယျပူရ၊ ပြည်မအောင်ချာ၊ တေဇာဘုန်းရှိန်၊ ပြောင်ဝင်းထိန်သည်၊ ရာဇိန္ဒရာဇ်၊ မင်းမြတ်စစ်လည်း၊ ခုနှစ်ရက်ကြာ၊ ယတရာနန်း၊ ဥယျာဉ်ခန်းက၊ ရွှင်လန်းသာယာ၊ ထွက်ခဲ့လာ၍၊ ယုတ်မာကျင့်ညစ်၊ ပုဏ္ဏားဖြစ်ကို၊ စိစစ်မေးမြူ၊ သိတော်မူ၍၊ မဖြူနှလုံး၊ ညစ်ဆုံးနောက်ညစ်၊ မသာဖြစ်၍၊ အပြစ်ပေါ်ပြင်၊ ထင်ထင်ရှားရှား၊ ထိုပုဏ္ဏားကို၊ တိုင်းကားသာစည်၊ ထိုရွှေပြည်မှ၊ အရှည်မနေ၊ နှင်ထုတ်လေ၍၊ စံရွှေနန်းမ၊ စိုးရအချာ၊ မိမြတ်စွာလည်း၊ နန်းလျာခေါင်ထွတ်၊ သားတော်မြတ်က၊ မပြတ်စေမြဲ၊ မင်းရဲယဉ်နု၊ ခြောက်စုမှတ်ရာ၊ အင်္ဂါမချို့၊ တမန်တို့တွင်၊ ပျို့သည်တော်ရုံ၊ ပုံသည် ယဉ်မျိုး၊ တရိုးလွတ်တင့်၊ သင့်သည် ကိုယ်တော်၊ မောက်သည် ရွှေရင်၊ လသွင်မျက်နှာ၊ မင်းသူဇာသည်၊ စစ်တာမိုးမြေ၊ မရောက်ချေဟု၊ စေ့ရေရှေ့ရှူ၊ သိတော်မူသော်၊ ဆာပူဝမ်းမှာ၊ မသက်သာ၍၊ နန်းလျာထင်ပေါ်၊ ငါ့သားတော်အား၊ ကြောင်းလျားအသစ်၊ သည်အဖြစ်ကို၊ ဘွေလှစ်စေ့ရေ၊ မသိစေနှင့်၊ ပြေအောင်လျှောက်က၊ မိန့်တော်ဟသော်၊ ဆံမျှရိပ်မြွက်၊ မထွက်ဝံ့ကြ၊ ဒေါသရှောင်လွယ်၊ ရာဇဝတ်နှင့်၊ သင့်မြတ်အောင်သာ၊ လိမ္မာတတ်ဖျား၊ ကြံလျှောက်ထားသည်။ ။ စကားခွေညွတ် − ကွေး၏တည်း


၁၅၀။ မဟာဥပရာဇာ၊ မည်တော်သာနှင့်၊ ကြောင်းသင့်ဝေးနီး၊ အံ့ဝှဲချီးသည်၊ ဘုန်းကြီးသည့်ရှင်၊ ထွတ်တင်ထိပ်ထား၊ စစ်ခွင်ရပ်က၊ ပြန်ခဲ့ကြွသော်၊ မင်းလှသူဇာ၊ ဆင်းသိင်္ဂါကို၊ လျင်စွာပြင်းပြ၊ ဖူးချင်လှ၍၊ ရှေ့ကတူရူ၊ သူ့သူမြင်း, ဆင်၊ ရပ်သည်မြင်သော်၊ ဝှေ့ချင်ယူးမူး၊ ရူးရူးမာန်စောင်၊ ဦးနားထောင်လျက်၊ ဘောင်ဘောင်မြေနှိုက်၊ နှာမောင်းရိုက်၍၊ ဟည်းဟိုက်ကြိုးကြာ၊ မြည်သံသာနှင့်၊ မြေမှာဘိနပ်၊ ပရှပ်တိုက်ခြစ်၊ တွင်းကျင်းဖြစ်မှ၊ မုန်ယစ်မျက်ဆူ၊ ကြွားကြွားလူသား၊ မည်ဟူပါဠိ၊ ဝေရိမဒ္ဒန၊ မြန်မာ့ဘာသာ၊ သဒ္ဒါကြပ်တင်း၊ ရန်နောင်နင်းဟု၊ သန့်ရှင်းလက္ခဏာ၊ ဆင်မြတ်စွာကို၊ ပလာရောင်ထင်၊ တန်ဆာဆင်မှ၊ ထိပ်တင်ဘုန်းလူ၊ တက်တော်မူ၍၊ ဇမ္ဗူရောင်ဝင်း၊ ရွှေခြေနင်းသို့၊ ခြင်းခြင်းလျပ်လျပ်၊ ခြေတော်စွပ်သော်၊ တရပ်လူမျှ၊ ယင်းကစ၍၊ ကြွလျက်မောက်အောင်၊ ဦးကိုထောင်၏၊ ထွတ်ခေါင်ဘုန်းမြင့်၊ ခြေဖျားဘွင့်၍၊ အသင့်ကြပ်ကြပ်၊ ပေါင်တော်ညှပ်သော်၊ ရပ်ထိုင်အံ့လောက်၊ နောက်သို့စုံပြိုင်၊ လဲလှုယိုင်မျှ၊ ထွတ်တိုင်ယဉ်နု၊ ခြေတော်စု၍၊ လျင်လှုရှေ့ရှူ၊ တိုးတော်မူက၊ ဝှက်တူကြွကြွ၊ ရွရွသွက်သွက်၊ ပေါ့ပါးလျက်ကို၊ ထွတ်ချက်ခေါင်ချာ၊ နန်းပွင့်လျာမှာ၊ မသာစိတ်တွင်၊ နှေးလှထင်သည်။ ။ မြင်းလျင်စိတ်က − ရွေးသတည်း


၁၅၁။ ငှက်ထံသည့်နှယ်၊ ကြောက်ဘွယ်သည့်ဆင်၊ အကျူးပင်ကို၊ ထိပ်တင်ဘုန်းဝါ၊ နန်းပွင့်လျာကား၊ စိတ်မှာနှေးဖင့်၊ ထင်သဖြင့်လျှင်၊ ရည်ရှင့်မဏိ၊ မရှိတရှင်း၊ သန့်ရှင်းပြစ်စင်၊ မေဃင်္ကုရ၊ ဘင်္ဂဟူသည်။ အမည်သာလှ၊ မာဂဓကို၊ မြန်မာ့အလို၊ ဆိုသော်သံညင်း၊ တိမ်ညွန့်နင်းဟု၊ ဘက်ပြိုင်ကင်းသော်၊ မြင်းယာဉ်ကျော်ကို၊ ဘုန်းမော်ညွန့်လူ၊ စီးတော်မူက၊ တူနှိုင်းမမျှ၊ ဥဒေါင်း က သို့၊ ရင်ကစသည်၊ လည်ကိုမိုးအောင်၊ ထောင်၍ချိတ်ကွေး၊ မေးကိုကပ်လျက်၊ ပျပ်၍ နောက်ခြေ၊ ရပ်မနေတည့်၊ မှုတ်သည်ရှူးရှူး၊ ပြူးပြူးမျက်စိ၊ ထွက်လှုရှိမျှ၊ မုန်သာ့းစတေ၊ တိမ်ခြေမိုးဝ၊ ပျံကြွဘွယ်ချင်၊ ရွှင်သည်လူရွ၊ ထွတ်နေကျကို၊ လွန်လှနိုင်နင်း၊ အိမ်ရှေ့မင်းမှာ၊ သန်ပြင်းတဖန်၊ ထပ်ပြန်မောင်း၍၊ ယနေ့ရွှေပြည်၊ ရောက်ချိမ့်မည်ကို၊ ဖြီးစည်အများ၊ မင်းသား, မှူးမတ်၊ ဝန်းပတ်ရံပေါင်း၊ မြင်းဆယ်သောင်းနှင့်၊ လျင်ကြောင်းမကြာ၊ ကြွခဲ့လာ၍၊ အောင်ချာပူရ၊ ဇေယျကျော်ချောက်၊ ရွှေပြည်ရောက်က၊ လျှံတောက်ဘုန်းကျော်၊ အိမ်တော်ကျယ်ဝင်း၊ ဝင်းတော်တွင်းသို့၊ လျင်ပြင်းခုံမင်၊ မြင်းနှင့်ဝင်၍၊ ရယ်ရွှင်သာပျော်၊ လျောင်းဦးတော်သို့၊ မြှော်သည်ရှိလျှင်၊ မင်းရှင်တူကွ၊ ကြိုတေကြကို၊ ပျပျပျောင်းအိ၊ မျက်စိရှာကြည့်၊ မမြင်သည့်ကြောင့်၊ ချည့်ချည့်ဆာပူ၊ နှလုံးဆူသည်။ ။ မီးတူကိုယ်လုံး − နွေး၏တည်း


၁၅၂။ သို့မှရက်ရက်၊ အိမ်တော်ထက်သို့၊ တက်တော်မူပြီး၊ ပြတင်းကြီးမြောက်၊ တံခါးပေါက်ဖြင့်၊ ဘုန်းမောက်ဖြိုးလူ၊ ဝင်တော်မူ၍၊ မွှေးကြူကြိုင်ပျ၊ မင်းလှ မင်းလှ၊ ဘယ်ကိုကြွဟု၊ မိန့်ဟဆောလျင်၊ ခေါ်လျက်ပင်တည့်၊ ရောက်ထင်ပြိုးပျက်၊ ဆောင်မထက်သို့၊ စုံမက်ဘွယ်တိ၊ ရောက်သည်ရှိက၊ မောင်းမ, ကိုယ်လုပ်၊ ရံအုပ်လှကျော်၊ အိမ်တော်အကြီး၊ ပုံဖြီးများစည်၊ မြင်သည်သမီး၊ ဖြင်ညီးများလှ၊ ရှိသမျှကို၊ လောကသုံးခွင်၊ စိုးမည့်ရှင်သည်၊ မြင်လျှင်အူသည်း၊ ဖိမ့်ဖိမ့်ကြည်း၍၊ ချုပ်တည်းမနိုင်၊ သံအိုင်ပြင်းပြ၊ ငိုကြွေးကြသော်၊ ယဉ်လှသည့်ရှင်၊ ထွတ်ထိပ်တင်လည်း၊ မထင်ရေးရာ၊ လွန်စွာပူပြင်း၊ ရှိစဉ်တွင်းဝယ်၊ ချက်ခြင်းမကြာ၊ ဘာသာပါဠိ၊ မဏိပုဝ္စ၊ မြန်မာ့အမှု၊ ယဉ်နုကျူးရင့်၊ မြပွင့်မည်ငြား၊ ရွာကိုစားသည်၊ ထံပါးစေပါ၊ လိမ္မာရေးခွင့်၊ မြပွင့်ကတော်၊ ထွေငေါ်ဟုတ်လျောက်၊ လျှောက်သောခါဝယ်၊ ဟယ် တခွန်းပ၊ မိန့်ဟသံရင့်၊ မဆင့်တတ်နိုင်၊ ဂနိုင်လှိုက်ဆူ၊ ကိုယ်လုံးပူ၍၊ သည်းအူဝှန်ဝေ၊ မိန်းမောလေသော်၊ ရဝေဘုံလုံး၊ ပေါင်းရုံးညာညီ၊ စီစီဖြဖြ၊ လာကုန်ကြ၍၊ သုဒ္ဓဝါဒိယ၊ မည်ရတွင်ခေါ်၊ သမားတော်တို့၊ မြော်ခေါ်သင့်ရေး၊ နှလုံးသွေးနှင့်၊ နှောင့်နှေးမရှိ၊ လျော်စွာဘိသည်၊ အတိသီလ၊ သာရဂန္ဓ၊ စသည်ဆေးဝါး၊ ယှဉ်ကြငြားမှ၊ မှတ်သားရှုတ၊ သတိရသည်။ ။ မှိုင်းမျှဝေချေ − သေး၏တည်း


၁၅၃။ မှိုင်းမျှမူးဝေ၊ သက်သာပြေသော်၊ ဘုံရွှေနန်းမ၊ စိုးရအချာ၊ မကယ်ပါဟု၊ နရိန္ဒာဒေဝီ၊ မှာထားသ၍၊ အောက်မေ့ပေါင်းစည်း၊ ဝမ်းပန်းနည်း၍၊ ရုတ်ခြည်းမကြာ၊ ထလာလျင်ပြင်း၊ ရွှေနန်းတွင်းသို့၊ ဝင်လျှင်းပြီးသော်၊ မယ်တော်မြတ်ကို၊ လျှောက်လေဆို၏၊ နဂိုရ်နန်းမ၊ အစိုးရသည်၊ ထွန်းပထင်ရှား၊ မခင်ဖျား၊ ရပ်ခြားကျူးကျော်၊ ကျွန်တော်စစ်ခွင်၊ မသွားခင်က၊ အရှင်တို့သာ၊ ကိုးကွယ်ရာဟု၊ မျက်နှာညှိုးလှ၊ ကျွန်တော်မနှင့်၊ ရွရွနုနယ်၊ သားသူငယ်ကို၊ ဘုန်းကြွယ်လွတ်ချာ၊ မ − စ − ပါဟု၊ လျှောက်မှာခဲ့လျှင်၊ အရှင်တို့က၊ မကြောင့်ကြနှင့်၊ မိန့်ဟသောအား၊ ဖြောင့်သားစိတ်ရည်၊ ကျွန်တော်သည်ကား၊ မလည်မချော်၊ အမှုတော်ကို၊ ကျူးကျော်လုံ့လ၊ ကုံတွင်လှအောင်၊ အားရအလုံး၊ မြဲဆုံ:သေချာ၊ ထမ်းရွက်ပါ၏၊ မေတ္တာသမ်းညို၊ ကျွန်တော့်ကိုကား၊ နဂိုရ်ထွတ်ဖျား၊ မသနား၍၊ ပုဏ္ဏားပါပ၊ စာရီမျှသည်၊ ဒုက္ခပူပင်၊ ပျက်စီးမြင်အောင်၊ သို့စင်လူးထွေ၊ ကြံရလေရှင့်၊ မှတ်နေသို့ကို၊ ထောက်တွေးဆိုသော်၊ ထိုပုဏ္ဏားမှာ၊ စိတ်နာကြည်းခင်း၊ မရှိလျှင်းပြီ၊ မှန်ကင်းလူတွင်၊ အထွတ်တင်သည်၊ အရှင်မှာသာ၊ ကြောင်းရင်းစွာဟု၊ မသာမှတ်ကျိတ်၊ ကျွန်တော့်စိတ်သည်။ ။ လန့်ထိတ်ရွံ့ကြောက် ဧ၏တည်း


၁၅၄။ ယင်းသို့သာကြည်၊ မျက်ရည်ရွှမ်းဖြာ၊ လျှောက်ဆိုရာသော်၊ အချာဘုန်းထွတ်၊ မယ်တော်မြတ်သည်၊ ဆွတ်လွတ်စုံမက်၊ လည်ကိုလက်၍၊ ပြိုက်စက်မျက်ရည်၊ မိန့်ဆိုသည်ကား၊ သည်းကြားနုနယ်၊ အဘိုးငယ်၊ သည့်နှယ်မောင်ပု၊ လွယ်မှုအလျင်၊ ချစ်မိခင်ကို၊ ပြစ်တင်လိုလို၊ ထဲမျက်သိုနှင့်၊ မချို − မသာ၊ မဆိုရှာနှင့်၊ တံတွာနေကျ၊ မိဘတို့သည်၊ ချစ်ကြည်သက်တူ၊ သား, မြေးတူက၊ ကြီးထူဘေးဒဏ်၊ ရန်ကိုထားဘိ၊ ဏုမြူရှိမျှ၊ မငြိစေရက်၊ စုံမက်ဝမ်းက၊ ဆွတ်ကြင်ကြ၏၊ နေကျမှန်စွာ၊ သို့အရာတွင်၊ ငါမောင်ကိုမူ၊ မည်သူ − မတန်၊ ချစ်ကြူးလွန်အောင်၊ ထူးချွန်ထပ်လှောင်း၊ ချစ်ပါကြောင်းကို၊ နန်းလောင်းပွင့်လျာ၊ မိသည်းချာသည်၊ သိပါတော့သည်၊ ကြံစည်ဆန်းပြား၊ သည်ပုဏ္ဏားသည်၊ သံများကောက်တူ၊ ရွယ်ချူထဲသံ၊ တိတ်တိတ်ကြံ၍၊ တို့ကံဆိုးခိုက်၊ ကြိုက်၍ထွေလည်၊ ဖြစ်ရသည်ကို၊ ကြံစည်မသာ၊ သေလှုရာတွင်၊ သည်းချာမောင်ပု၊ ဘယ်ပြုစိတ်ရှိ၊ ဆိုပါဘိသည်၊ မချိဝမ်းတွင်၊ ထပ်ကာပင်သည်။ ။ မရွှင်ညှိုးပူ ဆွေး၏တည်း


၁၅၅။ သို့ဆိုလတ်သော်၊ သားတော်တခါ၊ လျှောက်သည်မှာကား၊ ရတနာပလ္လင်၊ မြတ်ညာတင်သည်၊ သန့်စင်မြတ်မျိုး၊ ထွတ်ထိပ်စိုး၊ မြတ်နိုး − ကြည်လင်၊ အရှင်စစ်စစ်၊ ချစ်ပါပြီကား၊ သည်ပုဏ္ဏားသည်၊ စိတ်ထားမဲ့လှ၊ ငြိုးတိုင်းကျအောင်၊ ကြံရမည်လား၊ ထွတ်ထိပ်ထားသည်၊ မသနားပါ၊ ၍သာသည့်နှယ်၊ အံ့ဘွယ်တစစ်၊ ဖြစ်ရသည်ပ၊ သင်းမျှပုဏ္ဏား၊ မွှားခန့်လောက်ကို၊ ရွှေမှောက်ထွတ်တိုင်၊ စိုးမပိုင်သည်၊ မနိုင်၍ထား၊ ထွတ်ဖျားမှန်ကူ၊ လျစ်လျူရှုကာ၊ နေ၍သာလျှင်၊ အောင်ချာထိပ်မိုး၊ ရှေ့သို့စိုးသည်၊ တန်းခိုးထန်ပြင်း၊ အိမ်ရှေ့မင်းနှင့်၊ မကင်းရှည်စေ့၊ အိမ်ရှေ့ထွတ်ထား၊ မိဖုရားဟု၊ ကျော်ကြားဝှန်ဝှေ၊ မြင်းမိုရ်ဗွေဝယ်၊ နန်းဝေယန်ဖျား၊ တမ်းခွန်လွှားသို့၊ ထင်ရှားပါလျက်၊ ပုဏ္ဏားပျက်ကြောင့်၊ ခဲခက်ရေးရာ၊ ကမ္ဘာပြောင်းပြန်၊ စောက်ထိုးလှန်သို့၊ ထူးချွန်အားတွေ၊ ဖြစ်ရ၍လျှင်၊ အောက်မမေ့ဂလိုင်၊ မပြေနိုင်၍၊ ထွတ်တိုင်စိုးချာ၊ မိမြတ်စွာကို၊ လျှောက်ပါတော့သည်၊ နှုတ်ရည်ပမာ၊ အောက်မေ့ရှာသော်၊ လုံပါစိမ့်မှု၊ စောင်ရန်ပြုလျက်၊ သီးနုမှည့်ငြား၊ စောင်ရန်းစားဟု၊ ထူးပြားဆန်းကြယ်၊ ဆိုသည့်နှယ်ပင်၊ အံ့ဘွယ်တူရှည့်၊ ဖြစ်ခဲ့၏ဟု၊ ဖြေဖြေည့်မပျော်၊ ထွတ်ဘုန်းကျော်ကို၊ ကျွန်တော်စိတ်ရှိ၊ ပြစ်မှားမိသည်။ ။ စွန်းငြိသင်္ကာ မြှေး၏တည်း


၁၅၆။ ထို့နောက်မယ်တော်၊ ထွေငေါ်ပျံ့ကြူ၊ မိန့်တော်မူ၏၊ ညွန့်လူဘုန်းတန်း၊ တက်သစ်လန်းသည်၊ ရွှေနန်းစိုးလျာ၊ မိသည်းချာ၊ ခြင်းရာကြပ်ကြပ်၊ ဆိုသင့်ပေ၏၊ ငံ့နေပျံ့ပျူး၊ နာပါဦးလော့၊ လွန်ကျူးကျင့်ညစ်၊ ပုဏ္ဏားယစ်သည်၊ မချစ်ကြင်နာ၊ ယစ်စာမြည့်မြည့်၊ ထည့်မည်ဟူ၍၊ ယဉ်မြေ့မူထား၊ မောင့်မြောက်သားကို၊ အများအုတ်အာ၊ ယူမည်သာဟု၊ ပျာပျာလာလာ၊ ပြေးဝင်လှာသော်၊ ငါလည်းလျင်လျား၊ သည်ပုဏ္ဏားကို၊ သနားမရှိ၊ သတ်ပါဘိဟု၊ ပြည်ကြီးအရှင်၊ မောင့်ဘခင်ကို၊ ဆောလျင်လျှောက်ချေ၊ အပြင်းစေ၏၊ သွားလေသူများ၊ တံခါးပိတ်ခဲ့၊ ဝင်ရာမဲ့ဟု၊ နောက်ငဲ့မကြာ၊ ပြန်ခဲ့လာသော်၊ ပြည်ချာထိပ်နင်း၊ မင်းနှင့်ပုဏ္ဏား၊ မပြားစိတ်ညီ၊ ဖြစ်ချေပြီဟု၊ ယဉ်သည်ခပ်လျော့၊ ပျော့ပျော့စိတ်ရှိ၊ နေရှာမိသည်၊ သတိယွင်းကွတ်၊ သည်အချက်မှာ၊ ဆက်ဆက်စင်စစ်၊ မရှင်ပြစ်ပင်၊ ဖြစ်ပချေ၏၊ နှိုင်းရှည့်ဆင်ခြင်၊ မရှင်တင်လျှော်က်၊ မဘောက်မမှား၊ ပုဏ္ဏားနှင့်မင်း၊ စိတ်ချင်းတူမျှ၊ ညီချေကမူ၊ ခဲလှကြံရေး၊ ဝေးသည်မှုတ်လား၊ သည်းကြားရွှေစင်၊ မောင်ရောက်လျှင်လည်း၊ ပြစ်တင်မကြည်၊ ခံရမည်ကို၊ ကြံစည်လျက်ပင်၊ မ − ရှင်စိတ်က၊ ကြောက်နှင့်လှ၏၊ အစ်မစိတ်မှာ၊ မသက်သာသည်။ ။ ဗျာပါစုစည်း ဝေး၏တည်း


၁၅၇။ မင်းနှင့်ပုဏ္ဏား၊ နှစ်ပါးလိမ်လည်၊ ကြံသည်ဖြစ်မည်၊ ဆောက်တည်ဝမ်က၊ အစ်မ အရှင်၊ ဆင်ခြင်မှတ်နှိုင်း၊ ယူသည့်တိုင်းလည်း၊ ထုံ့ပိုင်းမြဲပင်၊ မောင့်ဘခင်သည်၊ စိတ်တွင်အထူး၊ ကြံပေဘူးတည့်၊ အကျူးဆန်းပြား၊ သည်ပုဏ္ဏားသည်၊ မင်းဖျားရာဇာ၊ လူ့ထွတ်ချာကို၊ ဘွေရှာကွေ့လည်၊ လှည့်စားသည်ကို၊ ရိပ်ခြည်အစ၊ တ − သိရမူ၊ ယုတ်လှလူမျိုး၊ သင်းမျှဆိုးကို၊ အစိုးတပိုင်၊ မနိုင်ဟူလည်၊ ဖြစ်တော့မည်လား၊ ရင်သားရွှေစင်၊ မောင့်ဘခင်နှင့်၊ မ − ရှင်တို့ကို၊ မျက်လိုဝမ်းမှာ၊ မသင့်စွာဟု၊ အနာတရ၊ မယူဆနှင့်၊ ဝေးလှရပ်မြေ၊ ခွာလေရှဲ၍၊ မောင်သွားနေ့မှ၊ အလွမ်းစ၍၊ နေ့လရှည်ကြ၊ မည်သည်မှာမှ၊ ဗျာပါမကင်း၊ ရှိစဉ်တွင်းဝယ်၊ ဖြူဝင်းယဉ်နု၊ တို့သက်စုသည်၊ မောင်ပုတဖန့်၊ ထပ်လှောက်ပြန်၍၊ လွမ်းဝှန်လှိုက်ပွက်၊ ဆင်းရဲနက်မျှ၊ မသက် − မသာ၊ မီးစာအလျောက်၊ မီးလျှံတောက်တွင်၊ ထပ်လှောက်ရွှန်းရွှန်း၊ ထောပတ်ဆန်းသို့၊ ချစ်ဝမ်းပူလှ၊ လွမ်းလောင်ရ၏၊ ဒုက္ခကြီးစွာ၊ သည်အရာသည်၊ ကံသာ − ဥစ္စာ၊ ကံသာ − ဆွေမျိုး၊ ကွယ်ကိုးစရာ၊ ကံသာ − နေကျ၊ ယင်းမူလဟု၊ သကျထွတ်ထား၊ ဘုရားမြတ်စွာ၊ ဟောသည်မှာတိုင်း၊ ထုံ့ပိုင်းမတည်၊ ဖြစ်ရသည်ကို၊ ဖြေဆည်မှတ်သား၊ နှလုံးထား၍၊ သည်းကြားရတနာ၊ စိတ်ပြေပါဟု၊ မေတ္တာမြင်းမိုရ်၊ မယ်တော်ဆိုသည်။ ။ သံချိုဝန်းသို့ မွှေး၏တည်း


၁၅၈။ ထို့နောက်သားထော်၊ လျှောက်ဟန်သော်ကား၊ ထွန်းပေါ်တေဇ၊ ဘုန်းရောင်ပသည်၊ နန်းမ သခင်၊ တို့မ − ရှင်၊ ကောင်းကင်နှင့်မြေ၊ ဝေးသောထွေသို့၊ တူနေမမျှ၊ မဘက်ရလျှင်၊ ဒေါသစိတ်အား၊ ပုဏ္ဏားမျှသည်၊ ဘွေနှည်နှိပ်စက်၊ နိုင့်ထက်ထူးထွေ၊ ပြုရလေဟု၊ မှတ်ယူနေမိ၊ ရှိ၍တချက်၊ စဉ်ဆက်နှောင်းရှေး၊ နီးဝေးကာလ၊ မည်တွင်မျှလျှင်၊ ကြိမ်းရဘူးရှာ၊ မဟုတ်ပါလျက်၊ ဝေးစွာရွှေတောင်၊ ဂိရိခေါင်က၊ တိုင်အောင်သည်မှာ၊ ရောက်လှာတူပင်၊ စံရကြင်မှ၊ သို့စင်ယွင်းကွက်၊ ဖြစ်ရချက်ကြောင့်၊ လှိုင်ပွက်ဝမ်းမှာ၊ မသက်သာ၍၊ အောင်ချာနန်းမ၊ ထွတ်ဘုန်းပကို၊ ဒေါသစွန်းငြိ၊ ရှိသည်စိတ်နှင့်၊ ဘွင့်၍မနေ၊ လျှောက်ပချေ၏၊ စိုးနေနန်းမ၊ ဘုရားရွှေနှုတ်၊ သို့မဟုတ်ဘူး၊ မယုတ်ဆံခြည်၊ သို့မှန်သည်ဟု၊ ပျံ့ကြည်ကြိုင်မွှန်၊ မိန့်တော်ညွှန်းသော်၊ ပွင့်လန်းလတ်လတ်၊ ဗျာဒိတ်မြတ်ကို၊ ထိပ်ထွတ်ဦးဆီ၊ တင်ပါပြီဟု၊ ချစ်ညီထွေငေါ်၊ တရားတော်နှင့်၊ ဖြေဖျော်ထောက်ချင့်၊ စိတ်ပြေသင့်ဟု၊ ကြိုင်လွင့်ပျံ့ချို၊ မိန့်ခွန်းကိုကား၊ လွဲဆိုခပ်ခွါ၊ လျှောက်နေပါသည်၊ ကျမ်းလာဘွေဖော်၊ ဗျာဒိတ်တော်နှင့်၊ သင့်လျော်ညီစွာ၊ ကင်းကွာဒုက္ခ၊ ဟူသမျှပင်၊ နေကျမြဲပင်၊ ကံသာရင်၏၊ ပူပင်သည်မှာ၊ ချမ်းသာကားချို့၊ ဆင်းရဲဘို့ဟု၊ ကံသို့ကျွန်တော်၊ ထင်ပါသော်လည်း၊ ဖြေဖျော်မသာ၊ လွမ်းတာ တောင်ရှည့်၊ မောက်ခဲ့သည့်ကြောင့်၊ ချည့်ချည့်ပျောင်းပျ၊ ကျွန်တော်မသည်၊ ပျံကြွသွားရာ၊ ဟေမာသာထွတ်၊ ဂိရိမြတ်သို့၊ မြဲမှတ်ရည်တင်၊ ယနေ့ပင်လျှင်၊ အလျင်မကြာ၊ လိုက်ပါတော့မည်၊ မသွေဖည်သည်။ ။ ရှေ့ရည်စိတ်ဇော ပြေး၏တည်း


၁၅၉။ ယင်းသို့လှယ်ဖယ်၊ သားမယ်တော်မင်း၊ ကြောင်းခြင်းထွေပြား၊ ဆိုသည်ကြားသော်၊ မင်းဖျားရာဇိန္ဒ၊ ရာဇမှန်ကူ၊ မိန့်တော်မူသည်၊ ဇမ္ဗူဗိမာန်၊ စိုးဆက်ရန်သည်၊ ဘုန်းဝှန်တက်သစ်၊ ရှင်ချစ်သကျ၊ မုနိန္ဒသည်၊ မိတ္တဒုဗ္ဘော၊ ဟိ − ပါပကော၊ ဟောသည်မြွက်ဖော်၊ တရားတော်ကို၊ ထင်ပေါ်သိလျက်၊ သွမ်းပျက်ညစ်ကျူ၊ အနုပိယဘာဏီ၊ ဒုဿီလူမျိုး၊ ခင်ပွန်းဆိုးကို၊ အကျိုးလိုမည်၊ မှတ်ည်ချေမိ၊ ငါ့ဝန်ရှိ၏၊ သတိ စာနာ၊ တကြောင်းမှာလည်း၊ ဥဂ္ဂါ ပျံလျှပ်၊ အရပ်မျက်နှာ၊ တောက်ဝါလင်းထင်၊ ငလျင်တော်ရိုက်၊ အခိုက်အခါ၊ လနာ − နေကြတ်၊ နက္ခတ်ထိပါး၊ ထူးပြားအိပ်မက်၊ ပြက်ပြက်ထင်ခြင်း၊ ဤခပင်းနှိုက်၊ ရှေးမင်းစဉ်လာ၊ ပါဏာတိပါတ်၊ သူ့သက်လွှတ်လျက်၊ အတတ်အလွှဲ၊ ကု မ မြဲဖြင့်၊ မလွဲနေကျ၊ ကုမစိမ့်သည်၊ ခန့်ထားသည်ကို၊ ကွေ့လည်ထဲသံ၊ သည့်နှယ်ကြံ၍၊ လူ့ထံရိပ်ဝယ်၊ ဆန်းကြယ်ထူးလှ၊ သို့ဖြစ်ရသော်၊ ဒေါသငါ့မှာ၊ မလွတ်သာပြီ၊ ပြစ်ဆာမြှေးရစ်၊ ငါ့အဖြစ်ကို၊ ဥပရာဇ်နန်းလျာ၊ သည်းခံပါတော့၊ ဟေမာတောင်မြတ်၊ ဂိရိထွတ်သို့၊ ရည်မှတ်ရှေးရှူ၊ လိုက်မည်ဟူ၍၊ ငယ်မူ − ငယ်ထား၊ ဆိုစကားကား၊ လားလားပင်သာ၊ မသင့်စွာသည်။ ။ ထောက်ညှာပါလော့ ဘွယ်ဘွယ်တည်း


၁၆၀။ မောင့်မြောက်သားသည်၊ ထင်ရည်မှတ်သား၊ ဘယ်ကိုသွား၍၊ တိုင်းကားသာစည်၊ ဘယ်ပြည် − ဘယ်မြို့၊ ဘယ်သို့ရှေ့ရည်၊ ရောက်လိမ့်မည်မျှ၊ ကြံစည်ရေးရာ၊ မသိသာခဲ့၊ ဟေမာမည်မှတ်၊ ဂိရိထွတ်သို့၊ မတ်မတ်မသွေ၊ ရောက်လေပြီဟု၊ မှတ်ယူမကွက်၊ မြဲချက်ထင်ပေါ်၊ သိရသော်လည်း၊ မြှော်ခေါ်အရေး၊ မလွယ်သေးဘူး၊ လွန်ဝေးလှစွာ၊ ဟေဝန္တာကား၊ ငါးရာအစောက်၊ မောက်မောက်ဆောင်းဆောင်း၊ ရှစ်သောင်းလေးထောင်၊ အထွတ်ဆောင်လျက်၊ ကုန်အောက်ခဲခက်၊ ချောက်ရှိုက်သက်နှင့်၊ သစ်ခက်ပေါင်းလည်း၊ အူပည်းပည်းတိ၊ မြက်မည်းတောကြီး၊ ပိတ်ဖြီးဝါးရုံ၊ စေးချုံအင်တိုင်း၊ ပြိုင်ရရိုင်းလျှင်၊ သစ်ကျိုင်းမြိုင်နက်၊ အရှက်ရှက်နှင့်၊ တက်သက်ခဲအင်၊ ကျား, ဆင်, ခြင်္သေ့၊ တိုးခွေ့မအား၊ နဂါး, ယက္ခ၊ ကန္တာရကို၊ လမ်းချသိမှန်၊ ဘယ်သူညွှန်၍၊ နန်းရန်ဘုန်းသစ်၊ ဘ − ရင်နှစ်သည်၊ ဆုတ်နစ်မယို့၊ ဘယ်သို့မောင်လှ၊ သွားပါရနည်း၊ ဖြင်ပည်းဘေးမျိုး၊ ရန်ကိုတိုး၍၊ အကျိုးမထင်၊ ပူပင်သက်စွန့်၊ မခန့် မညား၊ မောင်မသွားနှင့်၊ မမှားနေကျ၊ မောင့်နှမသည်၊ မိဘနေတည်၊ ရပ်ဟောင်းပြည်သို့၊ ရောက်သည်မှန်လျှင်၊ တို့ရပ်ခွင်သို့၊ နောက်ငင်တခါ၊ လာလှာလိမ့်မည်၊ မသွေဖည်သည်။ ။ ငံ့ဆည်ပါလော့ သွယ်သွယ်တည်း


၁၆၁။ ထိုမှရွှင်ပျော်၊ မလာသော်လည်း၊ မြေပေါ်ကျွန်းထိပ်၊ ဇမ္ဗူဒိပ်တွင်၊ ဖြူရိပ်ဆောင်းကာ၊ မင်းတကာတို့၊ သည်းချာရင်တွင်း၊ နတ်ရောင်ဆင်းသို့၊ မယွင်းပမာ၊ နုကညာတည့်၊ ဖြီးရှာလှည့်၏၊ ရွှေမှည့်ဆင်းဝါ၊ မောက်ကြိုက်ရာကို၊ ဘွေရှာလှည့်ရွေး၊ ဘကြီးပေးမည်၊ ရတနာမှတ်သား၊ ကိုယ်လုပ်များနှင့်၊ စိတ်အားဖျော်ကာ၊ စံနေပါတော့၊ ဘ − ရာထီးစည်၊ နန်းရွှေပြည်ကို၊ စိုးရည်ခန့်လျက်၊ တဘက်တည်းသာ၊ ရှုရာမျက်စိ၊ ရှိသသူနှင့်၊ မှတ်ယူဆောက်တည်၊ ချစ်ပါသည်ကို၊ ကြံစည်ဘွေရှာ၊ ဗျာပါလောင်းဆင့်၊ မရှာနှင့်လော့၊ ပျံ့လွင့်ပေါ့လျှံ၊ မောင့်အကြံကား၊ နိုင်ငံလုံးသူ၊ လူတို့စီးပွား၊ ဘုရားဖြစ်ဘို့၊ ဆွေမျိုးချမ်းသာ၊ စရိယာသုံးပါး၊ ကျင့်တရားတွင်၊ တပါးပါးမျှ၊ မဆိုရခဲ့၊ မောင်လှငယ်မှု၊ စိတ်မနုနှင့်၊ မြှော်ရှုသင့်လျော်၊ ငါ့မိန့်တော်ကို၊ ရွှင်ပျော်သာယာ၊ နားထောင်ပါဟု၊ ရာဇာမင်းဖျား၊ တောင်းပန်ငြားလည်း၊ ထွတ်ထားမင်းလျာ၊ ဥပရာမှာ၊ မနာလှည့်ချင်၊ နားမဝင်တည့်၊ မင်းရှင်သူဇာ၊ ဆင်းသိင်္ဂါသည်၊ ဟေမာမည်ရှိ၊ ဂိရိသို့သာ၊ ရောက်ရာမချွတ်၊ စူးစူးမှတ်လျက်၊ သက်ကိုစွန့်၍၊ မတွေ့တွေ့အောင်၊ မကွေ့မလည်၊ လိုက်တော့မည်သည်။ ။ ကြံစည်အပြီး ရွယ်ရွယ်တည်း


၁၆၂။ အာဇာနည်စိတ်၊ မထိတ်မရွံ့၊ ဤသို့ကြံလျက်၊ မြဲမြံရည်ရော်၊ လျှောက်သည်သော်ကား၊ ဘုန်းတော်ဖြီးစည်၊ ကြီးသည်ဘုရား၊ လူ့ထွတ်ထား၊ ကြိုးစားဆောက်တည်၊ ကျွန်တော်သည်လျင်၊ မြှေးလည်တဏှာ၊ အနာသဝါ၊ မဟုတ်ပါဘူး၊ ရာဂါဒေါသ၊ မောဟီတိ၊ သိသည်ချက်ကို၊ ငြိမ်သက်စိမ့်မည်၊ ဖြေဆည်ပြီးတိုင်၊ မတတ်နိုင်ပါ၊ အကြောင်းမှာလည်း၊ မိန့်ဗျာဒိတ်တော်၊ ထွေငေါ်ပန်းသွင်၊ ဟတိုင်းပင်လျှင်၊ မရွှင်မပျ၊ ကျွန်တော်မသည်၊ ပျံကြွလေရာ၊ ဘယ်ရွာဘယ်မြို့၊ ဘယ်သို့ရှေ့ရည်၊ ရောက်လိမ့်မည်မျှ၊ မသိရ၍၊ စိတ်ချကျွန်တော်၊ ဖြေဖျော်တည်းဆည်၊ မနေတည်ခဲ့၊ နေပြည်ဘုမ္မိ၊ တောင်ဂိရိသို့၊ စွန်းငြိမထင်၊ ရောက်ပါလျှင်လည်း၊ သာရွှင်မကွေ၊ ဖူးရစေတော့၊ ပျံ့သွားလေရာ၊ အာကာလမ်းတွင်၊ သေပျောက်လျှင်လည်း၊ ပြုပြင်လိုရာ၊ ကြမ္မာယွင်းယို၊ သေကြောင်းကိုမျှ၊ သိရစင်စစ်၊ ဖြစ်ပါစေတော့၊ ပြေလျှော့ဗျာပါ၊ သို့မှသာလျှင်၊ သက်သာရမည်၊ ဖြစ်တော့သည်ဟု၊ ဓွန့်ရှည်မြေတာ၊ ဘေးများစွာဟု၊ မိန့်ဗျာဒိတ်မြွက်၊ ရှိသည်ချက်မှာ၊ ပြိုင်ဘက်လွတ်ရှောင်၊ ဘုန်းတော်ဆောင်၍၊ တောင် အဿကဏ္ဏ၊ စသည် ခုနစ်တန်၊ မကျန်ထင်ရှား၊ မြင်းမိုရ်ခြားလည်း၊ ရှောင်ရှားမဲ့လျှင်း၊ ဘေးကိုနင်းလျက်၊ ထန်ပြင်းပတ်ခြိမ့်၊ သွားပါလိမ့်မည်။ ။ ရောက်စိမ့်အသာ လွယ်လွယ်တည်း


၁၆၃။ ဆောင်းထီးဖြူဝါ၊ မင်းတကာတို့၊ သည်းချာရင်တွင်း၊ နတ်ရောင်ဆင်းကို၊ လျင်ပြင်းကောက်ရွေး၊ များစွာပေးသည်၊ ပျံ့မွှေးထွေသာ၊ မိန့်ရာမှာလည်း၊ များစွာဖြီးစည်၊ မည်သည့်မိန်းမ၊ ကိုမျှကျွန်တော်၊ ရွှင်ပျော်စိတ်တွင်၊ မထင်မိပါ၊ မျောက်နှယ်သာလျှင်၊ ရုပ်ဝါဆင်းမဲ့၊ ထင်မိခဲ့၍၊ တိုင်းရှဲ့သုံးဖြာ၊ စရိယာမည်၊ လွှဲဖည်မကြံ၊ ကျင့်ပေါ်လျှံဟု၊ ထွေသံတော်ကို၊ လျှောက်ဆိုဝံ့မည်၊ အကြောင်းသည်ကား၊ ဆောက်တည်မရ၊ ကျွန်တော်မသည်၊ ပျံကြွလေသော်၊ ခဲလှော်ရေးရာ၊ ခရီးမှာနှိုက်၊ ခန္ဓာပြတ်ကြွေ၊ သေလေမသိ၊ ဂိရိဟေမာ၊ ရွှေတောင်ချာသို့၊ ရောက်ပါလေသည်၊ ဖြစ်မည်မသိ၊ သို့ရှိသဖြင့်၊ ချီးမြှင့်လုံ့လ၊ ဝီရိယကို၊ မကြွစေနိုင်၊ ကြံမှိုင်လက်ကျ၊ စိတ်ကိုချ၍၊ ပျောင်းပျနွမ်းရိ၊ မချိသည်သာ၊ ပူဆာလိုလို၊ နေသည်ကိုလည်း၊ ခဲငြိုငြင်စွာ၊ အဘယ်မှာလျှင်၊ စရိယာသုံးပါး၊ ကျင့်တရားကို၊ ကြိုးစားဖြည့်သည်၊ ဖြစ်တော့မည်လည်း၊ ထင်ရည်ဖြောင့်ဖြောင့်၊ သို့သောကြောင့်လျှင်၊ စိုးနှောင့်ဗျာပါ၊ ပြန်သွားရာတွင်၊ သေလျှင်သေသည်၊ မှတ်တည်နေကျ၊ သိရလျှင်းအောင်၊ ရွှေတောင်ရပ်ခွင်၊ သို့ရောက်လျှင်လည်း၊ အလွန်မကြာ၊ ခေါ်လာခဲ့၍၊ သည်မှာသားငယ်၊ ထွားနုနယ်နှင့်၊ ရွှင်ရယ်တကွ၊ ပေါင်းစေရမှ၊ ပုတ္တဒါရဿ၊ သင်္ဂဟက၊ စ၍စရိယာ၊ သာသာသောင်သောင်၊ ဆောင်ရအောင်ကို၊ ဘောင်ဘောင်ပြောကျယ်၊ ပင်လယ်ယ်ဝယ်၊ ငြိတွယ်မလည်၊ နစ်သည်ယောက်ျား၊ ကူးသည့်လားသို့၊ စွမ်းအားလုံ့လ၊ ဝီရိယကို။ ။ ချီကြွပါမည် လှယ်လှယ်တည်း


၁၆၄။ ခမည်းတော်မင်း၊ သံညင်းပျံ့ကြည်၊ ဆိုပြန်သည်ကား၊ လေးမည်သစ္စာ၊ ပွင့်ဆုရှာသည်၊ နန်းလျာရည်ခင်း၊ အိမ်ရှေ့မင်း၊ ကြိုင်ရွှင်းပျံ့ရှား၊ မောင်းစကားကား၊ ထက်ဖျားခွေခေါက်၊ လိုရာရောက်အောင်၊ ဖြစ်မြောက်ကြောင်းကို၊ ငင်ထွက်ဆိုသည်၊ သံချိုကွန့်ရစ်၊ လွန်ပြေပြစ်စွ၊ ကြင်ချစ်သက်မျှ၊ မိနှင့်ဘတို့၊ ဆုံမသာကြည်၊ မြစ်ထားသည်ကို၊ သွေဖည်ယုံ့ယွင်း၊ ဆန်ငြင်းသဖြင့်၊ မသင့်ဘူးမောင်၊ မှတ်နားထောင်လော့၊ ယခေါင်ရှေးဝယ်၊ ကျေးသားငယ်သည်၊ သင့်ရွယ်ဆုံးမ၊ မိဘစကား၊ မနာငြားဘဲ၊ ဖန်လဲမနေ၊ ပျံသွားချေ၏၊ ကျယ်တွေမြစ်မ၊ သာဂရထက်၊ ကျ၍အသက်၊ ဆုံးပျက်မရှည်၊ သေဘူးသည်ကို၊ ပွင့်မည်နန်းလျာ၊ မကြားပါလော့၊ ထွေလာထူးလှ၊ သည်ကိစ္စတွင်၊ ဉာဏတန်ဆောင်၊ ထွန်းဝါပြောင်သည်၊ မောင်ဥပရာဇ်၊ ဘ ရင်နှစ်ကို၊ ဟန့်မြစ်ဆုံးမ၊ ဆိုခက်လှ၍၊ အဘသည်းချာ၊ ပူလောင်ဆာစွ၊ ရေးရာမြော်ကြည့်၊ မသင့်သည်ကြောင့်၊ ချော်ဖြည့်ကြိမ်ဖန်၊ ငါတောင်းပန်ရှင့်၊ နန်းရန်ရည်သွား၊ ဘ စကားကို၊ မှတ်သားဝမ်းမှာ၊ မှတ်ယူပါက၊ အခါရှည်လျား၊ အကျိုးများသည်။ ။ စီးပွားတွင်တွင် ကျယ်ကျယ်တည်း


၁၆၅။ သားတော်တဖန်၊ လျှောက်ပြန်သည်မှာ၊ ဘုန်းဝါလျှံတောက်၊ ရန်မှောင်ပျောက်သည်၊ ရွှေမှောက်ဘုရား၊ မင်းမင်းဖျား၊ မည်သားရှေးနှိုက်၊ ကျေးသားမိုက်နှင့်၊ တိုက်ရိုက်နှိုင်းလျော်၊ ပုံပြဖော်သည်၊ ထွေငေါ်သံချို၊ မိန့်တော်ကိုမှာ၊ လျှောက်ဆိုတုံ့လှန်၊ ပြန်ချေစရာ၊ မရသာပြီ၊ ဝေးစွာရှည်မြင့်၊ မသွားနှင့်ဟု၊ သွားခွင့်ဆီးတက်၊ ဗျာဒိတ်ချက်ကို၊ ထိပ်ထက်တင်ကာ၊ မခွာမြဲလှ၊ နေချေကမူ၊ ဘုရာ့းကျွန်တော်၊ ခဲလှော်ရေးရာ၊ လ မကြာပြီ၊ ခန္ဓာလုံးလုံး၊ ဆုံးရတော့မည်၊ မြဲတည်တည့်တည့်၊ မှန်ခဲ့သည့်ကြောင့်၊ ရွှေပြည့်ထိပ်မိုး၊ အစိုးတရ၊ ပိုင်သပီပီ၊ ကျော်ညီပေါက်ပြ၊ ဇီဝိတဒါန၊ မြတ်စာဂကို၊ ကြည်စွစိတ်ဖြူ၊ ပေးတော်မူလော့၊ ရှေးရှူမိရာ၊ ခုသွားပါမည်၊ နရာထိပ်ပန်း၊ ရွှေခွန်းသာယာ၊ ခွင့်လွှတ်ပါတော့၊ ဝေးစွာခရီး၊ ဟန့်ဆီးဘေးရန်၊ တန့်တန်ကြောက်ဘွယ်၊ ဆိုရာဝယ်ကား၊ ရည်ရွယ်ရှေ့ထား၊ ကျွန်တော်သွားက၊ ထက်ရှားမွှန်ကြား၊ ဘုန်းတော်အားဖြင့်၊ လွင့်ပါးရန်ထောက်၊ ပပျောက်လိမ့်မည်၊ မှန်သည်ကိုကား၊ ဘုရားသည်မှာ၊ မစိုးပါနှင့်၊ မြူလွှာဆံခန့်၊ မကြောက်လန့်သည်။ ။ မတွန့်စင်စင် ကြယ်ကြယ်တည်း


၁၆၆။ သို့လျှောက်ပြီးလျှင်၊ နတ်ရှင်မင်းဖျား၊ ဘ ဘုရားနှင့်၊ ထွတ်ထားညာနေ၊ မယ်တော့်ခြေကို၊ ရိုသေညွတ်ပျပ်၊ ပန်းပျပ်နဖူး၊ ဗောင်းတော်ကျူးနှင့်၊ ကြည်နူးနှစ်ခြိုက်၊ ညွတ်ခိုက်ခဲ့ကာ၊ ထတဲ့လာ၍၊ မကြာထုတ်ချောက်၊ အိမ်တော်ရောက်က၊ ကက္ခလိစ္ဆ၊ ဝနရာဇာ၊ မည်သာကျော်ဟိုး၊ မတ်မူဆိုးအား၊ လျင်လျားမနေ၊ ခေါ်လေစေမှ၊ ရဝေဘုံကျော်၊ ဆောင်မတော်မှာ၊ သီဟာသန၊ သလွန်မြထက်၊ လျလျနွမ်းနယ်၊ သနားဘွယ်လျှင်၊ ပြိုက်သွယ်ရွှမ်းစို၊ တကိုယ်တော်တည်း၊ လူးကာလည်း၍၊ ချုပ်တည်းမတည်၊ ရူတသည်ကား၊ စံရည်သိင်္ဂီ၊ မမှီနှိုင်းဆ၊ ဝေပူမြလည်း၊ မမျှနှုန်းနှန်း၊ ကုန်ခန်းလွန်ကျူး၊ မရဘူးကို၊ အထူထွေလည်၊ ရပေသည်ဟု၊ ဆောက်တည်လေးနက်၊ အသက်ဆယ်ဆ၊ လုံးမကပင်၊ နေကျစိတ်တွင်၊ ကျွနု်ပ်ထင်သည်၊ မင်းရှင်ယဉ်နု၊ မင်းရွှေဥဝယ်၊ သေလှုတုန်လှုပ်၊ ကျွနု်ပ်စစ်ခွင်၊ မသေခင်က၊ အလျင်လိုလှ၊ ငါးလမျှစင်၊ ပျောင်းပျညွတ်ခွေ၊ မကြာစေနှင့်၊ သံခြေပျံ့ကြည်၊ မိန့်ဟသည်ကြောင့်၊ ဆောက်တည်မမေ့၊ သည်နေ့ပြင်းပြ၊ လုံ့လပန်းကြီး၊ မှုမျိုးပြီး၍၊ မနီးမြေတာ၊ ခုရောက်ပါသည်၊ ဝမ်းသာစုံမက်၊ ရွှေနှုတ်ဆက်၍၊ နှစ်သက်ပျော်ပါး၊ ရှိမည်ထားဘိ၊ ထူးခြားထွေလာ၊ မျက်နှာတော်မျှ၊ ပြုမပြ၍၊ ဒုက္ခသည်းစွာ၊ ဝေဒနာသည်။ ။ ဝမ်းမှာလှိုက်ခဲ့ ပြီတကား


၁၆၇။ ရှေးကာလမှာ၊ မောင်သွားရာက၊ ပြန်လှာရောက်မည်၊ ဆောက်တည်ထင့်ထင့်၊ မြှော်လင့်အညီ၊ နာရီပဟိုရ်၊ နီးပြီဆိုက၊ နွဲ့ပျိုပြင်လျာ၊ ပရိတ်နာဆက်၊ တိုင်အောင်ထွက်၍၊ လက်လက်ရောင်ဝင်း၊ ပြတင်းကြီးမြောက်၊ တံခါးပေါက်က၊ အရောက်ဆီးက၊ ကြိုနေကြကို၊ မင်းလှဖြူဖြူ၊ နုအူအူသည်၊ အယူစိတ်ထဲ၊ ဘယ့်နှယ်ကွဲ၍၊ ကြိုမြဲမောင့်ကို၊ မကြိုလွှဲသွေ၊ နေလေသနည်း၊ ဖြင်ပည်းချစ်ကုံ၊ ထပ်ပုံစုရာ၊ နုဝင်းဝါငယ်၊ ဆီးလှာမောင့်ကို၊ ကြိုမြဲကြို၍၊ ကြည်ညိုဘွယ်သာ၊ အရာခပ်သိမ်း၊ မယိမ်းမဖည်၊ ကြသည်စိုက်စိုက်၊ မောင့်စိတ်ကြိုက်ကို၊ လိုက်၍ပျော်မြဲ၊ နွှဲကာဖြူးဖြည့်၊ ဖျော်ပါလှည့်လော့၊ နှိုင်းရှည့်စရာ၊ ပမာမရ၊ ချောလှကွက်ညီ၊ မောင့်အင်္ကျီကို၊ ရှုအီရွှင်လမ်း၊ အလျင်လှမ်းမှ၊ သာချမ်းစုံမက်၊ လက်ချိတ်ယက်သည်၊ ကပ်ကွက်ဝတ်လဲ၊ ညစ်ခံမြဲကို၊ လွန်ကဲစုံမက်၊ ယူတည့်ဆက်မှ၊ ပြိုးပြက်ရွှေနှိုင်း၊ ရောင်ဆိုင်းလျှံပတ်၊ ဘွဲ့ဝတ်ပြောင်ပြဲ၊ သည်ဝတ်လဲကို၊ နွှဲကာနွဲ့လျ၊ သိမ်းနေကျကို၊ မင်းလှသာတည့်၊ သိမ်းပါလှည့်လော့၊ ဖျော်ဖြည့်သံချို၊ မောင်ဗောင်းကိုလည်း၊ ကြည်ညိုမေတ္တာ၊ စေတနာနှင့်၊ အသာလှစ်ဘွင့်၊ မယ့်လက်ပင့်၍၊ ရောင်လွင့်လျှပ်ပြေး၊ ယပ်ရွေးရေးနှင့်၊ သာဧညင်းပျ၊ ခတ်နေကျကို၊ မင်းလှသည်တည့်၊ ခတ်ပါလှည့်လော့၊ မြှော်ကြည့်ယောင်ကာ၊ မောင့်ချည်းသာသည်။ ။ မြော်ကာရှိုက်ခဲ့ ပြီတကား


၁၆၈။ ယင်းသို့တစေ၊ ကြက်သရေတွက်ကိန်း၊ အသိန်းမက၊ ခြေဖျားမှသည်၊ စ၍ဖမိုး၊ ဖြိုးဖြိုးလိုက်ဘက်၊ ဖမျက်သားလုံး၊ တင့်ဆုံးပုဆစ်၊ ပြေပြစ်ဆစ်မျက်၊ သည့်ထက်တမို၊ ဆိုရာပြစ်ရှား၊ ခပ်လျားဓါးနှင့်၊ ရင်သားဖြိုးဖြိုး၊ ရင်ရိုးမပေါ်၊ လည်တော်မျက်နှာ၊ အင်္ဂါပေါင်းရုံး၊ မြတ်မျိုးကျုံး၍၊ မျက်လုံးလှန်ကြည့်၊ လှည့်လျှင်မြင်သူ၊ သည်းအူပြတ်ရူး၊ ချဲ့ချဲ့မူး၏၊ ညံ့နူးဆံတော်၊ သုံးထောင်ကျော်လည်း၊ နှိုင်းလျော်မြတူ၊ လှိုင်ကြူပျံ့ငြိမ်း၊ ဆီမလိမ်းဘဲ၊ ညိုရှိမ်းရောင်ထင်၊ ရွှဲရွှဲရွှင်လျက်၊ ဖြန့်လျှင်ကျမ်းလိုက်၊ ဖျားညွန့်ဝိုက်၏၊ ဖြစ်ကြိုက်လိုရာ၊ ထွေးကာခွေခေါက်၊ အူပေါက်ပွပွ၊ ကျကျနန၊ အိပ်နိုးထနှင့်၊ မပျ − မရွှင်၊ နာကျင်ကိုယ်တော်၊ မကျန်းသော်လည်း၊ ရွှေလှော်ဝင်းညက်၊ မောင့်သက်မေတ္တာ၊ ပုံစရာမှာ၊ ပြင်လျာတထူး၊ လှပြန်ကျူး၏၊ ပျံ့ပျူးစိတ်ကြည်၊ ညှောက်ရှည်ပေါက်ကျ်၊ တသွယ်ပုပု၊ တင့်မှုလုပ်ဆန်း၊ ပြောင်ထွန်းရိုးရဲ၊ မြနောက်တွဲနှင့်၊ မင်းပွဲဆင်မှတ်၊ မြိတ်လွတ်ပတ္တမြား၊ အခြားခြားနှင့်၊ ပျော်ပါးရွှင်စိတ်၊ ထုံးမြိတ်ရာရာ၊ ပြင်လျာယဉ်မြေ့၊ ရွှန်းစံလေ့၏၊ ကြည့်၍မျက်တောင်၊ မညောင်းအောင်ပင်၊ ဆင်းရောင်ယဉ်နု၊ ယဉ်မျိုးစုသည်၊ ရွှေဥရတနာ၊ ဖြူဝင်းဝါကို၊ ဘယ်ညာတောင်ယမ်း၊ ကျွနု်ပ်စမ်းသည်။ ။ သွယ်ရွှမ်းပြိုက်ခဲ့ ပြီတကား


၁၆၉။ တစုံစေ့စေ့၊ ကြံအောက်မေ့သော်၊ ညဉ့်နေ့မြဲပင်၊ သဘင်အခါ၊ ဝတ်စားမှာလည်း၊ သည်သာမဟူ၊ အဖြူသန့်သန့်၊ ချယ်တန့်လွင်လွင်၊ ပျော်ရွှင်မှိုင်းမှိုင်း၊ ဝတ်တိုင်းနေကျ၊ တော်လှသည်သာ၊ ရွှေဝါကျောက်နှင့်၊ တင့်သည်အလွန်၊ မဟလ္လတာ၊ ဝင်းဝါရောင်ညီး၊ တန်ဆာကြီးလို၊ ဘုန်းမီးလျှံဖြာ၊ ဘ − ရာဇာက၊ အံ့ရာကျူးကျော်၊ သနားသော်လည်း၊ မြှော်ခေါ်နိမ့်ကျ၊ သူမျာ့းမယ့်နှယ်၊ အလွင်လျင်လျား၊ ရာဂအားဖြင့်၊ ပျော်ပါးကြည်ညို၊ မဆင်လို၍၊ သာချိုခယ၊ စံမျှ − စံပါ၊ တခါစိတ်ကြည်၊ ဆင်ဘူးသည်လည်း၊ တင့်ရည်လွန်ကဲ၊ အံ့အဲးမနိုင်၊ ထွတ်တိုင်မိုးနှင့်၊ ဆင်တိုင်းတင့်၏၊ နိမ့် မြင့် ကြုံ ဆူ၊ မည်း ဖြူ နိမ့်မျှ၊ မိန်းမတကာ၊ များစွာမှာပင်၊ ဆင်ယင်စရာ၊ တော်လှစွာကို၊ ရှာ၍ဘွေဖော်၊ ဆင်ယင်သော်လည်း၊ ရွှေလှော်ရွှေခဲ၊ မောင့်လည်ရွှဲမှာ၊ လွန်ကဲအောင်ပ၊ တော်ပြန်လှ၏၊ ကာလမီမိုး၊ လှမျိုးသင်္ချေ၊ မရေတွက်သာ၊ များလှစွာပင်၊ ရှပ်ကာထပ်လောင်း၊ ယဉ်ပေါင်းသင်္ချာ၊ ရေးရာမရှိ၊ တိုင်းမသိပင်၊ အကျိသောင်းသဲ့း၊ မိုးဆင့်ကဲးသည်၊ ရွှေခဲကြက်သရေ၊ မောင့်မျက်ဖြေသည်၊ ထွေထွေလာလာ၊ မောင့်မှာပြစ်ခြည်၊ ဘယ်ရှိသည်ကြောင့်၊ မကြည်မုန်းထား၊ ဘယ်တခြားသို့၊ သွားလေသနည်း၊ အူသည်းပြတ်လှ၊ ခုခုမတည်၊ ရှိုက်ရသည်ကို၊ ရွှေရည်ဆင်းပြင်၊ မင်းလှရှင်ငယ်၊ နောက်ငယ်တွင်သာ၊ တခါလည်လှည့်၊ ကြွပါတည့်လော့၊ ဖျော်ဖြည့်မသာ၊ ထပ်ကာကာပင်၊ ဗျာပါသောင်းထောင်၊ မကအောင်သည်။ ။ မူးမှောင်မိုက်ခဲ့ ပြီတကား


၁၇၀။ ရူတရူတ၊ အောက်မေ့ကမူ၊ စကြာ့သခင်၊ နတ်ရှင်ကြင်မှတ်၊ နတ်တို့အံ့ဘွယ်၊ ဆိုသည့်နှယ်လျှင်၊ တကယ်ဧကန်၊ သဘောမှန်သား၊ သွေလှန်မဖည်၊ နေသည်ပြင်းထန်၊ ဂိမှာန်ကာလ၊ နွေမာသနှိုက်၊ ရိပ်ပြရင်ရွှေ၊ ခိုရပေက၊ ပူလေသမျှ၊ ဝေးပျောက်ပ၏၊ မိုဃ်းလအခါ၊ ဝသန်မှလည်း၊ ဝင်းဝါဖြိုးလွေ့၊ ရင်တော်ငွေ့မှာ၊ ချမ်းမြေ့အိုက်ပူ၊ မဟူစရ၊ ဥတုမျှ၏၊ ဆောင်းလအခါ၊ ဖြည်းသာလေညှင်း၊ မြောက်ကသွင်း၍၊ ဆီးနှင်းဖျော်ဖျော်၊ ကျလှည့်သော်လည်း၊ ရင်တော်အမွှေး၊ ဖိပိုက်ထွေးက၊ ကင်းဝေးဗျာပါ၊ ချမ်းမျိုးကွာ၍၊ သက်သာနွေးလုံ၊ ညဉ့်ခြုံအလွန်၊ ဗုဇွန်ဆီကျူး၊ တွက်ရှိဘူးတည့်၊ ထွေထူးမှုရာ၊ ယခုမှာကား၊ တမ်းကာငင်ရှိုက်၊ အူကလှိုက်လျက်၊ အိုက်လည်းဘော်ကွင်း၊ ပူပြင်းလွန်သည်း၊ ချမ်းလည်းဘော်ကွာ၊ မောင့်ချည်းသာလျှင်၊ သီဟာသန၊ သလွန်မြထက်၊ ပျောင်းပျမိန်းမူး၊ လည်းကာလူး၍၊ ရူးလည်းရူးစေ၊ သေလည်းကံအား၊ သူ့လျောက်လျားဟု၊ စိတ်ထားတော်မူ၊ ယူလေသည်ကား၊ ထပ်ပွားကာကာ၊ ပူဆာလွန်ကဲ၊ မောင့်ဝမ်းထဲဝယ်၊ ရဲရဲညီးညီး၊ အလွမ်းမီးတိ၊ ချီးချီးထိန်အောင်၊ ပူလှလောင်သည်။ ။ သည်းခေါင်ဆိုက်ခဲ့ ပြီတကား


၁၇၁။ သို့သည်အရာ၊ လွမ်းမီးဝါကို၊ မဟာလောကဓာတ်၊ တိုက်မြတ်ဘန်ဆင်း၊ ပြည့်လင်းလျှံဖြာ၊ မိုဃ်းကြီးစွာတိ၊ သွားကာဖျော်ဖျော်၊ စွေချေသော်လည်း၊ ခဲလှော်ကိစ္စ၊ မချမ်းမြဘူး၊ မရနှုန်းရာ၊ နုဝင်းဝါသည်၊ သူဇာမေဃ၊ သွန်းပါမှပင်၊ ချမ်းမြမည်ရှင်၊ မမြင်မျက်စိ၊ မည်းနောက်ကျိမျှ၊ မသိထူးထွေ၊ လွမ်းမှောင်ဝေကို၊ လ နေ ထောင်သောင်း၊ ပေါင်း၍ ထွက်ပေါ်၊ ထွန်းပသော်လည်း၊ မူးမော်ပျောက်ကင်း၊ မိုက်မလင်းဘူး၊ တင်ကင်းပြစ်ဆာ၊ ရှင်းလွတ်ကွာသည်၊ သူဇာစန္ဒ၊ ထွန်းပမှပင်၊ လင်းလှမည်ရှင်၊ ကြောခြင်ဖိမ့်မျှ၊ ဝမ်းကလှိုက်ဆာ၊ လွမ်းရောဂါကို၊ မဟာဗြဟ္မ၊ ဒေဝထိပ်မှူး၊ မန္တန်ကျူးနှင့်၊ ပျံ့ပျူးသာဖျော်၊ ရွတ်မိန့်သော်လည်း၊ ထဲပေါ်ရှင်းရှင်း၊ မလွတ်ကင်းဘူး၊ အဆင်းသိင်္ဂါ၊ ဝင်းဝင်းဝါသည်၊ သူဇာမန္တ၊ မန်းပါမှပင်၊ ထဲပရောဂါ၊ ငြိမ်းပါမည်ရှင်၊ ငါးအင်ကလျား၊ ကောင်းညီစွာသည်၊ သူဇာ မေဃ၊ စန္ဒ မန္တန်၊ ရောင်ဝှန်ထွန်းပ၊ သွားချရွာဖျန်း၊ မှုတ်မန်းဖျော်ဖြည့်၊ ကယ်ပါလှည့်လော့၊ တိုင်းရှည့်မိုက်မှောင်၊ မဆက်အောင်ကို၊ ပြန့်ဆောင်လျှံထွန်း၊ ကိုယ်ရောင်ထွန်းသည်၊ နွဲ့ရွှန်းပြင်လျာ၊ မင်းသူဇာနှင့်၊ ကြုံလာဖူးတွေ့၊ ဦးဦးနေ့က၊ ချမ်းမြေ့သံညင်း၊ ခြေတော်ရင်းမှာ၊ ဝပ်စင်းညွတ်ကြည်၊ ခေါင်းချမည်ဟု၊ ရိပ်ခြည်ထွေဆန်း၊ ချောက်ချားရှိန်ဝါ၊ မီးလျှံပါသည်၊ ဗလဝါမုခ၊ လှိုက်ဝဲမသို့၊ ရှိုက်ရဖန်လဲ၊ မောင့်ဝမ်းထဲမှာ၊ မစဲပတ်ကွေ့၊ ချာချာဝှေ့သည်။ ။ ဝန်း၍ဝိုက်ခဲ့ ပြီတကား


၁၇၂။ ယင်းသို့ရှုတ၊ စဉ်ခဏဝယ်၊ ကက္ခလိစ္ဆ၊ ရောက်လာသောအား၊ ကြောင်းလျားညွတ်ခ၊ ဆင့်လျှောက်ကြသော်။ ကြွကြွမကြာ၊ ထွက်ခဲ့လာ၍၊ ဖြူဝါဝင်းရွ၊ မင်းရှင်လှကို၊ ဘမ်းရမိရာ၊ ရေကန်သာသို့၊ ငါ ခုထွက်မည်၊ မင်း ရှေ့တည်၍၊ မလည် − မရှောင်၊ လျင်အောင်လမ်းချ၊ နီးရာပြဟု၊ မိန့်ဟထွေငေါ်၊ ရှိလတ်သော်တည့်၊ ဘုန်းတော်ကြီးအင်၊ ထိပ်တင်ဘုရား၊ ထွတ်ထားစံတင်၊ မင်းလှရှင်ကို၊ တွေ့မြင်မိရာ၊ ရေကန်သာကား၊ မကြာသွားတောက်၊ ခရီပေါက်၏၊ မြောက်မှာဟေမ၊ မင်းလှတို့နေ၊ တောင်ရွှေမြေကား၊ ခဲထွေကြောင်းလမ်း၊ ဘေးဘျမ်းဘယ၊ ထူထပ်လှ၏၊ ဘုရာ့းကျွန်တော်၊ ယမ်းယော်စာနာ၊ မသိပါဟု၊ ရေးရာမြှော်ထောက်၊ မူဆိုးလျှောက်သည်၊ ဘုန်းမောက်ပွင့်ရန်၊ မင်း၏မာန်ဖြင့်၊ ရေကန်ကိုပြ၊ မိန့်တော်ဟလျှင်၊ ဦးချ၍သာ၊ ရှိရာရှေ့တည်၊ ပြရမည်ကို၊ ရှည်ရှည်လျားလျား၊ ထွေပြားတွေးထောက်၊ လျှောက်သည့်ရာသည်၊ အရည်အခွင့်၊ နင်နှင့်အရာ၊ အဘာမူ၍၊ နောက်ရှေ့ဆီးဆ၊ လျှောက်ရမည်လော၊ လျင်ဆောမကြာ၊ သည်သာဖြစ်၍၊ ဘေးတွေ့တည်းကြပ်၊ မကွပ်ညှပ်သည်၊ ဆင့်ထပ်သည့်နှယ်၊ ရည်ရွယ်ဝံ့စား၊ နောင်လျှောက်ထားလျှင်၊ မယားသားက၊ စ၍မရှည်၊ ပျက်စီးမည်ဟု၊ မျက်ခြည်ပြင်းပြ၊ မိန့်တော်ဟသော်၊ ထိပ်စလက်မိုး၊ မတ်မူဆိုးကား၊ မိုးကြိုးထိပ်ပြင်၊ ကျသို့ထင်သည်။ ။ သက်ပင်ထွက်လှုံ ယူးယူးတည်း


၁၇၃။ သို့မှမကြာ၊ စိတ်မှာကြည်ဖြူ၊ ကြိုက်တော်မူသည်၊ လူလှသည့်မြင်း၊ တိမ်ညွန့်နင်းနှင့်၊ ဒိုင်း ဝင်း သေနတ်၊ မှူးမတ်ခြွေရွေ၊ လိုက်စေမဆော်၊ ကျွန်တော်မူဆိုး၊ ရှေ့ရိုးပါလျက်၊ အပြင်းထွက်သော်၊ အုတ်ကျက်ဖြဖြ၊ ကြီးမယုတ်လတ်၊ မှူးမတ်အုန်းအင်း၊ သင်းပင်းရာဆိုင်၊ မှီနိုင်သမျှ၊ လိုက်ကုန်ကြ၏၊ လောကထိပ်ပေါ်၊ ခမည်းတော်လည်း၊ ဆော်လှော်လျင်လျား၊ ခန့်ထားတပ်တာ၊ များစွာဖြဖြ၊ လိုက်စေရ၏၊ တည်းချလမ်းတွင်၊ မင်းရှင်မင်းရှင်၊ တ လျက်ပင်လျှင်၊ မရွှင်လန်းလျက်၊ တညဉ့်စက်မှ၊ နံနက်စောစွ၊ ထ၍ ကြွသော်၊ ခဏလျင်ဆော၊ သီတောဒက၊ ကန်သို့ကျ၏၊ လွန်လှသာယာ၊ ထိုကန်မှာနှိုက်၊ ကြာလည်းငါးမည် ရေကြည်သန့်သက်၊ သားငှက်သောင်းသောင်း၊ ပန်းပေါင်းဖြီးစည်၊ ထူးထွေလည်ကို၊ မတည်ရှိုက်ရှူ၊ မြင်တော်မူက၊ သည်းအူပြတ်မျှ၊ လွမ်းပြန်လှ၍၊ ကက္ခလိစ္ဆ၊ ဝနရာဇာ၊ လာခဲ့ပါလော့၊ ဖြူဝါနုရွှင်၊ မင်းလှရှင်ကို၊ ဘယ်တွင်ရစ်ချည်၊ ဘမ်းမိသည်ဟု၊ နှုတ်ကြည်သာလေး၊ ညည်းညူမေးသော်၊ ဆေးလေးမူရာ၊ မင်းဖြူဝါသည်၊ သည်မှာတင့်တယ်၊ ရွှင်စံပယ်သော်၊ ချုံကွယ်သည်က၊ ဘုရာ့းကျွန်တော်၊ ကြော့ကွင်းကျော်နှင့်၊ လှမ်းရော်ရှေ့ရည်၊ ကြော့ပါသည်ဟု၊ ထိပ်တည်လက်မြှောက်၊ ပြ၍လျှောက်သော်၊ ဘုန်းမောက်ဖြိုးမို၊ ထွတ်မင်းပျိုသည်။ ။ ရွှမ်းစိုပြိုက်ကျ နူးနူးတည်း


၁၇၄။ ရွှမ်းနူးသွယ်ဖြာ၊ မင်းသူဇာသည်၊ ပေါ်လှတည့်မည်၊ မှတ်တည်စိတ်ထား၊ ထင်ယောင်မှား၍၊ ဆည်တားမရွှင်၊ မြောက်ကောင်းကင်သို့၊ ရှိုင်ငင်မူးမော်၊ ဖြော့ဖြော့မြှော်လျှင်၊ လည်တော်ညောင်းမျှ၊ ဟိန်းဟဲးချ၍၊ ပြတ်ကျအူချာ၊ ကြွေခါလုနှိုက်၊ မွှေးစွာပျံ့ရွှင်၊ မဉ္ဇူပင်ဝယ်၊ မင်းရှင်ရွှေသား၊ ကပ်ခဲ့ထားသည်၊ ရောင်ပြားနီလာ၊ မြမှာစာကို၊ မနာခေါ်တွင်၊ မတ်ကျော်မြင်၍၊ သာရွှင်နှစ်သက်၊ ယူ၍ဆက်သော်၊ ထွတ်ချက်ခေါင်ချာ၊ စိုးမည့်လျာကား၊ ဝမ်းသာရွှင်ပျ၊ မနနအား၊ ပဋဘေဒန၊ နာမမည်ခေါ်၊ ကြားကျော်နီးဝေး၊ မြို့ကိုပေး၍၊ မနှေးလျင်လှ၊ ငါ့လုံ့လသည်၊ နေ့လမရှည်၊ ကျိုးထင်သည်ဟု၊ ရွှင်ကြည်အားရ၊ မိန့်ပြီးမှလျှင်၊ ကက္ခလိစ္ဆ၊ ဝနရာဇာ၊ သုဒ္ဓါစာရ၊ သီလချမ်းမြေ့၊ ရသေ့ကျောင်းသာ၊ ဘယ်မှာလည်းဟူ၊ မေးတော်မူသော်၊ ဘုန်းထူဘုရား၊ လေး ငါးရာခန့်၊ ခြေဆန့်ဘဝါး၊ ကြွသွားရမည်၊ တို့သည်ရှေ့ခွင်၊ မြောက်ယွန်းတွင်ဟု၊ မြှော်လျှင်ဝေးက၊ လျှောက်လက်ပြ၍၊ ခဏမနေ၊ ကြွသွားလေသော်၊ ထွေထွေသီးပွင့်၊ နိမ့်မြင့်ပည်းပုံ၊ ပရိဝုဏ်နှင့်၊ ပြည့်စုံချမ်းမြေ့၊ ရသေ့သင်ခမ်း၊ သာရိပ်ဝှမ်းသို့၊ လှိုက်လွမ်းလျက်ပင်၊ ရောက်လေဝင်သည်။ ။ မရွှင်မိန်းမိန်း မူမူးတည်း


၁၇၅။ ဈာနာဘိဉာဏ်၊ ဆဲ့သုံးတန်ကို၊ ရမှန်မကွာ၊ ပျော်လေ့လာသည်၊ သုဒ္ဓါစာရ၊ တာပသလည်း၊ ခဏလျှင်စွာ၊ ဒါယကာကား၊ ဗြဟ္မာ သိကြား၊ နတ်သားနေ လ၊ ဂန္ဓဗ္ဗလား၊ သို့မှုတ်ငြားက၊ နဂါးထိပ်နင်း၊ ဂဠုန်မင်းလော့၊ ကြောင်းခြင်းနေကျ၊ သိချင်စွဟု၊ မြွက်ဟသံလေး၊ မေးသည်ရှိသော်၊ တပည့်တော်ကား၊ ပြည်ကျော်ဇေယျ၊ ပူရသနင်း၊ ထန်ပြင်းဘုန်းရှိန်၊ ရာဇိန္ဒရာဇ်၊ မင်းစစ်သည်းချာ၊ ဥပရာဟု၊ ခြင်းရာထွေငေါ်၊ မျိုးမည်ဖော်သော်၊ ဪ ယမန်တွင်၊ ငါ့ကျောင်းခွင်သို့၊ ဝင်ရောက်လှာသည်၊ ဒါယိကာမ၊ သူဇာ့မြောက်သား၊ ပေတို့လားဟု၊ ကြောင်းလျားတဖန်၊ မေးထပ်ပြန်သော်၊ မှန်ပါ၏ဟု၊ ယဉ်သည့်မင်းပျို၊ ပြန်လျှောက်ဆို၏၊ ထိုနှင့်ဆက်ကာ၊ တကာတော်မ၊ ကြောင်းစထွေပြား၊ စကာလျှောက်မှာ၊ ခဲ့ပါ၏လား၊ လျှောက်ပြန်ငြားသော်၊ မြတ်ဖျားရသေ့၊ စေ့စေ့ရေရေ၊ ပြောဆိုပေ၏၊ ဘုန်းဝေရောင်ဝင်း၊ တရားမင်း၊ သည်းရင်းကြင်ဘော်၊ မြောက်သားတော်လျှင်၊ ညှိုးလျော်မတည်၊ မှာခဲ့သည်ကား၊ ကွေ့လည်ဆန်းပြား၊ ပုဏ္ဏားလူညစ်၊ ယဇ်ပူဇော်မည်၊ ကြံစည်သည်ကြောင့်၊ ကွယ်ထောင့်လွှဲချော်၊ နန်းမတော်မှာ၊ လည်သာညွတ်ခ၊ တောင်းချေရသည်။ ။ ဝမ်းကလှိုက်ဝေ ဆူးဆူးတည်း


၁၇၆။ ဘယက်ရမှ၊ ဒါယကာ့ထံ၊ လို်က်ပျံပါမည်၊ မျက်စိလည်၍၊ သည်သို့ရောက်လှာ၊ တညဉ့်ကြာမှ၊ ပူဆာမရွှင်၊ ငါ့ဆီဝင်၍၊ စစ်ခွင်မြေတာ၊ ခုသာခဏ၊ လိုက်ချင်လှလျက်၊ လမ်းပြမည့်သူ၊ မေးမြူဘွေရှာ၊ မရှိပါခဲ့၊ ဟေမာမည်မှတ်၊ ဂိရိထွတ်သို့၊ မတတ်သာလှ၊ သွားရတော့မည်၊ မိပြည် ဘရွာ၊ ရောက်မည့်ရာကို၊ စိတ်မှာပျံ့ပျူး၊ မရွှင်ဘူးဟု၊ စူးစူးသံရည်း၊ ကျိန်လည်းကျိန်သည်၊ မရှည် မကြာ၊ ပြန်လာမည်လည်း၊ ပျံ့ဖြည်းသာချို၊ ဆို၏သေချာ၊ တကာမင်းသည်၊ လိုက်မည်ဆိုလျှင်၊ လမ်းတွင်ထွေပြား၊ ဘေးများခဲ့သည်၊ ဖြေဆည်သာယာ၊ တားမြစ်ပါဟု၊ ငိုရှာလျက်ပင်၊ ဦးတင်ပန်ထွာ၊ မှာခဲ့ရှာ၏၊ ဒါယကာဘုန်းဝှန်၊ ဗောဓိဉာဏ်ကို၊ ဘေးရန်သင့်မည်၊ စိုးလှသည်ဟု၊ ဘုန်းစည်တာပသ၊ ပြောပေကလျှင်၊ လောကသုံးခွင်၊ စိုးမည့်ရှင်ကား၊ လောင်လင်အူသည်း၊ ဖိမ့်ဖိမ့်ကြည်းလျက်၊ တိမ်းလည်းလှုမျှ၊ ဆွတ်လွတ်လှ၏၊ စမ်းကျသည့်တူ၊ မျက်ရည်ချူနှင့်၊ ရှိုက်ရှူမသာ၊ လျှောက်ဆိုရှာ၏၊ မျက်နှာမလှ၊ ညှိုးပျောင်းပျသည်။ ။ လျလျကြုံကြုံ ထူးထူးတည်း


၁၇၇။ လျှောက်သည်မှာကား၊ ခေါင်းပါးတဏှာ၊ ကျင့်မြတ်စွာသည်၊ ငြိမ်းရာရှာမှီး၊ ဘုန်းတော်ကြီး၊ ရောင်ညီးရတနာ၊ မျက်ကျောက်မာသို့၊ လည်မှာဆွဲးရစ်၊ ကျွန်ုပ်ချစ်သည်၊ နွဲ့မျစ်ပြင်လျာ၊ တကာတော်မ၊ မင်းအူရွကား၊ ချက်ကျသေချာ၊ ကျွန်ုပ်မှာကို၊ မေတ္တာကြီးအင်၊ အကျုံးဝင်သည်၊ မြဲးပင်ဧကန်၊ စင်စစ်မှန်၏၊ ချစ်လွန်ပျံ့ပြော၊ သို့သဘောဖြင့်၊ လျင်ဆောမကြာ၊ လာဦးမည်ဟူ၊ မှတ်တော်မူ၏၊ စိတ်ဖြူရည်နှိုင်း၊ သို့မှာတိုင်းလည်း၊ ဆုတ်ဆိုင်းမညှာ၊ ကြွလှာတော့မည်၊ မသွေဖည်ပြီ၊ ချစ်ညီစင်စစ်၊ သို့ဖြစ်စေကာ၊ မင်းသူဇာသည်၊ မလာမိငြား၊ ရက်စပ်ကြားတွင်၊ ထွေပြားထူးချွန်၊ လွမ်းမျိုးဝှန်၍၊ ပူပင်တုန်လှုပ်၊ ကျွန်ုပ်ကိုယ်သည်၊ သေမည်ကိုပင်၊ မမြင်နိုင်လှည့်၊ ဖြစ်ခဲ့သည်ကြောင့်၊ တွေ့တည့်ရအောင်၊ ကြိုးအားထောင်၍၊ ရွှေတောင်ရပ်မြေ၊ ဂိရိဗွေသို့၊ လိုက်ချေမှသာ၊ ရေးရာကြံစည်၊ သင့်တော့မည်ဟု၊ ရဲးသည်ခေါင်ထိ၊ လျှောက်သည်ရှိသော်၊ ဣသိအရိယာ၊ သူမြတ်စွာသည်၊ မေတ္တာရှေ့သွား၊ သဘောထားဖြင့်၊ ဖီတားကြည်ဖြူ၊ မိန့်တော်မူသည်။ ။ စိတ်ယူတော်ဖြောင့် စူးစူးတည်း


၁၇၈။ မိန့်သည်မှာသော်၊ မြင်မြော်ရေးရာ၊ သိလိမ္မာသည်၊ ဒါယကာရန်ငူး၊ နန်းပွင့်ဖူး၊ ရဲးရူးရဲးစား၊ ခွန်အားကိုသာ၊ မကိုးပါနှင့်၊ ချင့်တာသုံးထောင်၊ ဟေဝန်တောင်ကား၊ ဝေးခေါင်တက်သက်၊ ခရီးခက်စွ၊ ဆင်ပြောင်စသည်၊ သီဟတခြား၊ သစ်, ကျားများကို၊ မဆိုထားဦး၊ ပြူးပြူးအစွယ်၊ ကြောက်ဘွယ်ပြိုးပြက်၊ လက်နက်စွဲးကာ၊ ရုပ်ဝါထူးဆန်း၊ မြင့်သွန်းထန်းပင်၊ မျှအောင်စင်နှင့်၊ လမ်းခွင်တသွန်၊ အတန်တန်လျှင်၊ ကမ္ဘဏ်ယက္ခ၊ ထူထပ်လှ၏၊ လောကထိပ်နင်း၊ စိုးမည့်မင်းသည်၊ မှတ်သွင်းခြိုက်ခြိုက်၊ နှလုံးပိုက်လော့၊ ပဲးထိုက်ဥစ္စာ၊ မိစ္ဆာယွင်းသွေ၊ ဖျက်ဆီးစေသို့၊ ဘိုးနေနည်းလှ၊ မိန်းမမျှကို၊ ရာဂဖြိုးဖြိုး၊ ချစ်မြတ်နိုး၍၊ ဘိုးအနဂ္ဃ၊ မြတ်လှထင်ရှား၊ ကိုယ်တော့်အားကို၊ ခန့်ညားမဲ့ထွေ၊ မပျက်စေနှင့်၊ သက်ဝေမက၊ ချစ်မဝသည်၊ တကာ့မြောက်သား၊ မိဖုရားသည်၊ ရွှေသွားလိမ့်ကျံ၊ အပေါ်မံသည်၊ ညှီနံပုပ်သိုး၊ မစင်အိုးနှင့်၊ တူရိုးပမာ၊ မျှသည်သာတည့်၊ ရွှေကာကျောက်စီ၊ တဘီ − တဘက်၊ ပြိုးပြိုးပျက်ကြောင့်၊ စုံမက်ဘွယ်ပေ၊ သရေပေါ်ယောင်၊ အလှဆောင်သည်။ ။ နံဟောင်ကိုယ်ထဲ ပုပ်လှောင်းတည်း


၁၇၉။ ဆံပင်အမွှေး၊ နှပ်, ပြည်, သွေးနှင့်၊ တံတွေး, အစည်း၊ ခြေသည်း, လက်သည်း၊ သွားလည်းတထွေ၊ ကြော, သည်းခြေက၊ အရေ, အစေး၊ အူ, ထဲမြှေးနှင့်၊ ချွေး, အစာသစ်၊ ပြစ်ပြစ်ဆီခဲး၊ ကိုယ်ထဲးခြင်ဆီ၊ စော်ညှီဆီကြည်၊ မျက်ရည်, အညှို့၊ အရိုး, အသား၊ တခြားအူမ၊ အဆုပ်စသည်၊ ရှည်လှအူသွယ်၊ ကျင်ငယ်တသီး၊ ကျင်ကြီးပြည့်သိပ်၊ သလိပ်, အဖျဉ်း၊ အကျဉ်းပေါင်းရုံး၊ နှလုံး, ဦးနှောက်၊ ညှီငေါက်တလ္လ၊ ဒွတ္တိသဖြင့်၊ ယုတ်လှစင်စစ်၊ ကိုယ်အဖြစ်သည်၊ မနှစ်သက်ရာ၊ သို့ဖြစ်လှာလျက်၊ မြဲးစွာမတည်၊ နာသည် − အိုသည်၊ ထွေလည်ချွတ်ယွင်း၊ ဘောက်ပြန်ခြင်းလျှင်၊ မကင်းရှက်နှောင့်၊ ထို့ကြောင့်ပက်ပ၊ အနိစ္စသာ၊ မြဲးစွာမကျ၊ ဒုက္ခမှန်စွာ၊ ချမ်းသာမရ၊ အနတ္တသာ၊ ငါဟုမှတ်ဆို၊ ကိုယ်မဟုတ်ပါ၊ လက္ခဏာတရား၊ သည်သုံးပါးကို၊ ဖန်များစိတ်ကျ၊ နေ့ည − မချာ၊ ဒါယကာမင်း၊ နှလုံးသွင်းလော့၊ ရောင်ဆင်းလှပျို၊ မိန်းမဆိုက၊ မြဲးသိုတော့မည်၊ မှတ် − မတည်နှင့်၊ လေသည်နံ့လှောင်း၊ ဆိုးကောင်းမဟူ၊ ဆောင်လေယူသို့၊ မြှေးထူမောဟ၊ ရသတပ်ကြူး၊ သူမိုက်ရူးသည်၊ မူးထူးမင်းထင်၊ အလျင်လိုမှု၊ သီးနုသီးရင့်၊ မချင့်နိုင်ငြား၊ တွေ့တိုင်းစားသို့၊ လားလားပိတ်ပင်၊ မျက်မမြင်သည်၊ ယင်နှင့်ဖြစ်သည်၊ ယင်မဲ့သည်ဟု၊ တားဆည်မရှိ၊ မသိနိုးနား၊ ထမင်းစားသို့၊ မူထားယုတ်လှ၊ မိန်းမသဘော၊ တူလလျောသည်။ ။ မက်မောတွေ့ရာ ဆိုးကောင်းတည်း


၁၈၀။ ထိုမှတသွယ်၊ ရောင်းဝယ်ရိုင်ရိုင်၊ အရက်ဆိုင်နှင့်၊ ပြိုင်သော်ပုံယူ၊ သဘောတူ၏၊ များထူမာယာ၊ လိမ္မာခွေညွတ်၊ လှည့်ဖြားတတ်၏၊ ဥပဒ္ဒဝေါ၊ ဖြင်ပြောထွေထွေ၊ ဖြစ်စေတတ်စွ၊ ထိုမှာတပူ၊ ခိုးသူညဉ့်မွေ၊ ဆိတ်ရာသေနှင့်၊ မြွေစလုတ်ချောက်၊ [ချီမြှောက်ကုန်သည်၊ ဝှေလည်ဝေဝုတ်၊ သမုဒြာတွင်း၊ ယမမင်းမီး၊ မြစ်ကြီးဆိပ်ပင်၊ သမင်ချို့ရောင်၊ နေရုတောင်နှင့်၊ ကုန်အောင်စားကြူး၊ ဘီလူးပမာ၊ တူလှစွာ၍၊ အိမ်မှာရိပ်ငြိမ်၊ စည်းစိမ်ဥစ္စာ၊ ရတနာ၏၊ ပျက်ရာအန္တရာယ်၊ အကယ်နေကျ၊ မှန်မောစွတိ၊ မိန်းမတို့ကို၊ ကြည်ညိုယုံကြ၊ စုပုံသက်ပြတ်၊ မှတ်သသူကား၊ အမူမိုက်ရူး၊ လားလားရူးတည့်၊ အထူးထိုမှ၊ သာရအနှစ်၊ သဘောစစ်ကို၊ ဧကရာဇ်အလျာ၊ ဒါယကာမင်းလှ၊ သတိရလော့၊ ပဉ္စကာမာ၊ ဆိုသည့်ရာကား၊ သာယစခြင်း၊ ဝေးစွာကင်း၏၊ လွန်ပြင်းဆင်းရဲး၊ များဖြင်ပဲး၏၊ လွန်ကဲးပင်ပန်း၊ ရိုညှိုးမြန်း၏၊ ဖေါ်ညွှန်းမဉ္စ၊ ဤကာမနှိုက်၊ ဒေါသအပြစ်၊ များစွာဖြစ်၏၊ စင်စစ်မှန်စွာ၊ ကာမဂုဏ်မည်၊ ငါးပါးသည်ကား၊ အရည်တူရိုး၊ အရိုးစုနည်း၊ မျက်စည်းမီရူး၊ မထူးမျက်လှည့်၊ တရှည့်တံလှပ်၊ တရပ်မြွေစောင်၊ ပူပြောင်းရဲးရဲး၊ မီးခဲးစုရုံး၊ ငှက်ပျောတုံးနှင့်။ ။ ပုံထုံးပမာ တူတောင်းတည်း


၁၈၁။ သို့မှမှန်စွာ၊ ဒါယကာမင်းမြတ်၊ မှတ်မှတ်သိသိ၊ ရွှေနားချိလော့၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ ဟူသမျှလည်း၊ ဒုက္ခဖြင်ဝဲး၊ လွန်ဆင်းရဲ၏၊ စွတ်ကွဲးမဖြူ၊ မချစ်သူနှင့်၊ အတူမကင်း၊ နေရခြင်းလည်း၊ လွန်ပြင်းဒုက္ခ၊ ဆင်းရဲစွတည့်၊ ချစ်ကြသူနှင့်၊ တဖျင့်တပါး၊ ကွဲးပြိုငြားလည်း၊ ချောက်ချားဝမ်းတွင်း၊ ဆင်းရဲးပြင်းစွ၊ လိုခင်းရှိရာ၊ မရပါလည်း၊ ဝမ်းမှာမီးတူ၊ ဆင်းရဲးပူစွ၊ သို့ဟူသမျှ၊ ထိုကိစ္စကို၊ ပြင်ပနတ်လူ၊ ဘယ်သူကိုးရာ၊ မရပါတည့်၊ ကောင်းစွာစိတ်ကို၊ လိုလိုယူဆ၊ ကြံဆုံးဆ၍၊ ရခဲလှစွာ၊ ကိုးကွယ်ရာကို၊ လိမ်မာရွယ်ချောင်း၊ ရလေကောင်း၏၊ အပေါင်းဇာတိ၊ ရှိသည်များစွာ၊ သတ္တဝါကား၊ မနာ မအို၊ မပြို မကွေ၊ မသေမည်သည်၊ ဘယ်ပြည် ဘယ်ရွာ၊ ဘယ်မှစိုးစိ၊ စံရာရှိအံ့၊ ဇာတိ ဇရာ၊ ဗျာဓိ မရဏ၊ ဓမ္မသည်ကား၊ အမြဲးငြား၏၊ ဖြစ်လားထို့ကြောင့်၊ မနှောင့် မရှက်၊ ငြိမ်သက်လှစွာ၊ ချမ်းသာအလွန်၊ နိဗ္ဗာန်ကိုသာ၊ ရှာမှီးရာလျက်၊ ကောင်းစွာထွင်ပြီး၊ လမ်းခရီးကို၊ မမှီး ရီလျှောက်၊ လှမ်းထောက်တောပြင်း၊ ဆူးပေါ်နင်းသည်၊ အချင်းယောက်ျား၊ သူမိုက်လားသို့၊ မင်းသားပျိုနု၊ ဘယ်ပြုရုန့်ကြမ်း၊ အဘယ်လမ်းကို၊ သော့သွမ်းမှောက်မှား၊ လျှောက်သွားရှာမည်၊ မတည်ကြည်သည်။ ။ ယိမ်းဖည်ကတိမ်း ကစောင်းတည်း


၁၈၂။ ယင်းသို့ဣသီ၊ မုနိဘုန်းတောက်၊ ခြင်္သေ့ဟောက်သို့၊ ထိတ်ကြောက်ဘွယ်သား၊ ဟောပေငြားလည်း။ ထွတ်ထားလူတွင်၊ အိမ်ရှေ့ရှင်ကား၊ နားတွင်များများ၊ မကြားမိဘူး၊ ညံ့နူးသာချို၊ ဆိုသည်မှာကား၊ သူမြတ်ဖျား၊ ဟောကြားမိန့်ဟ၊ ဓမ္မကထာ၊ ဒေသနာကား၊ သံဝါချစ်ချစ်၊ မိုးကြိုးထစ်သို့၊ ဖြစ်ဖြစ်သမျှ၊ လန့်ထိတ်လှ၍၊ ဘဝသုံးပါး၊ မီးပွားစပ်လျှောက်၊ ပြောင်ပြောင်တောက်သို့၊ ကြောက်ဘွယ်တစေ၊ ဖြစ်ပေတော့သည်၊ မှတ်တည်ဆက်ဆက်၊ သို့ကိုလျှက်လည်း၊ ဖြစ်ခက်ဆန်းပြား၊ ကျွန်ုပ်နားမှာ၊ သံမြားရာဂ၊ ကာဆီးဆ၍၊ ဆနဝိုးဝါး၊ မကြားမိချေ၊ ထွေထွေလာလာ၊ တကာတော်မ၊ ပွဟဩဇာ၊ နှုတ်ကိုသာလျှင်၊ နားမှာပျံ့ရွှင်၊ ထင်ခဲ့သည်ကြောင့်၊ နှောင့်ရှက်တန်တန်၊ ကမ္ဘဏ်ဘီလူး၊ ကိုထားဦးတော့၊ မြင့်ဖြူးမတ်မတ်၊ ထက်ထိပ်ထွက်က၊ မာရ်နတ်တထောင်၊ မြားဆောင်ဗိုလ်ပါ၊ ဟန့်တားလှာလည်း၊ မညှာ − မထောက်၊ ထိုးထွင်းဘောက်၍၊ အရောက်ဟေမာ၊ ဂိရိချာသို့၊ သွားပါတော့မည်၊ မသွေဖည်ဟု၊ ခိုင်ကျည်နှလုံး၊ ရဲးဆုံးသတ္တိ၊ ဆိုသည်ရှိသော်၊ မုနိမည်မှတ်၊ ရသေ့မြတ်လည်း၊ နန်းထွတ်တင့်လျာ၊ သည်တကာကား၊ လိမ္မာသသူ၊ ဆိပ်ဟူလျက်ကို၊ ဆိပ်ကိုမျိုသည်၊ ကစို − ကရွား၊ မိုက်ယောက်ျားနှင့်၊ မပြားပုံညီ၊ တူခဲ့ပြီဟု၊ လျစ်လျူရှုလျက်။ မင်းပုသူဇာ၊ အပ်ခဲ့ရှာသည်။ ။ ထုတ်ပေးဖေါ်ပြ ပေရှောင်းတည်း


၁၈၃။ သို့မှမကြာ၊ မင်းရှင်မှာသည်၊ ကြီးစွာမာန်ရူး၊ ဘီလူးဦးတည်၊ ကြေးရည်ချောင်းပူ၊ ဆင်ဖြူကြိမ်ပိုက်၊ လမ်းနှိုက်ရှိဟန်၊ အတန်တန်ကို၊ မကျန်မြွက်ဖေါ်၊ ပြောပေသော်တည့်၊ ဘုန်းကျော်သည့်ရှင်၊ ထွတ်ထိပ်တင်မှာ၊ သာရွှင်ပျံ့ပျူး၊ ဝမ်းပန်းမြူး၍၊ ဦးဦးကသာ၊ သည်အရာကို၊ အရိယာမြတ်စော၊ မပြောတည့်ပါ၊ အသာအကြည်၊ နေတော့သည်ဟု၊ ရောင်ခြည်လျှံပြေး၊ ပုတီးဆေးကို၊ မနှေးလှမ်းယူ၊ လွယ်ကူရက်ရက်၊ ကျောင်းကထွက်၍၊ အုတ်ကျက်ဖြီးမျှ၊ မှူးမတ်စသည်၊ ကက္ခလိစ္ဆ၊ ဝနရာဇာ၊ သည်မှမနေ၊ ပြန်ကြလေတော့၊ စံရွှေရတနာ၊ မင်းသူဇာကို၊ ရှာ၍မရှည်၊ ပြန်ပါမည်ဟု၊ ရွှေပြည်စိုးရ၊ မွေးချစ်ဘနှင့်၊ နန်းမစိုးချာ၊ မိမြတ်စွာကို၊ သိသာစေ့ရေ၊ လျှောက်ကြလေဟု၊ သံခြေမွှေးပျ၊ မှာပြီးမှလျှင်၊ အနဂ္ဃဂုဏ်လေး၊ ပုတီး − ဆေးကို၊ မြတ်လေးကြည်ဖြူ၊ ဆောင်တော်မူလျက်၊ လိုဏ်ဂူရောင်ထွန်း၊ မဏိနန်းမှ၊ ရွှင်လန်းကြွကြွ၊ သီဟလီလာ၊ ယိမ်းကာတင့်တယ်၊ စံပယ်စလျက်၊ ကွန့်မြူးထွက်သည်၊ ရန်ဘက်လွတ်ကွာ၊ ကေသရာသို့၊ မျက်နှာရှေ့တည်၊ မြောက်သို့ရည်၍၊ ဇာနည်စိတ်ထား၊ ကိုယ်ထီးသွားသည်။ ။ ဘက်ရှားပြိုင်တု ဝေးသတည်း


၁၈၄။ သုံးထောင်ယူဇနာ၊ ဟေဝန္တာနှိုက်၊ များစွာဘုမ္မ၊ ရုက္ခစိုးမှတ်၊ ကုမ္ဘဏ်နတ်တို့၊ မြဲးမှတ်စေ့စေ့၊ ရှု၍မျက်တောင်၊ မညောင်းအောင်လျှင်၊ ရာ ထောင် သောင်း သိန်း၊ တွက်ကိန်းမရ၊ များလှထွေထွေ၊ သရေအဆင်း၊ တင့်တယ်ခြင်းဖြင့်၊ ဘက်ကင်းရန်သူ၊ ကြွတော်မူသော်၊ ဝေးယူဇနာ၊ သင်္ချာများဖြင်၊ ခြောက်ဆယ်စင်ကို၊ ငှက်သွင်ပျံကြွ၊ နေ့ချင်းကျ၍၊ တက္ခလိယက္ခ၊ နာမတွင်ပြီး၊ ဘီလူးကြီးကို၊ မနီး − မတွေ၊ တွေ့လျှင်းလေ၏၊ တွေ့လေခါနှိုက်၊ မျက်အိုက်မာန်ရူး၊ ထိုဘီလူးလျှင်၊ မြင့်ဖူးသီခေါင်၊ ရပ်တောင်ခြောက်ဆယ်၊ ကျယ်သည်မျက်ဆန်၊ ဖေါင်းကန်ရှိရှိ၊ ထွက်လိလိတည့်၊ နီဘိဖြစ်ခြင်း၊ ကြောက်မင်းတွယ်ပင်၊ ဆံပင်ကောက်ကျစ်၊ ဝါးမြစ်ချင်မျှ၊ ပမာဏနှင့်၊ ထက်လှအစွယ်၊ ရှည်သွယ်လှဘိ၊ အတိဘိံသနက၊ မည်ရတွင်ခြင်း၊ ကိုယ်အဆင်းကို၊ ဖြစ်လျှင်းစေပြီ့၊ ယက္ခိဒ္ဓိဟု၊ မိမိတန်းခိုး၊ လွန်ကဲးမိုးလျက်၊ ကိုက်ချိုးဖဲ့ကာ၊ စားမည်လာသော်၊ ပွင့်လျာဗောဓိ၊ ရဲးခေါင်ထိမှာ၊ မြူရှိတမျှ၊ မထိလှပါ၊ လက်ယာ့လက်က၊ ကြွ၍ကျောက်မည်၊ ခြေတော်ရည်က၊ တူရှည်မရှိ၊ ရာဇိဒ္ဓိကြောင့်၊ သိသိညက်ပျောင်း၊ ချင့်ဦးခေါင်းလျှင်၊ ထောင်းထောင်းနာကျင်၊ ကွဲးအံ့ထင်သည်။ ။ ကြောက်ငြင်ဖိမ့်ဖိမ့် ဧသတည်း


၁၈၅။ သို့လျှင်မာန်စောင်၊ မထောင်ထားဝံ့၊ ပျော့ပျော့ညံ့၍၊ ဘုန်းပျံ့ဧရွှင်၊ လှိုင်သည့်ရှင်သို့၊ အလျင်မကြာ၊ ညွတ်ပျပ်လှာ၍၊ စကြာရောင်မြူး၊ ခြေတော်ဦးကို၊ နဖူးခိုက်ပြီး၊ ဘုန်းကြီးသည့်ရှင်၊ ထိပ်တင်ထွတ်ချက်၊ မိန့်တော်စက်ကို၊ စုံမက်သဒ္ဒါ၊ ကပ်လှူပါဟု၊ ပန်ထွာညွတ်ခေါက်၊ လျောက်လျှင်ယနေ့၊ စရွေ့မှတ်ထား၊ သူ့အသားကို၊ မစားပြီလော၊ သဘောကြည်ဖြူ၊ မိန့်တော်မူ၏၊ ဘုန်းထူဘုရား၊ မစားပါပြီ၊ ထိပ်ဆီလက်မြှောက်၊ ဝန်ခံလျှောက်က၊ သီလမသွေ၊ တည်လျှင်းစေ၏၊ သွားလေတော့ဟု၊ ယဉ်နုသာပျော်၊ မိန့်တော်ရှိပြီး၊ ခရီးရှေ့ရှူ၊ ကြွတော်မူ၍၊ ကြေးပူလျှံတောက်၊ ချောင်းသို့ရောက်၏၊ မြှော်ထောက်ရေးရာ၊ ထိုအခါဝယ်၊ သမ္မာတည်စွ၊ ကက္ခလိယက္ခံ၊ နာမတွင်မည်၊ ဘီလူးသည်လျှင်၊ ဤမည်ခေါ်တွင်၊ အိမ်ရှေ့ရှင်ကား၊ ခဲးအင်ဖြစ်ခက်၊ ငါ့အသက်ကို၊ စုံမက်ကြည်ဆွတ်၊ သနားလွှတ်မှ၊ အမြတ်သီလ၊ အာစာရနှိုက်၊ မဓွမသွေ၊ တည်စေပေသည်၊ ဖြီးထွေလောက်ကျိ၊ ကျေးဇူးရှိဟု၊ သတိတရား၊ ရသောအားဖြင့်၊ များသည်ရံကာ၊ စီးနင်းရံနှင့်၊ ဟေမာထွတ်ခေါင်၊ ဂိရိတောင်သို့၊ ရောက်အောင်သာကြည်၊ ပို့လို်က်မည်ဟု၊ ကြံစည်လျင်စွာ၊ လိုက်လာကြ၍၊ မီလေတွေ့သည်။ ။ ချစ်လွေ့မေတ္တာ မွှေးသတည်း


၁၈၆။ မေတ္တာဖြီးလွေ့၊ မီလေတွေ့သော်၊ အိမ်ရှေ့မဟာ၊ ဥပရာကို၊ ရတနာပါသာဒ၊ ထိန်မျှပြောက်ပတ်၊ ဝေါပြာသာဒ်ထက်၊ လေးမြတ်ကြည်လင်၊ ရိုသေတင်၍၊ ကောင်းကင်မြင့်ဖျား၊ ဆောင်လေသွားသော်၊ ရှည်လျားဝေးစွာ၊ ယူဇနာခန့်ထောက်၊ ခြောက်ဆယ်ရောက်၍၊ ပျော်လောက်သာလှ၊ ချမ်းဧမြဝယ်၊ ဖြူလွငွေသွင်၊ ဆဒ္ဒန်ဆင်နှင့်၊ ရှက်တင်ထူပြော၊ ကြိမ်တောပျစ်ကြီး၊ ထပ်အဖြီးသို့၊ တိမ်နီးကောင်းကင်၊ မိုးကမြင်သော်၊ မင်းရှင်အူနု၊ မှာတော်မူသည်၊ ပင်ဖြစ်ချည်ဟု၊ ရွှင်ကြည်စိတ်ဖြူ၊ မှတ်တော်မူလျက်၊ ရှေ့ရှူဖြောင့်သား၊ ကြွပျံသွားသော်၊ များများမကြာ၊ ဟေမာထုတ်ပျောက်၊ ဂိရိရောက်၍၊ ဝမ်မြောက်ဝမ်းသာ၊ သိတာဇလ၊ ချမ်းမြရေပြည့်၊ ကန်၏အနီး၊ ရပ်ကြီးသီရိ၊ ဇာတိဂန္ဓ၊ ပေါက်ပြပျံ့မွန်၊ သရက္ခန်ပင်၊ ရိပ်အောက်တွင်နှိုက်၊ ရောင်ထင်ထွန်းပ၊ ဝေါတော်ချ၍၊ ဝေါကဘုန်းထူ၊ သကါတော်မူမှ၊ ရောင်လူထွန်းညိ၊ မဏိသီလာ၊ မြကျောက်ဖျာထက်၊ တက်တော်မူပြီး၊ ဖြင်ညီးဝန်းလျား၊ ဘီလူးများကို၊ ပြန်သွားတော့ဟု၊ မိန့်တော်မူသော်၊ ကြည်ဖြူခြေဦး၊ တင်ညွတ်နူး၍၊ ဘီးလူးအပေါင်း၊ နေဟောင်းရပ်မြေ၊ ပြန်ကြလေသည်။ ။ ရိုသေချစ်မြတ် လေးသတည်း


၁၈၇။ ယင်းသည့်နေ့တွင်၊ မင်းရှင်သူဇာ၊ ဆင်းသိင်္ဂါကား၊ အခါနိစ္စ၊ လွမ်းနေကျထက်၊ ဆဆလွမ်းမျိုး၊ လွမ်းပြန်တိုး၍၊ ထိပ်မိုးသည့်ရှင်၊ ထိပ်တင်ရှိရာ၊ အောင်ချာဇေယျ၊ ပြည်ပူရသို့၊ ကျွန်မဘယ်နှံ့၊ သွားရအံ့ဟု၊ ဆွတ်ပျံ့မူးလည်၊ ကြံစည်အောက်မေ့၊ တစေ့စေ့လျှင်၊ ခွေ့ခွေ့ညွတ်ခွေ၊ မူးစိုက်ဝေ၏၊ ကြက်သရေယူသွင်း၊ ထွန်းဝင်းရောင်ဝှန်၊ သင်္ကြန်မင်္ဂလာ၊ ခေါ်ရာမှာလည်း၊ အခါရက်လည်၊ စေ့သည်နှင့်လျှင်၊ သည်တွင်ကြုံစေ၊ မှာထားလေသို့၊ ဖြစ်ထွေထူးပြား၊ အသင်ငြား၍၊ နုထွားလှမြတ်၊ နတ်မင်းသမီး၊ လျှံညီးရောင်တောက်၊ ခုနှစ်ရောက်တို့၊ တော်လျောက်စီဆင်၊ ရွှေထမ်းစင်နှင့်၊ များဖြင်ရံကာ၊ စဉ်ဘိုင်းလာ၍၊ မြူတာသိင်္ဂီ၊ ကိုယ်စီချီလျက်၊ ထမ်းစင်ထက်မှာ၊ သက်၍ဖြည်းညင်း၊ ရေကန်တွင်းသို့၊ ဆင်းသည်ရှိလျှင်၊ အိမ်ရှေ့ရှင်ကား၊ ဆောလျင်မနေ၊ ချဉ်းသွားချေ၍၊ မရွေမပြား၊ အစ်မများတို့၊ ခပ်ကုန်ကြဟု၊ မွှေးပျလှိုင်ကြူ၊ မိန့်တော်မူသော်၊ ငယ်မူငယ်နည်၊ နုရုပ်ရည်နှင့်၊ ခေါင်တည်နော်ဇာ၊ လျှောက်သည်မှာကား၊ သိင်္ဂါပြောင်ပတ်၊ ရွှေတော်မြတ်ကို၊ အထွတ်မိုးမြင့်၊ အုပ်စိုးတင့်သည်၊ တို့ရှင့်သည်းချာ၊ မင်းသူဇာလျှင်၊ မင်္ဂလာထွန်းညှိ၊ သရိသင်္ကြန်၊ ခန့်ရန်မှတ်သား၊ ခေါ်သောအားဖြင့်၊ ကြိုင်ရှားရေကြည်၊ ခပ်ရသည်ဟု၊ သွေဖည်မကောက်၊ ဟုတ်တိုင်းလျှောက်သည်။ ။ နှုတ်ထောက်လျင်မ နှေးသတည်း


၁၈၈။ မြတ်သည်ထက်မြတ်၊ အထွတ်တိုင်အောင်၊ သံရည်ဆောင်သည်၊ ဘုန်းရောင်တောက်ရှင်၊ အိမ်ရှေ့ရှင်သည်၊ သည်တွင်နေက၊ ငါ့လုံ့လကို၊ ချီကြွရမည်၊ ဖြစ်တော့သည်ဟု၊ ကြံစည်ပြီးမှ၊ မင်းရှင်လှကို၊ စ၍သွန်းမည်၊ ရေကြည်ပြည့်ဖြိုး၊ မြူတာအိုးလည်း၊ အားကြိုးပြင်းပြ၊ ချီကြွလှည့်ရာ၊ မပါနိုင်ဘဲး၊ နွဲ့ကာယုယ၊ ငါ့လက်မမှ၊ ကြွကြွပေါ့ပါး၊ ပါစေသားဟု၊ စိတ်ထားမြဲစွာ၊ မေတ္တာပုဗ္ဗင်္ဂမ၊ ဒေါသမဲ့လျှင်း၊ ဓိဋ္ဌာန်ခြင်းဖြင့်၊ မယွင်း − မခွ၊ ဓိဋ္ဌာန်ကလျှင်၊ နော်ဇာ့မြူတာ၊ လေးစွာသောအား၊ အများအုံမ၊ ချီပင့်ကြလည်း၊ မြူမျှဆံမွေ၊ မလှုပ်နေသော်၊ ဘုန်းဝေညွန့်ဖြာ၊ နန်းပွင့်လျာကို၊ ဆိတ်စာကြွတည့်၊ ပင့်ပါလှည့်ဟု၊ ရှက်သည့်မူရာ၊ မေတ္တာထဲးသို၊ ပျောင်းပျဆို၏၊ ဘုန်းမိုမောက်သည်၊ နန်းပွင့်ရည်လည်း၊ ငံ့ဆည်မနေ၊ ချဉ်းသွားလေမှ၊ လျှံဝေရတနာ၊ ရွှေမြူတာကို၊ အသာချီမ၊ ပင့်လိုက်ကြွ၍၊ ထွန်းပရောင်ဖြာ၊ စိန္တာမဏိ၊ အတိဝဇိရာ၊ မည်သာတွင်ခေါ်၊ ပုတီးကျော်ကို၊ ရွှေလှော်ဆင်းဝါ၊ မင်းသူဇာ၏၊ လက်မှာမြဲးနေ၊ ပတ်မိစေဟု၊ မသွေမလှန်၊ ဓိဋ္ဌာန်ပြန်၍၊ ဝေဝှန်လျှံဝင်း၊ မြူတာတွင်းသို့၊ သာညင်းယုယ၊ ထည့်လိုက်ချသည်။ ။ ဖူးရလွယ်ကြောင်း တွေးသတည်း


၁၈၉။ သို့မှမကြာ၊ နော်ဇာအက၊ တကွညီညွတ်၊ ရာထူးမြတ်သည်၊ မတ်နတ်သမီး၊ လျှံညီးဆင်းဝါ၊ နုကညာတို့၊ ပွင့်လျာရည်ထင်၊ အိမ်ရှေ့ရှင်ကို၊ သန့်စင်မျိုးမည်၊ မင်းဖြစ်သည်ဟု၊ ရိပ်ခြည်ကြောင်းလမ်း၊ စူးစမ်းသော်လဲး၊ မသိဘဲးလျက်၊ စိတ်ထဲးမှာက၊ တပ်ရာဂကြောင့်၊ နှိမ်ချညွတ်တွား၊ ချဉ်းသောအားဖြင့်၊ လက်ဝါးရှက်ဖွဲ့၊ ယဉ်နွဲ့ပျောင်းပျ၊ သွားလေကြ၍၊ ကာလချိန်လျော်၊ သင်္ကြန်ခေါ်သော်၊ ရွှေလှော်ဆင်းဝါ၊ မင်းသူဇာသည်၊ ကေသာညံ့နူး၊ သုံးထောင်ကျူးကို၊ စုံပူးလျက်ပင်၊ လက်ရွှေစင်ဖြင့်၊ သိမြင်အသာ၊ မ စဉ်ခါဝယ်၊ ရတနာတိုးကြီး၊ ထိုပုတီးသည်၊ ညီးညီးရောင်လက်၊ အိုးကထွက်၍၊ နှစ်ဘက်ရွှေလှော်၊ ကျူးကျော်ဖြစ်ထွေ၊ ဆင်းမိလေ၏၊ ပရမေဘုန်းထွတ်၊ ဗောဓိသက်တို့၊ မြဲးမှတ်စိတ်သန်၊ အဓိဋ္ဌာန်ကား၊ အမှန်မလွဲး၊ ပြီးစီးမြဲတည့်၊ လွန်ကဲးလှစွာ၊ ထိုအရာကို၊ ညီညာပေါ်ထင်၊ နတ်များမြင်သော်၊ လက်ရင်သပ်တီး၊ အံချီးထွေလည်၊ ကြံစည်မနိုင်၊ ရိုင်ရိုင်စုရုံး၊ နန်းလုံးဆူမျှ၊ ဖြစ်ကုန်ကြ၏၊ မင်းလှသူဇာ၊ ဆင်ဂီဝါလည်း၊ ရေးရာမသိ၊ ထိတ်ခြည်းရှိ၍၊ သတိနောက်မှ၊ ရတော်မူလျှင်၊ မစင်တစင်၊ ဆံကေသျှင်ကို၊ ဆောလျင်ညှစ်ကာ၊ ထွေးရစ်ခါနှင့်၊ တလှာခဏ၊ သလွန်မြထက်၊ ဇောခြောက်ချက်သည်။ ။ ပျော့လျက်ခွေကောက် ကွေး၏တည်း


၁၉၀။ သို့မှကြိမ်ခါ၊ ထောင်ရာမထ၊ ရှိဦးချ၍၊ ယဉ်လှသည့်ရှင့်၊ ငါ့သခင်သည်၊ ကြီးအင်မေတ္တာ၊ မယ့်ကိုသာလျှင်၊ ကြင်နာသနား၊ ချစ်သောအားဖြင့်၊ လူများတကာ၊ ရောက်ရာနိုင်မြဲ၊ မဟုတ်ဘဲကို၊ ဖြစ်ခဲးဖြစ်ခက်၊ ကိုယ့်အသက်ကို၊ ရေတွက်ပြီဘူး၊ စူးစူးရည်စောင်၊ သည်ရွှေတောင်သို့၊ မရှောင်မညှာ၊ ကြွရောက်လှာသည်၊ ခုသာနေကျ၊ မှန်လှပြီကို၊ ဘုန်းမိုမောက်ရွှန်း၊ ပွင့်လူလန်းသည်၊ လေးကျွန်းရပ်ခွင်၊ စိုးမည်ရှင်ကို၊ အလျင်ကျွန်မ၊ တွေ့တည့်ရလျှင်၊ နုလှရွှေသား၊ ရွှေဘဝါးကို၊ ဆံသားနှင့်စေ၊ မနေမနား၊ ဖန်များကိုင်ညွတ်၊ ကြိမ်ကြိမ်ပွတ်၍၊ ဖတ်ဖတ်မောခွေ့၊ နမ်း၍သာစေ၊ နေပေတော့မည်၊ ဘုန်းခြညဖြာမြူး၊ နေ့နှယ်မြူးသည်၊ ကျေးဇူးသခင်၊ ထိပ်တင်လှငယ်၊ ထိပ်ပန်းနှယ်ဟု၊ ပျံ့ကြွယ်သံချို၊ တိုးတိုးဆိုမှ၊ နွဲ့ပျိုပြင်လျာ၊ စက်မွေ့ရာက၊ အသာထ၍၊ နာမမည်သာ၊ နော်ဇာဟူသည်၊ ရှေ့တည်ရေသွန်း၊ ဝင်းထွန်းရောင်ညီး၊ နတ်သမီးကို၊ ထံနီးခေါ်တော်၊ လှာရောက်သော်လည်း၊ သာဖျော်နှစ်လို့၊ ခင်တို့တစု၊ ယဉ်နုမင်္ဂလာ၊ ရေခပ်ရာမှာ၊ ထွေလာဝတ်စား၊ ထူးခြားမူရူ၊ ဘယ့်နှယ်သူကို၊ အတူတကွ၊ တွေ့ခဲ့ရဟု၊ မြွက်ဟသံလေး၊ နှုတ်တော်မေးသည်။ ။ လျင်ရေးကြားချင် ခဏတည်း


၁၉၁။ နော်ဇာလျှောက်သည်၊ ရောင်ခြည်ရွှင်ရွှင်၊ ဝင်းကြည်စင်သည်၊ အရှင်ဘုရား၊ တို့ထိပ်ထား၊ ကြိုင်ရှားသီတာ၊ ရေခပ်ရာမှာ၊ ရုပ်ဝါထူးထွေ၊ ရွှေရွှေပုဆိုး၊ ပြိုးပြိုးပြောင်ပြောင်၊ ငွေရောင်လျှပ်လျှပ်၊ ထိန်ဖျပ်ဖျပ်နှင့်၊ ပါးလှပ်ဗောင်းထုပ်၊ တွန့်တုပ်နီရွှန်း၊ ဗောင်းဝန်းဝေဝေ၊ ညွန့်ခွေခွေနှင့်၊ ပြစ်ပြေစီဆင်၊ လည်တွင်လျှောက်ခါ၊ အင်္ကျီမှာလည်း၊ နီတျာတွတ်တွတ်၊ စိုစွတ်ရောင်ခြည်၊ ဖန်ရည်ခွက်ဝယ်၊ ခုဆယ်သည်ပင်၊ ကိုယ်ပြင်ကိုရောက်၊ ထက်အောက်ညီညွတ်၊ ရင်ဘတ်မှာသိ၊ မှည့်လည်းရှိ၏၊ မျက်စိမျက်လုံး၊ လှဆုံးကျူးအောင်၊ မျက်တောင်မှာကား၊ မင်သားသည့်နှယ်၊ စင်ကြယ်ရေသား၊ ဖြူထွားလျှံတောက်၊ နတ်တယောက်ကို၊ ညှိုးခြောက်ပူဆာ၊ ဗျာပါရှိစင်၊ တွေ့မြင်ခဲ့၏၊ ရေစင်ကြည်မြ၊ ကျွန်တော်မတို့၊ ခပ်ကြကိုလည်း၊ သိလိုစိတ်စေး၊ ချဉ်းလှာမေး၏၊ မနှေးသံချို၊ ဟုတ်တိုင်းကိုလည်း၊ ကြည်ညိုစိတ်က၊ ကျွန်တော်မတို့၊ ပြောကြပြီးမှ၊ ကျွန်တော်မမှာ၊ မြူတော့လေးလှ၊ ချီကြွ − မပါ၊ ရှိသောခါတွင်၊ ပင့်ပါဆိုလျှင်၊ အလျင်မနေ၊ ပင့်တည့်ပေဟု၊ စေ့ရေသံချို၊ ဟုတ်တိုင်းဆိုသော်၊ အိုငါ့ရှင်သား၊ ငါ့ထိပ်ထားဟု၊ ကြိုင်ရှားပျံ့ချို၊ ရှုတဆိုသည်။ ။ စီးယိုမျက်ရည် ပြိုက်ကျတည်း


၁၉၂။ သို့မှသာပျော်၊ ဆင်တော်အကြီး၊ ဆိုသီးလိမ္မာ၊ ရေးရာမြင်သိ၊ မဏိဟံသာ၊ မည်သာတွင်ဆို၊ မိန်းမပျိုကို၊ သံချိုပျံ့ကြူ၊ ခေါ်တော်မူ၍၊ ကြည်ဖြူဝမ်းမြောက်၊ လာရောက်သောခါ၊ မ ဟံသာကို၊ ငါ့စေပါ့မည်၊ ကောင်းသည်ရောင်ဆင်း၊ မယွင်းတညီ၊ အင်္ကျီဝတ်စေ၊ တရွှေတူပြိုင်၊ ဖွဲ့ကိုင်ရွေးကောက်၊ သုံးကျိပ်လောက်နှင့်၊ သင့်လျောက်ပြုပြင်၊ ဝတ်စားဆင်၍၊ အလျင်မကြာ၊ လာခဲ့ပါဟု၊ ထွေသာမြွက်ဟ၊ မိန့်ပြီးမှလျှင်၊ ဖြဖြဘွေရှာ၊ ကျောက်ပါတင်းထိမ်၊ မွေ့သိမ်ညံ့စွာ၊ ရွှေနေရာက၊ များစွာချိုပွဲ၊ စမဲထွေထွေ၊ ဆဒ္ဒန်ရေနှင့်၊ စံရွှေသောက်မှုတ်၊ လှော်ခုတ်ပြောင်ပတ်၊ လက်သတ်ပရုပ်၊ ရတနာနဂ္ဃ၊ ကွမ်းရွဝါညီး၊ ကွမ်းသီးသုံးမည်၊ ပျံ့ကြည်ကြိုင်မွှေး၊ ထုံးရှားစေးနှင့်၊ စားဆေးထွေလည်၊ သုံးလေးမည်စီ၊ စားအီနှစ်သက်၊ လက်ဘက်ဆန်းကြယ်၊ တဆယ်ကိုးပါး၊ များသည်တန်ဆာ၊ စုံလှစွာကို၊ ရတနာနှင်၊ နှင့်၊ မျက်ရှင်စီတပ်၊ အုပ်ကလပ်က၊ လျှပ်လျှပ်ပြောင်ပြောင်၊ ဒေါင်းပေါင်အလွန်၊ အဘိုးဆိုက၊ အနဂ္ဃစတေ၊ ထွေထွေထူးထူး၊ အကျူးဘက်ကင်း၊ စားတွင်းလည်းကောင်း၊ နံ့လှောင်းဧရွှင်၊ အမြင်လည်းလှ၊ ခဏလျင်ထန်၊ ကိုယ်တော်ဘန်သည်။ ။ မကျန်စုံစေ့ ပြီးသတည်း


၁၉၃။ ပွဲပြင်ပြီး၍၊ ယဉ်မြေ့ပြင်လျာ၊ ဟံသာလာသော်၊ ထွေသာဖြည်းမျှ၊ နှုတ်တော်ဟ၏၊ အစ်မဟံသာ၊ သွားပါအလျင်၊ ထိပ်ထားရှင်သည်၊ ကြည်စင်ပျံ့ရှား၊ ရေကမ်းပါးမှာ၊ လျော့ပါးဆာပူ၊ ရှိတော်မူ၏၊ လွယ်ကူလျင်လျား၊ အစ်မသွား၍၊ ရောက်လေတွေ့လျင်၊ ယဉ်မြေ့နုရွှန်း၊ လန်းမြန်းရုပ်ဝါ၊ လက္ခဏာကို၊ သိသာလိမ့်မည်၊ ဖြီးစည်များထူ၊ အခြားလူနှင့်၊ မတူဘူးဟု၊ အကျူးထွတ်တိုင်၊ လှနိုင်မျှပင်၊ မယ့်ထိပ်တင်သည်၊ ခဲအင်ရေးရာ၊ ကြွရောက်လှာသည်၊ ဝမ်းမှာပူလောင်၊ ထိန်အောင်ဆွတ်လွတ်၊ သေမတတ်ပင်၊ မိန်းပြတ်ပျောင်းပျ၊ ကျွန်မစိတ်မှာ၊ အားနာပါ၏၊ မိရွာဘမြေ၊ မျိုးဆွေပေါင်းစည်း၊ ရောက်ကတည်းကို၊ တင့်ရည်းဖျော်လျက်၊ ရွှင်စိတ်စက်သည်၊ တပြက်လျှပ်မျှ၊ ခဏရံခါ၊ မရှိပါဘူး၊ ဝမ်းမှာလှိုက်ပူ၊ မီးတူရှိန်ငွေ့၊ လွမ်းသရွေ့ကို၊ သိမ်မွေ့ညံ့နူး၊ မယ်နဖူးမှာ၊ ဆန်းထူးထင်ပေါ်၊ ခြေတော်တံဆိပ်၊ ခပ်နှိပ်ယုယ၊ တင်ရမှပင်၊ ကျွန်မစေ့ရှာ၊ လျှောက်နိုင်ပါမည်၊ ဝမ်းမှာသွယ်သွယ်၊ လျှောက်ရေးကျယ်သည်၊ မြေနှယ်မိုးရှည့်၊ ပင်ရှိတည့်ကြောင့်၊ ဖျော်ဖြည့်သာရွှင်၊ အရှင်ဘုရား၊ ထွတ်ထိပ်ထားကို၊ ခြောက်ပါးတကွ၊ မျိုးအစ်မနှင့်၊ နှိမ့်ချပန်ထွာ၊ လျှောက်ပါတော့မည်၊ ခုကြံစည်သည်။ ။ မရှည်နေ့ရက် ကာလတည်း


၁၉၄။ ဘုန်းတော်ကြီးက၊ မိန့်ဟထွေငေါ်၊ ခေါ်တော်သာရှင်၊ မရောက်ခင်ကို၊ ထိပ်တင်ပွင့်လျာ၊ မယ့်ထိပ်ချာသည်၊ နံ့သာပင်ရင်း၊ ခင်းသည့်မင်္ဂလာ၊ မြကျောက်ဖျာတွင်၊ ပူဆာပန်းဖြေ၊ နေပါနှင့်ရှင်၊ ထိတ်အောင်ပင်လျှင်၊ စိတ်တွင်ကျွန်မ၊ အားနာလှလျက်၊ စိုးရာအာဏာ၊ ညှာတာမြှော်တွေး၊ မင်းရေးဖြစ်၍၊ ဘုန်းလွေ့ဖြိုးဖြာ၊ မယ့်ထိပ်ချာကို၊ လျောက်ပါဝံ့သည်၊ သေမည်ရှင်သည်၊ အရည်မခန့်၊ သက်ကိုစွန့်၍၊ ဝေးဓွန့်ခရီး၊ ပန်းကြီးခဲခက်၊ ရောက်ပါလျက်ကို၊ ငဲ့ကွက်တီတွ၊ ငါပြန်ရဟု၊ ကျွန်မထိပ်တွင်၊ ဘခင်မျက်တော်၊ အာဘော်မကြည်၊ ရှိမည်ကိုလည်း၊ အူသည်းငြိမ့်မျှ၊ ကျွန်မမတည်၊ ကြောက်ပါသည်ဟု၊ ရှိရည်စုံဖူး၊ ခြေတော်ဦးကို၊ ညွတ်နူးပျပ်ခ၊ ခိုက်ထိကြ၍၊ အစ်မဟံသာ၊ ရာသီ မာယာ၊ မိတ္တာ − တို့ကို၊ ရွှန်းပျိုထိပ်ထား၊ စေစားစရာ၊ ထားပါခဲ့ဟု၊ ယဉ်နွဲ့ပြင်လျာ၊ ငိုသံပါနှင့်၊ ဩဇာပျံ့ချို၊ မှာလျှောက်ဆိုသော်၊ ဖွံ့ပျိုအိအိ၊ မဏိဟံသာ၊ ဆင်းပြာပြာလည်း၊ ထိပ်မှလက်တင်၊ ထင်ပြီရှင်ဟု၊ ကြည်လင်ကျိုးနွံ၊ ဝန်ခံပြီးသော်၊ ပွဲတော်ပုံယင်၊ ရှေ့ကတင်၍၊ အလျင်မနေ၊ သွားကြလေ၏၊ ဘုန်းနေကွန့်ဖြာ၊ ဥပရာလည်း၊ သူဇာခေါ်တွင်၊ မင်းလှရှင်က၊ ခေါ်ငင်စေပါ၊ ရောက်လှာနိုးနိုး၊ တညှိုးငယ်ငယ်၊ ကျောက်ဖြာလယ်က၊ ကြာ့နှယ်ညွတ်ခွေ၊ မြှော်လျက်နေသည်။ ။ လှိုက်ဝေဆာပူ ပျောင်းပျတည်း


၁၉၅။ ပျောင်းပျမသာ၊ မြှော်နှင့်ကာဝယ်၊ ကျောက်ဖျာမှန်ကပ်၊ ကလပ်အုပ်ကျူး၊ ဆန်းထူးဒေါင်းပေါင်၊ ပြောင်ပြောင်လင်းဖြာ၊ ပုဝါရောင်ဆိုင်၊ ပွဲကိုင်ပည်းသီ၊ အင်္ကျီဝတ်ချည်း၊ ဆံစည်းမောက်မောက်၊ ငေါက်ရရောက်နှင့်၊ သည့်နောက်ဟံသာ၊ ဧရာဆံထုံး၊ လုံးလုံးပွပွ၊ အိနောက်စနှင့်၊ ကာလမိုးမီ၊ ဗုဇွန်ဆီတည့်၊ လျားရှည်တိုင်းရှဲ့၊ တဆယ့်ခြောက်တောင်၊ ပြောင်ပြောင်ဝင်းဝါ၊ နံ့ငါးထွာကို၊ ခေါင်းမှာ မတင်၊ လည်တွင်ပတ်ခါ၊ မူရာယဉ်သီ၊ ရင်ကိုချီ၍၊ ဘယ်ဆီညာတိမ်း၊ နွဲ့ယိမ်းပြုပြင်၊ လာသည်မြင်သော်၊ ဆင်းအင်ထူးပြား၊ သည်သူများကား၊ ရွှေသားရောင်ပြက်၊ ဝင်းအူညက်သည်၊ မောင့်သက် မေတ္တာ၊ ပုံစရာက၊ သာယာကြည်ဖြူ၊ စေတော်မူသည်၊ မြဲနေယူကြ၊ ဧကန္တဟု၊ စိတ်ချသေချာ၊ ရွှင်ဝမ်းသာနှင့်၊ မျက်နှာလွှဲသွေ၊ မှတ်မဲ့နေ၏၊ ပြစ်ပြေလိမ္မာ၊ ဟံသာမည်ဟူ၊ တွင်းတော်သူလည်း၊ ပြိုင်တူမဆွယ်၊ ကျောက်ဖျာလယ်ဝယ်၊ ရောင်သွယ်တောက်ပ၊ နေဝန်းကျသို့၊ တင့်လှရုပ်သွင်၊ အိမ်ရှေ့ရှင်ကို၊ အလျင်အစ၊ မြင်သည်ကပင်၊ မြတ်လှလက္ခဏာ၊ အရာလေးမျိုး၊ မိုးသည်မောက်မို၊ သည်မင်းပျိုကား၊ သက်ကိုပိုင်သ၊ တို့မျာ့းသခင်၊ အရှင်ဧကန်၊ မှန်တော့သည်ဟု၊ ဆောက်တည်မှတ်သား၊ နှလုံးထား၍၊ ထံပါးတော်ရောက်၊ ညွတ်ခေါက်မကွေ၊ ချည်းကြလေသည်။ ။ ရိုသေဦးခိုက် ချကြတည်း


၁၉၆။ ဤသို့လျင်လျား၊ ပွဲတော်များကို၊ စဉ်ထားတည်လျက်၊ ခင်းကျင်းဆက်၍၊ ဖြည်းညက်နုရွ၊ မှာသမျှကို၊ ကြွင်းရမထင်၊ လျှောက်ဦးတင်သော်၊ မြေပြင်ကျွန်းချာ၊ စိုးမည့်လျာကား၊ နှိုင်းရာမရ၊ စိတ်တော်ကသာ၊ ရွှင်ပျလွန်မင်း၊ မြူးထူးခြင်းနှင့်၊ သံညင်းထွေသာ၊ တုံ့မိန့်မှာ၏၊ ဖြူဝါနုရွှင်၊ မင်းလှရှင်သည်၊ ချစ်ခင်ပေ၍၊ ရသေ့ ကျောင်းမှာ၊ ကြောင်းရာထူးလည်၊ မှာခဲ့သည်နှင့်၊ အရည်ထန်စွာ၊ သင်္ချာထောင် သောင်း၊ ဘေးရန်ပေါင်းကို၊ တိမ်းစောင်းမညှာ၊ ရွံရှာမဲ့နိုး၊ သက်စွန့်စိုး၍၊ အားကြိုးပြင်းစွာ၊ ရုံခါမလျော့၊ မပေါ့စိတ်ထား၊ အိပ်စားရာမှာ၊ ယုတ်မာခဲခက်၊ သားငှက်နှယ်ပင်၊ သင်ရှင်ရုံမျှ၊ ဖြစ်ရလွန်မင်း၊ ဆင်းရဲခြင်းနှင့်၊ စိတ်ရင်းကြီးစွာ၊ လှ၍သာလျှင်၊  ရောက်ပါတော့သည်၊ နှုန်းရည်စံမျှ၊ တူမရအောင်၊ ဒုက္ခသို့စင်၊ ပူပင်လောင်ဆူ၊ ဆင်းရဲမူလည်း၊ ပျံ့ကြူကြိုင်မွှန်း၊ မိန့်မှာခွန်းကို၊ သာလွန်းရွှင်ပျ၊ ကြားပေရသော်၊ ပြင်းပြလွန်ကဲ၊ ထိုဆင်းရဲကို၊ မှတ်စွဲသေချာ၊ ချမ်းသာရာဟု၊ စိတ်မှာယူငင်၊ ထင်ပြန်တော့သည်၊ ဆောက်တည်အာဘော်၊ သည့်ထက်သော်ကား၊ နှိုင်းလျော်သက်ထင်၊ ဓန့်လျက်ပင်လျှင်၊ လည်တွင်ရစ်ဆွဲ၊ ချစ်ထိုက်မြဲကို၊ ပိုက်နွှဲရစ်ချည်၊ ဖြစ်ရမည်လျှင်၊ ခန့်ရည်နေကျ၊ မှန်ပါကမူ၊ တူမျှပမာ၊ မရရာသည်။ ။ ချမ်းသာနတ်ထက် ဆယ်ဆတည်း


၁၉၇။ သို့ဖြစ်၍လျှင်၊ ရှေးကသွင်ကို၊ တူပင်တကွ၊ ရွှင်ပျော်ရမည်၊ များလှထွေထွေ၊ သင်္ချေသင်္ချာ၊ ဘေးကြီးစွာကို၊ တခါလွန်ကျူး၊ ထိုလေးဦးဟု၊ အထူးမိန့်တော်၊ မူပြန်သော်လည်း၊ ထွေငေါ်မဆန်၊ တိုင်းထက်လွန်၍၊ တိုးပြန်လေလေ၊ ထူးထွေထွေသာ၊ ကြိုးစားပါမည်၊ စိတ်မှာသို့စင်၊ မြဲပင်ဆောက်တည်၊ စွဲပါသည်ကို၊ ဘုန်းစည်လွံ့ပေါ်၊ ခမည်းတော်နှင့်၊ ရှုပျော်သက်နှင်း၊ မယ်တော်မင်းက၊ ချစ်ချင်းမငြီး၊ တို့သမီးကို၊ ယှဉ်မှီးမကွာ၊ မချစ်သာဟု၊ မေတ္တာမမျှ၊ သောကပြင်းစွာ၊ ကိုးရာမဲ့ဘူး၊ ချာချာမူးအောင်၊ ရူး၍ပြီးမှ၊ အနိစ္စသို့၊ ရောက်ရမည်သာ၊ မှန်စွာစင်စစ်၊ ဧကန်ဖြစ်ခဲ့၊ ပြန်နစ်ရှေ့နောက်၊ သည်ကိုထောက်၍၊ နှစ်ယောင်စုံပေါင်း၊ ရလွယ်ကြောင်းကို၊ နွဲ့ပျောင်းယဉ်နု၊ လုံ့လပြု၍၊ ယခုနေ့ည၊ ဖူးပါရမှ၊ မည်မျှမခန့်၊ ဘေးအဝှန့်ကို၊ သက်စွန့်ရောက်ကျိုး၊ ရှိပါနိုးမည်၊ ကျော်ဟိုးဝှန်ဝှါ၊ သို့သောခါမှ၊ ဝင်းဝါအူရွ၊ ထွားပွပွသည်။ မင်းလှရွှေရည်၊ လွမ်းသည်မက၊ ဂဏသင်္ချေ၊ တွက်ရေမနိုင်၊ ဖြီးလှိုင်မောက်လျှမ်း၊ ကျွန်ုပ်ဝမ်းမှာ၊ အလွမ်းလည်းဝှေ့၊ စေ့စေ့ဖော်နုတ်၊ ဖြေဆီသာယာ၊ လျှောက်ပါရှင်မ၊ သို့မှတခါ၊ မကြာနောက်ငဲ့၊ ပြန်ပါခဲ့ဟု၊ ချဲ့ချဲ့မူဆာ၊ မိန့်လိုက်မှာသည်။ ။ ဩဇာပန်းတူ လှိုင်ပျံ့တည်း


၁၉၈။ ယင်းသို့မိန့်မှာ၊ နှုတ်တော်သာကို၊ နော်ဇာ − ကစ၊ တကွပည်းသီ၊ အင်္ကျီဝတ်များ၊ ညီညွတ်ကြားသော်၊ သနားဆွတ်ဆွတ်၊ အူးသည်းပြတ်မျှ၊ ရွှမ်းစွတ်မျက်ရည်၊ မဆည်နိုင်ကြ၊ တင့်လှရွှမ်းပျို၊ ရုပ်ဝါကိုလည်း၊ ထဲသိုဝမ်းက၊ တပ်ရာဂနှင့်၊ ရှုကြမငြီး၊ မှာထားပြီးမှ၊ ဃနာစသည်၊ မိန်းမငါးယောက်၊ စက်အောက် မကွေ၊ နေရစ်သည့်ပြင်၊ ရှင် ဟံသာက၊ စ၍ရေသော်၊ နှစ်ကျိပ်ကျော်တို့၊ မြေတော်ထိက၊ ရှိခိုးချ၍၊ ထလာခဲ့လျှင်၊ နန်းသို့ဝင်၏၊ တိုင်းပင်မသိ၊ ယဉ်မျိုးချိသည်၊ သီရိဝင်းဝါ၊ မင်းသူဇာလည်း၊ ဒေဝါဘုန်းထွတ်၊ ဘခင်မြတ်မှာ၊ ခညွတ်ရှိရည်၊ လျှောက်ပါမည်ကို၊ စံတည် ထွတ်ထား၊ မင်းခြောက်ပါးသို့၊ သွား၍နှိမ်ချ၊ လျှောက်ဆိုခ၏၊ အစ်မတော်ရင်း၊ ခြောက်ပါးမင်းသည်၊ အခင်းရှေ့နောက်၊ ထွေထွေ ထောက်၍၊ မလျှောက်ဝံ့ကြ၊ တည်းတွဆင်ခြင်၊ တိုင်ပင်သည်နှင့်၊ ကာလမြင့်၏၊ မြပွင့်ရတနာ၊ မင်းသူဇာလည်း၊ ထပ်ကာအော်လဲ၊ မျက်ရည်ရွှဲနှင့်၊ နွှဲကာသံချို၊ ဆိုသည်ခိုက်သာ၊ နော်ဇာတုံ့ခေါက်၊ ပြန်လှာရောက်၏၊ မှာလျှောက်သမျှ၊ မကျန်ရအောင်၊ အစအဆုံး၊ ကျုံး၍သံချို၊ ပြန်လျှောက်ဆိုသော်၊ အိုအိုထိပ်ထက်၊ ငါ့ထိပ်ရွက်သည်၊ ခဲခက်လွန်ကဲ၊ ငါ့ကိုစွဲ၍၊ ဆင်းရဲဝတီ၊ ကသီလင်တ၊ ရှိပေမှပင်၊ ရူတတမ်းဆို၊ မယ့်ကိုယှဉ်နွှဲ၊ ဖူးရခဲလျှင်၊ မလွဲထည့်တည့်၊ သေရမည့်ဟု၊ ချည့်ချည့်တိမ်းပါး၊ မိန့်စကားကို၊ မယ့်နားတံ့တံ့၊ ထောင်ဝံ့ပါကား၊ ထိပ်ထားဘုန်းဝေ၊ တခါသေလျှင်၊ ဆူဝေဗျာပါ၊ ကျွန်မမှာလေ၊ သင်္ချာသင်္ချေ၊ သေကောင်းပေစွ၊ ကျွန်မထိပ်လယ်၊ ထိပ်ပန်းနှယ်ဟု၊ ပြိုက်သွယ်ရွှမ်းစို၊ တ − ရူဆိုသည်။ ။ ရင်ကိုသပ်ကာ ထု၏တည်း


၁၉၉။ သို့မှလျင်လျာ၊ ခြောက်ပါးတကွ၊ အစ်မတို့ကို၊ ဆိုသည်ညွတ်ခ၊ ထိပ်တင်လှကို၊ ကျွန်မသနား၊ ရိုတွားသာကြည်၊ ခံပါသည်ကို၊ ကြံစည်ရေးရာ၊ ထောက်၍သာလျှင်၊ ကြင်နာဝမ်းထဲ၊ သနားဘဲနှင့်၊ ဖင့်နွှဲနေကြ၊ မှ − မရသော်၊ ကျွန်မကြံရာ၊ ခဲစွာသည်ကြောင့်၊ စိုးနှောင့်ဆာပူ၊ သေစွဲမူ၍၊ အယူဖြောင့်ဘဲ၊ ငရဲထုတ်ချောက်၊ ရောက်ရတော့မည်၊ ဖြစ်တော့သည်ဟု၊ ငိုမြည်ပြင်းစွာ၊ လက်ခါမြေခတ်၊ ရင်ဘတ်ဆိတ်ထု၊ မရှုမသာ၊ လျှောက်ဆိုရှာသော်၊ ကိုယ်ဝါလျှံတောက်၊ မင်းခြောက်ယောက်လည်း၊ ရွံ့ကြောက်ညှာတာ၊ မနေသာပြီ၊ လွှဲကာနေလျှင်၊ သည်မင်းရှင်သည်၊ သက်ပင်သော်လည်း၊ ရက်ပည်းမရှည်၊ ဆုံးတော့မည်ကို၊ ဖြစ်လိုရာရာ၊ စုတ်ထိုးကာလျက်၊ လျှောက်သာလျှောက်ရ၊ တော်မည်ပဟု၊ မွေးဘမင်းကျော်၊ မြတ်မယ်တော်ကို၊ ရွှင်ပျော်သာယာ၊ တူနေရာဝယ်၊ ရိုကြာညွတ်ပျပ်၊ ချဉ်းနေကပ်၍၊ တုန်ဆပ်လှယ်ပယ်၊ ငင်တွယ်သွယ်ဝိုက်၊ အလိုက်သင့်စွာ၊ တော်သောခါမှ၊ လိမ္မာခွေခေါက်၊ လျှောက်စခြင်းသည်။ ။ သံညှင်းချိုယဉ် နု၏တည်း


၂၀၀။ ဂီရိရွှေတောင်၊ အုပ်စိုးဆောင်သည်၊ အခေါင်ထိပ်နင်း၊ ဘနတ်မင်း၊ စုနှင်းမေတ္တာ၊ မင်းသူဇာ၏၊ ကြင်ရာမြောက်သား၊ လူမင်းသားလည်း၊ ကြိုးစားဘွေရှာ၊ ခုအခါဝယ်၊ စကြာတော်အောက်၊ လာလှာရောက်လျှင်၊ ရွှေမှောက်ထွတ်ချာ၊ အရာအခွင့်၊ ချီးမြှင့်နှစ်လို့၊ ဘယ်သို့ထူးလည်၊ ပြုပါမည်ဟု၊ စိတ်ကြည်နုကြမ်း၊ လျှောက်စူးစမ်းသော်၊ ဘုန်းလျှမ်းထွတ်ချာ၊ ဒေဝရာကား၊ ရှိန်ဝါရဲရဲ၊ သံတွေခဲကို၊ မျက်တော်ထွက်၍၊ ရန်ဘက်ငါ့မှာ၊ သင်းရောက်လာလျှင်၊ ပရာမာဏုံမြူ၊ သေးစွဟူသည်၊ မတူညက်ကျေ၊ လွင့်ပျောက်စေအံ့၊ ဆံမွေညံ့နူး၊ ဘယ်ကျေးဇူးကြောင့်၊ အထူးကြည်ညို၊ သင့်ကိုချစ်ကြည်၊ မိန့်ရည်ငေါက်ပြင်း၊ ထွက်လုလျှင်းသော်၊ ဖြူဝင်းရောင်ညီး၊ သမီးတော်မြတ်၊ ခြောက်ပါးနတ်တို့၊ ဆတ်ဆတ်တုန်မျှ၊ ကြောက်လန့်ကြ၍၊ ကုန်းကွရိုတွား၊ ရှောင်ရှားကွယ်ပျောက်၊ တယောက်တသီး၊ ပြေးကြပြီးသော်၊ ဖြူညီးဝင်းဝါ၊ မင်းသူဇာ၏၊ ရတနာရမ္မ၊ မည်ရခေါ်မှတ်၊ မြပြာသာဒ်သို့၊ ညီညွတ်တကွ၊ စုလှာကြ၍၊ မွေးဘမြတ်လောင်း၊ မျက်သည့်ကြောင်းကို၊ စုံပေါင်းညီမျှ၊ ပြောကုန်ကြသော်၊ ခြောက်ပါးနှောင်းမွေး၊ မြူမွှေးမွတ်ထွား၊ မင်းရွှေသားကား၊ ပုဏ္ဏားမီးမှာ၊ ယဇ်စာထည့်မည်၊ ယူလှာသည်ဟု၊ သံကျည်ထန်သည်း၊ ရုတ်ခြည်းပြောလှာ၊ ကြားသောခါထက်၊ ဗျာပါဆယ်ဆ၊ မကထွေထူး၊ ကဲမိုးကျူး၏၊ ထိမ်းမူးမိန်းမော၊ ခြောက်ချက်ဇောသည်။ ။ လတ်လောသက်ထွက်လှု၏တကား


၂၀၁။ အစ်မတော်များ၊ ဝန်းလျားအုံညီ၊ စီစီဖြဖြ၊ ချီမကြသော်၊ ဒေဝထိပ်ပေါ်၊ ခမည်းတော်ရင်း၊ မယ်တော်မင်းလည်း၊ လျင်ပြင်းခဏ၊ လာလှာကြွ၍၊ ယုယပိုက်ဖြား၊ ဆေးဝါးထွေထွေ၊ ယှဉ်မစေမှ၊ သတိရသော်၊ မင်းလှသူဇာ၊ ဆင်းသိင်္ဂါကား၊ တေဇာလွှံ့ကျော်၊ ခမည်းတော်၏၊ ထင်ပေါ်လက္ခဏာ၊ ခြေမှာဦးတိုက်၊ ဝပ်ကာရှိုက်လျက်၊ သွယ်ပြိုက်မျက်ရည်၊ လျှောက်သည်မှာကား၊ ဘ ဘုရား၊ ညွတ်တွားခယ၊ ကျွန်တော်မသည်၊ ရွှင်ပျမူရေး၊ ကလေးကလား၊ ဆန်းပြားထူးထွေ၊ ရှာဘွေချေ၍၊ လူ့မြေဝေးလွင့်၊ ထိုသူနှင့်ကို၊ အသင့်ကြံစည်၊ ငြားသညမှုတ်ပါ၊ တောသာလည်လား၊ မူဆိုးသားသည်၊ ဘမ်းငြားမိထွေ၊ ဆောင်ယူလေသော်၊ ချစ်နေမြဲစွာ၊ ထိုသူသာလျှင်၊ ဟေမာဂိရိ၊ ဘူမိအထွတ်၊ နန်းပြာသာဒိမှာ၊ ခညွတ်ရံလည်၊ နေရသည်မျှ၊ မကထူးထွေ၊ မြှောက်စားပေ၍၊ ရွှေမြေသည်မှာ၊ တခါရောက်ပြန်၊ ဘုန်းဝှန်ထိပ်ထား၊ ဘ ဘုရားတို့၊ ဘဝါးမြုတေ၊ စကြာရွှေကို၊ ထိပ်ဗွေညွတ်ခ၊ တင်ပေရသည်၊ မျိုးသည်မြင့်မြတ်၊ အထွတ်ထိပ်နေ၊ ဖြစ်ပလေသည်၊ ရင်ရွှေမခြား၊ သားလည်းမြင်သည်၊ ကြံစည်စဉ်ဆက်၊ သည်ချက်ချက်ကြောင့်၊ ရှိလက်ထိပ်ထား၊ သနားတော်မြတ်၊ ခညွတ်သာကြည်၊ ခံပါသည်ကို၊ ဘုန်းစည်ထိပ်ထား၊ ဘ ဘုရားသည်၊ သနားမဲ့သာ၊ ပစ်ခါမျက်တော်၊ ရှိခဲ့သော်မူ၊ ခဲးလှော်ခက်လှ၊ ကျွန်တော်မသည်၊ ဟေမာ့ခေါင်ချာ၊ ထံတော်မှာသို့၊ ရောက်ပါသည်ကို၊ ရှိနိုးမထင်၊ သေမည်မြင်သည်။ ။ မရွှင်စိတ်ညစ် ညူး၏တည်း


၂၀၂။ ခမည်းတော်ရင်း၊ ရွှေတောင်မင်းကား၊ ရင်တွင်းမျက်ဖျော်၊ သမီးတော်၏၊ ညှိုးရော်မတည်၊ ဆင်းရုပ်ရည်ကို၊ မြင်သည်ရှိလျှင်၊ မီးသွင်ပူရှိမ်း၊ မျက်တော်ငြိမ်း၍၊ တိမ်းလျက်ခဏ၊ နေပြီးမှလျှင်။ မယ်လှမောင်တော်၊ ကျူးကျော်မြေတာ၊ သည်ရပ်မှာသို့၊ ရောက်လှာသလော၊ တွေးတောစွန်းငြိ၊ ငါမသိဟု၊ ပီတိကြည်မျှ၊ မိန့်ပေးကလျှင်၊ ဘုရာ့ကျွန်တော်၊ ကျူးကျော်မြေတာ၊ ရောက်မလာသည်၊ သီတာဇလ၊ ချမ်းမြကြိုင်ရှား၊ ရေကန်ပါးမှာ၊ နေနားဖျော်ဖြည့်၊ ရှိပါ၏ဟု၊ တည့်တည့်အလျင်၊ လျှောက်တည့်ကျင်သော်၊ များဖြင့်တွက်ကိန်း၊ အသိန်းမက၊ ဘေးနန္တကို၊ မရနှိုင်းတန်၊ ကျူးခဲ့လွန်၍၊ ဝေဝှန်ရောင်လက်၊ မည်မည်မဟူ၊ လူမတ္တကာ၊ မဟုတ်ရာတည့်၊ ပုရိသရာဇည၊ ပုရိသဓကသရာ၊ ပုရိသဇာနည်၊ ယဉ်သည်လောင်းလျာ၊ တေဇာတောက်ထွန်း၊ ဘုန်းတန်းအကျူး၊ အထူးအထွေ၊ ဖြစ်ရချေ၏၊ မေထေလေးစား၊ ငါပြုငြားအံ့၊ ငါ့အားအမှု၊ တခုခုပင်၊ လှုလှုမကြာ၊ ဖြစ်ချေရာဟု၊ ဘွေရှာစိတ်က၊ ကြံခဏနှိုက်၊ ထိတ်လလန့်ကြီး၊ ကြက်သီးမွေးညင်း၊ ထခြင်းဖြစ်သည်။ ။ စင်စစ်ကိုယ်လုံး ချုပ်၏တည်း


၂၀၃။ ထိုရော်ခဏ၊ အတုလဒေဝီ၊ ထိပ်ဆီလင်တင်၊ လျှောက်ချင်ပေ၏၊ ရှင်ပင်ဘုရား၊ ထွတ်ထိပ်ထားသည်၊ သည်းကြားသက်မျှ၊ ကျွန်တော်မ၏၊ ကြင်ဆမြတ်လေး၊ သမီးထွေးသည်၊ မြေဝေးလူ့ရွာ၊ လွင့်ပါးရာဝယ်၊ မေတ္တာနှင်းစု၊ သူယယု၍၊ ယခုမျိုးဆွေ၊ ခြွေရွေများလှ၊ ကျွန်တော်မကို၊ တူကွမကွေ၊ ဖူးရပေသည်၊ ဖြစ်ထွေသွန်ကျူး၊ သည်ကျေးဇူးနက်၊ တချက်နှင့်ပင်၊ ကြီးအင်ဆပွား၊ သနားစရာ၊ များစွာဖြီးစည်၊ ဖြစ်ပေသည်ကို၊ ဖြေဆည်တော်မူ၊ အလွယ်ယူ၍၊ ဘုန်းတူဘုရား၊ သနားတော်မူ၊ ကြည်ဖြူပါသင့်၊ လျော်ပါတင့်ဟု၊ ထပ်ဆင့်လောင်းကာ၊ လျှောက်သောခါဝယ်၊ ဟေမာဂိရိ၊ ဘူမိထွတ်ဦး၊ စိတ်ညံ့နူး၏၊ ပျံ့ပျူးသာပျော်၊ ခေါ်ဝေါ်ထံပါး၊ သားနှင့်အတူ၊ ကြည်ဖြူဝမ်းမြောက်၊ ချီးမြှောက်ကျကျ၊ ထားချင်လှ၍၊ ရာဇပျူဟာ၊ မာယာခွေညွတ်၊ ရာဇဝတ်နှိုက်၊ ကင်းလွတ်စိမ့်ငှါ၊ လိမ္မာသောအား၊ ထိုမင်းသားကို၊ လျင်လျားမနေ၊ ခုခေါ်စေ၍၊ ထွေထွေလည်လည်၊ အရည်အထူး၊ ဂုဏ်ကျေးဇူးကို၊ စမ်းဦးမည်ဟု၊ မိန့်တော်မူသော်၊ လတူဆင်းဝါ၊ မင်းသူဇာကား၊ မျက်နှာလန်းလန်း၊ ပွင့်သည့်ပန်းသို့၊ ဆွတ်ဖျန်းမေဃ၊ ကြိုးဖျန်းချသို့၊ ရွှင်ပျစွာဘိ၊ တို်င်းမသိသည်။ ။ ပီတိကိုယ်လုံး ရွှမ်း၏တည်း


၂၀၄။ သို့မှအလျင်၊ မင်းရွှေစင်မှာ၊ ရွှင်ရွှင်ပျပျ၊ ဖြဖြစီမန်၊ ဗုဇွန်ဆီအိတ်၊ ရောင်ဖိတ်သွတ်ကာ၊ ရွှေဗူးမှာနှိုက်၊ သိင်္ဂါပြေားပြဲး၊ ဝတ်လဲးဗောင်းဖျင်၊ ပန်းအိုးတွင်လည်း၊ ဧရွှင်ပျံ့လှောင်း၊ ဖယောင်းနှင့်ဆီ၊ စုံစီထူးထွေ၊ မျက်နှာချေလွန်၊ သရက်ခန်ဘီး၊ ညီးညီးရောင်လျှပ်၊ ဆံချပ်ဗောင်းနှိပ်၊ ခက်စိပ်မြပင်၊ မှန်အင်ဆန်းကြယ်၊ မှန်ဝယ်မှန်ကြီး၊ တသီးထို့ပြင်၊ ရောင်ထင်လျှပ်လျှပ်၊ ရွှေယပ်ခြေနင်း၊ မကြွင်းဆောလျင်၊ ဘန်စီရင်မှ၊ ထိပ်တင်လှလှ၊ ယဉ်နိုင်မျှကို၊ ခဏနေလျှင်၊ ဘ − ရှင်ပင်က၊ ပုံယင်အများ၊ မင်းသားမူးကျော်၊ မတ်ပေါင်းဆော်၍၊ ခေါ်တော်ရှေ့ရည်၊ လာတော့မည်ရှင့်၊ သည်သည်ဝတ်စား၊ တန်ဆာများကို၊ ထိပ်ထားပွင့်လျာ၊ ဆင်ခဲ့ပါဟု၊ ရတနာမြစစ်၊ ကွန့်ရစ်ရောင်လွင့်၊ အစိမ်းရင့်တွင်၊ ချယ်သင့်ထူးလည်၊ မြနုရည်နှင့်၊ နုသည်ဖြူမွှေး၊ လက်စုံရေး၍၊ မြတ်လေးရိုသေ၊ ဆက်လေစေ၏၊ သပြေစိုးရန်၊ တက်ရှိန်သန်သည်၊ ဘုန်းဝှန်သည့်ရှင်၊ ထွတ်ထိပ်တင်လည်း၊ ရာဇင်သက်နှင့်၊ ချိန်နှိုင်းချင်သည်၊ မင်းရှင့်မယ်တော်၊ ခမည်းတော်က၊ စေခေါ်လာလှာ၊ ရောက်ပါမည်လား၊ မရောက်လားဟု၊ နှစ်ပါးစွန်းငြိ၊ အကြံရှိလျက်၊ ပျောင်းအိမသာ၊ ညှိုးဗျာပါနှင့်၊ မြှော်ကာခွေ့ခွေ့၊ လွမ်းပိုက်ဝှေ့သည်။ ။ နေတွေ့ပန်းသို့ နွမ်း၏တည်း


၂၀၅။ ရံဖန်မှာလည်၊ ငါသို့သူသည်၊ ဇမ္ဗူဒိပ်တွင်၊ သောင်းမြေပြင်ဝယ်၊ တူပင်မရှိ၊ ဇာတိကာယ၊ ဉာဏစသည်၊ ဗလမြတ်အင်၊ စုံလျက်ပင်ကို၊ မထင်ကြောင်းရင်း၊ ဘယ်နတ်မင်းသည်၊ ချွတ်ယွင်းသွေဖည်၊ မကြည်မညို၊ မရိုမသေ၊ ဆူဝေဒေါသ၊ ရနိုင်မည်နည်း၊ တင့်ရည်းလိုရာ၊ ရောက်မည်သာဟု၊ သက္ကာယမာန်၊ အလွန်တက်ပွါး၊ ယစ်သောအားဖြင့်၊ တံ့စားခိုင်တန်း၊ စိတ်တော်လန်း၏၊ မမြန်းပူဆာ၊ ထိုစဉ်ခါဝယ်၊ ဟံသာတို့များ၊ ထူးပြားလွန်မြတ်၊ မင်းဝတ်တန်ဆာ၊ စာလည်းပါလျက်၊ လာလှာရောက်၍၊ စုံစေ့ဆက်လျှင်၊ စာကိုမြင်သော်၊ ညွန့်ရှင်သမ္ဘာ၊ နန်းပွင့်လျာမှာ၊ ဧရာပထ၊ နာမမည်ထူး၊ နဂါးမြူးသို့၊ အကျူးစိတ်က၊ ရွှင်ပျပျော်ပါး၊ မြူးကစားလျက်၊ များများထွေရာ၊ မမှပါပြီ၊ မကြာမတင်၊ အလျင်သာပျော်၊ ခေါ်တော်မူပါ၊ အောင်ကိုသာလျှင်၊ ဖြူဝါထွန်းပ၊ သာပျောင်းညွတ်ပြော့၊ လျှောက်ပါတော့ဟု၊ မပေါ့မေတ္တာ၊ ထပ်ကာပုံဖြီး၊ မှာထားပြီးသော်၊ ရောင်ညီးရိုးရဲး၊ ဝတ်လဲးဗောင်းဖျင်၊ တန်ဆာဆင်လျက်၊ ရည်ထင်ငံ့ထွေ၊ မြှော်လင့်နေသည်။ ။ ဘုန်းဝေရောင်ခြည် လျှမ်း၏တည်း


၂၀၆။ ဒေဝိန္ဒရာဇာ၊ ဝှန်ဝါသတင်း၊ ရွှေတောင်မင်းလည်း၊ လျင်ပြင်းမကြာ၊ မဟာဒေဝ၊ ဗြဟ္မမည်သာ၊ မဟာဇေယျ၊ ဗြဟ္မဟူသည်၊ အမည်ခံတန်၊ တွင်းဝန်နှစ်ယောက်၊ မတ်ဂုဏ်လောက်ကို၊ ရွှေမှောက်ဘုန်းလူ၊ ခေါ်တော်မူ၍၊ မည်ဟူဇေယျ၊ ပူရပြည့်ရှင်၊ လွှံ့ထင်ကျော်ရှိန်၊ ရာဇိန္ဒရာဇ်၊ မင်းစစ်သည်းချာ၊ ဥပရာသည်၊ လာလှာရောက်၍၊ ချမ်းမြေ့သာလွန်၊ ရေကန်တော်တွင်း၊ ခိုဝင်ရိပ်နေ၊ ခုရှိလေ၏၊ သရေထွန်းဝင်း၊ အိမ်ရှေ့မင်းတို့၊ စီးနင်းဆောင်ယောင်၊ များမြောင်ခြွေရွေ၊ နှင့်ယူစေ၍၊ ဘုန်းဝေရောင်မြူး၊ ဗြဲးတိုက်ဦးမှာ၊ သင့်ရာနေစေ၊ မနေညွတ်ကြို့၊ ဝန်တို့လည်းဝင်။ ခုပင်ပြန်ဘိ၊ ထုံးစံရှိရာ၊ ကိုယ်တို့မှာလည်း၊ ဆိုင်ရာစီရင်၊ အလျင်မကြာ၊ ငါထွက်လာမည်၊ ဘုန်းစည်သိရိ၊ မိန့်သည်ရှိသော်၊ လောက်ကျိဂုဏ်ထူး၊ မယ်နှစ်ဦးလည်း၊ ကြည်နူးညွတ်ခ၊ ရှိဦးချ၍၊ ခဏမကြာ၊ ထွက်လှာပြီးသော်၊ နားခံခေါ်၍၊ မိန့်တော်ပြန်ပြီး၊ စောင့်သီးမြဲးမြံ၊ နားခံထွက်လျှင်၊ တွင်းပြင်ဖြဖြ၊ စီရင်ကြ၍၊ များလှမှူးမတ်၊ ရံပတ်ဒိုင်း ဝင်း၊ ဆင်း မြင်း ဆောင်ယောင်၊ ပြောင်ပြောင်လျှံပတ်၊ ဝေါပြသာဒ်နှင့်၊ အထွတ်ပွင့်လျာ၊ ဥပရာကို၊ များစွာအုပ်ထွေ၊ ခေါ်လျောက်စေသည်။ ။ ရိုသေညွတ်ခ ယမ်း၏တည်း


၂၀၇။ ဗောဓိငုံသန်၊ ပွင့်ရန်အထွတ်၊ ရဲးဘုန်းလွှတ်ကား၊ ပြာသာဒ်ရောင်ညီး၊ ရွှေဝေါစီးလျက်၊ အံ့ချီးနတ်လူ၊ ဝင်တော်မူ၍၊ ဇမ္ဗူပြောင်ရွှန်း၊ မြေနန်းတော်ရှေ့၊ ချမ်းမြေ့ရောင်တောက်၊ လွှတ်မြောက်တံခါး၊ နှစ်ထပ်ကြားက၊ ဝေါတော်ချ၍၊ ထွန်းပပြောင်လက်၊ မင်းဆောင်ရွက်နှင့်၊ ငြိမ်သက်တင့်ကျူး၊ ဗြဲးတိုက်ဦးသို့၊ ပျံ့ပျူးသာရွှင်၊ ရောက်လေဝင်၍၊ လက်တွင်တွင်းမှာ၊ တောင်ညာမြောက်ယွန်း၊ ထူးဆန်းထွေလာ၊ မင်းနေရာထက်၊ ကွမ်းခွက်ရောင်ဝင်း၊ ရှေ့တော်ကျင်းလျက်၊ ဘက်ကင်းလွတ်ကွာ၊ နေသောခါမှ၊ နေရာခြားသီး၊ ဝန်ကြီးဝန်ထောက်၊ လေးယောက်ဝင်းမှူး၊ ရာထူးသင့်ရန်၊ မြင်းဝန် ဆင်ဝန်၊ မြို့ဝန် နားခံ၊ မြဲးမြံရည်နှင့်၊ သံဆင့်တခြား၊ သံခံများသို့၊ မှတ်သားမလွဲး၊ နေမြဲးနေကြ၊ ဝန်းကျင်ကလည်း၊ မည်ရပည်းဖြင်၊ မာရဘင်တွင်း၊ သင်းမှူးများလှ၊ တကွရုံးပေါင်း၊ ငြိမ်သက်ကြောင်းကို၊ ညွတ်ပျောင်းသံတော်၊ ဦးတင်သော်လည်း၊ ဒေဝေါ်ဒိဗ္ဗ၊ ဒေဝိန္ဒမူ၊ ထွန်းပမျက်ရှင်၊ တန်ဆာဆင်လျက်၊ ရောင်ထင်နေ့ထက်၊ တက်တော်မူမှ၊ မိန့်ဟသံညင်း၊ အိမ်ရှေ့မင်း၊ ပွင်းလင်းဇေယျ၊ ပြည်ပူရက၊ ဟေမလျင်ထောက်၊ ရွှေစက်အောက်သို့၊ အရောက်နေကျ၊ ထိုမျှရက်ကြာ၊ လာရသည်လည်း၊ ပျံ့ဖြည်လှိုင်ကြူ၊ မေးတော်မူသည်။ ။ ကြည်ဖြူပီတိ မွမ်း၏တည်း


၂၀၈။ ဇေယျပူရ၊ ရွှေပြည်ကသည်၊ ဟေမလျှံတောက်၊ အရောက်လျဉ့်လျဉ့်၊ နှစ်ညဉ့်သုံးရက်၊ ငြိမ်သက်ချမ်းသာ၊ လာခဲ့ပါဟု၊ ရှိကြာတင်မြှောက်၊ ရိုသေလျောက်သော်၊ ဘုန်းတောက်ရောင်ရှိန်၊ ရာဇိန္ဒရာဇ်၊ မင်းစစ်ဇာတိ၊ မြတ်မိဖုရား၊ နှစ်ပါးခန့်ကျန်း၊ သာလန်း၏လော၊ သဘောဖြောင့်မှန်၊ မိန့်ပေးပြန်သော်၊ ဘုန်းဝှန်တောက်ထိန်၊ ရာဇန္ဒရာဇ်၊ မင်းစစ်ဇာတိ၊ မြတ်မိဖုရား၊ နှစ်ပါးသာကျန်၊ လန်း၏ဘုရား၊ လျှောက်ထားပြီးမှ၊ ခဏမကြာ၊ ဝလာဟက၊ မည်ရထင်ပေါ်၊ မြင်းတော်ကိုခေါ်၊ မိန့်တော်ရှိလျှင်၊ ဇောင်းတော်တွင်နှိုက်၊ စွမ်းအင်အားကို၊ လူမျိုးမနိုင်၊ ကြီးခိုင်လွန်မင်း၊ အာကမင်းကို၊ အလျှင်းသာပင်၊ မဆင်တန်ဆာ၊ ယူခဲ့လှာ၍၊ မကြာချက်ခြင်း၊ အိမ်ရှေ့မင်းကို၊ သံညင်းပျံ့ကြူ၊ မိန့်တော်မူသော်၊ ပြိုင်တူမထင်၊ အိမ်ရှေ့ရှင်ကား၊ ကြည်လင်ညွတ်ခ၊ ရှိဦးချပြီး၊ ထ၍ထွက်လျှင်၊ အလျင်မကြာ၊ မြင်းရှိရာသို့၊ ဘုန်းဝါပွင့်လူ၊ သွားတော်မူ၍၊ လွယ်ကူရက်ရက်၊ ဘမ်းတည့်တက်၍၊ ရှေ့လက်နှစ်ဘက်၊ မြေထက်နင်းချ၊ မကျစေဘဲး၊ ကျူးကဲးထူးထွေ၊ နောက်ခြေဖြင့်သာ၊ မြေမှာအနေ၊ နင်းချစေလျက်၊ ဝိုက်ခွေဘယ်ညာ၊ လွယ်ကာအစ၊ ဆင်တူမျှကို၊ မရပြိုင်တူ၊ စီးတော်မူသည်။ ။ မြင်သူအံ့ကြ မူး၏တည်း


၂၀၉။ မင်းပွဲသဘင်၊ ဆင်ပြင်ခစား၊ မှူးမတ်များနှင့်၊ အကြားအကြိုး၊ ကွယ်ကိုးရုပ်ဖျောက်၊ နန်းတော်အောက်က၊ အပေါက်အဝ၊ ရှိသမျှနှိုက်၊ ကြည့်ကြသူများ၊ ပျော်ပါးထူးချွန်၊ ဝမ်းမြောက်လွန်၍၊ ပြင်းထန်လှစွာ၊ မင်းအာဏာကို၊ ရွံရှာမထောက်၊ မကြောက်နိုင်ပြီ၊ စီစီပြောစည်၊ ပေးသည်အသံ၊ ကျံကျံကျိုက်ပွက်၊ အုတ်အုတ်ကျက်သော်၊ ဘုန်းစက်ထွန်းပ၊ ဒေဝိန္ဒလည်း၊ အားရဝမ်းသာ၊ မေတ္တာရစ်ခွေ၊ မြတ်နိုးထွေဖြင့်၊ နေစေတော့ဟူ၊ မိန့်တော်မူ၏၊ ဇမ္ဗူနတ်ဆက်၊ မြင်းကသက်၍၊ တုဘက်လွတ်ကွေ၊ နေမြဲးနေ၏၊ ထွတ်ဝေဒရာဇာ၊ ထွေသာသံချို၊ ဆိုသည်ယဉ်နု၊ ယခုထူးလည်၊ မြင်းစီးသည်ကို၊ မှတ်တည်အသို့၊ ဝန်ဘို့စိတ်တွင်၊ ထင်ကြသနည်း၊ ပျံ့ဖြည်းထွေသာ၊ မိန့်သောခါဝယ်၊ မဟာဒိဗ္ဗ၊ သုရမည်သာ၊ သေနာပတိ၊ ရည်ရှိဝန်ကြီး၊ အံ့ချီးလျှောက်သည်၊ ခုစီးရည်ကို၊ မြင်မည်စိတ်ထား၊ ရှည်လျားရှေးလွန်၊ ကျမ်းဂန်ပုံပြင်၊ ရာဇဝင်တွင်၊ မျှပင်သော်လည်း၊ သည်နည်းစကား၊ မကြားဘူးပါ၊ သည်သာလွန်ကျူး၊ အထူးအမြတ်၊ အထွတ်စံတည်၊ ဖြစ်ပေသည်ဟု၊ ရှိရည်ဦးမြှောက်၊ ချီးဝှဲလျှောက်သည်။ ။ ဝမ်းမြောက်ပီတိ ထူး၏တည်း


၂၁၀။ သည့်နောက်ထပ်ကာ၊ ကေသရာနာဂ၊ မည်ရထင်ပေါ်၊ ဆင်တော်ကိုခေါ်၊ မိန့်တော်ရှိလျှင်၊ အလျင်ခေါ်မြောက်၊ ဆင်တော်ရောက်သော်၊ ငံ့ထောက်မနေ၊ မောင်စီးချေသို့၊ နှုတ်ရွှေခွန်းတော်၊ ဟသော်ခဏ၊ ရှိဦးချမှ၊ ထ၍မကြာ၊ ဆင်ရှိရာဘို့၊ နန်းလျာဘုန်းတောက်၊ ကြွရောက်သောခါ၊ နာဂဘင်္ဂ၊ မည်ရဆင်နိုင်၊ နောက်တော်ထိုင်လျှင်၊ သံအိုင်ခြိမ်းမောင်း၊ အနှိမ်တောင်းသော်၊ ပွင့်လောင်းရည်ထင်၊ မနှိမ်ခင်ပင်၊ အလျက်ရက်ရက်၊ ခုန်တက်ပြီးသော်၊ ခြေတော်ချိပ်ဆင်း၊ ပိုးချည်နင်းနှင့်၊ မသွင်းဘဲးသာ၊ ဆရာလူကျော်၊ ချွန်းဆက်သော်လည်း၊ လှမ်းတော်မမူ၊ ရှေ့ရှူလျင်စွာ၊ အကုန်ခွာ၍၊ ဆရာတိုးဟု၊ ယဉ်နုသာဖြား၊ မိန့်တော်အားဖြင့်၊ ကြိုးစားလွန်ပြင်း၊ ထိုစဉ်တွင်းဝယ်၊ ထိပ်နင်းပွင့်လျာ၊ ခြေဖြင့်သာလျှင်၊ မြင့်စွာညှပ်ဘိ၊ ချုပ်သည်ရှိသော်၊ ကြီးဘိ တောင်လောက်၊ ထိုဆင်ပေါက်သည်၊ နောက်သို့ထိုင်အိ၊ ခွေယိုင်ရှိ၏၊ ကျော်ဘိဆင်နိုင်၊ နောက်တော်ထိုင်လည်း၊ မနိုင်ထူထ၊ ပက်လက်ကျ၍၊ မြောမျှမချိ၊ မြေမှာရှိ၏၊ သိရိရည်ရွှန်း၊ ရဲးတုကျွန်းမူ၊ ထိပ်ပန်းကုံးထက်၊ အသာတက်၍၊ ထွတ်ချက်နတ်ချာ၊ ဒေဝရာဘို့၊ ရည်ကာ ညွတ်ခ၊ ရှိခိုးချသို့၊ ချီကြွထန်ပြင်း၊ အုန်းအင်း သံဝါ၊ တော်ပင်ပါ၏၊ နာဂဘင်္ဂ၊ စဉ်ကျရာမှာ၊ မြင်သောခါလည်း၊ ပြင်းစွာရယ်မော၊ ဝမ်းကြောဝမ်းခြင်၊ ပြတ်လှုထင်သည်။ ။ သာရွှင်လန်းကြ မြူး၏တည်း


၂၁၁။ ယဉ်မျိုးအလုံး၊ ပေါင်းယူကျုံးသည်၊ ထွတ်ဆုံးတင့်ရာ၊ မင်းသူဇာနှင့်၊ ကိုယ်ဝါရောင်မြူး၊ မင်းခြောက်ဦးလည်း၊ သွယ်ဖြူးမိုးရောက်၊ အနောက်နန်းမြင့်၊ ထက်ဘုံဆင့်က၊ လှစ်ဘွင့်လေသာ၊ ကြည့်ကြရာဝယ်၊ နန်းလျာရည်ထင်၊ အိမ်ရှေ့ရှင်ကို၊ လူ့လင်လုပ်၍၊ ရွှင်မွေ့ရွှေရင်၊ တူပင်ပျံ့ပျူး၊ မြူးထူးကြဟန်၊ ပြန်ပြန်ထွေပြား၊ စိတ်ကစားလျက်၊ တိမ်းပါးမူးမိုက်၊ မောခိုက်ဝယ်ပင်၊ ထိုဆင်ရုပ်ခြည်း၊ ခွေထိုင်လည်းသော်၊ ကျော်သည်းမြေပြင်၊ သူသည့်ရှင်သည်၊ အလျင်ချက်ခြင်း၊ ဦးကင်းကိုကျော်၊ ပန်းကုံးပေါ်သို့၊ ပြိုင်ဘော်လျှပ်ခြည်၊ တက်တည့်သည်ကို၊ ယိမ်းဖည်လက်လွတ်၊ ကျမည်မှတ်၍၊ လှမြတ်စံထား၊ ခုနစ်ပါးတွင်၊ ရှေ့ဘွားအကြီး၊ ထွန်းညိးအင်ညီ၊ မင်းဟာရီကာ၊ ထိပ်ဆီထားတင်၊ အိုငါ့လင်ဟု၊ ဆောလျင်နှုတ်လွတ်၊ ဆိုမိချွတ်၏၊ လျှံပတ်ရောင်မြူး၊ မင်းငါးဦးလည်း၊ ထူးထူးပြားပြား၊ စကားထဲးနက်၊ လျှို့ဝှက်သင့်စွာ၊ မဆိုရာလျက်၊ ကြီးစွာစိတ်ထား၊ ရာဂအားဖြင့်၊ လန့်ကြားထိတ်လ၊ ဆိုယောင်ကြ၏၊ သို့မှသတိ၊ ရသည်ရှိသော်၊ သိရိဝင်းဝါ၊ မင်းသူဇာကို၊ ရှက်ရှာလှ၍၊ ယဉ်မြေ့မျက်နှာ၊ မသာညှိုးငယ်၊ သနားဘွယ်သည်။ ။ ပန်းနှယ်ညှိုးညစ် ညူး၏တည်း


၂၁၂။ ရွှေတောင်စိုးရ၊ ဒေဝိန္ဒလည်း၊ မြင်ကအံ့အဲး၊ ဘွယ်သရဲးဟု၊ ချီးဝှဲသာဖျော်၊ မိန့်ပြီးသော်တည့်၊ ခေါ်တော်မူလျှင်၊ သောင်းခွင်ဒီပါ၊ စိုးမည့်လျာကား၊ အသာဆင်က၊ သက်ခဲ့ကြွ၍၊ ညွတ်ခရိုသေ၊ နေမြဲးနေသော်၊ တထွေတလာ၊ ဆင်စီးရာမှာ၊ အံ့ရာဖြင်ပည်း၊ အသို့နည်းဟု၊ သာဖြည်းသံခြေ၊ ထွတ်ဒေဝိန္ဒ၊ ဗျာဒိတ်ဟသော်၊ မရပြိုင်ခိုင်း၊ ဂုဏ်ရှိတိုင်းကို၊ ချီးလှိုင်းပြီးတိုင်၊ မအံ့နိုင်အောင်၊ အခေါင်ထွတ်ဗွေ၊ မင်းဖြစ်ချေသည်၊ ဆူဝေရိုက်ချုန်း၊ ဘုန်းတော်ကြောင့်သာ၊ မြင်ရပါဟု၊ သေနာပတိ၊ ဦးရှိလက်မြှောက်၊ ရိုသေလျှောက်၏၊ ထို့နောက်ခဏ၊ သဟဿဗလ၊ မည်ရခေါ်ဆို၊ လေးကိုယူစေ၊ နှုတ်ရွှေသာအိန့်၊ မိန့်လျှင်ဖြဖြ၊ အာဝုဓကဋီ၊ ခေါ်ညီမည်သာ၊ တိုက်တော်မှာက၊ သန်မာဖြောင့်သား၊ လေးနှင့်မြားကို၊ လျင်လျားခဏ၊ ယူခဲ့ကြသော်၊ ယောက်ကျာ့းအစွမ်း၊ မောင်ပစ်စမ်းဟု၊ ထပ်မွမ်း ကြည်ညို၊ မိန့်ဟဆိုသော်၊ မင်းပျိုနုမှာ၊ ဦးချကာလျှင်၊ များစွာပုံယင်၊ တိုင်းပင်မသိ၊ လူမျက်စိဝယ်၊ မငြိပြစ်ဆာ၊ ရှုသာလေလေ၊ ချမ်းငြိမ်းစေလျက်၊ ပြစပြေမှုထား၊ ယိမ်းကာသွား၍၊ မြားနှင့် ထက်ကြပ်၊ လေးရှိရပ်ဝယ်၊ တုပ်ပျပ်နေထိုင်၊ ယဉ်နိုင်သမျှ၊ အံ့ရအလွန်၊ ဦးချပြန်သည်။ ။ ကြာ့ဟန်ရှိငုံ ဖူး၏တည်း


၂၁၃။ ဗလတထောင်၊ အားတိဆောင်သည်၊ မာခေါင်သန်လှ၊ အံ့ရထင်ပေါ်၊ ထိုလေးကျော်ကို၊ ရှုမြှော်ကျစ်လျစ်၊ ပုဆစ်နှစ်ဘက်၊ တုပ်လျက်တိုင်းသာ၊ ရွယ်ကာမဏ၊ တပ်ပြီးမလျှင်၊ ပြင်းပြအဟုန်၊ အကုန်အစင်၊ ညှို့ကိုတင်သော်၊ ပေါ်ထင်ကျော်ချီး၊ ထိုလေးကြီးသည်၊ ချည်းနှီးပစ်စု၊ မြစ်နုပမာ၊ ဘောင်ဘောင်ပါမျှ၊ အံ့ရာကျူးထွေ၊ ကျိလျှင်းလေ၏၊ ဘက်ကွေလွတ်ကွာ၊ ထိုရောခါဝယ်၊ ကြော်ငြာကျံကျံ၊ အံ့ချီးသံတိ၊ မိုးလျှံအုတ်ကျက်၊ တပြိုင်နက်လျှင်၊ ကျိုက်ပွက်သည်းစွာ၊ ဗြဟ္မာထုတ်ချောက်၊ တိုင်လေရောက်၏၊ ဘုန်းတောက်ဒိဗ္ဗ၊ ဒေဝိန္ဒလည်း၊ ရွှင်ပျစိတ်ဇော၊ ရယ်မောတော်မူ၊ ကြည်ဖြူလှစွာ၊ ထပ်ကာကာလျှင်၊ မေတ္တာမလျှော့၊ နေစေတော့ဟု၊ မိန့်တော်မူမှ၊ သည်လူထူးလည်၊ ရောက်လှာသည်ကို၊ ကြံစည်ကိုယ်တို့၊ ဘယ်သို့ယခု၊ ပြုစုသင့်မည်၊ ထင်ကြသည်ဟု၊ ပျံ့ကြည်ချိုသာ၊ မိန့်သောခါဝယ်၊ မဟာဒိဗ္ဗ၊ သုရမည်သာ၊ သေနာပတိ၊ ခွင့်သိလိမ်မာ၊ လျှောက်သည်မှာကား၊ အထူးထွေလည်၊ ရောက်လှာသည်လည်း၊ ကြံစည်ချီးလွှံ့၊ မအံ့နိုင်အောင်၊ ဘက်လွတ်ရှောင်သည်။ ။ အခေါင်တင်ထိုက် အကျူးတည်း


၂၁၄။ အစီးအနင်း၊ ဆင် မြင်း လေးကိုင်၊ တူပြိုင်ပမာ၊ မရရာပြီ၊ ရုပ်ဝါရောင်ဆင်း၊ ထွန်းဝင်းသိရိ၊ ဇာတိကောင်းမြတ်၊ မလွတ်စေ့စေ့၊ ကြံအောက်မေ့သော်၊ အိမ်ရှေ့အရာ၊ မြတ်စွာကျူးကျော်၊ ကိုယ်ပင်သော်လည်း၊ ထို်က်လျော်မသွေ၊ သင့်ဘိပေမည်၊ ထင်ပါသည်ဟု၊ ထိပ်တည်လက်မြှောက်၊ လိုက်သိလျှောက်သော်၊ ဝမ်းမြောက်ကြည်ညို၊ မောင့်ကိုသာဖျော်၊ မျက်ကျော်စီခက်၊ ဗြဲးတိုက်ထက်သို့၊ တက်၍ဖျော်ဖြေ၊ နေနှင့်စေဟု၊ သံခြေသာအိန့်၊ မိန့်ခဲ့ပြီးမှ၊ ထ၍ဝင်သော်၊ မူပြီးသော်တည့်၊ ထင်ပေါ်ဝှန်ဝါ၊ မဟာဒေဝ၊ ဗြဟ္မမည်သာ၊ မဟာဇေယျ၊ ဗြဟ္မခေါ်မည်၊ သာသည်ချိနွဲ့၊ ရွှေဘွဲ့ခံတန်၊ တွင်းဝန်တို့အား၊ ထံပါးကြည်ဖြူ၊ ခေါ်တော်မူ၍၊ ညွန့်လူမင်္ဂလာ၊ အောင်မည့်ရာ၌၊ စဉ်လာလောက၊ သင်္ကေတကို၊ တီတွဆင်ခြင်၊ မိန့်တိုင်းပင်သာ၊ မြော်မြင်ရေးရာ၊ လျှောက်သည်မှာကား၊ မိန့်ဗျာဒိတ်တော်၊ ထွေငေါ်ရှိတိုင်း၊ ထုံးပိုင်းမှန်စွာ၊ လူ့ပြည်မှာကား၊ မင်္ဂလာခမ်းနား၊ ထိမ်းမြားပီပီ၊ စုံအင်ညီအောင်၊ ဆောင်ပြီဖြစ်၍၊ အသင့်ထပ်ဆင့်၊ မဆောင်သင့်ပြီ၊ စုံညီနှစ်ပါး၊ အတူထားမှ၊ သာဖြားဖျော်ဖြည့်၊ ငါနှင်း၏ဟု၊ တည့်တည့်ထင်ထင်၊ အမြင်အသိ၊ မိန့်တော်ရှိလျှင်၊ သိရိညွန့်ရည်၊ မြတ်သည်မင်္ဂလာ၊ ဖြစ်ပါတော့မည်၊ ထင်ပါသည်ဟု၊ ရှိရည်စုံခိုး၊ လက်စုံမိုးသည်။ ။ မင်းကျိုးရည်ဖြောင့် စူးစူးတည်း

ကိုးကား[ပြင်ဆင်ရန်]

  1. (စက်တင်ဘာလ၊ ၁၉၆၈) သူဇာပျို့, တတိယအကြိမ်, အမှတ် ၅၃၊ နတ်မောက်သွယ်လမ်း၊ ရန်ကုန်မြို့: ဟံသာဝတီပုံနှိပ်တိုက်.