သီဟဗာဟု

ဝီကီပီးဒီးယား မှ

သီဟဗာဟုမင်းသည် ဂေါတမဘုရားမပွင့်မီ အနှစ် ၁ဝဝအတွင်း က ဇမ္ဗူဒိပ်ကျွန်း လာဠရဌတိုင်းသီဟပူရမြို့တွင် နန်းစံသောမင်းဖြစ်သည်။ ခြင်္သေ့နှင့်လူသားတို့ သင့်ရာမှမြင်သောသားတော်တည်း။ လင်္ကာဒီပ ခေါ် သီဟိုဠ်ကျွန်းကိုစတင်တည်ထောင်အုပ်စိုးသော ဝိဇယမင်း၏ ခမည်းတော်လည်းဖြစ်သည်။

ဂေါတမဘုရားသခင် မပွင့်မီအနှစ် ၁ဝဝ ခန့်၌ ဝင်္ဂတိုင်း(ယခုဗင်္ဂလားပြည်နယ်)ဝင်္ဂပြည်ကိုအုပ်စိုးသော ဝင်္ဂရာဇ်မင်း ကာလိင်္ဂမင်း၏သမီးတော်ကို ယူဆောင်၍ မိဖုရားပြုပြီးလျှင် ထီးနန်းစံလေသည်။ ထိုမင်းနှင့်မိဖုရားတို့၌ သမီးတော်တစ်ပါးဖွားမြင်၏။ မင်းသမီးကိုဖွားစအခါကပင် နိမိတ်ဖတ်သောပညာရှိတို့က ဇာတာစန်းလဂ်ကို တွက်ချက်ပြီးနောက် ကေသရာဇာခြင်္သေ့မင်း၏ မြောက်သားတော် ဖြစ်လတ္တံ့ဟု နိမိ်တ်ဖတ်ကြလေသည်။ ထိုကြောင့်လည်း မင်းသမီးအား ကေသရီဟု အမည်ပေးလေသည်။ အရွယ်ရောက်သောအခါ အလွန်လှပတင့်တယ်ရှုချင်ဖွယ်သော အဆင်းအင်္ဂါရှိ၏။ ကာမဂုဏ်တို့၌ ခုံမင်မက်မောအားကြီး၍ မယ်တော်မိဖုရားပင် တားမြစ်ဆုံးမမရနိုင်ရှိရကား ပြည်မှနှင်ထုတ်လိုက်ရလေသည်။ မင်းသမီးလည်းစိတ်အလိုအတိုင်းနေလိုရကား မထင်ရှားသော ဆင်းရဲသူမငယ်၏ အသွင်ဖြင့် မြို့မှထွက်လာစဉ် မဂဓတိုင်းကို သွားအံ့သော လှည်းကုန်သည်တို့နှင့်တွေ့၍ ထိုကုန်သည်တို့ကို အဖော်ပြုပြီးလျှင် တောအုပ်ခရီးသွားလေသည်။ လာဠတိုင်း ဖြစ်သော တောအုပ်သို့ရောက်သောအခါ ထိုတောအုပ်၏အတွင်း ကျောက်ဂူ၌နေသော ကေသရာဇာ ခြင်္သေ့မင်းသည် မိမိနေရာဂူမှထွက်၍ လှည်းတို့နောက်လိုက်ရာ လှည်းသမားတို့ ပြေးပုန်းရှောင်ရှားကြကုန်၏။ မင်းသမီးမူကား နိမိတ်ဖတ် ဆရာတို့၏ ဟောစကားကိုကြားယောင်ကာ မကြောက်မရွံ့ဘဲ ခြင်္သေ့ရှိရာသို့ပက်ပင်းပါပြေးလေသည်။

ခြင်္သေ့မင်းလည်းမင်းသမီးကို မြင်လျှင် ရွှင်လန်း တပ်မက်သောစိတ်ရှိသဖြင့် မင်းသမီးအပါးသို့ကပ်ကာ မင်းသမီးအား ကျောက်ကုံးအထက်၌တင်ပြီးလျှင် မိမိနေရာ ကျောက်ဂူသို့ဆောင်ပြီးလျှင် အတူတကွနေထိုင်ကြလေ၏။ ရက်လရှည်လတ်သော် ထိုမင်းသမီးအား ခြင်္သေ့ကိုစွဲ၍ ရသောကိုယ်ဝန်မှ သားတစ်ယောက်သမီးတစ်ယောက် အမြွာ ဖွားလေသည်၊ သတို့သား၏လက်ရုံးလက်မောင်း ခြေချောင်း အင်္ဂါတို့သည် ခြင်္သေ့မင်း၏လက်မောင်းလက်ရုံးနှင့် တူသော အခြင်းအရာ ရှိရကားသတို့သားကိုမူ သီဟဗာဟုဟူသောအမည်ပေးလေသည်။ သမီးကိုမူ သီဟသီဝလိဟုအမည်မှည့်သည်။ ခြင်္သေ့မင်းလည်း သားသမီးနှင့်ဇနီးတို့ကိုဂူ၌ထား၍ ဂူဝ၌ကျောက်ဖျာပိတ်ကာ အစာရှာကျွေး လေသည်။

သီဟဗာဟုသည် အရွယ်သို့ရောက်သော်အသွင်သဏ္ဌာန် မတူသောမိခင်နှင့်ဖခင်တို့အဖြစ်ကိုမိခင်အားမေးရာ မှအကြောင်း အလုံးစုံကိုသိလေသည်။ တစ်နေ့သ၌ ခြင်္သေ့မင်း အစာရှာသွားခိုက် သီဟဗာဟုသည်ကျောက်ဖျာကိုဖွင့်၍ အမိကို လက်ယာပခုံးဖြင့်၊ နှမကိုလက်ဝဲပခုံးဖြင့်ထမ်းဆောင်လျက် မယ်တော်၏နေရပ်ဖြစ်သော ဝင်္ဂတိုင်းသို့ ရှေးရှုပြေးလေ၍ တစ်နေ့ချင်း ယူဇနာ ၂ဝ သော ခရီးကိုလွန်ကာ ဝင်္ဂတိုင်း နယ်စွန်ဖြစ်သော ပစ္စန္တရွာသို့ရောက်လေသည်။ ပစ္စန္တ ရွာ၌ မင်းသမီး၏ဦးရီးတော်သား အနုရုက္ခမင်းသည် အုပ်ချုပ်လျက်ရှိ၏။ အနုရုက္ခစစ်သူကြီးနှင့်တွေ့၍ သားအမိ သုံးယောက်တို့က အကြောင်းစုံပြောပြသောအခါ အရီးတော်မိဖုရား၏သမီးနှင့်မြေးများဖြစ်ကြောင်း သိသဖြင့်ဝင်္ဂမြို့သို့ ခေါ်ဆောင်သွားကာ ကေသရီအား မြောက်သားတော်အရာ၌ထားလေသည်။

ခြင်္သေ့မင်းလည်းအစာရှာဖွေရာမှအပြန် ဇနီးနှင့် သားသမီးတို့ကိုမမြင်သော် အစာမစားနိုင်မအိပ်နိုင်ဖြစ်ကာ တောတောင်မြစ်ဝှမ်းအနှံ့ရှာဖွေလေသည်။ မတွေ့သော် လူတို့နေရာ တိုင်းစွန်ရွာနားကိုဝင်၌အစဉ် လှည့်ပတ်ကာ ရှာဖွေသဖြင့် ခြင်္သေ့ဝင်သမျှရွာတို့သည် ပျက်စီးကြလေ ကုန်သည်။ ထိုအကြောင်းကို ဝင်္ဂရာဇ်မင်းကြီးကြားသော် နှောင့်ယှက်ဖျက် ဆီးနေသောခြင်္သေ့ကို ဖမ်းဆီး သတ်ဖြတ်နိုင်သော သူအား အသပြာတထောင်ထုပ် ပေးမည့်အကြောင်း စည်လည်စေလေသည်။ ဖမ်းနိုင်သတ်နိုင်သူ မပေါ်သဖြင့် အသပြာတစ်ထောင်မှ နှစ်ထောင်၊ နှစ်ထောင်မှ သုံးထောင်အထိ စည်လည်သောအခါ 'ဤခြင်္သေ့ကား ငါတို့သားအမိကို မတွေ့သမျှ ရှာဖွေလိမ့်မည်။ မင်း၏ အသပြာထုပ်ကိုယူ၍ ငါသတ်မှ ဤခြင်္သေ့ရန် ငြိမ်းလွယ်မည်' ဟု သီဟဗာဟုသည်ကြံပြီးလျှင် မယ်တော်အား တိုင်ပင်လေသည်။ မယ်တော်ကနှစ်ကြိမ်တိုင်အောင် တားမြစ်လေသည်။ သုံးကြိမ်မြောက်၌ကား မယ်တော်အား မပန်ကြားတော့ဘဲ အသပြာထုပ်ကို လက်ခံလိုက်လေသည်။ ခြင်္သေ့ရန်ကိုနှိမ်နင်းရန် သီဟဗာဟုက လက်ခံလိုက် ကြောင်းကို မင်းကြီးကြားသောအခါ သီဟဗာဟုမင်းသား အားခေါ်တော်မူ၍ 'အမောင်သည်အကယ်၍ ခြင်္သေ့ကို ဖမ်းနိုင် သတ်နိုင်သည်ဖြစ်အံ့၊ဤတိုင်းရပ်အားလုံးကို မင်းပြုစိမ့်သောငှာ အမောင်အားငါပေးမည်'ဟုဂတိပေးလေသည်။ သီဟဗာဟုလည်း ဝန်ခံ၍ ဓားလှံလေးမြှားတို့ကိုယူပြီးလျှင် ခြင်္သေ့မင်းနေရာ ကျောက်ဂူသို့သွား၏။ ခြင်္သေ့မင်းလည်း အဝေးမှလာနေသော သားကိုမြင်လျှင် ချစ်ခင်သောမေတ္တာ စိတ်ဖြင့်ကိုယ်လုံးနှံ့လျက် မြှော်လင့်ကာနေ၏။ မင်းသားလည်း မြှားရောက်နိုင်သောနေရာမှ ရပ်တန့်၍ မြှားဖြင့်ပစ် လွှတ်၏။ ခြင်္သေ့လည်းသား၌ ချစ်ခြင်းမေတ္တာအဟုန်ဖြင့် တုန်လှုပ်လျက်နေသောကြောင့် ပစ်လွှတ်သော မြှား မစူးဘဲနဖူး ကိုမှန်ပြီးမှပြန်လည်၍ မင်းသားခြေရင်းသို့ကျ၏။ သီဟဗာဟုလည်းအကြိမ်ကြိမ်ပြန် ပစ်၏။ ပစ်ဖန်များသော်ခြင်္သေ့ သည် အမျက်ထွက်သဖြင့် လိုက်၍ နှိပ်စက်ခြင်းငှာကိုယ်ကိုလှုပ်ရှား၏။ ထိုအခါမှ ပစ်လွှတ်သောမြှားသည် နဖူးမှ စူး ဝင်၍ရင်သားမှ ထွင်းဖောက်ကာ နောက်ကျောကုန်းသို့ထွက်ပြီးလျှင် မြေသို့ ဝင်လေ၏။ သီဟဗာဟုမင်းသားသည် သေလေ သော ခြင်္သေ့ ဦးခေါင်းကိုမှင်ဆံနှင့်တကွဖြတ်၍ မင်းအားပြခြင်းငှာ ယူဆောင်လာခဲ့သည်။

ခြင်္သေ့ရန်ကိုနှိမ်နင်းပြီး၍ သီဟဗာဟုမင်းသား ဝင်္ဂရာဇ်ပြည်သို့ ပြန်လာသောအခါ ဝင်္ဂရာဇ်မင်းကြီးနတ်ရွာစံ နှင့်နေလေပြီ။ ဝင်္ဂရာဇ်မင်း၌လည်းသားတော်မရှိသည် တစ်ကြောင်း၊ သီဟဗာဟုမင်းသားသည်လည်း မင်းမြေးဖြစ်သည် တစ်ကြောင်း ခြင်္သေ့ရန်ကိုနှိမ်နင်းနိုင်ခဲ့သည်တစ်ကြောင်း တို့ကြောင့် မှူးမတ်အပေါင်းတို့ကသူ့အားမင်းပြုပါဟု ဆောက်နှင်းကြကုန်၏။ သီဟဗာဟုမင်းသားလည်း ဝင်္ဂရာဇ် ထီးနန်းကိုလက်ခံပြီးနောက် မယ်တော်၏ခင်ပွန်းဖြစ်သော ဦးရီး စစ်သူကြီးအနုရုက္ခအား ထီးနန်းကိုအပ်ကာမင်းပြုစေ၏။ ကိုယ်တိုင်မူကား နှမတော် သီဟသီဝလိကိုမိဖုရားပြု၍ လိုက်လိုသောသူ အပေါင်းကိုခေါ်၍ ဖွားတော်မူရာဌာနဖြစ်သော ဠလာတိုင်းတောအုပ်တွင် ခြင်္သေ့ဂူကိုအဦးထားကာ တောအုပ်ကို သင်ပြီးနောက် မြို့တည်နေလေသည်။ ယင်းမြို့ကိုလည်း သီဟပုရမြို့ဟုသမုတ်သည်။ ထက်ဝန်းကျင် ယူဇနာတစ်ရာ ရှိသောဟူ၏။ ယခုဗီဟာပြည်နယ်တောင်ပိုင်းဆောဠာနာဂပုရ ခရိုင် အတွင်း၌ တည်ရှိလေသည်။

သီဟဗာဟုမင်းကြီးသည် နှမတော်သီဟသီဝလိကို မိဖုရားမြှောက်၍ မင်းပြုသည်တွင် ထိုမိဖုရားမှအစုံအစုံသော သားယောက်ျားတို့ကို ၁၆ကြိမ်ဖွားသည်ဖြစ်၍ သားတော် သုံးကျိပ် နှစ်ယောက်ထွန်းကားလေသည်။ အကြီးဆုံးသားတော် ကား သီဟိုဠ်ကျွန်းကို တည်ထောင်ဖန်ဆင်းတော်မူသော ဝိဇယမင်းဖြစ်၏။


ထိုအောက် သားတော်သည် သုမိတ္တမည်၏။ ထိုအောက်သားတော်တို့၏ အမည်ကိုကျမ်းဂန်တို့၌မတွေ့ရချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)