သိန်းနိုင် (ဂုဏ်ထူး)

ဝီကီပီးဒီးယား မှ
ဂုဏ်ထူး
သိန်းနိုင်
မွေးဖွား(1936-03-02)၂ မတ်၊ ၁၉၃၆
ဆင်ကျွန်းကျေးရွာ၊ မုံရွာမြို့နယ်စစ်ကိုင်းတိုင်းဗြိတိသျှဘားမား
အလုပ်အကိုင်စာရေးဆရာ၊ တက္ကသိုလ်ဆရာ၊ စာသင်ဆရာ
မိဘ(များ)ဦးဓနနှင့် ဒေါ်အေးစိန်
ရရှိသည့်ဆုများမြန်မာစာထူးချွန်စုများ

ဆရာကြီးဂုဏ်ထူးဦးသိန်းနိုင်သည် မြန်မာလူမျိုး မြန်မာစာသင်ဆရာကြီးတစ်ဦးဖြစ်သည်။

ကိုယ်ရေးဖြစ်စဉ်[ပြင်ဆင်ရန်]

အဖ မြန်မာ တိုင်းရင်း သမားတော်ကြီး ဦးဓန၊ အမိ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးစိန်တို့မှ မွေးဖွားခဲ့သည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဆင်ကျွန်းကျေးရွာတွင် မွေးဖွားသည်။ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ထန်းပုရွာနှင့် ဘုတလင်မြို့နယ်၊ စည်ပါရွာတို့တွင် ကြီးပြင်းသည်။

မုံရွာမြို့၊ အမှတ် (၂) အထကမှ ၁၉၅၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို တနိုင်ငံလုံး၌ တဦးတည်းသော မြန်မာစာ ဂုဏ်ထူးရှင် အဖြစ် အောင်မြင်ခဲ့သည်။ အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားဘဝ စာပေပြိုင်ပွဲများ၌ ပထမဆုပေါင်း ၂ဝ ကျော် ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ်၊ စာဆိုတော်နေ့ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးသိန်းဖေမြင့်၏ "စာဆိုမောင်ဆု" ငွေဒိုင်းကို ချီးမြှင့်ခြင်း ခံရသည်။

အသက် ၁၇ နှစ်သားမှ စ၍ စာနယ်ဇင်းများတွင် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာများကို ရေးသားခဲ့သည်။ မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း၏ အတွင်းရေးမှူး အဖြစ် တကြိမ်၊ ဥက္ကဋ္ဌ အဖြစ် နှစ်ကြိမ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ မန္တလေး တက္ကသိုလ် ကျောင်းသားဘဝ စာပေပြိုင်ပွဲများ၌ ပထမဆု ၁၁ ဆု ရရှိခဲ့ဖူးသည်။ အတန်းအသီးသီး၌ မြန်မာစာဂုဏ်ထူး ရရှိခဲ့သည်။

အထက်မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏ အမှုဆောင် အဖြစ် လည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း တာဝန်များကို အဆင့်ဆင့် ယူခဲ့ရသည်။ နိုင်ငံတော်၏ အမြင့်ဆုံး စာပေဆု ဖြစ်သော အနုပညာ စာပေ တတိယဆုကို "မြန်မာ့ဇာတ်သဘင်သမိုင်း" ဖြင့် ၁၉၆၃ ခုနှစ်တွင် လည်းကောင်း၊ အမျိုးသား စာပေဆုကို "မြန်မာ့ရုပ်စုံသဘင်" ဖြင့် ၁၉၆၅ ခုနှစ်တွင် လည်းကောင်း၊ ရရှိခဲ့သည်။ မြန်မာစာပေ သင်ကြားသော နိုင်ငံခြား တက္ကသိုလ် အချို့၌ ပြဋ္ဌာန်းသော "မြန်မာစာဋီကာ" ကျမ်းကို ၁၉၆၈ ခုနှစ်၌ ထုတ်ဝေခဲ့သည်။

"မြန်မာစာပေတွင် ဆရာတော် အရှင်မဟာရဋ္ဌသာရ၏ အခန်းကဏ္ဍ"၊ "မြန်မာ့ တောင်သူလယ်သမား ဝတ္ထုတွေထဲက ဇာတ်ကောင်များ"၊ "ယနေ့ မြန်မာ စကားပြေ အရေးအသား"၊ ဆရာကြီး မြမျိုးလွင်၏ ဝတ္ထုများ လေ့လာချက် စာတမ်း ဟူသော စာတမ်းများကို ၁၉၆၅၊ ၁၉၆၆၊ ၁၉၆၇ ခုနှစ်များတွင် မန္တလေးမြို့၊ အနောက်ကျုံးလမ်း၊ ဓမ္မဗိမာန်၌ ကျင်းပသော အထက်မြန်မာနိုင်ငံ စာရေး ဆရာများ အသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများတွင် တင်သွင်း ဖတ်ကြားခဲ့သည်။ "မြန်မာ့ရုပ်သေး ဆင့်ကဲဖြစ်စဉ်" စာတမ်းကို ၁၉၈၇ ခုနှစ်တွင် စာပေဗိမာန်၌ ဖတ်ကြား တင်သွင်းခဲ့သည်။

မန္တလေး သက်ကြီး တက္ကသိုလ်၊ မုံရွာ တက္ကသိုလ်တို့၌ မြန်မာစာ ကထိကနှင့် ဌာနမှူး၊ မန္တလေး ဆေးတက္ကသိုလ်၊ မန္တလေး စိုက်ပျိုးရေး တက္ကသိုလ်တို့၌ မြန်မာစာ ဆရာ အဖြစ် နှစ်ပရိဈေဒ ကြာမြင့်စွာ ထမ်းရွက်ခဲ့သည်။

၁၉၆၈ ခုနှစ်မှ စ၍ မန္တလေး၌ "စေတနာ မြန်မာစာနည်းပြ" ကို တည်ထောင်ခဲ့သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ မန္တလေး-ရန်ကုန်ကို လေယာဉ်ဖြင့် စုန်ဆန် ပို့ချနေခဲ့သည်။

ရရှိခဲ့သောဆုများ[ပြင်ဆင်ရန်]

မြန်မာစာ ထူးချွန်ဆု ရွှေတံဆိပ်ကို ၁၉၅၆ ခုနှစ်တွင် မုံရွာခရိုင် ပညာဝန် ဆရာကြီး ဦးသာဒင်က လည်းကောင်း၊ မြန်မာစာ သင်ကြားမှု ထူးချွန်ဆု ရွှေတံဆိပ်ကို ၁၉၆၄ ခုနှစ်တွင် မန္တလေး၊ ရတနာပုံကျောင်း၊ ကျောင်းအုပ် ဆရာကြီး ဦးမြက လည်းကောင်း၊ မြန်မာစာ ထိန်းသိမ်းမြှင့်တင်မှု ထူးချွန်ဆုတံဆိပ်ကို ၁၉၉၁ ခုနှစ်တွင် အငြိမ်းစား ဒုတိယ ပါမောက္ခချုပ်နှင့် မြန်မာစာ ပါမောက္ခ ဆရာကြီး ဦးဘိုးသင်းက လည်းကောင်း၊ "မြန်မာစာ သူရဲကောင်း ရွှေတံဆိပ်" ကို ၁၉၉၃ ခုနှစ်တွင် အငြိမ်းစား သံအမတ်ကြီး ဆရာကြီး ဦးမောင်မောင်စိုးတင့်က လည်းကောင်း ချီးမြှင့်ခဲ့သည်။ မြန်မာစာ ထူးချွန်ဆု ရွှေတံဆိပ်ကို မြန်မာစာ ပါမောက္ခ ဆရာကြီး ဦးချမ်းမြက လည်းကောင်း၊ ပါဠိ ပါမောက္ခ ဆရာမကြီး MA ဒေါ်အုန်းက လည်းကောင်း ၁၉၈၆ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။

ရေးသား ပြုစုခဲ့ပြီးသော စာအုပ်များ[ပြင်ဆင်ရန်]

၁။ မြန်မာစာ အဖြေကျော် (ဆရာတင်မိုးနှင့်) ၁၉၅၈

၂။ ဘဝကြေးမုံ စာကြေးမုံ (စာဆိုတို့၏ ဘဝနှင့်စာပေ) ၁၉၅၉

၃။ ဂုဏ်ထူး စာစီစာကုံးများ ၁၉၆၂

၄။ ညောင်းရွက်ကယ်တည့် ကလေဟန် (လုံးချင်းဝတ္ထု) (ဆရာမင်းဏီနှင့်) ၁၉၆၃

၅။ တော်ဝင်စာမွန် (ဦးသန်းထွန်းနှင့်) (The Royal Essays) ၁၉၆၄

၆။ စာယဉ်စာစီစာကုံးများ ၁၉၆၄

၇။ လမ်းသစ်စာစီစာကုံးများ ၁၉၆၄

၈။ လူရည်ချွန် စာစီစာကုံးများနှင့် နှစ်စဉ်ထုတ် အဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်း၊ သင်ရိုးကုန် စာအုပ်များ၊ အထူးထုတ်များ ၁၉၆၄

၉။ မြန်မာစာပေ အထွေထွေ ၁၉၆၅

၁၀။ ဂုဏ်ထူးသတ်ပုံကျမ်း ၁၉၆၆

၁၁။ ကဗျာပန်းမြိုင် ၁၉၆၆

၁၂။ ဆရာလွတ် မြန်မာစာစီစာကုံး ၁၉၆၇

၁၃။ မြန်မာ့ဇာတ်သဘင်သမိုင်း (၁၉၆၃ ခုနှစ်၊ အနုပညာစာပေ တတိယဆု) ၁၉၆၈

၁၄။ မြန်မာ့ရုပ်စုံသဘင် (အမျိုးသား စာပေဒုတိယဆု) ၁၉၆၈

၁၅။ ဆရာလွတ် မြန်မာစာစီစာကုံး ၁၉၆၈

၁၆။ မြန်မာစာဋီကာ ၁၉၆၈

၁၇။ မြန်မာ စာစီစာကုံးများ ၁၉၉၂

၁၈။ ပန်းစံပယ် စာစီစာကုံးများ ၂၀၀၂

၁၉။ ရွှေဒေါင်းတောင် စာစီစာကုံးများ ၂၀၀၃

၂၀။ ရွှေပြည်တန် စာစီစာကုံးများ ၂၀၀၃

၂၁။ ဂုဏ်ထူးမော်ကွန်း၊ ရွှေရတု စာစီစာကုံးများ ၂၀၀၆

ကိုးကား[ပြင်ဆင်ရန်]