သိင်္ဃသူ့သမီးကျောက်စာ

ဝီကီပီးဒီးယား မှ

သိင်္ဃသူ့သမီးသည် မြန်မာနှစ် ၆၂၈ တွင် ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းတွင် နေထိုင်သည့် ရဟန်းသံဃာတို့ကို လယ်၊ ဥယျာဉ်၊ ကျွန်များ လှူသည်။ ထို့နောက်တွင် ထိုအလှူများ အစုစုတို့အတွက် ဆုတောင်းသည်ကို တွေ့ရသည်။[၁]

ကျောက်စာ[ပြင်ဆင်ရန်]

နမော ဗုဒ္ဓဿ။ ။ သက္ကရာဇ် ၆၂၈ ခု၊ ပိသျှက်နှစ်၊ နံကာလဆန်း၊ ၇ − ရက်၊ ကြာသပတေးနေ့၊ မထိလိုမြေး၊ မင်းမယား၊ သိင်္ဃသူ့သမီး၊ ဖြစ်သောဆင်းရဲ၊ အိုမင်းသောဆင်းရဲ၊ သေသောဆင်းရဲ၊ မချစ်သောသူနှင့်တကွ နေသောဆင်းရဲ၊ ချစ်သောသူနှင့် ကွေကွင်းသောဆင်းရဲ၊ လို၍ မရသော ဆင်းရဲ၊ ဤသို့ကစသော အတိုင်းမသိသောဆင်းရဲတို့သည် နှိပ်စက်သောခန္ဓာကို စွန့်ထားခဲ့၍ ဆင်းရဲခပ်သိမ်းကင်းသော ၊ ချမ်းသာစွာသော၊ မြတ်သောနိဗ္ဗာန်ကိုလျှင် ငါလိုသတည်းဟူ၍ ချစ်စွာသော၊ မြတ်သော၊ ရွှေငွေကစသော ဥစ္စာတို့ကို စွန့်၍ ပြုသော ကျောင်းတွင်နေသော သီလ၊ သမာဓိ၊ ပညာဟူသော ကျေးဇူးသုံးပါးကိုရှာသော သတင်းစင်သော ဘုရားတပည့်သား ရဟန်းသင်္ဃာ ချမ်းသာစိမ့်သောငှာ လယ်၊ ဥယျာဉ်၊ ကျွန်ခပင်း အကြွင်းမဲ့လျှင်လှူ၏။ ဤငါတို့ ပြုသောကောင်းမှုအကျိုး အတို့ခပ်သိမ်းသော အစိုးရသော ရေမြေသခင်ဖြစ်သော မင်းကြီးလည်းရစေ၏။ ဤကောင်းမှုအာနုဘော်ဖြင့် တိုင်းပြည်ကား ခပ်သိမ်းသော နှိုက်နေသော လူခပ်သိမ်းသော၏ အစီးအပွား ချမ်းသာကိုရှာပေးလျက် သက်တော်ရှည်စွာနေ၍ ဤကောင်းမှုကို ထောက်ပင့်စေသတည်း။ မိဖုရားစသော မောင်းမတော်ခပ်သိမ်းလည်း ရစေ၏။ အချင်းချင်းအမျက် အဤတစ်စေ့ မရှိ၊ ချစ်သောမျက်စိဖြင့် ရှုကြရစေ၏။ ယခုရှိသော နောင်ဖြစ်လတ်အံ့ သော မင်းကြီ မင်းသား အမတ်စသော သူခပ်သိမ်းလည်း ရစေတည်း။ အရေးအရာယူပါစေသတည်း။ ယမမင်းစသော သတ္တဝါခပ်သိမ်းလည်း ရစေသတည်း။ အရအမိကိုလိုသောသူကား အရအမိရစေ၏။ ကောင်းမှု ကိုလိုသောသူကား ကောင်းမှုကို ရစေ၏။ ငါလည်း ရမ္မက်ကြီးသော၊ မရောင့်ရဲတတ်သော၊ အမျက်ကြီးသော၊ သူတစ်ထူးကို ညှဉ်းဆဲတတ်သော၊ ပညာမရှိသော၊ မိုက်သော၊ ဝန်တိုသော၊ အပေးအကမ်းမရှိသော၊ သစ္စာမရှိသော၊ ပျက်တတ်သော၊ မေ့လျော့သော၊ အောက်မေ့တသကင်းသော၊ မဖြစ်မူ၍ ရမ္မက်နည်းသော၊ ရောင့်ရဲလွယ်သော၊ အမျက်နည်းသော၊ သနားတတ်သော၊ ပညာရှိသော၊ အကြောင်းကိုသိတတ်သော၊ ဝန်မတိုသော၊ အပေးအကမ်းရှိသော၊ သစ္စာရှိသော၊ မပျက်တတ်သော၊ မမေ့လျော့သော၊ အောက်မေ့တသရှိသော ဤသို့သော ကျေးဇူးတို့နှင့်ပြည့်စုံလျက် သံသရာနှိုက်ကျင်လည်၍ မေတ္တယျဘုရား မျက်မှောက်ကင်္ကာလျှင် မြတ်သောအကျွတ် တရားရလိုသတည်း။[၁]

ခက်ဆစ်အဖွင့်[ပြင်ဆင်ရန်]

၁။ နမောဗုဒ္ဓဿ = ဘုရားအားရှိခိုးပါ၏။

၂။ ပိသျှက်နှစ် = ကဆုန်လ၏ စန်းယှဉ်နက္ခတ်ဖြစ်သော ဝိသာခါနက္ခတ်နှင့် စန်းယှဉ်သောနှစ်။ ဆယ့်နှစ်ရာသီစက်ဝန်းတွင် ဒုတိယမြောက်နှစ်အမည်။

၃။ နံကာလ = ဝါခေါင်လ။

၄။ သိင်္ဃသူ = ခြင်္သေ့ကဲ့သို့ရဲရင့်သူဟု အနက်ဆောင်သည့် ဘွဲ့အမည်။

၅။ ကျေးဇူး = အကျိုး။ အရည်အသွေး။

၆။ သတင်းစင် = အကျင့်စင်ကြယ်သည်။

၇။ အတို့ = ကျွန်ုပ်တို့။

၈။ အာနုဘော် = ဘုန်းတန်ခိုး။ စွမ်းရည်။

၉။ မောင်းမတော် =ဆောင်ရနန်းရမဟုတ်သော မိဖုရားငယ်။

၁၀။ အမျက်အဤ = အမျက်ဒေါသ။

၁၁။ အရေးအရာယူ = အရေးတယူပြုသည်။

၁၂။ အရအမိ = လက်ငင်းအကျိုး။

၁၃။ ရမ္မက် = တပ်မက်ခြင်း။ လောဘ။

၁၄။ မေတ္တယျ = ဤဘဒ္ဒကမ္ဘာတွင် ဂေါတမဘုရားနောက် ပွင့်မည့် အရိမေတ္တယျဘုရား။

၁၅။ ကင်္ကာ = မျက်မှောက်။

၁၆။ အကျွတ်တရား = သံသရာမှ လွတ်မြောက်စေသော တရား။

၁၇။ ခပင်း = အားလုံး၊ ခပ်သိမ်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မြန်မာစာ၊ ဒဿမတန်း