သားတော်များဆိုင်ရာဝန်
သားတော်များဆိုင်ရာဝန် သည် မြန်မာမင်းများ လက်ထက်တွင် ဘုရင့်သမီးတော်များအတွက် ဝန်ခန့်အပ်ထားရှိသကဲ့သို့ သားတော်များအတွက်လည်း သီးခြားဝန်များ ခန့်အပ်မှုရှိခဲ့ကြောင်း တွေ့ရှိရ၏။ အထူးသဖြင့် ကုန်းဘောင်ခေတ် ကာလတွင် ယင်းသို့သော သမီးတော်ဝန် ၊ သားတော်ဝန်များကို တွေ့ရှိကြရသည်။ သားတော်များအတွက် ဝန်ခန့်ရာ၌လည်း သားတော်အားလုံးအတွက် ခန့်အပ်ခြင်းမျိုး မဟုတ်ဘဲ ဘုရင်မင်းမြတ် နှစ်သက်မြတ်နိုးသည့် သားတော်များ ၊ နန်းရ ၊ အဆောင်ရ မိဖုရားတို့မှ ဖွားမြင်သော သားတော်များအတွက်သာ ခန့်အပ်ခြင်းမျိုး ဖြစ်သည်။
ဗဒုံမင်းလက်ထက်
[ပြင်ဆင်ရန်]ဗဒုံမင်း (၁၇၈၂-၁၈၁၉) လက်ထက်တွင် သားတော်အချို့အတွက် ဝန်များခန့်အပ်မှုရှိခဲ့ရာ ၂၈ ဒီဇင်ဘာ ၁၈၁၁ ခုနှစ်တွင် ဝန်ထောက်ရွှေတောင်နော်ရထာဘွဲ့ခံ ဦးရွှေမင်းကို သားတော် မိုးမိတ်မင်းသားဝန် ခန့်အပ်ခဲ့သည်။ အလားတူသားတော် ပုသိမ်မင်းသား၏ ဝန်အဖြစ်လည်း အတွင်းဝန် နေမျိုးဇေယကျော်သူကို ခန့်အပ်ခဲ့၏။ ၁၅ ဒီဇင်ဘာ ၁၈၀၇ ခုနှစ်က သူ့ကို အတွင်းဝန်အရာမှ နုတ်ပယ်ခဲ့သော်လည်း ပုသိမ်မင်းသမီးဝန်အဖြစ်မူ ဆက်လက်ခန့်ထားခဲ့သည်။ ဗဒုံမင်းလက်ထက် ပြည်မင်းသားဝန် ရဲကျော်အာကာသည် ၉ ဖေဖော်ဝါရီ ၁၇၉၅ ခုနှစ်တွင် ကျင်းပသော မိတ္ထီလာမင်းသမီး၏ ကွမ်းခွံ့ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ဗဒုံမင်းတွင် သားတော်အများအပြားရှိရာ သက်ဆိုင်ရာဝန်လည်း အများအပြား ရှိပေလိမ့်မည်။
ပုသိမ်မင်းသားဝန်
[ပြင်ဆင်ရန်]၁၇၉၅ ခုနှစ်တွင် ဗိုက်ကယ်ဆိုင်း ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ အမရပူရသို့ ရောက်ရှိလာခဲ့သည်။ မိုက်ကယ်ဆိုင်းသည် နေပြည်တော်၌ ၉ လ ကြာနေထိုင်စဉ်အတွင်း ဗဒုံမင်း၏ သားတော် ပုသိမ်မင်းသားအား သွားရောက်တွေ့ဆုံခဲ့သည်။ ထိုစဉ်က ပုသိမ်မင်းသား၏ အပိုင်စားနယ်မှာ ဟိုင်းကြီးကျွန်းအထိ ကျယ်ဝန်းလှသဖြင့် တစ်ခါတစ်ရံ မိုးလေသည်းထန်သည့်အခါ ဗြိတိသျှ ကုန်စည်သင်္ဘောများ ဟိုင်းကြီးကျွန်းသို့ ဝင်ရောက်ခိုနားကြရ၏။ ထိုအခါ ပုသိမ်မင်းသား၏ နယ်ခံပုဂ္ဂိုလ်များက စောင့်ရှောက်ကြသဖြင့် ကျေးဇူးတင်ရပေသည်။ မိုက်ကယ်ဆိုင်း ဤအကြောင်းကို မင်းသားအား ဟင်ဒီဘာသာဖြင့် တင်လျှောက်ရာ မြန်မာဘုရင့်အမှုထမ်း အာမေနီယံလူမျိုး ဘာသာရှိန်က ဝါကျ တစ်ခုချင်း ဘာသာပြန်ပေး၏။ မင်းသားလေးမျာ ကြောင်အမ်းအမ်း ဖြစ်နေပြီး စကားတုံ့ပြန် ပြောဆိုရန် နှစ်ကြိမ်ခန့် ကြိုးစားခဲ့သည်။ သို့သော် နှုတ်မှ ထွက်မလာပေ။ အနီးရှိ အမှုထမ်းနှစ်ဦးက မင်းသားကလေးကို မည်သို့တုံ့ပြန် ပြောဆိုသင့်ကြောင်း အကြံပြုကြသည်။ သို့တိုင်အောင် မင်းသားကလေးက ဖြောင့်ဖြောင့်တန်းတန်း ပြောဆိုစွမ်းမရှိ ဖြစ်နေ၏။ နောက်ဆုံး ပုသိမ်မင်းသားဝန်က မင်းသားကိုယ်စားကြားဝင် ပြောကြားပေးခဲ့ရသည်။
ပုဂံမင်းသားဝန်
[ပြင်ဆင်ရန်]မိုက်ကယ်ဆိုင်းသည် ပုဂံမင်းသားမောင်ပေ၏ အိမ်တော်သို့လည်း သွားရောက်ခဲ့သေး၏။ ပုဂံမင်းသားမှာ ရွှင်ရွှင်ပျပျ ရှိပြီး သူ၏ဝန်များလည်း အလွန် ကြည်ညိုလေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း မိုက်ကယ်ဆိုင်းက ဆိုသည်။ ပုဂံမင်းသား အိမ်တော်တွင် ကြက်ကောင်လုံးကင်ဖြင့် ကျွေးမွေးပြီး အငြိမ့်သဘင်ဖြင့်လည်း ဖျော်ဖြေခဲ့ရာ၌ လူရွှင်တော်နှစ်ဦးမှာ မျက်နှာအမူအရာ အမျိုးမျိုးလုပ်ပြကြရာ အလွန်ပင် ရယ်ရွှင်ဖွယ် ကောင်းလှကြောင်း မိုက်ကယ်ဆိုင်းက မှတ်တမ်းတင်ခဲ့၏။
စစ်ကိုင်းမင်းလက်ထက်
[ပြင်ဆင်ရန်]စစ်ကိုင်းမင်း (ဘကြီးတော်) နန်းတက်စ ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ်တွင် မြင်စိုင်းမင်းသားဝန် ရဲခေါင်ကျော်ထင်အား နေမျိုးရဲခေါင်ကျော်ထင်ဘွဲ့ ပေးအပ်ခဲ့သည်။ အလားတူ ၅ ဒီဇင်ဘာ ၁၈၁၉ ခုနှစ်တွင် သာယာဝတီမင်းသားဝန်အဖြစ် နေမျိုးလက်ယာကျော်ထင်ကို ခန့်အပ်ခဲ့သည်။
စကြာဝန်
[ပြင်ဆင်ရန်]စစ်ကိုင်းမင်းသားနှင့် ကြင်ယာတော် ဆင်ဖြူရှင်မယ်တို့မှ ၂၇ အောက်တိုဘာ ၁၈၁၂ ခုနှစ်တွင် သားတော် ညောင်ရမ်းမင်းသား မောင်ဖေခင်ကို ဖွားမြင်ခဲ့သည်။ ညောင်ရမ်းမင်းသားမှာ နောင်စကြာမင်းကလေးဟုလည်း ထင်ရှားခဲ့သည်။ သူ့အား စကြာမင်းသားဟု ခေါ်ဆိုကြသကဲ့သို့ နေမျိုးသခင်ယာဘွဲ့ခံ ဦးမြတ်ရာကိုလည်း စကြာမင်းသား၏ ဝန်အဖြစ်ခန့်အပ်ခဲ့သည်။ ဦးမြတ်ရာသည် နောင် စစ်ကိုင်းမင်း နန်းတက်လာပြီးနောက် မင်းကြီးမဟာသေနပတိဘွဲ့ဖြင့် ဝန်ကြီးဖြစ်လာသောအခါ သူ့ကို စကြာဝန်ကြီးဟု ခေါ်ဆိုကြသည်။ စကြာဝန်ကြီးသည် အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲအတွင်း ရန်ကုန်စစ်မျက်နှာ၌ စစ်မှုထမ်းရွက်ခဲ့သည်။
ပြည်မင်းဝန်
[ပြင်ဆင်ရန်]သာယာဝတီမင်း (၁၈၃၇-၁၈၄၆) လက်ထက်တွင် သားတော်ပြည်မင်းသား၏ ဝန်အဖြစ် မင်းလှနော်ရထာကို ခန့်အပ်ခဲ့သည်။ ပြည်မင်းဟန် မင်းလှနော်ရထာသည် ပြည်မင်းသားနေပြည်တော်မှ ထွက်ပြေး တိမ်းရှောင်သွားစဉ် အမိန့်တော်အရ နောက်မှ လိုက်လံ တိုက်ခိုက်ခဲ့ရသူ ဖြစ်၏။
ပခန်းမင်းသားဝန် မောင်ဦးကာ
[ပြင်ဆင်ရန်]ပြည်မင်းသားကြီး၏ ညီတော် ပခန်းမင်းသားအတွက် ခန့်အပ်ထားသည့် ပခန်းမင်းသားဝန်မှာ မောင်ဦးကာဖြစ်သည်။ ပခန်းမင်းသားဝန်သည် ပုဂံမင်းလက်ထက် ၁၈၅၁ ခုနှစ် ဇွန်လတွင် မသင့်မတင့် ကြံစည်မှုဖြင့် အပြစ်ပေးခံခဲ့ရကြောင်း သိရှိရ၏။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀၀၉