သမီးတော်ဝန်

ဝီကီပီးဒီးယား မှ

သမီးတော်ဝန်ရာထူးမှာ ဘုရင့်သမီးတော်များအတွက် ခန့်အပ်သော ဝန်ဖြစ်သည်။ ယင်းသို့ ခန့်အပ်ရာ၌ သမီးတော်တိုင်းအတွက် ခန့်အပ်ခြင်းမျိုး မဟုတ်ဘဲ အရေးပါသော သို့မဟုတ် ဘုရင်မင်းမြတ်ဆန်ဒရှိရာ သမီးတော် တစ်ပါးချင်း အတွက်သာ ခန့်အပ်ခြင်းမျိုး ဖြစ်သည်။ တစ်ခါတစ်ရံ သမီးတော်သုံးပါးအတွက် စုပေါင်း၍ ဝန်တစ်ဦးသည် ခန့်အပ်ခြင်းမျိုးလည်း ရှိသည်။

မိတ္ထီလာ မင်းသမီးဝန်[ပြင်ဆင်ရန်]

ဗဒုံမင်းလက်ထက် ၁၇၉၃ ခုနှစ်တွင် သမီးတော် မိတ်ထီလာမင်းသမီးဝန်အဖြစ် ရွှေတော်ပျံချီကို ခန့်အပ်ခဲ့ကြောင်း တွေ့ရှိရ၏။ ရွှေတောင်ပျံချီမှာ မူလက တောင်ဘက်တိုက်ဝန်အဖြစ် အမှုထမ်းရွက်နေရာမှာ ရာထူးပြောင်းရွှေ့ ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

သမီးတော်သုံးပါးဝန် ဦးရန်အောင်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်းလက်ထက်တွင် ဝန်ကြီးအရာနှင့် အမှုထမ်းခဲ့သူ ဦးရန်အောင်မှာ ယခင်က သမီးတော်သုံးပါးဝန်အဖြစ် အမှုထမ်းခဲ့ဖူး၏။ တောင်တွင်းကြီး မင်းသမီး ပုဂံမင်းသမီးနှင့် ရွှေတောင်မင်းသမီးတို့အတွက် ဦးရန်အောင်အား နေမျိုးရာဇသူဘွဲ့ဖြင့် ဝန်ခန့်ခဲ့ခြင်း ဖြစ်သည်။ ဦးရန်အောင်ကို သမီးတော် သုံးပါးဝန်ဖြစ်သဖြင့် သုံးပါးဝန်ဟု ခေါ်ဆိုကြသည်။ နောင်ဝန်ကြီးဖြစ်လာသော် မင်းသုံးပါဝန်ကြီးဟု အမည်တွင်ခဲ့ပြန်၏။ သတိုးမင်းကြီး မင်းမဟာဘွဲ့ခံ သုံးပါးဝန်ကြီး ဦးရန်အောင်သည် အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲကာလအတွင်း ရန်ကုန်စစ်မျက်နှာ၌ စစ်မှုထမ်းခဲ့ပြီး ကမာရွတ်ခံတပ်တိုက်ပွဲတွ၍ ကျဆုံးခဲ့သည်။

သမီးတော်ဝန် တိုင်တားမင်းကြီး ဦးဖိုး[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် ၁၈⁠၈၂ ခုနှစ်တွင် တိုင်တားမင်းကြီး ဦးဖိုးအား သမီးတော်ဝန်အရာ ခန့်အပ်လိုက်၏။ တိုင်တားမင်းကြီး၏ သမီး ပတိမ်းသခင်သည် ဘုရင့်သမီးတော်များကို ထိန်းကျောင်းရသူဖြစ်ရာ မင်းကြီး ဦးဖိုးအား သမီးတော်ဝန်အရာ ခန့်အပ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။ သီပေါမင်းနှင့် မိဖုရားခေါင် စုဖုရားလတ်တို့သည် ၂ အောက်တိုဘာ ၁၈၇၈ တွင် နန်းတက်လာကြပြီး ၁၈ နိုဝင်ဘာ ၁၈၇၈ ခုနှစ်၌ မဟေသီဘိသိက် ခံယူပါသည်။ ယင်းနောက် သားတော်ကလေးတစ်ပါး (အမည် ရွှေကိုယ်တော်ကြီး) ဖွားမြင်သော်လည်း ၁၇ မတ် ၁၈⁠၈ဝ တွင် ကျောက်ရောဂါဖြင့် ကွယ်လွန်သွား၏။ ထို့နောက် ၅ စက်တင်ဘာလ ၁၈⁠၈ဝ တွင် သမီးတော်တစ်ပါး ဖွားမြင်ပြန်ပါသည်။ ၂၇ အောက်တိုဘာ ၁၈⁠၈၂ ခုနှစ်တွင် တတိယအကြိမ်မြောက် သမီးတော်ကို ဖွားမြင်ပြန်၏။ တိုင်တားမင်းကြီး ဦးဖိုးသည် အစောပိုင်းကာလ ဖွားမြင်သော ယင်းသမီးတော်ကလေးများဆိုင်ရာဝန်အဖြစ် ခန့်အပ်ခံရသူဖြစ်၏။ တစ်နေ့ နံနက်ဆယ်နာရီခန့်တွင် မြနန်းစံကျော် နန်းတော်ပြာသာဒ်ကြီးအောက်၌ ယိုးဒယားဆိုင်း ၊ ပန်ကန်ဆိုင်း ၊ ဆင်ခိုး/ကွမ်းငုံ ၊ မယင်းတော်တို့ ထိုင်အငြိမ့်များဖြင့် ဖျော်ဖြေရာပွဲခင်းဆီသို့ ရာဇပလ်လင်မြောက်ဘက် မာရဘင်တံခါးမှ လျှောက်လာသည့် တိုင်တားမင်းကြီးအား တွေ့ကြရသည် ဆို၏။ ခေါင်းပေါင်းဖြူ ၊ သိုရင်းအင်္ကျီဖြူ ဝတ်တိုင်တားမင်းကြီးသည် သမီးတော်တစ်ပါးအား ပွေ့ချီလျက် လည်းကောင်း ၊ အခြားအထိန်းတော်များက နောက်မှ သမီးတော်တစ်ပါးကို ပွေ့ချီလျက်လည်းကောင်း ပွဲကြည့်လာကြခြင်း ဖြစ်သည်။ တိုင်တားမင်းကြီးသည် ကလေးအလွန်ချစ်သူဖြစ်၏။ ပွဲကြည့်ဆောင်တွင် ကလေးများနှင့်အတူ ပွဲကြည့်လေ့ရှိသည်ဆိုသည်။

သမီးတော်ဝန် ဦးရွှေမောင်[ပြင်ဆင်ရန်]

သီပေါမင်းနှင့် စုဘုရားလတ်တို့မှ ဖွားမြင်သူ သမီးတော်ကလေးနှစ်ပါးမှာ ရှေ့ဆင့်နောက်ဆင့်ဆိုသကဲ့သို့ ကွယ်လွန်ခဲ့ကြရာ ၃ မတ် ၁၈⁠၈၃ ခုနှစ်တွင် ကျန်ရှိသော သမီးတော်ကလေးအတွက် အတွင်းဝန်စလေမြို့စား ဦးရွှေမောင်အား သမီးတော်ဝန် ရာထူးသစ် ပူးတွဲခန့်အပ်လိုက်ပါသည်။ ဦးရွှေမောင်မှာ လှေသင်းဝန် အတွင်းဝန်အဖြစ် ထင်ရှားကျော်ကြားခဲ့ပြီး သမီးတော်ကလေးမှာလည်း နောင်ပထမသမီးတော် အရှင်ထိပ်စုမြတ်ဖုရားကြီးအဖြစ် ထင်ရှားလာခဲ့သည်။

သမီးတော်ဝန် ဦးစံငြိမ်း[ပြင်ဆင်ရန်]

သီပေါမင်းနှင့် စုဖုရားလတ်တို့မှ ၉ အောက်တိုဘာ ၁၈⁠၈၃ ခုနှစ်တွင် ဒုတိယ သမီးတော် အရှင်ထိပ်စု မြတ်ဖုရားလတ်ကို ဖွားမြင်ပြန်ပါသည်။ ယင်းသမီးတော် ကလေးဖွားမြင်ပြီးနောက် ပင်းမြို့စားအတွင်းဝန်မင်းကြီး မင်းခေါင် မဟာမင်းကျော်သူရိန်ဘွဲ့ခံ ဦးစံငြိမ်းကို သမီးတော်ဝန်အရာ ခန့်အပ်ခဲ့ပြန်ပါသည်။ ၁၁ နိုဝင်ဘာ ၁၈⁠၈၅ ခုနှစ်တွင် အဂင်လိပ် မြန်မာ တတိယစစ်ပွဲ၌ စစ်ကြောင်းချီတက် ရရာသမီးတော်ဝန် ဦးစံငြိမ်းလည်း လိုက်ပါစစ်မှုထမ်းခဲ့ရ၏။ ၂၉ နိုဝင်ဘာ ၁၈⁠၈၅ ခုနှစ်တွင် သီပေါမင်းနှင့် စုဖုရားလတ်တို့အား ဗြိတိသျှတို့က ရန်ကုန်မှတစ်ဆင့် ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားရာ ပထမ သမီးတော်နှင့် ဒုတိယသမီးတော်တို့လည်း အတူလိုက်ပါသွားကြရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉