မာတိကာသို့ ခုန်သွားရန်

သာသနာပိုင်ထန်းတပင်ဆရာတော်

ဝီကီပီးဒီးယား မှ

ထန်းတပင်ဆရာတော်ကား စေတုတ္တရာမြို့၌ဖွားမြင်သည်။ ရဟန်းမည်ရှင်နန္ဒမေဓာတည်း။ ရွှေဘိုမြို့မြောက်လက် ရှေ့ကထန်းတပင်ရွာနောက်ထန်းတပင်မြို့တွင်သောမြို့၌ သီတင်းသုံးသည်။ တောင်ဘီလူးအရပ်၌သီတင်းသုံးသော အနန္တဓဇ မဟာဓမ္မရာဇဂုရုတံဆိပ်တော်ရ တောင်ဘီလူး ဆရာတော်ကြီးထံ၌ သုံးနှစ်ညဝါသင်ကြားသည်။ တစ်ဖန် ထန်းတပင်မြို့သို့ပြန်၍ အလောင်းမင်းတရားကြီး၏ကျွန်ယုံတော် နန္ဒသီဟကျော်ထင်အမတ်ကြီး ဆောက်လုပ်အပ်သော ဗောဓိမည်သောကျောင်းကို အလောင်းမင်းတရားကြီးနျင့် အတူ ရေစက်သွန်းချလှူဒါန်းသဖြင့် သီတင်းသုံးတော်မူသည်။ နောက်စစ်ကိုင်းတောင်ရိုး ဘုံသုံးဆင့်ရှိ တိလောကဂုရုကျောင်း၌လည်းကောင်း၊ ပုညစေတီ အနောက်အရပ်၌ သတိုးမင်းလှရွှေတောင်ဘွဲ့ခံ မင်းသားမောင်ရွှေဝိုင်းဆောက်လုပ်အပ်သောကျောင်း၌ လည်းကောင်းငါးနှစ်သီတင်းသုံးသည်။ ထိုအခါကပင် တိသာသနာလင်္ကာရပဌမတံဆိပ်နှင့် ဓမ္မသာမိဇောတမဟာဓမ္မရာဇဂုရု ဒုတိယ တံဆိပ်တော်တို့ကိုရရှိပြီးဖြစ်သည်။ စဉ့်ကူးမင်းလက်ထက် အင်းဝမြို့တော် ရှေ့မိုးထိကျောင်းရာဟောင်းတွင် ဆောက်လုပ်သည့် ကျောင်းဦးရွှေပြာ သာဒ်၊ ကျောင်းရံတစ်ဆဲ့နှစ်ကျောင်း၊ ပိဋကတ်တိုက်နှင့်တကွ ငါးထပ်ဇေတဝန်ရွှေကျောင်းတော်ကို မဟာမင်္ဂလာရွှေဘုံ သမိုက်၍ တိပိဋကာလင်္ကာရသာမိမဟာဓမ္မရာဇာဓိရာဇဂုရုထန်းတပင် ဆရာတော်ကြီးအားလှူဒါန်းသည်။ ယင်းဆရာတော်ကြီးကား အတင်ဂိုဏ်းဝင်ဖြစ်၍ တိလောကဂုရု ကျောင်း၌ သီတင်းသုံးဖူးသောကြောင့် တိလောကဂုရုဆရာတော် ဟုအမည်တွင်သည်။ ပထမ ဗားကရာ ဆရာတော်၊ ကတိုးဆရာတော်တို့သည် ထန်းတပင်ဆရာတော်ကြီးထံ ညဝါသင်ဖူးကြသည်။ ရှင်သာပုံလွန်သည့်နောက်မှ တိလော်ကဂုရုဆရာတော်ကြီးကိုသာသနာပိုင်အပ်သည်ဟု သီလဝိသော ဓနီကျမ်း၌ အဆိုရှိသဖြင့်သာသနာပိုင် ဖြစ်ကြောင်းထင်ရှားသည်။ ဆင်ဖြူရှင်လက်ထက်၌ ဖြစ်သည်ဟုယူဆသင့်သည်။ ထန်းတပင်ရွာတွင် ပြောစမှတ်ပြုကြသည်မှာ ဆရာတော်သည် မာဂဓဘာသာစကားကို နားလည်တတ်ကျွမ်းသည်ဟု ဆိုကြသည်။ တခါသော် ဆွမ်းပွဲပြင်ပြီးခါမှ ဆရာတော်သည် ဆွမ်းမဘုန်းဘဲ ဆွမ်းပွဲကို ပြန်သိမ်းခိုင်းရာ တပည့်ဒကာများက ဆရာတော်များ မကျန်းမာ၍လားဟူ၍လျှောက်ကြရာ မကျန်းမာ၍မဟုတ်ကြောင်း ကျောင်းမျက်နှာကျက် အပေါ်ဘုံထဲတွင် ငှက်မောင်နှံက ငှက်ကလေးမွေးလာရာ ခြေတဖက်မပါ၍ စိတ်မကောင်းဖြစ်၍ပြောနေကြသည်ကို ကြားရ၍ စိတ်မချမ်းမြေ့သောကြောင့်ဟု မိန့်တော်မူသည်ဟုဆို၏။ ကျောင်းသားတစ်ဦးအား ဒါယကာတစ်ဦးမှ တက်ကြည့်ခိုင်းရာ ဆရာတော်မိန့်သည့်အတိုင်း တွေ့ရသည်ဟု ဆိုပါသည်။ စေတုတ္တရာမှသူများနှင့် တွေ့စဉ်က စေတုတ္တရာ၌ မာဂဓဘာသာစကား နားလည်သော ရဟန်းများနှင့် ပတ်သက်သော ပါးစပ်ရာဇဝင်ရှိလားဟုမေးရာ ဘုရင်တွေခေတ်က တစ်ပါးနှင့် အဂ်လိပ်ခေတ်က တစ်ပါး ရှိခဲ့ဘူးသည်ဟု ကြားဖူးကြောင်း ပြောကြပါသည်။ ဘုရင်ခေတ်က ဦးဇးသည် တခါတရံ ုရွက်ဆိတ်များကို ထိုင်ကြည့်ရယ်နေတတ်ကြောင်း၊ ရယ်ရသည့်အကြောင်းကို မေးကြည့်ရာ ပုရွတ်ဆိတ်များ ပြောဆိုနေကြသည်ကို ပြန်ပြောပြတတ်ကြောင်းကြားဖူးသည်ဟု ဆိုကြသည်။ ထို့ကြောင့် ပါးစပ်ရာဇဝင်အရ အတော်အတန်တော့ နီးစပ်မှုရှိသည်ဟု ယူဆစရာရှိပါသည်။ အကြောင်းမှာ ထန်းတပင်သာသနာပိုင် ဆရာတော်သည်လည်း စေတုတ္တရာ၌ စာလိုက်ခဲ့သောကြောင့်ဖြစ်ပါသည်။

ထိုဆရာတော်ကြီးပြုစုသောကျမ်းတို့ကား ယမိုက်ဆယ်ကျမ်းအရကောက်၊ ပဋ္ဌာန်းအရကောက် (ယင်းနှစ် ကျမ်းမှာယခုအခါ ပထမပြန်စာမေးပွဲ၌ ပြဋ္ဌာန်းထားသောကျမ်းတို့ဖြစ်သည်။) ဘိက္ခုပါတိမောက် နိဿယ၊ ဘိက္ခုနီပါတိမောက်နိဿယ၊ သဒ္ဒါကြီး ရှစ်စောင်နိဿယစသည်တို့ဖြစ်သည်။[၁] ယခုအခါ စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ထန်းတပင်(မြို့မ)၌ နှစ်စဉ် ကဆုန်လဆန်း(၃)ရက်မှ ကဆုန်လဆန်း(၉)ရက်နေ့အထိ အသံမစဲ ပဌာန်းပွဲကို ပင့်ဖိတ်ခြင်းမရှိဘဲ စေတနာအလျောက်သာ ကြွရောက်လာသော သံဃာတော်များဖြင့် ၁၃၅၄ခုနှစ်မှ စတင်ကာ ဆရာတော်၏ ပညာဂုဏ်ကို ပူဇော်လျက်ရှိသည်။https://www.google.ru/maps/place/22%C2%B056'02.7%22N+95%C2%B036'55.7%22E/@22.9337534,95.6120516,16.73z/data=!4m5!3m4!1s0x0:0xaad57ce2b8faa9ef!8m2!3d22.9340777!4d95.6154841


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)