သာသနာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သာသနာတော်[ပြင်ဆင်ရန်]

ပရိယတ္တိသာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓသာသနာဟူ၍ သုံးပါးရှိ၏။ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော ပိဋကတ်သုံးပုံကို ပရိယတ္တိသာသနာဟုခေါ်၏။ (ပရိယတ္တိ သင်ကြားအပ်သော အရာ၊ သို့မဟုတ်သင်ကြားခြင်း) သင်ကြားအပ်သော ပိဋကတ်တော်တို့ကိုသင်ကြား ခြင်းသည် ပရိယတ္တိသာသနာ မည်၏ ဟုဆိုလိုသည်။ မည်သည့်အရပ်မှာမဆို ပိဋကတ် ပေစာ စာအုပ်တွေ အထပ်ထပ်ရှိနေစေကာမူ သင်ကြားမည့်သူမရှိက ထိုအရပ်မှာ ပရိယတ္တိသာသနာ ထွန်းကားသည်ဟု မဆိုနိုင်သည်ကိုသတိပြုလေ။ ကောင်းမြတ်သောအကျင့်အကြံတရားကို ပဋိပတ္တိသာသနာဟုခေါ်၏။ (ပဋိပတ္တိအကျင့်တရား။) သစ္စာလေးပါးကို ထိုးထွင်းသိမြင်နိုင်ခြင်းကို ပဋိဝေဓ သာသနာဟု ခေါ်၏။(ပဋိဝေဓထိုးထွင်းသိမြင်ခြင်း။) ဤသာသနာတော်သုံးပါး ပိုင်ခြားပြဆိုချက်သည် မြန်မာနိုင်ငံရဟန်း ရှင်လူတို့ မှတ်ယူပြောဆိုနေကြသော နည်းဖြစ်၏။

ပါဠိကျမ်းဂန်တို့မှာကား ဤသုံးပါးကို သာသနာဟူသောအမည်ဖြင့်မခေါ်။ သဒ္ဓမ္မဟူသောအမည်ဖြင့်သာ ပရိယတ္တိသဒ္ဓမ္မ၊ ပဋိပတ္တိသဒ္ဓမ္မ၊ ပဋိဝေဓသဒ္ဓမ္မဟူ၍ သုံးပါးရှိကြောင်းကိုပြဆိုသည်။ (သဒ္ဓမ္မသူတော်ကောင်းတရား။) တစ်နည်းအားဖြင့်ပြောရသော် ပါဠိကျမ်းဂန်တို့မှာ ပရိယတ္တိ တစ်ပါးကိုသည် သဒ္ဓမ္မဟူ၍လည်းကောင်း၊ သာသနာ ဟူ၍လည်းကောင်း၊ အမည်နှစ်မျိုးခေါ်ဝေါ်သည်။ ပဋိပတ္တိနှင့် ပဋိဝေဓတို့ကိုကား သဒ္ဓမ္မဟူ၍သာခေါ်သည်။ သာသနာ ဟူ၍မခေါ်။ သာသနာဟူသောအမည်နှင့်စပ်၍ ပါဠိ ကျမ်းဂန်တို့မှာ ယထာပရဓသာသနာ၊ ယထာနုလောမသာသနာ၊ ယထာဓမ္မသာသနာ ဟူ၍ သာသနာတော်သုံးပါးရှိကြောင်း ပြဆိုကြသည်။ ထိုသုံးပါးတို့တွင် ဝိနည်းပိဋကကို ရဟန်းများ ကျုးလွန်သည့်အပြစ်အားလျော်စွာ ဆုံးမဟောကြားရာ ဖြစ်သောကြောင့် ယထာပရာဓသာသနာဟုခေါ်သည်။ (ယထာ+အပရာဓ။ယထာ= လျော်စွာ+အပရာဓ=အပြစ်) သုတ္တန်ပိဋကကို သတ္တဝါတို့ အလိုစရိုက်သို့ လိုက်လျော သင့်သည့်အားလျော်စွာ လိုက်လျောဆုံးမ ဟောကြားရာဖြစ်သောကြောင့် ယထာနုလောမသာသနာဟု ခေါ်၏။ (ယထာ+ အနု လောမ။ယထာ= လျော်စွာ အနုလောမ=လိုက်လျောခြင်း။) အဘိဓမ္မာပိဋကကို တရားသဘော ရှိသည်နှင့်သင့်လျော်စွာ ဆုံးမ ဟောကြားရာဖြစ်သောကြောင့်ယထာဓမ္မသာသနာဟုခေါ်၏။ ဤပါဠိကျမ်းဂန်တို့ ပြဆိုချက်အရ သာသနာသုံးပါးဟူသည်ပိဋကတ်သုံးပုံသာဖြစ်၏။ (သာသနာ=ဆုံးမဟောပြောချက်။) ပိဋကတ်သုံးပုံသာလျှင် မြတ်စွာဘုရား ဟောကြားဆုံးမအပ်သော စကားတော်စုဖြစ်၏။ ပမာဆိုသော်ကျောင်းဆရာကြီးက တပည့်များအား စာကိုကောင်းစွာကြီးစားကြရမည်ဟု အမိန့်ပေး၏။ တပည့်များကလည်းကောင်းစွာကြိုးစားကြ၍ စာမေးပွဲအောင်မြင်သွားကြရာ ပထမဆရာကြီးပေးသည့် အမိန့်နှင့်ပိဋကတ် သုံးပုံသည်တူ၏။ တပည့်များ ကောင်းစွာကြိုးစားခြင်းနှင့်ပဋိပတ္တိသည်တူ၏။ စာမေးပွဲအောင်ခြင်းနှင့်ပဋိဝေဓသည် တူ၏။ ဤဥပမာ မှာဆရာကြီးအမိန့်စကားသည်သာ အဆုံးအမဖြစ်၍ တပည့်များ၏ကြိုးစားမှုမှာ အဆုံးအမ မဟုတ်တော့ချေ။ ဆရာဆုံးမသည့်အတိုင်းလိုက်နာကျင့်ကြံမှုသာဖြစ်သည်။ စာမေးပွဲအောင်မြင်မှုမှာလည်းအဆုံးအမ မဟုတ်တော့ဘဲ ကြိုးစားသည့်အတွက် ပြည့်စုံလာသော ပညာအရည်အချင်းသာဖြစ်သည်။ ဤနည်းအတူ မြတ်စွာဘုရားစကားတော်ဖြစ်သည့် ပိဋကတ်သုံးပုံဟု ဆိုအပ်သောပရိယတ္တိသည်သာလျှင် သာသနာအဆုံးမအဖြစ်၍ ပဋိပတ္တိမှာပရိယတ္တိ ဒေသနာလာရှိသည့်အတိုင်း လိုက်နာ ကျင့်ကြံမှုသာဖြစ်၍၊ ပဋိဝေဓမှာလည်းကျင့်ကြံမှုအတွက် ပေါ်ထွက်လာသော မဂ်ဉာဏ် အမြင်သာဖြစ်သည်ကို သတိပြုလေ။ ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟူ၍ သုံးဌာန ရှိသည့်အနက် တစ်ဌာနစီကိုသာခွဲ၍ ခေါ်ဝေါ်လိုလျှင်ဝိနယ ပိဋကသုတ္တပိဋက၊ သို့မဟုတ် သုတ္တန္တပိဋက၊ အဘိဓမ္မာပိဋက ဟူ၍သာခေါ်ရမည်။ ပိဋကတ်ဟုတဝမ်းပူသတ်မပါစေရ။ (ဝိနယ =ရဟန်းတို့အား ဆုံးမပညတ်ချက် ပိဋကအစုအပေါင်း။) ရဟန်းတို့အားဆုံးမပညတ်ချက် စုအပေါင်းကိုဝိနယပိဋက၊သို့မဟုတ်ဝိနည်းပိဋကဟုခေါ်သည်။ (သုတ္တ၊ သို့မဟုတ် သုတ္တန္တ=ဟောပြအပ်သောတရားသဘော။) လူနတ်တို့အား မြတ်စွာဘုရားပြသဟောကြားအပ်သော တရားအစုအပေါင်းကို သုတ်ပိဋက သို့မဟုတ် သုတ္တပိဋက ဟုခေါ်၏။ (အဘိဓမ္မ=ပိုမိုထူးခြားသောတရား။) သုတ္တန်ပိဋက၌ ဟောအပ်သောတရားတို့ထက် ပိုမိုများပြားထူးခြားစွာ တာဝတိံသာနတ်ပြည်၌ ဟောအပ်သော တရားတော် အစုအပေါင်းကိုအဘိဓမ္မပိဋကဟုခေါ်၏။ ပိဋကဟူသော စကားမှာပိဋကတ္တယဟူသောပါဠိမှ လာသောစကားဖြစ်သည်။ (ပိဋက+တ္တယ။တ္တယ=သုံးခုအပေါင်း။ ပိဋကတ္တယ= ပိဋကသုံးပုံ။) သို့ဖြစ်၍ ပိဋကတ် ဟုဆိုလျှင်သုံးပုံလုံးပါဝင်၏။ တစ်ပုံတစ်ပုံစီဖြစ်လျှင် ပိဋကဟုခေါ် ရမည်ဖြစ်၏။ သို့ရာတွင်သုံးပုံလုံးအစု အပေါင်း၏ပိဋကတ်ဟူသောအမည်ကို အစိတ်စိတ်တစ်ပုံစီမှာလည်း တင်စား သောအားဖြင့် ပိဋကတ်ဟုခေါ်နိုင်ပါသေး၏။

သစ္စာလေးပါး[ပြင်ဆင်ရန်]

လောကမှာသံဃာတော်ဟူသောအမည်သည် ဘုရားတပည့်သား အားလုံး၏ အမည်ရင်း ဖြစ်သော်လည်း ရဟန်းတစ်ပါး နှစ်ပါးကိုပင်သံဃာ ဟုခေါ်ကမမှားနိုင်သကဲ့သို့မှတ်ရာ၏။ သစ္စာလေးပါးတရားကို ထိုထွင်းသိမြင်ခြင်းကို ပဋိဝေဓခေါ်သည်ဟုပြဆိုခဲ့ရာ၌ သစ္စာလေးပါးဟူသည် အမှန် လေးပါးပင်ဖြစ်၏။ (သစ္စာ=မှန်ကန်ခြင်း။) လေးပါးမှာ ဒုက္ခသစ္စာ၊ သမုဒ္ဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတို့ ဖြစ်ကြ၏။

ဆင်းရဲခြင်းအမှန်သည်ဒုက္ခသစ္စာမည်၏။ (ဒုက္ခ=ဆင်းရဲခြင်း။)လောက၌ဆင်းရဲခြင်းအမျိုးမျိုးရှိရာ အကျဉ်းချုပ်၍ ပြောရသော်ခန္ဓာကိုယ်ကောင်သည်သာ ဆင်းရဲခြင်းအစစ်အမှန်ဖြစ်၏။ လူခန္ဓာဖြစ်စေ၊ နတ်ခန္ဓာဖြစ်စေ ဗြဟ္မာ ခန္ဓာဖြစ်စေ မည်သည့်ခန္ဓာမဆို ဆင်းရဲအစစ်အမှန်သာ ဖြစ်သည်။ ခန္ဓာမရှိမှသာ ဆင်းရဲခြင်းကင်းမည်။ ဘယ်နည်းဖြင့် မဆိုခန္ဓာရှိနေသေးသည်ဆိုလျှင် ဆင်းရဲနေသေးသည်သာဖြစ်၏။ ဤသို့မြင်မှ ဒုက္ခသစ္စာကို သိမြင်သည်ဟုဆိုရမည်။

ဆင်းရဲကြောင်းအမှန်သည်သမုဒယသစ္စာမည်၏။ (သမုဒယ=အကြောင်း။) လောကမှာဆင်းရဲ ခြင်း၏ အကြောင်းအမျိုးမျိုးရှိသော်လည်း တဏှာဟုခေါ်သော လောဘတရားသည်သာဆင်းရဲခြင်း၏ အကြောင်းစစ်အမှန် ဖြစ်၏။ တဏှာနှင့်လောဘသည်အမည်နှစ်မျိုးဖြစ်သော်လည်း တရားကိုယ်မှာ တစ်ခုတည်းသာဖြစ်၏။ ရေငတ်သောသူကဲ့သို့ အာရုံကို ငတ်ငတ်မွတ်မွတ်ဖြစ်တတ်သောကြောင့် တဏှာ ဟု ခေါ်၍ အလွန်မက်မောတတ်သောကြောင့် လောဘဟုခေါ်၏။ သတ္တဝါအပေါင်းတို့သည် နေ့ရော ညဉ့်ပါမခါမလပ် အားထုတ်လုပ်ကိုင်နေကြရခြင်း ဆင်းရဲဟူသမျှ၏ အကြောင်းရင်းမှာ တဏှာလောဘသာလျှင် အစစ်အမှန်ဖြစ်၏။ တဏှာလောဘ၏ချုပ်ဆုံးရာဖြစ်သော အေးငြိမ်းမှုသည် ဒုက္ခဟူသမျှ၏ ချုပ်ဆုံးရာအမှန် နိရောဓသစ္စာမည်၏။ (နိရောဓ=ချုပ်ဆုံးခြင်း။) အေးငြိမ်းမှုဟူသောစကားနှင့် နိဗ္ဗာန=နိဗ္ဗာန် ဟူသော စကားများသည်အဓိပ္ပာယ် အတူတူပင်ဖြစ်၏။

အေးငြိမ်းမှု၏မွန့်မြတ်ကြောင်းကိုသိသာရန်မှာ သူဌေးကြီးနှင့်ဝိဇ္ဇာဓိုရ်ကြီးတို့၏ ပုံစံကိုသတိပြုရမည်။ သူဌေး ကြီးသည်လောက၌ အရသာအရှိဆုံးသော အစာအာဟာရတို့ကို နေ့စဉ်စီမံစားသုံး၍နေ၏။ ဝိဇ္ဇာဓိုရ်ကြီးမှာ အာဟာရ သိဒ္ဓိပြီးနေပြီဖြစ်၍ မည်သည့်အစာအာဟာရမျိုးကိုမှ မစားချင်၊ သဌေးကြီးစားနေသည့်အစာအာဟာရ တို့ကိုပင် စက်ဆုပ်ဦးမည်ဖြစ်၏။ ထိုပုဂ္ဂိုလ်နှစ်ဦးတို့တွင်မည်သူ့ကို အစာအာဟာရ နှင့်ပတ်သက်၍ ချမ်းသာခြင်းရှိသည်ဟု ဆိုသင့်သနည်း။

သူဌေးကြီးမှာ အစာအာဟာရနှင့် ဆိုင်သည့်အရသာကို ခံစားရခြင်းချမ်းသာရှိသည်။ အေးငြိမ်းမှုကားမရှိ။ အဖိုးတန်အစာရအောင်ရှာဖွေရခြင်း၊ ရပြန်လျှင်လည်း နေရာကျအောင်စီမံရခြင်း၊ အသစ် အသစ် လဲလှယ်လိုခြင်း စသော ဆင်းရဲမှုတွေဝိုင်းဝိုင်းလည်၍နေ၏။ ခံစားရသော ချမ်းသာဟူသည် ဆင်းရဲမျိုးသာဖြစ်သည်ဟု ဘုရားဟော၏။ ဝိဇ္ဇာဓိုရ် ကြီးမှာကား အစာအာဟာရနှင့်စပ်လျဉ်း၍ ကြောင့်ကြအားထုတ်ဖွယ် တစ်စုံတစ်ရာမျှမရှိဘဲ တစ်ခါတည်း အေးငြိမ်း သွားမှုချမ်းသာ သာရှိနေတော့၏။ တဏှာလောဘတရားသည် သူဌေးကြီး၏ ခံစားမှုချမ်းသာကိုသာမက်မော၏။ ဝိဇ္ဇာဓိုရ်ကြီး၏ အေးငြိမ်းမှု ချမ်းသာကိုမက်မောခြင်းမရှိ။ အေးငြိမ်းမှုချမ်းသာကိုအာရုံပြုကာ တဏှာလောဘတရား မဖြစ်နိုင်။ တဏှာလောဘ တရားသည် အေးငြိမ်းမှုအာရုံနှင့်တွေ့လျှင် ချုပ်ဆုံးကွယ်ပျောက် သွားရတော့၏။ ဤသို့တဏှာလောဘမဖြစ်နှိုင်ဘဲ ချုပ်ဆုံးသွားရသည့်အေးငြိမ်းမှုသဘောမှာသာ ဆင်းရဲခြင်း အမှန်ချုပ် ငြိမ်းသွားနိုင်သည်။

ဆင်းရဲခြင်းဟူသမျှ၏ ချုပ်ဆုံးရာအေးငြိမ်းမှုသို့ ဆိုက်ရောက်ကြောင်း ခရီးလမ်းမှန်သည်မဂ္ဂသစ္စာ မည်၏။ (မဂ္ဂ=ခရီးလမ်း။) အေးငြိမ်းမှုသို့ဆိုက်ရောက်ကြောင်းဖြစ်သော ကျင့်စဉ်တရားများကိုပင် ခရီးလမ်းသဖွယ်တင်စား၍ သုံးထားသောစကားဖြစ်၏။ (အင်္ဂ=အစိတ်အပိုင်း။ မဂ္ဂ+အင်္ဂ=မဂ္ဂက္ဂ်=မဂ္ဂင်။) ဤနည်းအားဖြင့် မဂ္ဂင်ရှစ်ပါး တရားသည်မဂ္ဂသစ္စာမည်၏။ သို့မဟုတ် နိဗ္ဗာန်သို့ သွားရောက်ကြောင်း အမှန်ဖြစ်၏ဟုဆိုနိုင်၏။ မဂ္ဂင်ရှစ်ပါးဟူသည်ကား ၁။ သမ္မာဒိဋ္ဌိ = ကောင်းမွန်မှန်ကန်သောအယူအမြင်။ ကမ္မဿကတာဉာဏ်သည် သမ္မာဒိဋ္ဌိ၏အရင်းခံ ဖြစ်သည်။ သတ္တဝါတို့၏ချမ်းသာခြင်း၊ ဆင်းရဲခြင်းစသည်တို့သည် ရှေးရှေးဘဝကဖြစ်စေ၊ ယခုဘဝမှာဖြစ်စေ မိမိတို့ပြုလုပ်သောအမှုကံကြောင့်သာဖြစ်ရ၏။ အကြောင်းမရှိဘဲ ဖြစ်မိဖြစ်ရာအရမ်းဖြစ်လာသည်လည်းမဟုတ်။ တစ်ဦးတစ်ယောက်က စီမံဖန်တီး၍ ဖြစ်သည်လည်းမဟုတ်ဟု သိမြင်သောဉာဏ်ကို ကမ္မဿကတာဉာဏ်ဟုခေါ်သည်။ (ကမ္မ+ သက+တာ။ ကမ္မ=မိမိတို့ပြုလုပ်သောအမှုကံ။ သက=မိမိဥစ္စာ။တာ=အဖြစ်။) မိမိတို့ရှေးဘဝကဖြစ်စေ ယခုဘဝမှာ ပင်ဖြစ်စေ ပြုလုပ်သောအမှုကံသာ မိမိတို့ဥစ္စာဖြစ်သည်ဟုဆိုလို၏။ ဤကမ္မဿကာတာဉာာဏ်ကို ရလျှင်ပင် သမ္မာဒိဋ္ဌိအဖြစ်သို့ရောက်ပြီ။ ကမ္မဿကတာဉာာဏ်ကို မရလျှင် မိစ္ဆာဒိဋ္ဌိသာဖြစ်၏။ ၂။သမ္မာသင်္ကပ္ပ = ကောင်းမြတ်သောအကြံ။ (သင်္ကပ္ပ =အကြံ။) သင်္ကပ္ပနှင့်ဝိတက်သည်အဓိပ္ပါယ် အတူတူပင်ဖြစ်၏။ ဗလာက၌ နှစ်သက်ဖွယ်ရာအာရုံတို့ကို တဏှာလောဘအားဖြင့် ရဖို့ရာကြံစည်ခြင်းနှင့်သူတစ်ပါးတို့ကို ဒေါသအားဖြင့် ဖျက်ဆီးညှဉ်းဆဲဖို့ရာ ကြံစည်ခြင်းတို့ကို မိစ္ဆာသင်္ကပ္ပဟု ခေါ်သည်။ တရားမမှန်သောအကြံအစည် များဖြစ်ကြ၏။ (မိစ္ဆာ = မှားယွင်းခြင်း။) ထိုမိစ္ဆာသင်္ကပ္ပတို့ကိုပယ်ခွာ၍ တဏှာလောဘဒေါသတို့ ကင်းစင်သော အကြံအစည်တို့ကို သမ္မာသင်္ကပ္ပဟုခေါ်၏။ ၃။ သမ္မာဝါစာ=ကောင်းမြတ်သောဝစီကံ၊ သို့မဟုတ် ကောင်းမြတ်သော နှုတ်ပြောစကား။ (ဝါစာ=စကား။) မိစ္ဆာဝါစာတို့မှကင်းသောစကားဟုဆိုလို၏။ လောက၌ မုသာဝါဒ=မဟုတ်မမှန် ပြောဆိုသောစကား၊ ပိသုနဝါစာ = ဂုံးတိုက်သောစကား၊ ဖရုသဝါစာ = ကြမ်းကြုတ်ဆဲရေးသောစကား၊ သမ္ဖပ္ပလာပ = တစ်စုံတစ်ရာအကျိုးမရ ညံ့ဖျင်းလှသော စကားတို့သည်မိစ္ဆာဝါစာလေးပါးဖြစ်ကြကုန်၏။ ဤမိစ္ဆာဝါစာလေးပါးသို့လိုက်၍ သမ္မာဝါစာလည်း လေးပါးရှိ၏။ ဤအရာ၌သတိပြုရန်အချက်ကား အဘိဓမ္မာ အလိုအားဖြင့် မိစ္ဆာဝါစာမှရှောင်ကျဉ်ခြင်းကို သမ္မာဝါစာ ဟုခေါ်၍ သုတ္တန်အလိုအားဖြင့် ကောင်းမြတ်စွာ ပြောဆိုအပ်သောစကားကို သမ္မာဝါစာဟုခေါ်ခြင်းပင်ဖြစ်၏။ သို့ဖြစ်၍ မိစ္ဆာဝါစာပြောခွင့်ကြုံကြိုက်နေရာ မိစ္ဆာဝါစာမှ ရှောင်ကျဉ်သောအားဖြင့် စကားတစ်စုံတစ်ရာမှမပြောဘဲ နေသော သူသန္တာန်မှာ အဘိဓမ္မာအလိုသာသမ္မာဝါစာဖြစ်၍ သုတ္တန်အလိုမဖြစ်ကြောင်း။ ဓမ္မကထိက ပုဂ္ဂိုလ်ကြီး ဟောပြောနေသောတရားစကားများသည်သုတ္တန်အလို သမ္မာဝါစာဖြစ်၍ အဘိဓမ္မာအလို ထိုတရားဟောနေသည့်အခါမှာ ရှောင်ကြဉ်ဖွယ်ရာမိစ္ဆာဝါစာပြောခွင့်နှင့်လည်း မကြုံကြိုက်သဖြင့် ရှောင်ကြဉ်မှုပြုလုပ်နေရခြင်း မရှိသောကြောင့်မဖြစ် ကြောင်းတို့ကိုကောင်းစွာမှတ်ယူအပ်၏။ သုတ္တန်အလို၊ အဘိဓမ္မာအလိုဟုဆိုရာ၌ လူတို့ခေါ်ဝေါ် ဝေါဟာရပြုကြသည် ကိုသုတ္တန်၊ ပရမတ္ထသဘောတရားကို အဘိဓမ္မာဟုဆိုလိုသည်။ ကျမ်းဂန်တို့မှာ သုတ္တန်ကိုဝေါဟာရ ဒေသနာဟုခေါ်၍ အဘိဓမ္မာကိုပရမတ္ထဒေသနာဟုခေါ်သည်။ ၄။ သမ္မာကမ္မန္တ= ကောင်းမြတ်သောကာယကံ၊ သို့မဟုတ် ကောင်းမြတ်သောပြုလုပ်မှု။(ကမ္မန္တ =ပြုလုပ်မှု။) မိစ္ဆာကမ္မန္တတို့မှ လွတ်ကင်းသော ပြုလုပ်မှုဟုဆိုလို၏။ လောက၌သူ့အသက်ကိုသတ်ခြင်း၊ သူတစ်ပါးဥစ္စာကိုခိုးခြင်း၊ သူ့သားအိမ်ရာ ကာမဂုဏ်တို့၌ မှားယွင်းကျူးလွန်ခြင်း သုံးပါးတို့သည် မိစ္ဆာကမ္မန္တဖြစ်ကြကုန်၏။ ဤမိစ္ဆာကမ္မန္တ သုံးပါးကိုလိုက်၍သမ္မာကမ္မန္တလည်း သုံးပါးပင်ရှိသည်။ ဤသမ္မာကမ္မန္တ၌လည်း အဘိဓမ္မာအလို မိစ္ဆာကမ္မန္တမှ ရှောင်ကြဉ်ခြင်းကို သမ္မာကမ္မန္တဟုခေါ်၍ သုတ္တန်အလိုကောင်းစွာ ပြုအပ်သောအမှုကို သမ္မာကမ္မန္တဟုခေါ်၏။ သို့ဖြစ်၍ မိစ္ဆာကမ္မန္တ ပြုလုပ်ခွင့်ကြုံကြိုက်နေသောသူမှာ ထိုပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန် အိပ်ရာမှမထဘဲအိပ်၍နေလျှင်ပင် အဘိဓမ္မာအလို သမ္မာကမ္မန္တဖြစ်၍ သုတ္တန်အလိုထိုအိပ်နေသောသူမှာ ကောင်းစွာအမှုပြုလုပ်ခြင်းမရှိသောကြောင့် သမ္မာကမ္မန္တမဖြစ် ဘုရားမှာ အမှိုက်တလင်းသုတ်သင်ခြင်း စသောအမှုကိစ္စကို ပြုလုပ်သောသူမှာကောင်းစွာအမှုပြုလုပ်နေသည်ဖြစ်၍ သုတ္တန် အလိုသမ္မာကမ္မန္တဖြစ်သော်လည်းအဘိဓမ္မာအလို ထိုပုဂ္ဂိုလ်မှာ အမှိုက်တလင်းသုတ်သင်ခြင်း ကိစ္စပြုလုပ်နေဆဲတွင် ရှောင်ကြဉ်ဖွယ်ရာ မိစ္ဆာကမ္မန္တပြုလုပ်ခွင့်နှင့် မကြုံကြိုက်သဖြင့် ရှောင်ကြဉ်မှုပြုလုပ်နေရခြင်းမရှိသောကြောင့်မဖြစ်။ ၅။ သမ္မာအာဇီဝ = ကောင်းမြတ်သော အသက်မွေးခြင်း။ သို့မဟုတ် ကောင်းမြတ်သော အသက်မွေးမှု။ (အာဇီဝ =အသက်မွေးမှု။) မိစ္ဆာအာဇီဝတို့မှလွတ်ကင်းသော အသက်မွေးမှုဟုဆိုလို၏။ လောကမှာ အသက်မွေး ဝမ်းကျောင်းအတွက်မဟုတ်ဘဲ သက်သက်မုသားပြောသူမှာ မိစ္ဆာဝါစာဖြစ်၏။ ထိုမိစ္ဆာဝါစာမှ ရှောင်ကြဉ်လျှင် သမ္မာ ဝါစာဖြစ်၏။ မုသားသက်သေလိုက်၍ စားနေသောသူများ၏ သက်သေခံမှုမုသားပြောဆိုခြင်းသည်ကား မိစ္ဆာအာဇီဝ ဖြစ်၏။ ထိုမိစ္ဆာအာဇီဝမရှောင်ကြဉ်သောအခါ သမ္မာအာဇီဝဖြစ်သွားသည်။ ဤမုသာဝါဒ၏နည်းတူ ပိသုနဝါစာ၊ ဖရုသဝါစာ၊ သပ္ဖပ္ပလာပတည်းဟူသော နောက်ဝစီကံသုံးပါးတို့မှာလည်း အသက်မွေးခြင်းအကြောင်း မဟုတ်ခဲ့လျှင် မိစ္ဆာဝါစာတွေသာဖြစ်ကြ၍ ထိုမိစ္ဆာဝါစာတို့မှရှောင်ကြဉ်ခြင်းသည်လည်း သမ္မာဝါစာတွေသာ ဖြစ်ကြသည်။ အသက်မွေးခြင်းအကြောင်းတွေဖြစ်ခဲ့လျှင် မိစ္ဆာအာဇီဝတွေဖြစ်ကြ၍ ထိုမိစ္ဆာအာဇီဝတို့မှ ရှောင်ကြဉ်ခြင်းတို့သည်လည်း သမ္မာအာဇီဝတွေဖြစ်ကြ၏။ ဝစီကံအရာ၌သာမဟုတ်၊ ကာယကံအရာ၌လည်း အသက်မွေးခြင်း၏အကြောင်းမဟုတ်သော ကာယကံသုံးပါးတို့သည် မိစ္ဆာကမ္မန္တသာ ဖြစ်ကြ၍ ထိုမိစ္ဆာကမ္မန္တတို့မှ ရှောင်ကြဉ်ခြင်းတို့သည်လည်း သမ္မာကမ္မန္တ သာဖြစ်ကြသည်။ အသက်မွေးခြင်း၏အကြောင်းဖြစ်သော ကာယကံတို့သည်ကား မိစ္ဆာအာဇီဝဖြစ်ကြ၍ ထိုမိစ္ဆာအာဇီဝ တို့မှရှောင်ကြဉ်ခြင်းတို့သည် သမ္မာအာဇီဝဖြစ်ကြကုန်၏။ ဤသို့လျှင်ဝစီကံလေးပါး၊ ကာယကံသုံးပါးအားဖြင့် မိစ္ဆာအာဇီဝ ခုနှစ်ပါးရှိသည့်အတိုင်း သမ္မာအာဇီဝလည်း ခုနစ်ပါးရှိသည်ဟုသိအပ်၏။ တံငါမုဆိုးတို့သည်ပါဏာတိပါတ ကာယကံဖြင့် အသက်မွေးမှုပြုနေကြရာ ဥစ္စာဓန ကြွယ်ဝလာသဖြင့်ထိုတံငါး မုဆိုးအလုပ်ကို တစ်ခါတည်း ပစ်စွန့်ရှောငကြဉ်ပြီးလျှင် ရရှိထားသည့်ဥစ္စာတွေကို သုံးစွဲစားသောက်နေသော်လည်း အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်၏။ အကြောင်းမှာ ဒုစရိုက်မှုဖြင့် ရရှိထားသည့်ပစ္စည်းကိုပါ စွန့်လွှတ်ရမည်ဟုမဆို၊ မိစ္ဆာအာဇီဝ ဒုစရိုက်မှုကို စွန့်လွှတ်ရှောင်ကြဉ်လျှင် သမ္မာအာဇီဝဖြစ်သည်ဟု ပြဆိုသောကြောင့်ဖြစ်သည်။ သုတ္တန်အလိုအားဖြင့်ကား မစင်ကြယ်သည့်ပစ္စည်း တွေကို စားသုံး အသက်မွေးနေသေးသောကြောင့်သမ္မာအာဇီဝမဖြစ်။ အကြင်သူတစ်ယောက်သည် မည်သည့်အခါမျှ ဒုစရိုက်မှုမဖက်၊ သက်သက်ဖြောင့်မတ်စင်ကြယ်သော ကုန်သွယ် လယ်လုပ်မှုတို့ဖြင့်သာ အသက်မွေး၍နေ၏။ ထိုသူမှာ သုတ္တန်အလိုစင်ကြယ်ကောင်းမွန်စွာ အသက်မွေးနေသူဖြစ်၍ သမ္မာအာဇီဝဖြစ်၏။ အဘိဓမ္မာအလိုအားဖြင့်မဖြစ်။ အကြောင်းမှာထိုသူ၌ ရှောင်ကြဉ်ဖွယ်ရာ မိစ္ဆာအာဇီဝ အလျဉ်းမရှိသဖြင့် ရှောင်ကြဉ်မှုမပြုရသောကြောင့်ဖြစ်၏။ ၆။သမ္မာဝါယာမ=ကောင်းမြတ်သောအားထုတ်မှု။ (ဝါယာမ=အားထုတ်မှု၊အားထုတ်ခြင်း။) ဤသမ္မာဝါယာမသည် ၁။ ယခုဘဝ၌ မိမိ်သန္တာန်မှာ တစ်ခါတစ်ရံမျှ မဖြစ်ဖူးသေးသောအကုသိုလ်တရားတို့ကို နောင်ဘယ်အခါမှ မဖြစ်လှာရအောင်အားထုတ်ခြင်း။ ၂။ယခုဘဝ၌မိမိ၏သန္တာန်မှာ ဖြစ်ပေါ်ပြီး ဖြစ်ပေါ်ဆဲဖြစ်သော အကုသိုလ်တရားတို့ ကိုနောင်ဘယ်အခါမှ ဤအကုသိုလ်မျိုးထပ်၍ မပေါ်ရအောင် ပယ်ရှားနိုင်အောင်အားထုတ်ခြင်း။ ၃။ ယခုဘဝ၌ မိမိ ၏သန္တာန်မှာ တစ်ရံတစ်ခါမှ မဖြစ်ဖူးသေးသော ကုသိုလ်တရားတို့ကို နောင်ထပ်ကာထပ်ကာ များများကြီးဖြစ်ပွား၍ လာအောင်အားထုတ်ခြင်းအားဖြင့် ပေါင်းလေးပါးရှိ၏။ ရ။ သမ္မာသတိ= ကောင်းမြတ်သောအောက်မေ့ခြင်း။ (သတိ=အောက်မေ့ခြင်း၊အမှတ်ရခြင်း။) ၁။ ဗုဒ္ဓနု ဿတိ=မြတ်စွာဘုရားဂုဏ်ကျေးဇူးတော်တို့ကို မမေ့မလျော့အဖန်ဖန်အောက်မေ့ခြင်း၊ ၂။ ဓမ္မာနုဿတ= တရားတော် ၏ဂုဏ်ကျေးဇူးတို့ကို မမေ့မလျော့အဖန်ဖန်အောက်မေ့ခြင်း၊ ၃။သံဃာနုဿတိ= သံဃာတော်၏ဂုဏ်ကျေးဇူးတို့ကို မမေ့မလျော့အဖန်ဖန်အောက်မေ့ခြင်း။ ၄။သီလာနုဿတိ= မိမိစောင့်သုံးအပ်သော သီလ၏ ကျိုးပေါက်ပြောက်ကျား ခြင်းမရှိသန့်ရှင်းစင်ကြယ်သော ဂုဏ်ကိုမမေ့မလျော့အဖန်ဖန်အောက်မေ့ခြင်း၊ ၅။စာဂါနုဿတိ =မိမိစွန့်ကြဲပေးလှူ အပ်သော အလှူကောင်းမှု၏စေတနာမတွန့်တိုခြင်းစသောဂုဏ်ကို မမေ့မလျော့အဖန်ဖန်အောက်မေ့ခြင်း၊ ၆။ ဒေဝတာ နုဿတိ=နတ်ပြည်ရှိနတ်များသည် ရှေးဘဝကသဒ္ဒါစသောတရားတို့နှင့်ပြည့်စုံခဲ့ခြင်းကြောင့် နတ်ပြည်၌ဖြစ်၍နေကြသည်၊ ငါတို့မှာလည်း ထိုသဒ္ဒါ စသောတရားတို့နှင့်ပြည့်စုံ၏ဟု နတ်များကိုသက်သေထား၍ မိမိ၌ပြည့်စုံသည့် သဒ္ဒါ စသောတရားတို့ကို မမေ့မလျော့ အဖန်ဖန်အောက်မေ့ခြင်း၊ ရ။ ဥပသမာနုဿတိ=မိမိသန္တာန်မှာ လောဘ၊ ဒေါသစသော ကိလေသာတို့မဖြစ်ပေါ်ပဲအေးငြိမ်းသွားလျှင် မည်မျှလောက်ပင်ချမ်းးသာပေလိမ့်မည်၊ ကောင်းမွန်ပေလိမ့်မည်ဟုူ၍ကိလေ သာအေးငြိမ်းခြင်း၏ ဂုဏ်ကိုမမေ့မလျော့အဖန်ဖန်အောက်မေ့ခြင်း (ဥပသမ=အေးငြိမ်းခြင်း။) ၈။ မရဏာ နုဿတိ=ငါသည်မချွတ်အမှန် သေရလိမ့်မည်ဟူ၍ သေခြင်းသဘောကို မမေ့မလျော့အဖန်ဖန်အောက်မေ့ခြင်း၊ ၉။ ကာယ ဂထာသတိ=ဆံပင်၊ အမွေး၊ ခြေသည်း၊ လက်သည်းစသော ကိုယ်အစိတ်အပိုင်းအဖို့အစုစုတို့ကို မမေ့မလျော့ အောက်မေ့ခြင်း၊ ၁ဝ။ အာနာပါဏ သတိ= မိမိထွက်သက်ဝင်သက်ကိုသာ မမေ့မလျော့အောက်မေ့ခြင်း၊ ဤသို့အား ဖြင့်ဆယ်ပါး အပြားရှိသည်။ ၈။သမ္မာသမာဓိ= စိတ်၏ကောင်းစွာတည်ကြည်ခြင်း။ အပြစ်ကင်းသောအာရုံထဲမှာ စိတ်ကြည်လင်ငြိမ်သက်စွာ တည်နေခြင်းကို သမာဓိဟုခေါ်၏။ သမာဓိသည်ပရိကမ္မသမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိအားဖြင့်သုံးပါး အပြားရှိ၏။ နှုတ်ကဘာဝနာစီးဖြန်းမှု အဖန်ဖန်ပြုလုပ်နေသဖြင့် ဖြစ်ပေါ်သောစိတ်၏တည်ကြည်ခြင်းသည် ဥပစာရ သမာဓိမည်၏။ (ဥပစာရ=အနီးအပါး။) ဈာန် တရားသည် အပ္ပနာ သမာဓိမည်၏။ (ဈာန=-ဆန့်ကျင်ဖက်အကုသိုလ် တရားတို့ကိုလောင်ကျွမ်းစေတတ်သည်။ တစ်နည်း အာရုံ၌စူးစိုက်တတ်သည်။ အပ္ပနာ=ကောင်းမြတ်သော အာရုံတွင် သက်ဝင်တည်နေသည်။) ဈာန်နှင့်အပ္ပနာသည်အတူတူပင်။ မဟဂ္ဂုတ်ဟုခေါ်သောကုသိုလ်နှင့် ကြိယာ တရားများ ဖြစ်ကြ၏။ ဤဈာန်ဖြစ်သော အပ္ပနာသမာဓိကိုမှ သမ္မာသမာဓိမဂ္ဂင်ဟုခေါ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)