သာရေးနာရေး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သာမှုနာမှုဆိုရာ၌ သာမှုဟူသည် လောကီမင်္ဂလာ အရပ်ရပ်ကိုပြုခြင်း၊ ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ အိမ်ယာဆောက်ခြင်း၊ ဘုရားတည်ခြင်း၊ ကျောင်းဆောက်ခြင်း၊ ဇရပ်ဆောက်ခြင်း၊ တန်ဆောင်းဆောက်ခြင်း စသည်တို့ဖြစ်လေသည်။ (တစ်နည်း) တိုးတက်ကြီးပွားသော လုပ်ငန်းကိစ္စဟူသမျှ ကိုသာမှုဆိုသည်။

နာမှုဟူသည် သားမယားဆွေမျိုးဉာတိသေဆုံးခြင်း၊ အနာရောဂါကပ်ရောက်ခြင်း၊ မင်းဘေးမင်းဒဏ်သင့်ခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးခြင်းစသည်တို့ဖြစ်သည်။ (တစ်နည်း) ဆုတ်ယုတ် ပျက်စီးသောလုပ်ငန်း ကိစ္စဟူသမျှကို နာမှုဆိုသည်။ ထို့ပြင်သာမှုကိုသာရေး၊ နာမှုကိုနာရေးဟု ခေါ်ကြသေးသည်။ (တစ်နည်း) သာမှုကိုကောင်း သောလုပ်ငန်း ကိစ္စဖြစ်၍သုဘ၊ နာမှုကိုမကောင်းသောလုပ်ငန်းကိစ္စဖြစ်၍ အသုဘ ဟုခေါ်ကြသေးသည်။ (တစ်နည်း)သာမှုကို လူအများတို့လိုလားနှစ်သက်အပ်သောလုပ်ငန်းကိစ္စဖြစ်၍၎င်း၊ နာမှုကိုလူအများ တို့မလိုလားမနှစ်သက်အပ်သော လုပ်ငန်းကိစ္စဖြစ်၍ အနိဋ္ဌဟုခေါ်ကြသေးသည်။

(တစ်နည်း)သာမှုနာမှုနှင့်စပ်လျဉ်း၍ ထိုထိုစာအုပ်စာတမ်းတို့၌ 'လူတို့မှာရပ်ရွာ၌သာမှုနာမှု၊ ဒုမင်္ဂလာ သုမင်္ဂလာပွဲများတွင်'ဟူ၍လည်းကောင်း၊ 'စည်တော်ကို သုမင်္ဂလာ နှင့်သက်ဆိုင်သည့် ကိစ္စရပ်များတွင်သာ တီးလေ့ရှိကြသည်'ဟူ၍လည်းကောင်း ရေးသားကြသည်ကိုထောက်လျှင် သာမှုကိုကောင်းသောမင်္ဂလာဖြစ်၍ သုမင်္ဂလာ၊ နာမှုကို မကောင်းသောမင်္ဂလာဖြစ်၍ ဒုမင်္ဂလာဟုလည်းခေါ်ကြသေးသည်။ 'မင်္ဂလာကိစ္စ၊အမင်္ဂလာ ကိစ္စ၊ သာမှုနာမှုစသောအ ရာများကို' ဟုရေးသားကြပြန်သည်ကိုထောက်လျှင် သာမှုကိုမင်္ဂလာ၊ နာမှုကို အမင်္ဂလာဟု ခေါ်ကြသေးသည်သာမကသေး နာမှုကို အဝမင်္ဂလာဟုလည်းခေါ်ကြသေးသည်။

ထို့ကြောင့် သာမှုဆိုသောစကားနှင့် သာရေးဆိုသောစကား၊ သုဘဆိုသောစကား၊ ဣဋ္ဌဆိုသောစကား၊ သုမင်္ဂလာဆိုသောစကား၊ မင်္ဂလာဆိုသောစကားများသည် အနက်အဓိပ္ပါယ် အားဖြင့် တူသည်။ နာမှုဆိုသောစကားနှင့် နာရေးဆိုသောစကား၊ အသုဘဆိုသောစကား၊ အနိဋ္ဌဆိုသောစကား၊ ဒုမင်္ဂလာဆိုသောစကား ၊အမင်္ဂလာဆိုသော စကား၊ အဝမင်္ဂလာဆိုသော စကားများသည် အနက်အဓိပ္ပါယ်အားဖြင့်တူသည်။

ထိုသို့သာမှုနာမှုဆိုရာ၌ မည်မျှပင်အမည်သညာများပြားနေသော်လည်း အဓိပ္ပါယ်လိုရင်းချုပ်လိုက်လျှင် တိုးတက် ကြီးပွားသောလုပ်ငန်းကိစ္စ၊ ကောင်းသောလုပ်ငန်းကိစ္စ၊ ကျက်သရေမင်္ဂလာရှိသော လုပ်ငန်းကိစ္စဟူသမျှမှာ သာမှုဖြစ်ကြောင်း၊ ဆုတ်ယုတ်ပျက်စီးသောလုပ်ငန်းကိစ္စ၊ မကောင်းသော လုပ်ငန်းကိစ္စ၊ ကျက်သရေမင်္ဂလာမရှိသော လုပ် ငန်းကိစ္စ ဟူသမျှမှာ နာမှုဖြစ်ကြောင်းထင်ရှားသည်။

ထိုသာမှုနာမှုကိုဆိုသောစကားမှာ အရပ်သုံးစကားဖြစ်သောကြောင့် စာပေကျမ်းဂန်တို့၌ ယင်းအမည်ဖြင့် ပြဆိုရေးသားထားခြင်းများစွာမရှိသော်လည်း အနက်အဓိပ္ပာယ် တူဖြစ်သော ဒုမင်္ဂလာ၊ သုမင်္ဂလာ၊ မင်္ဂလာ၊အဝမင်္ဂလာ ဟူသောအမည်ဖြင့် ပြဆိုရေးသားထားခြင်းကား များစွာရှိ၏။ ထိုကြောင့် မင်္ဂလာအမင်္ဂလာဟူသောအမည်ကို အခြေခံ ထား၍ရေးသားဖေါ်ပြပါအံ့။

မင်္ဂလာသည် လောကုတ္တရာဆိုင်ရာမင်္ဂလာ၊ လောကီဘက်ဆိုင်ရာ မင်္ဂလာဟု နှစ်မျိုးရှိရာ လောကုတ္တရာ ဘက်ဆိုင်ရာ မင်္ဂလာမှာ သုံးဆယ့်ရှစ်ပါးဖြစ်သည်။ ထိုသုံးဆယ့်ရှစ်ပါး တို့သည်သူမိုက်တို့ကို မမှီဝဲမဆည်းကပ်ခြင်းမှာ မင်္ဂလာဖြစ်၏။ ထိုမှအပြန်ယူလျှင် သူမိုက်တို့ကို မှီဝဲဆည်းကပ်ခြင်းမှာ အမင်္ဂလာဖြစ်၏။ ထိုနည်းတူပညာရှိတို့ကို မှီဝဲဆည်းကပ်ခြင်း မှာမင်္ဂလာဖြစ်၍ ပညာရှိတို့ကိုမမှီဝဲမ ဆည်းကပ်ခြင်းမှာ အမင်္ဂလာဖြစ်၏။ ပူဇော်ထိုက်သောသူတို့ကို ပူဇော်ခြင်းမှာ မင်္ဂလာဖြစ်၍ ပူဇော်ထိုက်သောသူတို့ကို မပူဇော်ခြင်းမှာ အမင်္ဂလာဖြစ်၏။ ဤသို့လျှင် မင်္ဂလာသုံးဆယ့်ရှစ်ပါးစေ့ငှ အောင်ယူပါ။


ဤ၌မင်္ဂလာဟူသမျှမှာ သာမှုဖြစ်၍ အမင်္ဂလာဟူသမျှမှာ နာမှုဖြစ် သည်။ လောကုတ္တရာဆိုင်ရာမင်္ဂလာမှာနှစ်ကောင်း၊ လကောင်း၊ ရက်ကောင်း၊ နေ့ကောင်း၊ အချိန်ကောင်းရွေးရန်မလို။ လောကီဆိုင်ရာမင်္ဂလာမှာ မင်္ဂလာ အမင်္ဂလာယူဆရာ၌ ဂြိုဟ်၊ နက္ခတ်၊ တာရာစသည်တို့ကိုပြဆိုသော ဗေဒင်ကျမ်းတို့ အလိုအားဖြင့်လည်းကောင်း၊ ရှေးသူဟောင်းတို့ လုပ်ရိုးလုပ်စဉ် ထုံးတမ်းစဉ်လာအားဖြင့်လည်းကောင်း ယူဆရသည်။ ဗေဒင်ကျမ်းတို့မှာလည်း ကမ္ဘာတိုင်းဖြစ်ပေါ်လာမြဲဖြစ်သဖြင့် ကမ္ဘာသူ ကမ္ဘာသားတို့ အသုံးပြုသော ကမ္ဘာ့တန်ဆာကျမ်းများ ဖြစ်၏။ ကမ္ဘာသူကမ္ဘာသားတို့သည် ဗုဒ္ဓဘုရားပွင့်တော်မူသောအခါ ဗုဒ္ဓဘုရား၏ အဆုံးအမ ကိုခံယူကြရသော်လည်း ဗုဒ္ဓဘုရားပွင့်တော်မမူသောအခါ၌ကား ဗေဒင်ကျမ်းတို့ အဆုံးအမ ကိုခံယူကြရသည်။

ကောင်းကင်၌သွားလာနေသောဂြိုဟ်၊ နက္ခတ်၊ တာရာတို့ကား နှစ်၊ လ၊ ရက်၊ နေ့၊ ရာသီ၊ ဥတုတို့နှင့် ဆက်သွယ်လျက်ရှိသည်။ လူတို့၏ သာမှုနာမှု၊ သုဘ အသုဘ၊ မင်္ဂလာ အမင်္ဂလာ၊ ကောင်းကျိုး မကောင်းကျိုး တို့နှင့်လည်း ဆက်သွယ်လျက်ရှိသည်။ လူတို့မှာဖွားသောအချိန်၌ ကောင်းကင် တစ်ဆဲ့နှစ်ရာသီတွင်တည်ဆဲဖြစ်သော ဂြိုဟ်၊ နက္ခတ်၊ တာရာတို့ကို တိုက်ဆိုင်ကြည့်ရှု၍ သုဘ အသုဘ၊ ကောင်းကျိုး မကောင်းကျိုးကိုပြောဟောလေ့ရှိ ကြသည်။ ဟောပြောသည့်အတိုင်းမှန်ကန်သည်ဟုယူဆကြသည်။

ထိုကြောင့်လူတို့သည် အမှုကိစ္စပြုလုပ်ကြရာ၌ အမှုကိစ္စ အားလျော်စွာ ကောင်းသောနှစ်၊ လ၊ ရက်၊ နေ၊ အချိန်ကိုရွေးချယ်၍ပြုလုပ်လေ့ရှိကြသည်။ သာမှုမင်္ဂလာမှု ဖြစ်သော်လည်း မရွေးချယ်သည့်အတွက် ချွတ်ယွင်းပျက်စီးသွားလျှင် နာမှုအမင်္ဂလာမြှုဖစ်သွားတတ်သည်။ ကောင်းသော နှစ်၊ လ၊ ရက်၊ နေ့၊ အချိန် ရွေးချယ်ခြင်းကား မမှား နိုင်သောအလုပ်ဟုယူဆကြသည်။ ပုံပမာ ရေချိုးရာ၌ မကြီးကျယ်သောကိစ္စ ဖြစ်သော်လည်း 'ငါ့သားရွှေတောင်၊ ရေကိုရှောင်၊ အောင်စံဖြိုး၊ ရေချိုးတော့'အဆိုရှိသဖြင့်ယင်း လင်္ကာကိုအက္ခရာနံသင့်အတိုင်းကောက်၍ တနင်္လာ၊ သောကြာ၊ဗုဒ္ဓဟူး၊ စနေတို့၌ရေမချိုးရ။ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေးနေ့တို့၌ ရေချိုးရမည်။ အကယ်၍ရေမချိုးရသည့်နေ့ ၌ချိုးမိ၍မကျန်းမာခြင်း၊ သေဆုံးခြင်းဖြစ်ခဲ့သော် သာမှုမင်္ဂလာဖြစ်သော်လည်း နာမှုအမင်္ဂလာဖြစ်သွားတတ်သည်ဟု ယူဆကြသည်။

ထိုအတူ'ကရင်သားမွေး၊ ခေါင်းမဆေးနှင့်။ အိုးစည်တီး၊ ပြီးအောင်လျှော်' အဆိုရှိသဖြင့် တနင်္လာဗုဒ္ဓဟူး၊ သောကြာ၊ ကြာသပတေးနေ့တို့၌ ခေါင်းမလျှော်ရ၊ တနင်္ဂနွေ၊ အင်္ဂါ၊ စနေတို့၌ ခေါင်းလျှော်ရမည်။ 'လွန်းပုံသာ၊ ဝယ်ပါလေ။ အောင်ကျော်စံနှောင်း၊ မဝယ်ကောင်း' အဆိုရှိသဖြင့် ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တို့၌ဝယ် ခြမ်းရမည်။ တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ စနေနေ့တို့၌ မဝယ်ခြမ်းရ။ သည်တွင်မကသေး၊ သစ်ပင်စိုက်ရာမှာပင်ရွေး ချယ်ကြသည်။'တစ်ရက်နှစ်ရက်၊ ပိုးစားရက်။ ဆဲ့နှစ်ဆဲ့သုံး၊ ပေါင်းရုံးဆတွက်၊ ပိုးစားရက်'အဆိုရှိသဖြင့် မည်သည့် လမဆိုလဆန်းမှာ ဖြစ်စေ၊လဆုတ်မှာဖြစ်စေ၊ တစ်ရက်နေ့၊ နှစ်ရက်နေ့၊ ဆဲ့နှစ်ရက်နေ့၊ ဆဲ့သုံးရက်နေ့တို့၌ ပိုးစား ရက်ဖြစ်၍ သစ်ပင်မစိုက်ရ။ စိုက်လျှင်ပိုးကျတတ်သည်။ ကြွင်းသောနေ့များ၌ စိုက်ရမည်။

အလှူပေးခြင်း၊ ရှင်ပြုခြင်း၊ ရဟန်းခံခြင်း၊ စေတီပုထိုးတည်ခြင်း၊ ကျောင်းဆောင်ခြင်း၊ ဇရပ်ဆောက့်ခြင်း၊ တန်ဆောင်းဆောက်ခြင်း၊ သိမ်ဆောက်ခြင်း၊ ရေကန်တူးခြင်း၊ ရေတွင်းတူးခြင်းစသော သာမှုခေါ်ကုသိုလ်ကောင်း မှုဆိုင်ရာ မင်္ဂလာတို့၌၎င်း၊ မြို့ပြထီးနန်းတည်ခြင်း၊ ရွာတည်ခြင်း၊ အိမ်ဆောက်ခြင်း၊ ကျီကျဆောက်ခြင်း၊ ကင်ပွန်း တပ်ခြင်း၊ အမည်ပေးခြင်း၊ လက်ထပ်ခြင်းစသော သာမှုခေါ်လူမှုဆိုင်ရာ မင်္ဂလာတို့၌လည်းကောင်း၊ ကောင်းသည်ထက် ကောင်းရန် ဘေးရန်ကင်းရှင်း၍ ပြီးစီးအောင်မြင်ရန်ရည်ရွယ်ချက်ဖြင့် ကောင်းသော နှစ်၊ လ၊ ရက်၊ နေ့၊ အချိန်ကို ရွေးချယ်၍ ပြုလုပ်လေ့ရှိကြသည်။ အကယ်၍မရွေးချယ်ဘဲ ပြုလုပ်မိသည့် အတွက်ချွတ်ယွင်းပျက်စီးသွားခဲ့သော် သာမှု မင်္ဂလာဖြစ်သော် လည်း နာမှုအမင်္ဂလာဖြစ်သွားတတ်သည်ဟုယူဆကြသည်။


ထိုပြင် စေတီပုထိုး နန်းအိမ်စသောအဆောက်အအုံ၌ လင်းတနားခြင်း၊ ဗျိုင်းနားခြင်း၊ ကျီးသာခြင်း၊ ပျားန ကျယ်စွဲခြင်း၊ တောင်ပို့ပေါက်ခြင်း၊ မြေငလျင်လှုပ်ခြင်း၊ တော်လည်းခြင်း၊ ဥက္ကာကျခြင်း၊ အချိန်မတော် ခွေးအူခြင်း၊ ကျီးပြိုခြင်း၊ ကြက်တို့ အိပ်တန်းဆင်း စော၍ အိပ်တန်းတက် နောက်ကျခြင်းစသည်တို့၌လည်းကောင်း၊ အိပ်မက်မြင် မက်ခြင်း၊ အသားလှုပ်ခြင်း၊ ထိုမှတစ်ပါးသော အတိတ်နိမိတ်များကို မြင်ခြင်းကြားခြင်းစသည်တို့၌၎င်း၊ အချို့ နေရာ၌သာမှု မင်္ဂလာ၊ အချို့နေရာ၌ နာမှုမင်္ဂလာဟုယူဆကြသေးသည်။

လူများသေဆုံး ကွယ်လွန်ခြင်းကား နာမှု အမင်္ဂလာဖြစ်သည်။ သေဆုံးကွယ်လွန်ရာ၌

  1. အဂ္ဂိဈာပန • မီးရှို့၍သင်္ဂြိုဟ်ခြင်း၊
  2. ဘူမိဈာပန• မြေ၌မြုပ်၍သင်္ဂြိုဟ်ခြင်း၊
  3. ဥဒကဈာပန• ရေ၌ မျှော၍သင်္ဂြိုဟ်ခြင်းဟူ၍ သုံး မျိုးရှိသည်။


ထိုသုံးမျိုးတို့တွင် ဘုရားပစ္စေကဗုဒ္ဓရဟန္တာစကြာမင်း၊ သီလဝန္တ၊ပုထုဇဉ်ရဟန်းတို့၏အလောင်းကို မီးရှို့၍သင်္ဂြိုဟ် လေ့ရှိကြသည်။ အကြောင်းကားမြေ၌မြုပ်၍ သင်္ဂြိုဟ်လျှင် မိုးခေါင်တတ်သည်။ ရေ၌မျှော၍သင်္ဂြိုဟ်လျှင် ရေကြီးတတ်သည် ဟုအယူရှိသောကြောင့်ဖြစ်သည်။


အခြားသူများ၏ အလောင်းကိုကား သုံးမျိုးလုံး ပင်သင့်သလို ကြိုက်နှစ်သက်သလို သင်္ဂြိုဟ်ကြသည်။ အုတ်ဂူသွင်း၍လည်းသင်္ဂြိုဟ်သေး၏။ ယင်းကားမြေ၌မြုပ်၍ သင်္ဂြိုဟ် ခြင်းသဘောဖြစ်သည်။ ရဟန်းများအလောင်းကို အုတ်ဂူသွင်း၍ သင်္ဂြိုဟ်ခြင်းကား စေတီတည်ထားသည့်အလား အများကိုးကွယ် ရန်ရည်ရွယ်ခြင်း ဖြစ်သည်။


လူသေဆုံးရာနာမှု၌ မျိုးရိုးဇာတိသို့လိုက်၍ လည်းကောင်း၊ အယူဝါဒသို့လိုက်၍လည်းကောင်း၊ အရပ်ဒေသသို့ လိုက်၍လည်းကောင်း၊ အမျိုးမျိုးပြုလုပ်ကြသည်။ ပြုလုပ်ပုံအမျိုး မျိုးရှိရာ ဗုဒ္ဓဝါဒီများသေဆုံးလျှင် ရှေးဦးစွာ ရေချိုး ရသည်။ ရေအိုးသီးခြားဖြင့်ချိုးရသည်။ ယင်းရေအိုးကို ကျန်ရစ်သူများ မသုံးရ။ ရေလုံအိုးခေါ်သည်။ စွန့်ပစ်ရသည်။ နောက်သေဆုံးသူ ၏ပါးစပ်ထဲသို့ ငွေတမတ်တန်သည် ငါးမူးတန်သည်ကူးတို့ခထည့်ရသည်။ အလောင်းပြင်ရသည်။ ပြင်သောအခါ ခေါင်လျောက်အလိုက်ထားရသည်။ မထား လျှင်လျောက်ပြတ်ခေါ်သည်။ မထားကောင်း။ အလောင်းကို ခြေမနှစ်ခုပူး၍ လက်မနှစ်ခုဗိုက်ပေါ်တင်ကာပူး၍ ကြိုးချည်ရသည်။ ဗုဒ္ဓဝါဒီဖြစ်၍ ခေါင်းရင်းတွင်စားပွဲငယ်တစ်ခုနှင့် ဘုရားပန်းအိုးထားရသည်။ ခေါင်းသွင်းသောအခါ ခြေမကြိုး လက်မမကြိုး တို့ကိုဖြတ်ရသည်။ အချို့ရက်ကူး၍ မထားရ။ ထားလျှင်သုံးရက် ငါးရက်စသည် မ ရက်ထားရသည်။ စုံရက်မထားရ။ ချသောအခါ ခြေထောက်ဖက်ကရှေ့ထား၍ ချရသည်။ အကယ်၍ ခေါင်းဖက်ကရှေ့ထား၍ ချမိလျှင် မြို့ရွာကိုခြေကန်နေသည့်အတွင် မြို့ရွာနာသည်ဟု အယူရှိ ကြသည်။ မချမီချမည့် အဆောင်တွင်ဝါးဖြင့်ထုပ်ငှားလျောက်ငှားချည်ထားရသည်။


ဝါးကို လှေခါး သုံးထစ်ယာယီလုပ် ၍ ချမည့်လှေခါးပေါ်တွင် ထားရသည်။ ချသွားသောအခါ ယခင်ထုပ်ငှား လျောက်ငှားကိုဖြုတ်၍ ယာယီလှေခါးသုံးထစ် နှင့်တကွ ဖြုတ်၍ ထည့်လိုက်ရသည်။ ယင်းသို့ထည့်လိုက်ခြင်းကား သင့်မှာအိမ်မရှိ၊ တက်ရန်လှေခါးမရှိ၊ မလာနှင့်တော့ဟု ဆိုလိုရင်းဖြစ်သည်။ သုသာန်သို့ချသွားသောအခါ ဆန်ပန်း ပေါက်ပေါက် စာမြိန်စာထုပ်ကို ခေါင်းပေါ်တင် လိုက်ရသည်။ ဆန်ပန်းပေါက်ပေါက်မှာ သုသာန်သို့ရောက်လျှင် သင်္ဂြိုဟ်မည့် နေရာ၌ကြဲ၍ မြေတောင်းရန်ဖြစ်သည်။ စာမြိန်စာထုပ်မှာ သေဆုံးသူ စားရန်ဖြစ်သည်။ နောက်သရဏဂုံတင် ရေစက်ချ သေဆုံးသူအမည်ကိုခေါ်၍အမျှဝေ။ သင်္ဂြိုဟ်နည်းသုံးမျိုးတွင် ကြိုက်နှစ်သက်သလိုသင်္ဂြိုဟ်ရသည်။ ဆွမ်းသွတ်ခြင်းမှာ သေဆုံးပြီး သက်ပျောက်ဆွမ်းသွတ် တစ်ကြိမ်၊ ခုနစ်ရက် လည်သောအခါ ရက်လည်ဆွမ်းသွတ်တစ်ကြိမ်၊ နှစ်ကြိမ်လုပ်လေ့ ရှိကြသည်။ ဤကား လုပ်ရိုးလုပ်စဉ်တည်း။


ကူးတို့ခထည့်ရခြင်းအကြောင်းကား ရှေးအခါ ကလူသေဆုံးသွားလျှင်ရက်ကူး၍ ထားလေ့မရှိ၊ နေ့ချင်း သင်္ဂြိုဟ်ကြသည်။ သင်္ဂြိုဟ်သောအခါ အလောင်းကိုလူထမ်းခြင်း၊ ယာဉ်တင်း ခြင်းမရှိ၊ ဖုတ်သွင်းတတ်သောမှော်ဆရာ၊ ပယောဂဆရာတို့က ဖုတ်သွင်း၍ယောကျာ်းဖြစ်လျှင် အင်္ကျီနောက်ပြန်ဝတ်၊ ဆံပင်ဖားလျားချ၊ ပန်းနီကိုပန်၊ မိန်းမဖြစ်လျှင် ထမီစောက်ထိုးဝတ်၊ ဆံပင်ဖားလျားချ၊ ပန်းနီကိုပန်၍သုသာန်သို့ လွှတ်လိုက်သည်။ ယင်းသို့ပြုလုပ်ခြင်းမှာ သုသာန်သို့ သွားရာလမ်းတွင် လူကောင်းများတွေ့မြင်က ဖုတ်သွင်း ထားသော လူသေမှန်းသိအောင် ပြုလုပ်ခြင်းဖြစ်သည်။ လူသေအလောင်း သုသာန်ရောက်လျှင် သင်္ဂြိုဟ်မည့်သုသာန်စောင့်တို့က ဖုတ်သွင်းထားသောလူသေမှန်းသိသဖြင့် တုတ်ဖြင့် ရိုက်လိုက်ရာ ဖုတ်ထွက်သွား၍ လဲသွားသောအခါ ပါးစပ်တွင်ထည့်လိုက်သော ကူးတို့ခကိုယူ၍ သင်္ဂြိုဟ်လိုက်ကြသည်။ ထည့်လိုက်သောကူးတို့ခကား သင်္ဂြိုဟ်ခ ဖြစ်သည်ဟု ရှေးလူဟောင်းတို့ပြောသည်ကို ကြားရဘူးသည်။


သင်္ဂြိုဟ်ရာ၌လည်း အမျိုးမျိုးရှိသည်။ မြို့ပြင်ရွာပြင်၌ သေသောသူကို မြို့တွင်းရွာတွင်းသို့ ယူ၍မသင်္ဂြိုဟ်ရ။ သင်္ဂြိုဟ်မိသော်မြို့ရွာ၌ အနာရောဂါနှိပ်စက်တတ်၏။ ကြိမ်ဖန်များစွာ မီးလောင်တတ်သည်ဟုအဆိုရှိသည်။


ထိုပြင်တစ်အိမ်တည်း၌ လူနှစ်ယောက်ရောဂါ အသည်းအသန်ဖြစ်နေရာ တစ်ယောက်သေလျှင် သေသောသူကို ညဉ့်မသိပ်ရ၊ အကူမခံရ၊ ဆွမ်းမကျွေးရ၊ မီးရှို့၍ကား သင်္ဂြိုဟ်ရ၏။ အသက်နှစ်ဆယ်မပြည့်သေးသောသူသေလျှင် သေသောသူကိုညဉ့်မသိပ်ရ၊ အကူမခံရ၊ ဆွမ်းမကျွေးရ၊ မီးရှို့၍မသင်္ဂြိုဟ်ရ၊ မြေမြုပ်၍သင်္ဂြိုဟ်ရ၏။ တစ်အိမ်တည်း၌ နေသူများတည်းတွင် ကိုယ်ဝန်ရှိလျက် လူသေလျှင် သေသောသူကို ညဉ့်မသိပ်ရ၊အကူမခံရ၊ ဆွမ်းမကျွေးရ၊ တစ်ရွာတည်းတွင်လ၎င်း၊ တစ်အိမ်တည်းတွင်၎င်း၊ တစ်နေ့တည်း၌ လူနှစ်ယောက် သေလျှင် နောက်မှ သေသောသူကိုအကူမခံရ၊ အလျင်သေသောသူကိုသာ အကူခံရ၏။ နောက်မှ သေသောသူကိုအလျင် ချရ၏။ အလျင်သေသောသူကို နောက်မှချရ၏။ တစ်စုံတစ်ခုသောလက်နက်ဖြင့် လတ်တလောသေသော သူကိုအစိမ်းသေခေါ်သည်။ အစိမ်းသေကိုညဉ့်မသိပ်ရ၊ အကူမခံရ၊ ဆွမ်းမကျွေးရ၊ မီးရှို့၍မသင်္ဂြိုဟ်ရ၊ (တစ်စုံတစ်ခုသော လက်နက်ထိရှသော်လည်း နေ့ ရက် လကြာမှ သေသောသူကို အစိမ်းသေမခေါ်ရ။)

သင်္ကြန်အကျနေ့၊ အကြပ်နေ့၊ အတက်နေ့၊ လကွယ်နေ့၊ လဆန်းတစ်ရက်နေ့၊ လပြည့်နေ့၊ လဆုတ်တစ် ရက်နေ့ ယင်းနေ့တို့၌ သေသောသူကိုနှစ်မကူးစေရ၊ လမကူးစေရ၊ ရက်မကူးစေရ၊ သေသောနေ့၌ပင် သင်္ဂြိုဟ်ရသည်။ (သေဆုံးရာ၌လည်းကောင်း၊အလောင်းထားရာ၌လည်းကောင်း၊ သင်္ဂြိုဟ်ရာ၌လည်းကောင်း နည်းအမျိုးမျိုးရှိသည်။) (ဤသာမှုနာမှု၌ ပြဆိုခဲ့သောအယူအဆတို့ကား ရှေးသူဟောင်းတို့မှ ဆင်းသက်လာသော အယူအဆများဖြစ်သည်။ ဗဟုသုတအလို့ငှာ ထည့်သွင်းဖေါ်ပြခြင်းဖြစ်ပေသည်။) [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)