သာဂေါင် (ရုပ်ရှင်သရုပ်ဆောင်)
ဦးသာဂေါင်သည် တစ်ချိန်က မြန်မာ့ရုပ်ရှင်လောကတွင် လူသိများခဲ့သော သရုပ်ဆောင် တစ်ဦးဖြစ်သည်။ ဦးသာဂေါင်ကို တောင်ငူမြို့၊ ကုန်သည် ဦးဘိုးသာ၊ ဒေါ်ရွှေမြင့်တို့မှ ၁၂၇၂−ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် မွေးဖွားသည်။ မွေးချင်း ရှစ်ယောက်အနက် အကြီးဆုံးသား ဖြစ်ပြီး ငယ်နာမည် မောင်ရွှေပြည့် ဖြစ်သည်။ နာမည်ရင်းမှာ လှမောင်ဖြစ်ကာ ဓာတ်ပုံဆရာကြီး ဦးလှမောင်ဟု ခေါ်ကြသည်။
တောင်ငူရှိ ဘုန်းကြီးကျောင်းသား ဘဝမှ ရန်ကုန်မြို့သို့ စွန့်စားထွက်လာခဲ့ပြီး လှမောင် အမည်သစ်ဖြင့် ၁၉၂၆-ခုနှစ်တွင် ကြို့ကုန်းရှိ သိန်းတန်စတူဒီယိုတွင် ခြံစောင့် လုပ်ခဲ့သည်။ ခြံစောင့်ဘဝမှ ဒါရိုက်တာ ဦးမောင်ကလေး၏ နဝရတ်မယ်၊ ဒါရိုက်တာ ဦးဘသန်း၏ ဂန္ဓမာဗွေ၊ ဒါရိုက်တာ ဦးဘချစ်၏ တပင်ရွှေထီး ဇာတ်ကားများတွင် မထင်မရှား ဆိုက်ပတ်အဖြစ် ပါဝင်ခဲ့သည်။
ကင်မရာမင်း
[ပြင်ဆင်ရန်]ရုပ်ရှင်ဓာတ်ပုံပညာကို ကင်မရာမင်း ဦးပုထံတွင် စသင်ခဲ့ပြီး မြန်မာအဆွေသို့ ရောက်သောအခါ ကင်မရာမင်း ဦးမြတ်ကျော်နှင့် ဒါရိုက်တာ ဦးညီပုတို့ထံတွင် ဓာတ်ပုံပညာကို ဆက်လက်သင်ကြားခွင့် ရခဲ့သည်။ နန်းညွန့်နွယ် အသံတိတ်ဇာတ်ကားမှစ၍ တွဲဖက်ကင်မရာမင်း ဖြစ်ခဲ့ပြီး မြန်မာအဆွေမှ အေဝမ်းသို့ နာမည်ပြောင်းချိန် ချစ်မဟာ (၁၉၃၆)မှ စ၍ ကင်မရာမင်း ဖြစ်လာသည်။ ထို့နောက် C.C ဓာတ်ပုံဆရာချုပ် လုပ်ခဲ့သည်။ လူရွှင်တော်အဖြစ် မင်းကတော် (၁၉၃၀)မှ စခဲ့ပြီး သာဂေါင်ဆိုသော နာမည်ကို စာရေးဆရာ ဒဂုန်နတ်ရှင်က မှည့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
ဦးလှမောင် ခေါ် သာဂေါင်ကြီးသည် ကိုလိုနီခေတ်တွင် နယ်ချဲ့ ဗြိတိသျှကို ဆန့်ကျင်ခဲ့သည်။ ရေနံမြေသပိတ်ကြီး ချီတက်လာသည့် သတင်းကား၊ တက္ကသိုလ်ကျောင်းသားသပိတ် သတင်းကား၊ ဗိုလ်အောင်ကျော်ရုပ်ရှင် သတင်းကားနှင့် ပုလိပ် သတင်းကားတို့ကို ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်ခဲ့သည်။
ဦးသာဂေါင်သည် အေဝမ်းရုပ်ရှင်မှ ပန်းချီမြတ်ကျော်၏စည်းရုံးချက်အရ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ပြီး သခင်လှမောင်အမည်ဖြင့် နယ်ချဲ့ဗြိတိသျှ ဆန့်ကျင်ရေးတွင် ပါဝင်ဆင်နွဲခဲ့သူဖြစ်သည်။
၁၉၄၁-ခုနှစ်၊ ဒီဇင်ဘာလတွင် ဒုတိယကမ္ဘာစစ်ကြီး ရန်ကုန်မြို့သို့ ကူးဆက်လာရာ ဦးသာဂေါင် မိသားစုသည် မှော်ဘီမြို့သို့ စစ်ပြေးအဖြစ် တိမ်းရှောင်ခဲ့ရသည်။
ဂျပန်ခေတ်ဦး စစ်ပြေးဘဝတွင် မိုးကြိုးဦးအုန်းခင်နှင့် သခင်တင်မောင်ကြီးတို့ လာရောက်စစ်သားစုဆောင်းရာ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)သို့ ဝင်ရောက်ခဲ့သည်။ ရှေးဦးစွာ ဗိုလ်မင်းခေါင်၏ တပ်သားအဖြစ် ရခိုင်ဘက်သို့ ချီတက်ခဲ့ရသည်။ ရခိုင်မှတစ်ဆင့် အထက်မြန်မာပြည်သို့ ချီတက်ကြရသည်။ (BIA) တပ်ကို ဖျက်သိမ်းပြီး BDA တပ်ကို ပြန်လည်ဖွဲ့စည်းချိန်တွင် သူ့ဆရာ အေဝမ်းဦးတင်မောင်နည်းတူ တပ်မှ နုတ်ထွက်ခဲ့သည်။
ဂျပန်ခေတ်ဘဝ
[ပြင်ဆင်ရန်]ဂျပန်ခေတ် တလျောက်လုံးတွင် အခြားသော ရုပ်ရှင်ပညာသည်များကဲ့သို့ ပြဇာတ်ဝင်မကဘဲ ကုန်သည်၊ ဈေးရောင်း၊ မြင်းလှည်းမောင်းစားပြီး အသက်မွေးဝမ်းကျောင်းပြုကာ အေဝမ်းခြံတွင် နေထိုင်ခဲ့သည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလတွင် ဗိုလ်မင်းခေါင်တို့နှင့်အတူ စစ်တောင်း၊ ခင်ကန့်လန့်တိုက်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ပြန်သည်။ ထို့ကြောင့် ၁၉၅၉-ခုနှစ်တွင် လွတ်လပ်ရေးမော်ကွန်းဝင် (တတိယအဆင့်) ချီးမြှင့်ခြင်းခံရသည်။
စစ်ပြီးခေတ်
[ပြင်ဆင်ရန်]စစ်ပြီးခေတ်တွင် အေဝမ်းဖလင်၌ ဓာတ်ပုံဆရာ၊ လူရွှင်တော်အဖြစ် ပြန်လည်လုပ်ကိုင်ပြီးနောက် ၁၉၅၃-ခုနှစ်၌ ကုမ္ပဏီလုပ်သားအဖြစ်မှ နုတ်ထွက်ကာ ပြင်ပရုပ်ရှင် ကုမ္ပဏီများတွင် ကန်ထရိုက်အဖြစ် ရုပ်ရှင်ဇာတ်ကားများ ရိုက်ခဲ့သည်။ ကိုယ်ပိုင် ကေတုမတီ ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ပြီး ဒါရိုက်တာအဖြစ် ဒေါက်တာမာလာ (၁၉၅၉) အသံထွက် ဇာတ်ကားကိုလည်းကောင်း၊ ရွှေစင်ရုပ်ရှင်မှ လူယောက်ျား(၁၉၅၆) အသံထွက် ဇာတ်ကားကိုလည်းကောင်း ရိုက်ကူးခဲ့သည်။ ဦးသာဂေါင်သည် အသံတိတ်၊ အသံထွက် ဇာတ်ကားပေါင်း (၆၀)ကျော်ခန့် ပါဝင်ရိုက်ကူးခဲ့သည်။ သူပါဝင်ခဲ့သမျှ ဇာတ်ကားများအနက် ချစ်သက်ဝေ(၁၉၅၂)နှင့် ရတနာပုံ(၁၉၅၃)တို့ကို အနှစ်သက်ဆုံးဟု ပြောဆိုဘူးသည်။
ဦးသာဂေါင်သည် ရပ်ကျိုးရွာကျိုး၊ တိုင်းပြည်အကျိုးကို ဆောင်ရွက်ခဲ့သူဖြစ်ရာ စမ်းချောင်းရပ်ရှိ အလယ်တန်းကျောင်း တစ်ကျောင်းကို အထက်တန်းကျောင်းအဆင့် ရရှိရေးအတွက် မမောနိုင် မပန်းနိုင် သူနှင့် ခင်မင်ရင်းနှီးစွဲ နိုင်ငံတော် ခေါင်းဆောင်ကြီးထံသို့ သွားရောက်တွေ့ဆုံကာ ရရှိအောင် လုပ်ဆောင်ပေးခဲ့ဘူးသည်။ ရုပ်ရှင်စက်မှုလုပ်သားများအရေးကိုလည်း ခေါင်းဆောင်ကာ ရရှိအောင် တောင်းဆိုပေးခဲ့သူလည်း ဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ဦးသာဂေါင်သည် ၁၉၇၆-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ဆီးချို၊ သွေးတိုးရောဂါဖြင့် စမ်းချောင်းမြို့နယ်၊ ကျိုက်လတ်လမ်းနေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သူ ဦးသာဂေါင်၏ ဆန္ဒအရ ကြွင်းကျန်သော သူ၏ရုပ်ကလာပ်ကို ဆေးတက္ကသိုလ်သို့ လှူဒါန်းခဲ့သည်။ မကွယ်လွန်မီ သူစုဆောင်းရိုက်ကူးထားသမျှ ရုပ်ရှင်ဖလင် သတင်းကားများနှင့် သမိုင်းဝင်ဓာတ်ပုံများကို စစ်သမိုင်းပြတိုက်သို့ လှူဒါန်းခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ပြည့်စုံ = လွတ်လပ်ရေးတိုက်ပွဲဝင် မြန်မာ့ရုပ်ရှင်ပညာသည်များ