သန်းဆွေ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သန်းဆွေ
သန်းဆွေ


မွေးသက္ကရာဇ် ၁၉၂၆


မိဘ ဦးဘသောင်း+ဒေါ်တင့်
အမည်ရင်း သန်းရွှေ ၊(ငယ်မည်)ကျောက်တိုင်
မွေးရာဇာတိ ရန်ကုန်မြို့၊ကမာရွတ်
နိုင်ငံ Flag of Myanmar.svg မြန်မာ
အလုပ်အကိုင် စာရေးဆရာ
ထင်ရှားကျော်ကြားမှု


ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ

သန်းဆွေ [၁၉၂၆ - ၁၉၆၄][ပြင်ဆင်ရန်]

ရန်ကုန် ကမာရွတ်တွင် အဖ ဦးဘသောင်း၊ အမိ ဒေါ်တင် တို့က ၁၉၂၆ (စံပြ ဦးတင်ဦး၏ "မြန်မာ စာရေး ဆရာ အဘိဓာန်" နှင့် သန်းဆွေ စာစု စာရင်း တွင်မူ ၁၉၂၄ ဟု ဖော်ပြသည်။) ခုနှစ်တွင် မွေးဖွားသည်။ ဒုတိယမြောက် သား ဖြစ်သည်။ ငယ်မည် ကျောင်တိုင်၊ မူလ အမည် သန်းရွှေ ဖြစ်၏။

ငယ်စဉ် ကတည်း ကပင် ကျောင်းစရိတ်ကို ကိုယ်တိုင် ရှာဖွေကာ ကိုယ်ထူး ကိုယ်ချွန် ပညာ သင်ကြား ခဲ့ရသူ ဖြစ်သည်။ စံပယ်ပန်း ကိုယ်တိုင် သီကုံး ရောင်းခဲ့ ဖူးသည်။ သတင်းစာ ရောင်းခဲ့ ဖူးသည်။ ပန်းထိမ်ပညာ သင်ယူခဲ့ဖူးသည်။ ဂျပန် ခေတ်တွင် ဂျပန်စာ သင်ယူပြီး ဂျပန် စကားပြန် အဖြစ် တနင်္သာရီတိုင်း အနှ့ံ ရောက်ခဲ့ ဖူးသည်။ ဂျပန် ခေတ်တွင်ပင် ငယ်မည် "သန်းရွှေ" ကို "သန်းဆွေ" အဖြစ် ပြောင်း၏။ သို့သော် အမည် တွင်ခြင်း မရှိ။ "ငါ့အသက် အစိတ် ကျရင် ငါရေးတဲ့ စာတွေကို ပုံနှိပ် စာလုံး အဖြစ်ကို ရောက်အောင် လုပ်မယ်" ဟု အသက် ၁၃ နှစ်သား အရွယ် ကတည်းက ကြုံးဝါး ခဲ့သည်။ ဂျပန်ခေတ် လက်ရေး စာစောင် တို့၌ ဝတ္ထုတို၊ ကဗျာ စသည်တို့ ရေးသော အခါ "မင်းလွင်" ကလောင် အမည် တပ်ခဲ့သည်။


စစ်ပြီး ခေတ်တွင် ရှေးဦးစွာ ပေါ်ထွန်း ထင်ရှား လာကြသည့် လူငယ် ကလောင်ရှင် များတွင် တယောက် အပါအဝင် ဖြစ်ခဲ့သည်။ စာရေး ဆရာ ဒါရိုက်တာ သုခ၏ 'ချမ်းသာ စာစောင်' မှ နေ၍ ပထမဆုံး လက်ရာ ချစ်ကြွေးမပြေကို ၃ဝ ဇန်နဝါရီ ၁၉၄၆ တွင် ထုတ်ဝေခဲ့သည်။ တည်းဖြတ်သူ သုခက မင်းလွင် ဟူသော ကလောင် အမည်ကို မကြိုက် သဖြင့် မိမိ ကိုယ်ကို မိမိ မှည့်ထားသော သန်းဆွေ အမည် တပ်ခဲ့၏။ ဝတ္ထု အဖုံးတွင် "သုခ၏ ဝတ္ထုကို နှစ်သက် သူတိုင်း ဤဝတ္ထုကို မုချ ကြိုက်ရမည်" ဟု သဘော ပါရှိသော စာတန်း ကလေး ရေးထိုး ထား၏။ ချစ်ကြွေးမပြေ သည် ကြားဖူးသည့် နိုင်ငံခြားမှ အဖြစ်အပျက် တခုကို အခြေတည်ကာ ရေးသား ထားခြင်းပင် ဖြစ်သည်။ ချစ်ကြွေးမပြေ ဝတ္ထု ဖြစ်ပင် စတင် ကျော်ကြား လူကြိုက် များလာခဲ့၏။ ဤသို့ဖြင့် အသက် ၂ဝ အရွယ်တွင် စာပေလောက၌ စတင် ခြေချခဲ့လေသည်။


ချစ်ကြွေးမပြေထုတ်ဝေ ပြီးနောက် အရှေ့တိုင်း မဂ္ဂဇင်းတိုက် တွဲဖက် အယ်ဒီတာ ဦးစိန်မောင် ထံတွင် ပုံနှိပ်လုပ်ငန်းနှင့် ဆိုင်ရာ များကို လေ့လာ ဆည်းပူးရင်း ဂျာနယ်ကျော်သို့ ဝတ္ထု ကလေးများ ရေးသား ပေးပို့သည်။ ထို့နောက် အရှေ့တိုင်း မဂ္ဂဇင်းမှ ထွက်ခဲ့ကာ ချမ်းသာ စာစောင်တွင် တွဲဖက် ထုတ်ဝေသည့် ၁၉၄၇ ခုနှစ်တွင်ပင် စာပေလောကထဲသို့ ခြေစုံပစ် ဝင်ခဲ့သည်။


ချမ်းသာ စာစောင်ကို ရှုမဝ ပုံနှိပ် စက်တွင် ရိုက်နှိပ် နေစဉ် စာပဒေသာကို ကူညီ လုပ်ကိုင် ပေးခဲ့သည်။ ချမ်းသာ စာစောင် ရပ်သွားသော အခါ စာပဒေသာတွင် စိတ်ရော ကိုယ်ပါ မြှုပ်နှံ လုပ်ကိုင် ခဲ့ပြန်သည်။ ဤတွင် တင့်တယ်နှင့် ဆုံတွေ့ခဲ့ရာမှ အနောက်တိုင်း စာပေ လောကနှင့် ဆုံစည်း ခဲ့ရသည်။ ဝတ္ထုရေးနည်း အတတ်ပညာ စာအုပ်များကို ဖတ်ခဲ့ ရသည်။ တက်တိုးနှင့် တွေ့သည့် အခါ ကမာ္ဘ့ဂန္ဒဝင် စာအုပ် များနှင့် ဆုံရ ပြန်သည်။ မကြာမီပင် ချစ်သုံးလီ ဝတ္ထုကို ထုတ်ဝေ ခဲ့ပြန်ရာ ထိပ်တန်းသို့ ရောက်ရှိ စေသည် အထိ အောင်မြင် ခဲ့ပေသည်။ အလွမ်း ဝတ္ထုရေး ဆရာဟု အသိအမှတ် ပြုလာ ရတော့သည်။


၁၉၄၇ ခု ဇွန်လ ရှုမဝ ရုပ်စုံမဂ္ဂဇင်း စတင် ထုတ်ဝေသော အခါ ရှုမဝ ဝိုင်းတော်သား၊ ၁၉၄၇ ခု မတ်လတွင် ရှုမဝ လခစား စာရေး ဆရာ၊ ၁၉၄၇ ခု အောက်တိုဘာ လကုန်တွင် ပဒေသာ မဂ္ဂဇင်းသို့ ရောက်ပြန်သည်။ ၁၉၄၈ ခု အောက်တိုဘာ လလောက်တွင် သွေးသောက် မဂ္ဂဇင်း၊ ဒီဇင်ဘာတွင် သွေးသောက် မဂ္ဂဇင်းမှ ပြန်ထွက်ကာ ၁၉၄၉ ဇန်နဝါရီတွင် ရှုမဝ၌ အလုပ် ပြန်ဝင် ခဲ့သည်။ ဤသို့ဖြင့် အရှေ့တိုင်း မဂ္ဂဇင်း၊ ချမ်းသာ စာစောင်၊ စာပဒေသာ၊ သွေးသောက်၊ ဘာသာပြန် မဂ္ဂဇင်း၊ မြဝတီ၊ သောတရှင် စသည့် စာစောင် မဂ္ဂဇင်းကြီး များတွင် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။


စီးပွားရေး၊ ရှေ့ဆောင်၊ ဗမာ့ခေတ်၊ မိုးကြိုး၊ ကြေးမုံ စသည့် သတင်းစာ များတွင်လည်း အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၅ဝ ပြည့် မြန်မာ နိုင်ငံ စာရေးဆရာ အသင်း စာပေပြိုင်ပွဲတွင် စာပေဆု ရွှေတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။


ဂီတ၌လည်း စိတ်ဝင်စား လေရာ တယောထိုး ကျွမ်းကျင် သည့်ပြင် တေးသီချင်းများ ရေးဖွဲ့ ခဲ့သည်။ ဂီတနက်သန် ကိုစောညိန်းအောင်လင်း တို့နှင့် တွဲဖက် အသံ လွှင့်ခဲ့သည်။ 'လာလုလုငေး' နှင့် 'ချစ်တဲ့သူရဲ့ ရင်ခွင်' ရုပ်ရှင် များတွင် ပါဝင် သရုပ်ဆောင် ခဲ့သည်။ ရန်ကင်း ရုပ်ရှင်၊ ရန်ကုန် ရုပ်ရှင် စသည့် ရုပ်ရှင် ကုမ္ပဏီ များတွင် ရုပ်ရှင် ဝတ္ထု ဇာတ်ညွှန်းများ ရေးပေး ခဲ့သည်။ စာပေ၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ နယ်ပယ်တွင် လူသိများ ထင်ရှား ခဲ့ပေသည်။ လူတိုင်း အပေါ် စေတနာ ထားတတ်ပြီး ပျော်ပျော်ပါးပါး နေထိုင် တတ်သူ ဖြစ်၍ လူတိုင်း၏ ချစ်ခင် လေးစားမှုကို ခံယူရသူ ဖြစ်သည်။


ထင်ရှားသည့် စာပေ လက်ရာ အချို့မှာ ချစ်ကြွေးမပြေ (၁၉၄၆ - ၁၉၆ဝ)၊ ကြွေလု သည်းငယ်ကို (၁၉၄၇)၊ ချစ်သုံးလီ (၁၉၄၇၊ ၁၉၆ဝ)၊ မေ့ရက်နိုင်တယ် (၁၉၄၇)၊ ဖုန်းမေ့ လေသလား (၁၉၄၈)၊ မြသွေး (၁၉၄၉၊ ၁၉၆၁)၊ နှောင် (၁၉၄၉၊ ၁၉၅၉)၊ သံသာလေ ကမ်းတိုင် (၁၉၅ဝ၊ ၁၉၆၁)၊ ကြုံခဲ့တယ် (၁၉၅၄)၊ တနေဝင် (၁၉၆ဝ)၊ ပုလဲ [The Pearl by John Steinbeck] (နှစ်တွဲ၊ ၁၉၆ဝ)၊ ချစ်ထံတျာရှင် (၁၉၆ဝ)၊ ၁၉၆၁ တွင် ချစ်ခြင်း ကရုဏာ၊ ချစ်မိ ပြန်တော့လည်း၊ ချစ်မိုး ချစ်မြေ၊ တသက်လျာ၊ တောစံပယ်၊ တုံ့ကာဝဋ်တင်၊ ပိုးဖျက်တဲ့ ပန်း၊ ဘယ်သော အခါမှ။ ၁၉၆၂ တွင် နှင်းကြွင်းအုံ့ပျ၊ ပေါ်နွေလဝယ်၊ ယု (ဒု အကြိမ်)၊ ခရောင်းတော (၁၉၆၃)၊ တို့ ဖြစ်ကြသည်။ "မြန်မာ ဝတ္ထု သမိုင်းကို လေ့လာ ဆန်းစစ်သည့် နေရာတွင် မြန်မာ ဝတ္ထုများ တိုးတက် ဖြစ်ထွန်းမှုကို ဝေဖန် သုံးသပ်သည့် နေရာတွင် ဤဝတ္ထု (သံသာလေ ကမ်းတိုင်) ကို ခြွင်းချန် ထားခဲ့၍ မဖြစ် နိုင်ပေ" ဟု မလိခက သုံးသပ် ပြ၏။ "ခလုတ် ကန်သင်း တို့ဖြင့် ပေါများ လှသော ဤလောကကို 'ခရောင်းတော' ဟု နာမည် ပေးထားသည် ကိုတော့ ကျွန်မ သဘော ကျသည်" ဟု ခင်နှင်းယုက မှတ်ချက် ပေးသည်။ သူကိုယ်တိုင် ကမူ ဆမ္မား ဆက်မွန်၏ ဝတ္ထုများကို အတုယူသည်။ ဂျပန် ဝတ္ထု၊ ကဗျာ၊ ယဉ်ကျေးမှု အနုပညာကို နှစ်သက်သည်ဟု ဖွင့်ဟခဲ့သည်။ အမြူတေ ဝတ္ထုတို ပေါင်းချုပ် ကိုလည်း (၁၉၆?) ထုတ်ဝေခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၄ ဧပြီ ၁၉၆၄ ခုနှစ်တွင် အင်းယားကန်၌ ရေနစ် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သန်းစိန်၊ သား မောင်မျိုးသန်း (၁ဝ နှစ်)၊ မောင်ကျော်လင်း (၈ နှစ်)နှင့် သမီး မခင်သက်ဆွေ (၅ နှစ်) တို့ ကျန်ရစ် ခဲ့သည်။ "လောကတွင် အန္တရာယ် အကင်းဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်" ဟူ၍ လေးမြင့်က ဆိုသည်။ "အလွမ်း စာရေးဆရာ ကလေးကို ကျွန်တော်တို့ လွမ်းနေကြ ရဦးမည်" ဟု သော်တာဆွေက တမ်းတခဲ့သည်။ "နာမည်ကျော် အလွမ်း ဝတ္ထု စာရေးဆရာ သန်းဆွေသည် ဧပြီ ၁၄ ရက်နေ့ သင်္ကြန် အကြတ်နေ့က အင်းယားကန်တွင် ရေနစ် ကွယ်လွန်သွားရာ သန်းဆွေ ကျင်လည်ရာ စာပေ လောက၊ ဂီတ လောက၊ ရုပ်ရှင် လောက၊ စာနယ်ဇင်း လောက တစ်ခုလုံး ယူကျူံး မရ ဖြစ်ကာ သန်းဆွေ၏ နေအိမ်နှင့် သတင်းစာတိုက် များသို့ လူမစဲအောင် လာရောက် မေးမြန်းလျက် ရှိကြသည်" ဟု ၁၇ - ၄ - ၆၄ နေ့ထုတ် မြန်မာ့ အလင်း သတင်းစာတွင် ဖော်ပြ ခဲ့သည်။[၁]

ရေးသား ပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

၁။ မေ့ရက်နိုင်တယ် ၁၉၄၇

၂။ နှောင်း ၁၉၅၉

၃။ လက်ရွှေးစင် ဝတ္တုရှည်ညွန့်ပေါင်း ၁၉၅၉

၄။ ချစ်ထံတျာရှင် ၁၉၅၉

၅။ ချစ်သုံးလီ ၁၉၆၀

၆။ ချစ်ေ့ကးမပြေ ၁၉၆၀

၇။ ချစ်ခြင်းကရုဏာ ၁၉၆၁

၈။ ချစ်မိုးချစ်မြေ ၁၉၆၁

၉။ တနေဝင် ၁၉၆၁

၁၀။ တသက်လျာ ၁၉၆၁

၁၁။ တောစပယ် ၁၉၆၁

၁၂။ တုံ့ကာဝဋ်တင် ၁၉၆၁

၁၃။ ပိုးဖျက်တဲ့ပန်း ၁၉၆၁

၁၄။ ဘယ်သောအခါမှ ၁၉၆၁

၁၅။ မြသွေး ၁၉၆၁

၁၆။ သံသာလေကမ်းတိုင် ၁၉၆၁

၁၇။ စိန်ပိန်းနီနီ ၁၉၆၁

၁၈။ နှင်း့ကင်းအုံ့ပျ ၁၉၆၂

၁၉။ ယု ၁၉၆၂

၂၀။ ပေါ်နွေလဝယ် (ရွှေမြိတ်သောင်းတင်နှင့် တွဲရေး) ၁၉၆၂

၂၁။ ပုလဲ (ဘာသာပြန်) ၁၉၆၂

၂၂။ သားတို့ ရုပ်ရည် ၁၉၆၃

၂၃။ ခရောင်းတော ၁၉၆၃

၂၄။ တမိုးသောက်လှျင် (ဘာသာပြန်)

၂၅။ ထိုင်းနိုင်ငံ

၂၆။ မိန်မလှရိပ်မြုံ

၂၇။ ရွယ်နုချိန်

၂၈။ ဝေးပေါ့ … ဝေးပေါ့ (ဘာသာပြန်)

၂၉။ အမြုတေ

စာညွှန်း[ပြင်ဆင်ရန်]

  1. မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၂၁၆ - ၂၁၉။
  2. စံပြ တင်ဦး။ မြန်မာ စာရေး ဆရာ အဘိဓာန်။ စာ ၃၃၁ - ၃၃၃။
  3. တင့်တယ်။ ရက်စက်လွန်းသော အင်းယား၊ ရှုမဝ (မေ ၁၉၆၄)။ စာ ၂၄ - ၂၆။
  4. မောင်ဆွေတင့်။ ကြွေကာ နွမ်းလေပြီ၊ ရှုမဝ (မေ ၁၉၆၄)။ စာ ၃၁ - ၃၆။
  5. ခင်နှင်းယု။ ခရောင်းတောမှ ရုတ်ခြည်း ထ၍၊ ရှုမဝ (ဇွန် ၁၉၆၄)။ စာ ၁၅၄ - ၁၇၃။
  6. ငွေတာရာ။ စာချစ်သူ၊ ရှုမဝ (မေ ၁၉၆၅)။ စာ ၃၁ - ၃၄။
  7. မောင်နေဝင်း။ ခရောင်းတောကို ဖြတ်သန်းရင်း၊ ရှုမဝ (မေ ၁၉၆၅)။ စာ ၁၂၃ - ၁၂၇။
  8. မောင်တင်မြ။ လက်တွေ့ သမား ဆန်သော ကိုသန်းဆွေ၊ ရှုမဝ (မေ ၁၉၆၅)။ စာ ၁၂၈ - ၁၃ဝ။
  9. မြဝတီ စာတည်း အဖွဲ့။ ကလောင် အမည် မှတ်တမ်း၊ မြဝတီ (ဒီဇင်ဘာ ၁၉၅၆)။ စာ ၃၂။
  10. မြဝတီ စာတည်း အဖွဲ့။ သူနှင့် သူ့စာပေ - သူ့ဘဝ၊ မြဝတီ (မေ ၁၉၆၄)။ စာ ၄၃ - ၄၄။
  11. သော်တာဆွေ။ ချစ်သော သန်းဆွေ၊ ငွေတာရီ (မေ ၁၉၆၄)။ စာ ၅၂ - ၅၇။
  12. လေးမြင့်။ လွမ်းရသော စာရေးဆရာများ၊ ငွေတာရီ (အောက်တိုဘာ ၁၉၆၇)။ စာ ၆၄ - ၇ဝ နှင့် ၂၂၉ - ၂၃ဝ။
  13. သန်းဆွေ။ သံသာလေ ကမ်းတိုင် (၁၉၅ဝ နှင့် ၁၉၆၁)။
  14. ၁၇ - ၄ - ၆၄ နေ့ထုတ် မြန်မာ့ အလင်း သတင်းစာ။
  15. မသင်းသင်းအေး (သိပ္ပံဘွဲ့၊ ရုက္ခဗေဒ)။ သန်းဆွေ စာစု စာရင်း (အောက်တိုဘာ ၁၉၉၅)။

ကိုးကား[ပြင်ဆင်ရန်]

  1. ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ်' (၂ဝဝ၅ ခု၊ ဇူလိုင်)