သနပ်ဖက်

ဝီကီပီးဒီးယား မှ

လုပ်ကိုင်ဒေသ[ပြင်ဆင်ရန်]

သနပ်ဖက်သည် မြန်မာနိုင်ငံတစ်ဝန်းတွင် သောက်သုံးနေကြသည့် ဆေးပေါ့လိပ်၏ လိပ်ထားသည့် သစ်ရွက်ဖြစ်သည်။ သနပ်ဖက်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က မြန်မာနိုင်ငံ ကိုလိုနီလက်အောက်ကျရောက်သည့် အချိန်တွင် စတင်လုပ်ကိုင်လာသည်ဟု ယူဆရသည်။ ၎င်းကို ရှမ်းပြည်တောင်ပိုင်း နမ်းစန်၊ ပင်လုံ၊ လွယ်လွိုင်၊ ဟိုပုံး၊ တောင်ကြီး၊ ရပ်ဆောက် စသည့် မြို့နယ်များတွင် ထွက်ရှိသည်။ သနပ်ဖက်ကို ပအိုဝ်းတိုင်းရင်းသား အများစုက စိုက်ပျိုးလုပ်ကိုင်ကြသည်။

စိုက်ပျိုးခြင်း[ပြင်ဆင်ရန်]

သနပ်ဖက်ထုတ်လုပ်သည့် လုပ်ငန်းသည် တဆယ့်နှစ်ရာသီလုံးလုံး လုပ်ရသည်။ ထိုလုပ်ငန်းကို လုပ်ကိုင်သည့် မိသားစု တစ်စုသည် အနည်းဆုံး လူသုံးဦး၏ လုပ်အားကို လိုအပ်ပါသည်။ နိုဝင်ဘာလမှ ဇန္နဝါရီလ ကာလတွင် သနပ်ဖက်ခြံ လုပ်သားများသည် သနပ်ပင်ကြား ပေါင်းပင်များကို ပေါက်ပြားဖြင့် ပေါက်ရသည်။ ထိုကာလတွင် ဆီးနှင်းများ ကျသည့်အချိန်ဖြစ်၍ မြေကြီးမမာသဖြင့် ခြံပေါက်ရာတွင် လွယ်ကူသည်။ တချိန်တည်းတွင် သနပ်ဖက်ရွက် ပေါင်းရန်အတွက် လိုအပ်သည့် လောင်စာထင်းများ ကိုလည်း တစ်နှစ်စာ ခုတ်ဖြတ် သိုလှောင်ထားကြရသည်။ ဖေဖော်ဝါရီလတွင် တော၌ပုံထားသော ထင်းများကို အိမ်သို့ လူအား လှည်းအားများဖြင့် သယ်ကြရသည်။

မတ်လမှ မေလ ကာလတွင် သနပ်ဖက်ပင်ကို ခုတ်ပြီး ကိုင်းပင်များ ပြန်ပေါက်လာသည့် ကာလဖြစ်သည်။ ဒေသ၏ ရာသီဥတုပေါ်မူတည်ပြီး သနပ်ဖက်ပင်ကို မတ်လနှင့် ဧပြီလတွင် သနပ်ဖက် အပင်ဟောင်း၏ ပင်စည်ကို မြေကြီးမှ အထက် တစ်ပေကြားတွင် ခုတ်ဖြတ်ရသည်။ ခုတ်ဖြတ်ပြီး ကျန်ရှိသော ငုတ်တိုများမှ ထွက်လာမည့် ကိုင်းပင်များကို ပိုးအန္တရာယ်မှ ကာကွယ်နိုင်ရန် တချို့က ပိုးသတ်ဆေးရည်ဖျော်ပြီး အဝတ်စဖြင့် ထိုငုတ်တိုများကို လိုက်သုတ်ထားကြသည်။ တချိန်တည်းတွင် ကိုင်းပင်များ ပေါက်အားသန်အောင် အပင်ကြားကို ပေါက်ပြားဖြင့် တဖန်ပြန်ပေါက်ပေးရသည်။

ဧပြီလတွင် အပင်ငုတ်တိုမှ အသစ်ပြန်ပေါက်လာသော တပေခန့် အရွက်ကိုင်းပင်များကို အားကောင်းမည့်တစ်ပင်ကို ရွေးချယ်ချန်ထားပြီး ကျန်သည့် အပင်များအားလုံးကို နုတ်ထုတ်ပေးရသည်။ ထိုအချိန်မှ စပြီး သနပ်ဖက်ရွက်ခူးပြီးသည့်အထိ တစ်ပတ်တစ်ကြိမ် ပုံမှန် ပိုးသတ်ဆေးဖြန့်ပေးရသည်။ မေလတွင် ငုတ်တိုမှ ချန်ထားသော အပင်သည် နှစ်ပေ သုံးပေခန့်ရှိလာသောအခါ ၎င်း၏ ရွက်ကြားမှ ပေါက်လာသော အကိုင်းများကို နှုတ်ထုတ်ပေးရသည်။ မနုတ်ထုတ်ပါက အရွက်သေးစေသည့်အပြင် အပင်၏ ကြီးထွားမြင့်မားသန်စေသည့်အားကိုလည်း နည်းစေသည်။

ဇွန်လမှ စက်တင်ဘာလကာလတွင် သနပ်ဖက်ရွက်များကို ခူးပြီး ပေါင်းရသည့်ကာလဖြစ်သည်။ သနပ်ဖက်ပေါင်း/လျော်သည့်ကာလသည် သနပ်ဖက်ပင်ကြား၌ ပေါက်လာသည့် ပေါင်းပင်များကိုလည်း နှစ်ကြိမ်သုံးကြိမ် ဓားရှည်ဖြင့် ရှင်းပေးရသည်။ သနပ်ဖက်ပင်တစ်ပင်ကို ပျမ်းမျှအားဖြင့် လေးကြိမ်ခူးရသည်။ အပင်တစ်ပင်ကို တစ်ကြိမ်ခူးပါက ခြောက်ရွက်ဝန်းကျင်ခူးရသည်။ ခြံမှ ခြင်းတောင်းဖြင့် သယ်ယူလာသော သနပ်ဖက်ရွက်များကို ဓားဖြင့် သနပ်ဖက်ရွက်၏ အညာနှင့် အကြောများကို ဖယ်ထုတ်ပေးရသည်။ တရွက်စီဖယ်ထုတ်သည့်အချိန်တွင် သုံးမျိုးသုံးစားဖြင့် တစ်ခါတည်း ခွဲထားကြသည်။ အရွက်သေး အရွက်ကြီး ပိုးစား၍ ပေါက်သည့်အရွက် စသည်ဖြင့် ခွဲထားကြသည်။ ၎င်းအညာအကြောများ ဖယ်ထားပြီးသောအရွက်များကို ဖိုမှ သပ်ဆင်ထားသော ဒယ်အိုးပြားကြီးများပေါ်တွင် ခရုပတ်ပုံစံဖြင့် စီထည့်ပြီး သဲအိပ်အဝိုင်းဖြင့် ဖိထား၍ ပေါင်းထားရသည်။ ပေါင်းထားပြီး ဖက်ခြောက်များကို ခြင်းတောင်းထဲ့ တဖန် ခရုပတ်ပုံစံ ပြန်ထဲ့ရသည်။ ၎င်းကို မြို.ပေါ်ရှိ သနပ်ဖက်ပွဲရုံသို့ တင်သွင်းကြသည်။ တချို့ပွဲစားများက ရွာထိလိုက်ဝယ်ကြသည်လည်း ရှိသည်။

သနပ်ဖက်စိုက်ပျိုးလုပ်ကိုင်မှုကို အန္တရာယ်ပေးသော အရာသည် မိုးသီးများ၊ လေမုန်တိုင်းများ၊ ပိုးမွှားများဖြစ်သည်။ ထိုကြောင့် သနပ်ဖက်တောင်သူများသည် ရာသီဥတု အခြေအနေကို ခန်းမှန်းရန်အတွက် တောတွင်းရှိ သစ်ပင် ပန်းပင် အမျိုးမျိုးကို ကြည့်ပြီး ခန်းမှန်းကြသည်။ တိမ်ညိုများဖြင့် မိုးအုံလာပါက မိုးသီးများပါလာတတ်သည်ဟု ယုံကြည်ကြပြီး ထိုအခြေအနေမျိုးကို ကြုံတွေ့ပါက မိုးမရွာခင်အချိန်တွင် တူမီးသေနတ်ကို မိုးပေါ်ထောင်ပြီး ပစ်ဖောက်ကြသည်။ ၎င်းလုပ်ရပ်သည် မိုးသီးအန္တရာယ်ကျရောက်မလာအောင် ကာကွယ်သည့် သဘောဖြစ်သည်။ မိုးရွာချိန်မိုးသီးကျချိန်တွင် သေနတ်ပစ်ဖောက်မှု မပြုလုပ်တော့ပါ။ အကယ်၍ ပစ်ဖောက်ပါက မိုးသီးကို ကြိုဆိုသည့် သဘောဖြစ်သွားပြီး မိုးသီးများ ပိုမိုရွာချသည်ဟု ယူဆကြသည်။ လေတိုက်မှုအား ပြင်းထန်ပါက သနပ်ဖက်ရွက်များကို ပျက်စီးစေသည်။ တောင်စောင်းဒေသရှိ သနပ်ဖက်ခြံများတွင် လေအန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် သစ်ပင်ကြီးများဖြင့် ခြံစည်းရိုးပေါ်တွင် စိုက်ထားကြသည်။

သနပ်ဖက်၏ အကျိုးဆက်[ပြင်ဆင်ရန်]

သနပ်ဖက်ကုန်ကြမ်းမှ ထွက်လာသော ဆေးပေါ့လိပ်ကို သောက်သုံးသူတိုင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်။ သို့သော်လည်း ဓာတုပစ္စည်းဖြင့် ပြုလုပ်ထားသော စီးကရက်လောက် မပြင်းပါ။

သနပ်ဖက်ကုန်ကြမ်းသည် ပြင်ပသို့ တင်ပို့မှုမရှိသဖြင့် ပြည်တွင်းသာ သုံးစွဲသောကြောင့် ပြည်တွင်းအလုပ်လက်မဲ့ပြသာနာကို များစွာဖြေရှင်းပေးသည်။ မြို့ပေါ်ရှိ ပွဲရုံများသို့ တင်သွင်းသော သနပ်ဖက်များသည် ဆေးပေါလိပ် လိပ်ရန်အတွက် အရွယ်နှင့် အမျိုးအစားကို ပြန်ခွဲပေးရသည်။ ၎င်းသည် လက်မှုလုပ်ငန်းဖြစ်သဖြင့် လိုအပ်သောလုပ်အားများကို မြို့ပေါ်ရှိ အမျိုးသမီးအများစုက ဝင်ရောက်လုပ်ကိုင်ကြသည်။ ပြည်မသို့ တင်ပို့ရန်အတွက် သနပ်ဖက်ထည့်ရန် လိုအပ်သော ခြင်းတောင်းများ၊ ဝါးခြမ်းများ၊ ကုန်တင်ကုန်ချ လုပ်အားများကို မြို့ပေါ်ယောက်ျားအများစုက ဝင်လုပ်ကြသည်။ ထို့အပြင် မြင်းခြံ၊ ပဲခူးသို့ ရောက်ရှိနေသော သနပ်ဖက်ကုန်ကြမ်းများကို ဆေးလိပ်အဖြစ်သို့ လိပ်ရန်အတွင် တစ်ရွက်ခြင်း ဖြတ်ညပ်ရခြင်း၊ လိပ်ရခြင်း စသည်ဖြင့် လိုအပ်သည့် လုပ်အားများကို အလုပ်သမားအများအပြားခေါ်ယူရသည်။

ဤသနပ်ဖက်ဆေးပေါ့လိပ်လုပ်ငန်းကြောင့် အညာဒေသတွင် စိုက်ပျိုးလုပ်ကိုင်နေကြသော ဆေးရွက်ကြီးလုပ်ငန်းလည်း ၎င်းတို့ကုန်ကြမ်းများကို ဆေးလိပ်ခုံသို့ တင်ပို့ကြသည်။ နှစ်ပေါင်းများစွာ သနပ်ဖက်လုပ်ငန်းကို အရောင်းအဝယ် ပြုလုပ်နေသော ပွဲစားများ၏ အဆိုအရ လူတစ်ယောက်က သနပ်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ရင် ပြည်မရှိ အလုပ်လက်မဲ့ပြသာနာ သုံးယောက်ကို ဖြေရှင်းပေးနိုင်သည်ဟု ဆိုသည်။ ဖက်ကြမ်းဆေးပေါ့လိပ်ထက် ကျန်းမာရေးကို ပိုထိခိုက်စေ သည့် စီးကရက်လုပ်ငန်းသည် စက်ဖြင့်ထုတ်လုပ်သောကြောင့် လူ့လုပ်အားနည်းနည်းသာ လိုအပ်သဖြင့် ထွက်လာသည့် အကျိုးအမြတ်သည် ကုမ္ပဏီပိုင်ရှင်သာ ခံစားရသည်။ သနပ်ဖက်ဆေးပေါ့လိပ်လုပ်ငန်းသည် လက်မှုလုပ်ငန်းဖြစ်သဖြင့် ၎င်းမှ ထွက်လာသည့်အကျိုးအမြတ်သည် များစွာသော အလုပ်သမားများကို ပါခွဲဝေ ခံစားစေကို တွေ့ရသည်။

ကိုးကား[ပြင်ဆင်ရန်]

မှတ်ချက်။ ။ ဤဆောင်းပါးအား ဗွာသရား မှ ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်သည်။