သတ္တုနှင့်သတ္တုလုပ်ငန်း

ဝီကီပီးဒီးယား မှ

သတ္တုနှင့်သတ္တုလုပ်ငန်း[ပြင်ဆင်ရန်]

သတ္တုကိုအဓိပ္ပာယ်တိကျစွာဖော်ပြရန်ခဲယဉ်းသည်။ သို့သော်သတ္တုဟုခေါ် သောဒြဗ်စင်များတွင် အပူနှင့် လျှပ်စစ်ဓာတ်လိုက်လွယ်ခြင်း၊ မာကျောခြင်း၊ ထူပိန်းခြင်း၊ အလင်းပြန်လည်ရိုက် ဟတ်နိုင်ခြင်း၊ အပြားရိုက်ခတ်နိုင်ခြင်း၊ နန်းဆွဲခံနိုင်ခြင်း၊ အလေးချိန်စီးခြင်း၊ ပစ္စည်းသန့်သန့်ဖြစ်မူ သလင်းပွင့်အနေဖြင့်တွေ့ရခြင်း၊ သာမန်အပူချိန်တွင် အစိုင်အခဲအဖြစ်၌တည်ရှိခြင်း စသည့် ဂုဏ်သတ္တိများရှိကြောင်း တွေ့ရသည်။ သတ္တုတို့၏အခြားထူးခြားသောဂုဏ်တစ်ရပ်မှာ တစ်မျိုးနှင့် တစ်မျိုးရောစပ်၍ မရေမတွက်နိုင်အောင် များပြားလှသော သတ္တုစပ်များကိုဖြစ်စေနိုင်ခြင်းပင်ဖြစ်၏။ ကမ္ဘာပေါ်တွင်တွေ့ရှိရသော ဒြဗ်စင် ၉ရ ခုအနက် ၅ရ ရာခိုင်နှုန်းခန့်သာ သတ္တုများဖြစ်သည်။ သို့ရာတွင် သတ္တုတိုင်း၌ကား ဆိုခဲ့သောဂုဏ်များမရှိချေ။ ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်သတ္တုများသည် ရေထက်ပင်ပေါ့ပါးကြသည့်ပြင် လှီးဖြတ် ၍ရလောက်အောင်ပင်ပျော့ပျောင်းကြ၏။

မာကျူရီ(ပြဒါး)သည်သာမန်အပူချိန်၌· ၄ဝ ဒီဂရီဖာရင်ဟိုက်၌ ခဲသွားသည်။ တန်စတင်သည် သာမန်အပူချိန်၌အခဲဖြစ်၍ ၆၁ဝဝ ဒီဂရီဖာရင်ဟိုက်၌အရည်ပျော်၏။ ဤန်တီမိုနီ (ခနောက်စိမ်း)နှင့် ဗစ်စမတ်(ကြွပ်)တို့မှာအလွန်ကြွပ်ဆပ်သဖြင့် အနည်းငယ်ထုရိုက်ရုံမျှဖြင့် ကွဲထွက်ကုန်ကြ၏။ သတ္တုများတွင်ဖြစ်သော ဓာတ်ပြောင်းလဲမှုများသည် သတ္တုအမျိုးအစားကိုလိုက်၍ ကွဲပြားခြားနားကြသည်။ ပလက်တီနမ်(ရွေွှဖြူ)နှင့်ရွှေကဲ့သို့သောအဖိုးတန်သတ္တုများသည် အပြင်းဆုံး ဓာတ် ပစ္စည်းများဖြင့်ထိတွေ့မှသာလျှင် ဓာတ်ပြောင်းလဲမှုများဖြစ်ကြသည်။ သို့သော် ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ လစ်သီယမ်စသည့် သတ္တုများမှာမူကား ရေဖြင့်တွေ့ထိရုံမျှနှင့်ပင်လွယ်ကူစွာ ဓာတ်ပြောင်းလဲမှုများဖြစ်နိုင်ကြလေသည်။

ဓာတုဗေဒအရ သတ္တုတို့၏အောက်ဆိုက်များသည် များသောအားဖြင့်ဗေ့များဖြစ်ကြသည်။ သတ္တုမဟုတ်သည့် ဒြဗ်စင်တို့၏အောက်ဆိုက်များမှာမူကား ရေတွင်ပျော်ဝင်၍ အက်ဆစ်အဖြစ်သို့ ပြောင်းသွားနိုင်ကြသည်။ ပုံပမာ သတ္တုများဖြစ်ကြသည့်သံနှင့်ကြေးနီတို့၏အောက်ဆိုက်များသည် ဗေ့များဖြစ်ကြသည်။ ကန့်နှင့်ကာဗွန်မှာသတ္တုများမဟုတ်ချေ။ ဤ ဒြဗ်စင်တို့၏အောက်ဆိုက်များသည် ရေတွင်ပျော်ဝင်ကြပြီး လျှင် ဆာလဖျူရစ်အက်ဆစ်နှင့်ကာဗွန်နစ်အက်ဆစ်ဟူ၍ အသီးသီးဖြစ်လာကြသည်။ သို့သော် ဤဓာတ် ဂုဏ်များလောက် ဖြင့် သတ္တုကိုခွဲခြားသတ်မှတ်၍မဖြစ်နိုင်သေးပေ။ အဘယ်ကြောင့် ဆိုသော် အာစနစ် (စိန်ဖြူ) ၊ အန်တီမိုနီ (ခနောက်စိမ်း) တို့ကဲ့သို့သောဒြဗ်စင်အချို့တွင်ဆိုခဲ့သောဓာတ်ဂုဏ်နှစ်မျိုးစလုံး ရှိနေသောကြောင့်ဖြစ်သည်။

ပြဒါး၊ ရွှေအစရှိသော သတ္တုအချို့မှလွဲ၍ အခြားသတ္တုများကိုသန့်သန့်တွေ့ရခဲသည်။ များသောအားဖြင့် သတ္တုများကို အိုင်းယန်း(သံ)၊ မာကျူရီ(ပြဒါး)၊ ကော့ပါး (ကြေးနီ)တို့တွင်ကဲ့သို့ဆာလဖိုက်အနေဖြင့်၎င်း၊ အလျူမီနီယမ်၊ အိုင်းယန်း(သံ) ၊အာစနစ်(စိန်ဖြူ)တို့တွင်ကဲ့သို့ အောက်ဆိုက်အနေဖြင့်၎င်း၊ မက်ဂနီဇီယမ်၊ ကယ်လဆီယမ် တို့တွင်ကဲ့သို့ ကာဗွန်နိတ်အနေဖြင့်၎င်း၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်တို့တွင်ကဲ့သို့ ကလိုရိုက်အနေဖြင့်၎င်း တွေ့ရှိရတတ်သည်။ သတ္တုရိုင်းများတွင်ပါရှိသည့် သတ္တုတို့၏အတိုင်းအဆမှာ လည်းအမျိုးမျိုးရှိသည်။ ဂလီးနားသတ္တုရိုင်းသည်ခဲရာခိုင်နှုန်း ၈ဝကျော်ပါရှိသော်လည် ပစ်ချဗလင်း သတ္တုရိုင်းကိုတန်နှင့်ချီ၍အသုံးပြုပါမှ ရေဒီယမ်အနည်းငယ်ခန့်ကို ရရှိနိုင်သည်။

ယခုခေတ်သည်သတ္တုခေတ်ဖြစ်သည့်အလျောက် ကျွန်ုပ်တို့သည် သတ္တုများကိုအမျိုးမျိုးအသုံးပြုလျက်ရှိကြသည်။ ရွှေ၊ ငွေ၊ ပလက်တီနမ်တို့ကဲ့သို့သော အဖိုးတန်သတ္တုများဖြင့် အလှပြအထည်များ၊ ကြေးငွေများ၊ ကိုယ်တွင်ဆင်မြန်းရန် အဝတ်အစားတန်ဆာများကိုပြုလုပ်ကြသည်။ အလျူမီနီယမ်(ဒန်)၊ အိုင်းယန်း(သံ)၊ ကောပါး (ကြေးနီ)၊ ဇင့်(သွပ်)၊ တင်း(သံဖြူ)၊ လက်(ခဲ)တို့ ကဲ့သို့သော အတွေ့ရများသောသတ္တုများကို အိမ်အသုံးအဆောင်များနှင့် အင်ဂျင်နီယာလုပ်ငန်းများတွင်သုံးသည်။ သို့သော်အထက်ပါ သတ္တုများမှာ သတ္တုချည်းသက်သက်ဆိုလျှင် ကျွန်ုပ်တို့လိုအပ်သည့်ဂုဏ်များဖြင့် မပြည့်စုံသောကြောင့် များစွာအသုံးဝင်လှမည်မဟုတ်ပေ။ ဤသတ္တုများကို နစ်ကယ်၊ ကက်ဒမီယမ်၊ ကရိုမီယမ်၊ တန်စတင်၊ မော်လစ်ဒီနမ်၊ မန်ဂနိ၊ ကိုဗော့၊ ဗနေဒီယမ်၊ အန်တီမိုနီ၊ ဗစ်စမတ် တို့ကဲ့သို့ အခြားသောသတ္တုများဖြင့်ရောပေးသောအခါ အသုံးအမျိုးမျိုးအတွက် လိုအပ်သောဂုဏ်များ နှင့်ပြည့်စုံလာလေသည်။

ပုံပမာ၊ သံအစစ်မှာသုံးမရနိုင်လောက်အောင်ပျော့သဖြင့် ယင်းသတ္တုကိုအခြားသတ္တုများဖြင့်ရော၍ သုံးကြရသည်။ မန်ဂနိနှင့် ရောစပ်ထားသောသတ္တုစပ်သည် လက်နက်များပြုလုပ်ရာ၌ အသုံးဝင်သည်။ ကရိုမီယမ်နှင့် ရောစပ်ထားသောသတ္တုစပ်မှာ သံချေးမတက်နိုင်သဖြင့် အစွန်းခံသံမဏိဟုအမည်တွင်သည်။ သံတွင် နစ်ကယ် အနည်းငယ် ရောပေးလျှင် နန်းဆွဲခံသတ္တိပို၍ကောင်းလာသည်။ ရွှေငွေတို့ဖြင့်ပြုလုပ်သော ဝတ်စားတန်ဆာတို့ကို အပွန်းခံနိုင်စေရန် အခြားသတ္တုများဖြင့်ရောနှောသုံးစွဲကြရသည်။

ရှေးအခါကလူတို့သည် သတ္တုတို့၏ဂုဏ်များကို လေ့လာပြီးသည့်နောက်မှ ထိုသတ္တုတို့ကို မည်ကဲ့သို့ အသုံးချနိုင်မည့် နည်းများကိုတွေးတောကြံဆကြလေသည်။ သို့သော်ယခုခေတ်တွင်မူကား လူတို့သည်မရေမတွက်နိုင် လောက်အောင်များပြားလှသောသတ္တုစပ်များကို ပြုလုပ်နိုင်ကြ ပြီဖြစ်သောကြောင့် လုပ်ငန်းတစ်ခုတွင်လိုမည့်သတ္တု၏ဂုဏ်သတ္တိ ကို ပထမစဉ်းစား၍ ထိုဂုဏ်သတ္တိနှင့်ပြည့်စုံသောသတ္တုကို ပြုလုပ်ယူလေ့ရှိကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)