သတ္တုစပ်

ဝီကီပီးဒီးယား မှ
Wood's metal, a eutectic, low melting point alloy of bismuth, lead, tin, and cadmium

ကမ္ဘာကြီးအတွင်း တွေ့ရှိရသမျှသောဒြဗ်စင်အားလုံးတို့သည် သတ္တုချည်းမဟုတ်ကြ ချေ။ အချို့သောဒြဗ်စင်တို့မှာဓာတ်ငွေ့များဖြစ်ကြ၍ အချို့မှာ သတ္တု၊ အချို့မှာ သတ္တုမဟုတ်သောပစ္စည်းများဖြစ်ကြ၏။ သတ္တုများထဲတွင် နှစ်ဒါဇင်လောက်သောသတ္တုအချို့ကိုသာ လျှင်လူတို့အသုံးများခဲ့ရာ ကျန်သတ္တုများမှာကား အလွန်ရှားပါးလှသည့်ပြင် သတ္တုရိုင်းမှထုတ်ယူရန်မှာလည်း များစွာခဲယဉ်းသောကြောင့် အသုံးမဝင်လှချေ။

လူတို့အသုံးများသောသတ္တုများပင်လျှင် ပစ္စည်းသန့်သန့်အနေဖြင့်များစွာအ သုံးမဝင်လှသဖြင့် အနည်းအကျဉ်းလောက်ကိုသာ သန့်သန့်အတိုင်းအသုံးချကြ၏။ သို့ရာတွင်သတ္တုတစ်ခုခုသည် အခြားသတ္တုတစ်ခုနှင့်ဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ ရောစပ်လိုက်ရာမှ ဖြစ်ပေါ်လာသော ပစ္စည်းသစ်သည် ထူးကဲသောဂုဏ်သတ္တိများနှင့် ပြည့်စုံ၍ ပစ္စည်းသန့်သန့်ထက်ပင် ပိုမိုအသုံးဝင်တတ်သည်ကိုတွေ့ရလေ သည်။ ထိုကဲ့သို့ရောစပ်၍ရသောပစ္စည်းသစ်ကို သတ္တုစပ်ဟုခေါ်၏။ သတ္တုစပ်အမျိုးပေါင်းမှာ ယခုအခါအလွန်များပြားနေပြီ ဖြစ်သည်။ စက်မှုလုပ်ငန်းကြီး များသည်လည်း ထိုသတ္တုစပ်များကြောင့်ပင် လျှင်များစွာ တိုးတက်ကြီးပွားလာလေသည်။ သံကိုလူတိုင်းသိကြ၏။

သံသည်သတ္တုများတွင်အသုံးဝင်ဆုံးသောသတ္တုတစ်ခုဖြစ်၏။ သို့သော်သံချည်းသက်သက်နှင့်လုပ်ထားသောဓားသည်ပျော့၍ အသုံးမဝင်လှချေ။ သံကိုကာဗွန်ရာခိုင်နှုန်းတစ်လောက် နှင့်ရောစပ်လိုက်သောအခါသံမဏိခေါ် သတ္တုစပ်ဖြစ်လာ၍ ထိုသံမဏိသည်သံချည်းသက်သက်ထက်မည်မျှ အရေးပါအရာရောက်သည်ကိုလူတိုင်းပင်ကောင်းစွာ သိကြပေသည်။ သို့သော်သံနှင့်ရောစပ်ရာတွင် ကာဗွန် ရာခိုင်နှုန်းများသွားပါကလည်းဆတ်၍ကြွေလွယ်ပဲ့လွယ် ဖြစ်တတ်သည်။ ထိုကြောင့်သံမဏိကောင်းရနိုင်ရေး အတွက်သံကိုကာဗွန်နှင့်ရောစပ်သောအခါ ကာဗွန်ရာခိုင်နှုန်းကို အပိုအလိုမဖြစ်စေဘဲ အံကိုက်ဖြစ်ရုံ အချိုးမှန်မှန်ရောစပ်ရန် လိုလေသည်။

သံချေးမတက် အစွန်းမထင်နိုင်သော အစွန်းခံ သတ္တုစပ်များပြုလုပ်ရာ၌ ကရိုမီယမ်သတ္တုသည် အရေးပါ အရာရောက်ဆုံးသောသတ္တုတစ်ခုဖြစ်၏။ သံချေးတက်၍သော်လည်းကောင်း၊ သံချေးစား၍သော်လည်းကောင်း၊ သံနှင့် သံမဏိများသည် တစ်နှစ်၊ တစ်နှစ်လျှင်တန်ချိန်ပေါင်း များစွာပျက်စီးခဲ့ရလေသည်။ သို့သော်သံနှင့်သံမဏိများကို ကရိုမီယမ်၊ သို့မဟုတ်နစ်ကယ်ရောထားသော ကရိုမီယမ်နှင့် ရောစပ်လိုက်သောအခါ အလွန်အဖိုးတန်သောသတ္တုစပ်တစ်ခု ဖြစ်လာ၍ သံချေးတက်ခြင်း၊ သံချေးစားခြင်း၊အက်ဆစ်စားခြင်း တို့ကို အလွန်ခံနိုင်ရည်ရှိ လေသည်။ ဤသို့ထူးကဲသော ဂုဏ်သတ္တိရှိသောကြောင့် သားလှီးဓားများ၊ ဂေါက်သီးရိုက်တံ ထိပ်ဖျားများ၊ တံခါးလက်ကိုင်ဖုများ၊ ကလောင်သွားများ၊ ရေသို့မဟုတ် လေရဟတ်သွားများ၊ခြောက်လုံးပူးနှင့်ရိုင်ဖယ် သေနတ်အစိတ်အပိုင်းများ၊ငါးမျှားတံများ၊နာရီအိမ်များ၊ မျက်မှန်ပေါင်မျက်မှန်ကိုင်းများနှင့် အခြား အလားတူ ပစ္စည်းများကိုဤသတ္တုစပ်များဖြင့်ပြုလုပ်ကြလေသည်။ နစ်ကယ်နှင့်ကရိုမီယမ်သတ္တုနှစ်မျိုးကိုရောစပ်ထားသော သတ္တုစပ်သည်အလွန်ပြင်းသောအပူဒဏ် ကိုခံနိုင်ရည်ရှိ၏။ မည်မျှပူပြင်းသော်လည်းအလွယ်တကူနှင့်မလောင်ကျွမ်းနိုင်ချေ။

ထိုကြောင့်အီလက် ထရစ်ရေးယေတာခေါ် လျှပ်စစ်ဓာတ်ဖြင့်အပူငွေ့ပေးသော အပူငွေ့ပေးဓာတ်မီးဖိုများ အတွင်းရှိ အလွန် သေးငယ်သော နန်းကြိုးကိုဤသတ္တုစပ်ဖြင့် ပြုလုပ်ကြလေသည်။ ထိုနန်းကြိုးကလေးတွင်လျှပ်စစ်ဓာတ် ကိုဖြတ်စေလိုက်သောအခါနီရဲလာ၏။ သို့သော်လည်း ထိုနန်းကြိုးကလေးသည် လောင်ကျွမ်းသွားခြင်း မရှိချေ။ သတ္တုနှစ်ခု၊ သို့မဟုတ် နှစ်ခုထက်ပို၍ ရောစပ်ထားသောသတ္တုစပ်သည်နဂိုသတ္တုသန့်သန့်တို့ထက် ပိုမိုအသုံးဝင်ကြောင်းကိုရှေးမဆွကပင်သိရှိခဲ့ကြ၏။ ပုံပမာ· ကောပါး (ကြေးနီ)သတ္တုသန့်သန့်သည် အရာရာတိုင်းတွင် အသုံးပြုရန် များစွာမသင့်လျော်လှသော်လည်း ဇင့် (သွပ်)နှင့် ရောစပ်၍ကြေးဝါသတ္တုစပ် ဖြစ်လာသောအခါ ကြေးနီထက်မာ၍ အလွယ်တကူနှင့်အရောင်မှိန်မသွားနိုင်ချေ။ ရွေွှစင် ငွေစင်တို့သည်နဂို အနေအထားအားဖြင့် အလွန်ပျော့၍ ပွန်းပဲ့လွယ်၏။ သို့သော် အခြားသတ္တုများနှင့် အချိုးအမျိုးမျိုးနှင့်ရောစပ်သောအခါ မူလကထက်မာလာလေသည်။ ပုံပမာ·ကျပ်သုံး ဒင်္ဂါးတွင်ငွေစစ်စစ် ၉ .၂၅ နှင့်ကြေးနီ ဝ.၇၅ တို့ကိုရောစပ်ထားသောကြောင့် အသံသာ၏။ မာ၏။ လွယ်လွယ်နှင့်လည်းမပွန်းပဲ့နိုင်ချေ။

အလွန်အဖိုးတန်သောသတ္တုစပ်များကို ရှာကြံလုပ်ကိုင်ခဲ့ရာတွင် အလျူမီနီယမ်သတ္တုစပ်သည်များစွာ အသုံးဝင်သည်ကိုတွေ့ရလေသည်။ အထင်ရှားဆုံးသော အလျူမီနီယမ်သတ္တုရောမှာ ဒျူရာလျူမင်ပင်ဖြစ် သည်။ ဒျူရာလျူမင်တွင်အလျူမီနီယမ်နှင့်ကော့ပါး(ကြေးနီ)အပြင် မန်ဂနိနှင့်မက်ဂနီဇီယမ်အနည်းငယ် အချိုးကျရောနှော ပါဝင်လျက်ရှိသည်။ ဤသတ္တုစပ်သည်အလွန်ပေါ့ပါး၍ ခိုင်မာသောကြောင့်လေယာဉ်ပျံများတည်ဆောက်ရာတွင် များစွာအသုံးပြုကြရလေသည်။ ဤသတ္တုစပ်၏ထူးခြားချက် တစ်ရပ်မှာ ပူလာသောအခါ သတ္တိပို၍ပင်ကောင်းလာသေးသော အချက်ဖြစ်သည်။ ထိုကြောင့်အပူကိုခံနိုင်ရည်ရှိရမည့်စက် များလုပ်ကိုင်ကြရာတွင် ဤသတ္တုစပ်ကိုအသုံးပြုကြသည်။ ယင်းသတ္တုစပ်ကိုအခြေပြု၍အခြားအလျူမီနီယမ် သတ္တုစပ်များတစ်စတစ်စဖြစ်ပေါ်လာပေသေးသည်။

စက်မှုလုပ်ငန်းတိုးတက်လာသည့်နှင့်အမျှ တွင်ခုံများလည်းအသုံးများလာရာ တွင်ခုံများတွင်အလွန် မာကျောခိုင်ခန့်သည့်သံမဏိစူးဆောက်များ ရရှိရေးမှာလည်း တစ်နေ့ထက်တစ်နေ့ပိုမို အရေးကြီးလာသည်။ ယခင်ကဆိုလျှင် စူးဆောက်တန်ဆာပလာများသည် သုံးဖန်များလာ၍ပူလာသော အခါ ဆေးသားလျော့၍ သွားသဖြင့် အသွားများကြွေတတ် လေသည်။ ထိုကြောင့်ထိုကဲ့သို့မဖြစ်စေရန် စက်လည်သည့်နှုန်းကို လျော့ထားရသဖြင့် အလုပ်မှာကြန့်ကြာ သွားလေသည်။ ထိုကြောင့်ထိုကဲ့သို့မဖြစ်စေရန် စက်လည်သည့် နှုန်းကိုလျော့ထားရသဖြင့် အလုပ်မှာကြန့်ကြာသွားလေသည်။ သို့ရာတွင် ၁၈၆၈ ခုနှစ်လောက်မှစ၍အဆိုပါတန်ဆာပလာများ ပြုလုပ်ရန်အတွက်အလွန်ကောင်းသော သတ္တုစပ်တစ်မျိုးကို တွေ့ရှိလာခဲ့လေသည်။ ထိုသို့တွေ့ရှိမှုကြောင့်စက်မှုလုပ်ငန်းတွင် များစွာအထောက်အပံ့ရခဲ့ရုံမက ကမ္ဘာအရပ်ရပ်ရှိ သတ္တုလုပ်ငန်းတစ်ခုလုံးပင် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလေ သည်။ ထိုသတ္တုစပ်မှာ အခြားမဟုတ် သံမဏိနှင့်တန်စတင်တို့ ကို ရောစပ်ထားသောသတ္တုစပ်ပင်ဖြစ်လေသည်။

အလားတူသတ္တုစပ်ရရှိရေးအတွက် သံမဏိနှင့်ရောစပ်ရန် အကောင်းဆုံးသောသတ္တုအချို့မှာ ကရိုမီယမ်၊ဗနေဒီယမ်၊ကိုဗော့၊ မန်ဂနိနှင့် မိုလစ်ဒီနမ်တို့ဖြစ်ကြသည်။ ဤသတ္တုစပ်များသည် အလွန်မာ၍ အပူကိုလည်း အလွန်ခံနိုင်ရည်ရှိကြ၏။ ပထမကမ္ဘာစစ်ကြီးအတွင်းက ဗြိတိသျှတို့တွေ့ရှိခဲ့၍ အထက်တန်းစားသံမဏိဟုခေါ်တွင်သောအမာဆုံး၊အကောင်း ဆုံးအစား သံမဏိစပ်တစ်မျိုးမှာ မိုလစ်ဒီနမ်၊ကရိုမီယမ်၊ ဗနေဒီယမ်၊ကာဗွန်နှင့်သံသန့်သန့်တို့ကိုရောစပ်ထားသော သတ္တုစပ်ဖြစ်လေသည်။

အချို့တွင်ခုံများတွင်အသုံးပြုသောစို့ဆောက်များ၌ သံမဏိပင်လုံးလုံးမပါချေ။ ကရိုမီယမ်၊ တန်စတင်နှင့် ကိုဗော့တို့ကို အချိုးကျကျရောစပ်ထား၍ ရရှိသောစတဲလိုက်ခေါ် သတ္တုစပ်နှင့်လုပ်ထားသည့် ဆောက်အသွားများသည် မာရုံတင်မက အပူပြင်းလာလေလေ မာလေလေဖြစ်လာသေး၏။ စိန်အပြင် အမာဆုံးသောသတ္တုစပ်မှာ တန်စတင်၊ ကာဗိုက်နှင့်ကိုဗော့တို့ပါဝင်ရောစပ်ထား၍ ထိုသတ္တုစပ်ကို ကာဗို လွိုင်ဟုခေါ်၏။ သံမဏိနှင့်မန်ဂနိတို့ရောစပ်ထားသော သတ္တုစပ်သည်အလွန်မာသောကြောင့် ကာဗိုလွိုင် စို့များ၊ ဆောက်များနှင့်သာဖြတ်နိုင်၏။ ထိုအတူသံမဏိနှင့်မိုလစ်ဒီနမ်တို့ ရောစပ်ထားသောသတ္တုစပ်ကိုလည်း မအက်မကွဲနိုင်သောကြောင့် သေနတ်ပြောင်းအတွင်းခံအဖြစ်၎င်း၊ လေယာဉ်ပျံထောက်များ၊ ရဟတ်ဝင်ရိုးများနှင့်သူခိုးအာမခံသံမဏိသေတ္တာများလုပ်ကိုင်ရာ၌ များစွာ အသုံးပြုကြလေသည်။

ကရိုမီယမ်သည် သတ္တုထဲတွင် အမာဆုံးသောသတ္တု တစ်မျိုး ဖြစ်သည်။ ကရိုမီယမ်ကိုသံမဏိနှင့်ရောစပ်လိုက်သော အခါ အလွန်မာသော သတ္တုစပ်တစ်မျိုးကိုရ၍ အမြောက်ဆန်၊ ကျည်ဆန်များ၊ ဗောဗယ်ရင်များ၊ သံချပ်ကာများပြုလုပ်ရာတွင် များစွာအသုံးပြုကြသည်။ ထိုကရိုမီယမ်နှင့် သံမဏိသတ္တုစပ်ထဲသို့ နစ်ကယ်ကို ထပ်မံရောစပ်၍ရရှိသော သတ္တုစပ်မှာလည်း အလွန်မာသဖြင့် မော်တော်ကားဂီယာကဲ့သို့သော ပစ္စည်းများ ပြုလုပ်ရန်အတွက်များစွာအဖိုးတန်လေသည်။ စာပုံနှိပ်စက်လုပ်ငန်းများတွင်အသုံးပြုသော ခဲပုံနှိပ် စာလုံးများသည် စိတ်ဝင်စားဖွယ်ကောင်းသော သတ္တုစပ်များ ဖြစ်ကြ၏။ ထိုခဲပုံနှိပ်စာလုံးများကို များသောအားဖြင့် ခဲနှင့်အန်တီမိုနီကိုရောစပ်ထားသော သတ္တုစပ်ဖြင့်လုပ်ထား၏။ တစ်ခါတစ်ရံ ခဲနှင့်အင်တီမိုနီတွင် တင်း (သံဖြူ) နှင့်ဗစ်စမတ် တို့ကိုပါ အနည်းငယ်ထည့်၍ရောစပ်ထားလေသည်။

မည်သည့်ပစ္စည်းမဆို ပူလာလျှင်ကားထွက်လာ၍ အေးသွားလျှင် ကျုံ့ဝင်သွားစမြဲဖြစ်၏။ သို့သော်ပုံနှိပ်ခဲစာလုံးများလုပ်သော သတ္တုစပ်မှာကား ဤသို့မဟုတ်ပေ။ ကျိုထား၍ အရည်ဖြစ်နေရာမှ အေးသွားလျှင် ကားထွက်လာသဖြင့် ပုံသွင်းရာတွင်အလွန်ထင်ရှားပြီသသော စာလုံးများကို ရလေသည်။

အခြားသတ္တုစပ်များမှာ ကော့ပါး(ကြေးနီ)နှင့် တင်း(သံဖြူ)တို့ကိုရောစပ်ထားသော ဗရွန်း(ကြေးညို) ကော့ပါး(ကြေးနီ)၊ ဇင့်(သွပ်)နှင့်နစ်ကယ်တို့ကိုရောစပ်ထားသော ဂျာမန်ငွေ၊တင်း(သံဖြူ)၊ကော့ပါး(ကြေးနီ) နှင့်အန်တီမိုနီတို့ကိုအထူးရောစပ်ထားသော ဗာ့ဗစ်သတ္တုစပ်၊တင်း(သံဖြူ)နှင့်လက်(ခဲ)တို့ကိုရောစပ်ထား သောပျူတာသတ္တုစပ်၊ တင်း၊ဇင့်၊ ကော့ပါး၊ ဗစ်စမတ်၊ ဂိုး(ရွှေ)၊ ဆီးလဗား(ငွေ)၊ စသည် တို့ဖြင့်ရောစပ်ထားသော ဂဟေများဖြစ်ကြ၏။ သေနပ်၊ အမြောက်လုပ် သတ္တုစပ်သည် ကြေးညိုတမျိုးပင်ဖြစ်၏။ မာကျူရီ (ပြဒါး)ဖြင့်ရောစပ်ထားသော သတ္တုစပ်များကိုမူအမာလဂမ်ဟုခေါ်၏။

သတ္တုစပ်အမျိုးပေါင်းမှာ ယခုအခါအလွန်များပြားလာသော်လည်း အောက်တွင်ဖော်ပြထားသော သတ္တုများမှလာခြင်းသာဖြစ်သည်။ ထိုသတ္တုများမှာ များသောအားဖြင့်အလျူမီနီယမ်၊ အန်တီမိုနီ၊ အာစနစ်၊ ဗစ်စမတ်၊ ကက်ဒမီယမ်၊ ကာဗွန်၊ ကရိုမီယမ်၊ ကိုဗော့၊ ကော့ပါး(ကြေးနီ)၊ ဂိုး(ရွှေ)၊ အီရစ်ဒီယမ်၊ အိုင်းယန်း(သံ)၊ လက်(ခဲ)၊ မက်ဂနီဇီယမ်၊ မန်ဂနိ၊ မာကျူရီ(ပြဒါး)၊ မိုလစ်ဒီနမ်၊ နစ်ကယ်၊ ပလေဒီယမ်၊ ဖော့စဖောရပ်၊ ပလက်တီနမ်၊ ဆီလီကွန်၊ ဆီးလဗား(ငွေ)၊ သိုရီယမ်၊ တင်း(သံဖြူ)၊ တန်စတင်၊ ဗနေဒီယမ်၊ ဇင့်(သွပ်)တို့ဖြစ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)