သစ်စေး
Gluta usitata | |
---|---|
Illustration by Vishnupersaud from en:Plantae Asiaticae Rariores | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Sapindales |
မျိုးရင်း: | Anacardiaceae |
မျိုးရင်းသေး: | Anacardioideae |
မျိုးစု: | Gluta |
မျိုးစိတ်: | G. usitata
|
ဒွိနာမ | |
Gluta usitata (Wall.) Ding Hou.
| |
Synonyms[၁] | |
Melanorrhoea usitata Wall. |
သစ်စေး (Thitsi) ၏ ရုက္ခဗေဒ အမည်မှာ Melanorrhoea usitata ဖြစ်သည်။ သစ်စေးသည် သစ်ပင်၏အခေါက်နှင့် အသားကြားထဲမှထွက်သော အစေးဖြစ်သည်။ အချို့အပင်များ၏အခေါက်ကို ခြစ်လိုက်လျှင် အစေးထွက်လာသည်။ အချို့အပင်များမှာမူ အခေါက်ကို ထစ်ပေးမှ အစေးထွက်လာ သည်။ မည်သို့ပင်ဖြစ်စေ အခေါက်ကို စံနစ်တကျထစ်ပေးခြင်း၊ ခြစ်ပေးခြင်း၊ ထွင်းပေးခြင်းသည် သစ်စေးကို တိုးပွားစေလေသည်။ သစ်စေးကို အပင်အမျိုးမျိုးမှ ရရှိသည်။ ထင်းရှူးပင်အမျိုးမျိုးမှလည်း ရရှိသည်။ မြန်မာနိုင်ငံတွင် သစ်စေး ထုတ်လုပ်ရရှိသော အပင်ကို သစ်စေးပင်ဟု ခေါ်လေသည်။
အခေါက်ကို ထစ်လိုက်သဖြင့် ထွက်လာသော အစေးသည် နို့ရည်ကဲ့သို့ ထွက်သော်လည်း လေနှင့် ထိပြီးသည့်နောက်တွင် အစေးနှင့်ရောနှောပါဝင်သော ဆီအနည်းအများကို လိုက်၍ အချို့သည် ပျစ်ချွဲချွဲဖြစ်သွားသည်။ အချို့သည် ခဲသွားသည်။ သစ်စေး၌ ဖွဲ့စည်းပါဝင်သော အရာဝတ္ထုတို့အနက် ထူးခြားသော အရာဝတ္ထုနှစ်မျိုးတို့မှာ ရက်ဇင်နှင့် ရက်ဇင်အက်ဆစ်တို့ ဖြစ်သည်။ ဒမားဟုခေါ်သော သစ်စေးမျိုးကဲ့သို့ အချို့သစ်စေးတို့တွင် ရက်ဇင် ၉ဝ ရာခိုင်နှုန်းပါဝင်၍ အက်ဆစ် ၁ဝ ရာခိုင်နှုန်း ပါသည်။ အချို့ သစ်စေးများတွင်မူ အက်ဆစ် ၉ဝ ရာခိုင်နှုန်းပါဝင်၍ ရက်ဇင် ၁ဝ ရာခိုင်နှုန်း ခန့်သာ ပါဝင်လေသည်။
ကုန်သွယ် စီးပွားရေးလောကတွင် သစ်စေးနှင့် ကော်စေးကို သတ်သတ်မှတ်မှတ်ခွဲခြားထားခြင်း မရှိချေ။ သစ်စေးကို ကော်စေးအဖြစ်လည်းကောင်း၊ ကော်စေးကို သစ်စေးအဖြစ်လည်းကောင်း ရောင်းဝယ်ဖောက်ကားမှုလည်း ပြုကြသည်။ သို့သော် သဘာဝအားဖြင့် သစ်စေးနှင့် ကော်စေးတို့သည် မတူချေ။ ခြားနားချက်မှာ ကော်စေးသည် ကာဗိုဟိုက်ဒရိတ် ဓာတ်ပစ္စည်းမျိုးဖြစ်သော ကော်မှုန့်နှင့် ပို၍ နီးစပ်သည်။ သစ်စေးသည် တာပင်းကဲ့သို့ ဆီပါသောဓာတ်ပစ္စည်းမျိုးတို့နှင့် ပို၍နီးစပ်သည်။ ကော်စေးကို ရေဖြင့်ဖျော်၍ ပျော်သော်လည်း သစ်စေးကို ရေဖြင့် ဖျော်၍မရချေ။ အယ်လကိုဟောအရက် စသော ဩဂဲနစ် အဖျော်ပစ္စည်းများဖြင့်သာ သစ်စေးကို ပျော်အောင်ပြုလုပ်ရသည်။ သစ်စေးကို မီးရှို့ကြည့်လျှင် ပျော့၍ပျော်လာပြီးနောက် မီးတောက်သည်။ ကော်စေးမှာမူ မီးကျွမ်း၍ မည်းသွားပြီးလျှင် သကြားတူးသည့် အနံ့မျိုး ထွက်လေသည်။
သစ်စေးကို အရောင်တင်ဆီလုပ်ငန်း၊ ခြယ်ဆေးလုပ်ငန်း၊ အမွှေးဆီလုပ်ငန်း တို့၌ အများဆုံး အသုံးပြုကြ၍ ဘယဆေး ပစ္စည်းတရပ်အနေဖြင့်လည်း အသုံးချခဲ့ကြသည်။ သစ်စေးကို ရှေးပဝေဏီ ခေတ်ကပင် အသုံးပြုခဲ့ကြကြောင်း အထောက်အထားများ တွေ့ရှိရသည်။ ရှေးခေတ် အီဂျစ်လူမျိုးတို့သည် လူသေအလောင်းခြောက်များကို ကြာရှည်ခံအောင် ဆေးစိမ်ရာ၌လည်းကောင်း၊ ထိုအလောင်းခြောက်များ ထည့်သည့် ခေါင်းများကို အရောင်တင်ဆီ သုတ်လိမ်းရာ၌လည်းကောင်း၊ ဘာသာရေး အခမ်းအနားများ၌လည်းကောင်း သစ်စေးကို အသုံးပြုခဲ့ကြသည်။ သစ်စေးကို ဘီသွာဆီနှင့်ရော၍ အရောင်တင်ဆေး ပြုလုပ်သုံးစွဲခြင်းသည် ခရစ်ပေါ်ပြီး နောက်တွင်မှ အသုံးများလာသည်။ ၁၁ ရာစုနှစ်နှင့် ၁၈ ရာစုနှစ် အတွင်းတွင် သစ်စေး အမျိုးမျိုး ပေါ်ထွက်ခဲ့သည်။ ဣတလီမှ တရောပြုလုပ်သူတို့ သည် နဂါးသွေးဟုခေါ်သော သစ်စေးတစ်မျိုးကို တရောအရောင် တင်ရာတွင် အသုံးပြုကြသည်။ သစ်စေးနှင့် ကော်စေး အမျိုးမျိုးကို ပရဆေးဖက်ပစ္စည်း အဖြစ်ဖြင့် ရှေးကပင် အသုံးအစွဲပြုခဲ့ကြလေသည်။
တစ်ဆယ့်ရှစ်ရာစုနှစ်တွင် အရှေ့နိုင်ငံထွက် ယွန်းထည် ပစ္စည်းများကို လူသိများလာရာ အရောင်တင်ခြင်း၊ ခြယ်ခြင်းကို ပိုမိုကောင်းမွန်စွာ လုပ်ကိုင်နိုင်မည့် နည်းလမ်းများကိုလည်း စူးစမ်းလေ့လာ စမ်းသပ်လာကြသည်။ ဤတွင် အိန္ဒိယမှ ထွက်သော သစ်စေးတစ်မျိုးဖြစ်သည့် ချိပ်ကို အရောင်တင်ခြင်း၊ ဆေးသုတ်ခြင်းတို့၌ စိတ်တိုင်းကျ ဖြစ်နိုင်အောင် အသုံးပြုနိုင်ကြောင်း တွေ့ရှိလာကြသည်။ ထို့ပြင် ဆန္ဒရက်နှင့်မပ်စတစ် သစ်စေးတို့ကိုလည်း အရောင်တင်ဆေးများတွင် အသုံးပြုလာကြသည်။ အင်္ဂလန် နှင့် ပြင်သစ်နိုင်ငံတို့တွင် အရောင်တင်ဆီ ကုမ္ပဏီကြီးများသည် ၁၈ ရာစုနှစ်တွင် ပေါ်ပေါက်ခဲ့လေ သည်။ ၁၉ ရာစုနှစ်တွင် အာဖရိကတိုက်သို့ လမ်းပွင့်သောအခါ ကိုပယ်ဟု ခေါ်သော သစ်စေးမျိုး ရရှိသဖြင့်လည်းကောင်း၊ အရှေ့အိန္ဒိယကျွန်းစုမှ သစ်စေးအမျိုးမျိုးရရှိသဖြင့်လည်းကောင်း အရောင်တင်ဆီလုပ်ငန်းသည် ပိုမိုတိုးတက် ကြီးကျယ်လာ လေသည်။
သစ်စေး အမျိုးမျိုးရှိသည့်အနက် ရိုဇင်(ထင်းရှူးစေး)သည် အရေးပါ အရာရောက်ဆုံးသော သစ်စေးတစ်မျိုးဖြစ်သည်။ တရောထိုးတံမှ မြင်းမြီးကိုပွတ်ရန် အသုံးပြုသော ပယင်းရောင် အဆီတုံးသည် ရိုဇင်တစ်မျိုးပင်တည်း။ ရိုဇင်ကို ထင်းရှူးပင်အမျိုးမျိုးမှ ထုတ်ယူရရှိနိုင်သည်။ ထင်းရှူးပင်၏အခေါက် ကို ထစ်လိုက်၍ စီးထွက်ကျလာသော သစ်ဆီတွင် ရိုဇင် ၇ဝ ရာခိုင်နှုန်း၊ဆီ ၂ဝ ရာခိုင်နှုန်းနှင့် အခြားရေနှင့် အညစ်အကြေး ၁ဝ ရာခိုင်နှုန်း ပါရှိသည်။ ယင်းတို့အနက် ရိုဇင်သည်သာ အသုံးဝင် အဖိုးတန်သည်မဟုတ်ပေ။ ဆီသည်လည်း တာရပင်ဆီဖြစ်၍ အရေးပါအသုံးဝင်သည်။ သာမန်အချိန်အခါမျိုးတွင် ကမ္ဘာသုံးရိုဇင်သည် တစ်နှစ်လျှင် တန်ချိန် ၆ဝဝဝဝဝရှိ၍ တာရပင်ဆီ ဂါလံ ၄၂ဝဝဝဝဝဝကို သုံးစွဲကြသည်။ ယင်းတို့သည် အမေရိကန်ပြည်ထောင်စုမှ ၆၈ရာခိုင်နှုန်းထွက်၍ ပြင်သစ်မှ၂ဝရာခိုင်နှုန်း၊ စပိန်နှင့် ပေါ်တူဂီမှ ဂ ရာခိုင်နှုန်း ထွက်ရှိ၍ ကျန်ရာခိုင်နှုန်းသည် ဂရိ၊ မက္ကဆီကိုနှင့် အိန္ဒိယတို့မှ ထွက်လေသည်။ ရိုဇင် ထုတ်ယူသော အချို့ ထင်းရှူးမျိုးတို့၏ သစ်ကိုလည်း အသုံးချရသဖြင့် သစ်လည်းရ အစေးလည်းရအောင် အနောက်နိုင်ငံကြီးများတွင် ရိုဇင်ထုတ်ယူခြင်းကို စံနစ်တကျ ဆောင်ရွက်ကြသည့်အပြင် ထိုသစ်တောများ မပြုန်းရအောင်လည်း ထိန်းသိမ်းစောင့်ရှောက်ကြလေသည်။ အခြားသစ်စေးများသည် များသောအားဖြင့် အပူပိုင်းဒေသ သစ်တောများမှ ထွက်သည်။ ကိုပယ်ဟုခေါ်သော သစ်စေးအမျိုးမျိုးရှိရာ ဘရာဇီး စသော တောင်အမေရိက နိုင်ငံများမှလည်း ထွက်သည်။ အာဖရိကတိုက် ဇိုင်ရာနိုင်ငံ (ယခင် ဗဲလဂျီယန်ကွန်ဂို)မှလည်း ထွက်သည်။ ဆူမတြား၊ ဂျားဗား၊ ဗော်နီယို၊ စဲလဗီး၊ ဖိလစ်ပိုင်စသော အရှေ့အိန္ဒိယကျွန်းစုမှလည်း ထွက်သည်။ တောင်အမေရိကမှ ကိုပယ် သစ်စေးထွက်သော ဟိုင်မီနာ မျိုးခွဲဝင် အပင်များနှင့် အာဖရိကတိုက်မှ ကိုပယ်ရရှိသော ထရက်ကီလိုဖီယမ် မျိုးခွဲဝင် အပင်များသည် မျိုးချင်း နီးစပ်သည်။ အရှေ့အိန္ဒိယကျွန်းစုမှ ကိုပယ် သစ်စေးထွက်သော အပင်မျိုးတို့မှာမူ အဂ္ဂါသစ်ဆေး မျိုးခွဲဝင် ဖြစ်ကြသည်။ ထိုအပင်မျိုးတို့သည် အလွန် အသက်ရှည်ကြရာ အချို့သည် အနှစ် ၃ဝဝ ကျော် ၄ဝဝ ခန့် ရှိပြီဟု ဆိုကြလေသည်။
ကိုပယ် သစ်စေးသည် ရိုဇင်ထက် အက်ဆစ်
ပို၍နည်းသည်။ ဘီသွာဆီဖြင့်ဖျော်မှသာ ပျော်သည်။ ဇိုင်ယာနိုင်ငံမှထွက်သော ကိုပယ်သည် ရိုဇင်ကဲ့သို့ ဂလစ်ဆရင်းဖြင့် ရောနိုင်၍ အပြာ ရောင် ပြောင်လက်ပြီးလျှင်
ကြာရှည်ခံသောအရောင်တင်ဆီများကို ပြုလုပ်နိုင်လေသည်။ အရှေ့အိန္ဒိယကျွန်းစုမှ ဒမားဟုခေါ်သည့် သစ်စေးမျိုးထွက်သည်။ ထိုသစ်စေးမျိုးထွက်သော အပင်များသည် ဒစ်ပရာရိုပေစီအီး ဟုခေါ်သော ကညင်မျိုးရင်းဝင် အပင်များ ဖြစ်သည်။ သင်္ကန်းမျိုး စိတ်များ ဖြစ်ကြသော ဟိုပီယမ် မီကရန်သား၊ ဟိုပီယာဂလိုဗိုစာ တို့သည်လည်း ဒမားသစ်စေး အများအပြား ထုတ်ယူရရှိသော အပင်မျိုးဖြစ်ကြလေသည်။
ဒမားသစ်စေးမျိုးသည် တာရပင်ဆီနှင့် ကျောက်မီးသွေးနက်ဖသာတို့ဖြင့် ပျော်အောင် ဖျော်၍ ရသည်။ ထိုသစ်စေးတို့ဖြင့် ပြုလုပ်သော အရောင်တင်ဆီတို့သည် အရောင်ဖျော့ဖျော့ဖြင့် တောက်ပြောင် ပြီးလျှင် အရည်ကြည်လင်သည်။ သို့သော် ဆေးသားကြာရှည်မခံခြင်း၊ ထိလိုက်လျှင် စေးကပ်ကပ် ရှိနေခြင်းတို့ကြောင့် ဒမားသစ်စေးအစားဓာတ်ကော်စေးများကို အသုံးပြုကြလေသည်၊ အထက်ဖော်ပြပါတို့ကဲ့သို့ ကုန်သွယ်စီးပွားရေး လောက၌ အရေးမပါသော်လည်း ခြယ်ဆေး၊ အရောင်တင်ဆေး လုပ်ငန်းတို့၌ အသုံးပြုလျက် ရှိကြသည့် သစ်စေးတို့ရှိသေးရာ ယင်းတို့တွင် ဆန္ဒရက် နှင့် မက်စတစ်တို့ကို ဖော်ပြလိုပေသည်။ ဆန္ဒရက်သစ်စေးသည် တက်တြာကလီနစ် မျိုးခွဲဝင် ထင်းရှူးပင်ငယ်တစ်မျိုးမှ ရရှိ၍ စပိန်နှင့် မြောက်အာဖရိကတိုက်မှ ထွက်သည်။ ဩစတြေးလီးယားတိုက်မှလည်း ထိုထင်းရှူးပင်မျိုးနှင့်နီးစပ်သော ထင်းရှူးပင်မျိုး တို့မှ ဆန္ဒရက်သစ်စေးမျိုးကို ရရှိသည်။ ဩစတြေးလီးယားတိုက်ထွက် ဆန္ဒရက်သစ်စေးသည် ဆီပိုများသဖြင့် ပျော့ပျောင်းသည်။ အနံ့သင်းသင်းရှိသည်။ ဆေးလုံးများအုပ်ရန် အခွံများပြုလုပ်ရာ၌ သုံးကြသည်။ ဆန္ဒရက်သစ်စေးသည် မာကျောသဖြင့် ကပ်ပြား သားရေနှင့် သတ္တုများကို အရောင်တင်သော ဆေးများ၌အသုံးပြုသည်။
မက်စတစ် သစ်စေးသည် ဥရောပတောင်ပိုင်းနှင့် မြောက်အာဖရိကတိုက်၌ ပေါက်ရောက်သော သစ်ပင်တစ်မျိုးမှ ရရှိ၍ ဆန္ဒရက်နှင့် ဆင်ဆင်တူသည်။ သို့သော် ပို၍ဈေးကြီးပြီးလျှင် အရောင်တင်ဆီ အကောင်းစားများ၊ ခြယ်ဆေးအကောင်းစားများ၌ ထည့်သွင်းအသုံးပြုကြရာ ပန်းချီဆေးများ၌ မက်စတစ် ပါဝင်လေသည်။ ပရဆေးများတွင်လည်းကောင်း၊ အမွှေးဆီများတွင်လည်းကောင်း အသုံးပြု ကြသော သစ်စေးများအနက် ယိုးဒယား နှင့် ဆူမတြားမှ ထွက်သော ဗင်ဇောနှင့် နဂါးသွေးအမည်ရှိ အနီရောင်သစ်စေး အမျိုးမျိုးတို့လည်းပါဝင်သည်။ ၁၈ ရာစုနှစ်က ဣတာလျံ တရောလုပ်ငန်း လုပ်သူများ အသုံးပြုကြသည့် နဂါးသွေးသစ်စေး သည် ထိုစဉ်က အာရှတိုက်မြောက်ပိုင်းမှ ထွက်ရှိခဲ့သည်။ အာရပ်လူမျိုးတို့ကမူ ထိုသစ်စေးမျိုးကို ပရဆေးများ၌ အသုံးပြုခဲ့ကြလေသည်။ ထို့ပြင် ဘမ်းပရုတ်ဆီ ပြုလုပ်သော သစ်ဆေးမျိုးရှိသေးရာ ပင်လယ်နီကမ်းခြေ၌ ပေါက်သော ကွမ်ဖီမိုရာမျိုးခွဲဝင် မက္ကာဒန်း ပင်မျိုးမှရရှိသော အဆီသည် ပို၍ ကောင်းလေသည်။
ထို့ပြင် အယ်လမီဟုခေါ်သော သစ်ဆေးပျော့ အမျိုးမျိုးရှိသေးရာ အပူပိုင်းဒေသရှိ အပင်များမှ ရရှိသည်။ အနံ့မွှေးသဖြင့် အမွှေးဆီလုပ်ကိုင်ရာ၌ အသုံးပြုကြသည်။ အရှေ့အိန္ဒိယကျွန်းစုနှင့် ဖိလစ်ပိုင် ကျွန်းစုတွင် ဗာစီရေစီအီး မျိုးရင်းတွင် ပါဝင်သော အပင်များမှ ရရှိလေသည်။ အခြားအခြားသော သစ်စေးများနှင့်မတူ ထူးခြားသော သစ်စေးတစ်မျိုးမှာ ပယင်းဖြစ်လေသည်။ ပယင်းသည် အပင်ကို ထွင်း၍၊ ထစ်၍၊ ခြစ်၍ရသော သစ်စေးမဟုတ်ပေ။ နှစ်ပေါင်း ထောင်နှင့်ချီ၍ ကြာမြင့်ခဲ့သောကာလက မြေလွှာအောက်တွင် နစ်မြုတ်နေခဲ့သည့် ထင်းရှူးပင်များ၏ သစ်စေးခဲ ဖြစ်သည်။
အခြားထူးခြားသော သစ်စေးတစ်မျိုးမှာ ရှဲလက်ဟုခေါ်သော ချိပ်ဖတ်ဖြစ်၍ သစ်ပင်ကို အဟာရအဖြစ် မှီဝဲကြသည့် အကြေးရှိသော ပိုးကောင်ငယ်ကလေးများမှ ရရှိသည့် အစေးတစ်မျိုးဖြစ် သည်။ ချိပ်ကို အရောင်တင်ဆေး လုပ်ငန်း၌လည်းကောင်း၊ ဓာတ်ပြားလုပ်ငန်း၌လည်းကောင်း အသုံးပြုကြလေသည်။ မြန်မာနိုင်ငံတွင် ရုက္ခဗေဒအမည်ဖြင့် မယ်လာနိုရီယာယူဆီတာလာဟုခေါ်သော သစ်စေးပင်မှ ရရှိသည့် သစ်စေးကို ယွန်းထည်လုပ်ငန်း၊ ကျောက်ကာလုပ်ငန်း၊ မှန်စီရွှေချလုပ်ငန်း၊ ရွှေရေး၊ ရွှေချလုပ်ငန်းတို့တွင် အသုံးပြုသည်။ ထို့ပြင် သစ်သား၊ ကျောက်၊ သံ အစရှိသည်တို့ကို အရောင်တင်ရာ၌ လည်းကောင်း၊ ထီးရွက်ပြုလုပ်သော မိုးရေခံပိတ်နှင့် စက္ကူများပြုလုပ်ရာ၌လည်းကောင်း သစ်စေးကို အသုံးချကြသေး သည်။ ဆန်ကော၊ ဆန်ခါ၊ တောင်း စသည်တို့ ခိုင်ခန့်၍ ကြာရှည်အသုံးခံရန် သစ်စေးဖြင့် သုတ်လိမ်းခြင်း၊ သစ်စေးဖြင့် လှေ စသည်တို့ကို ဖာထေးခြင်း၊ အိုးစည်၊ ဒိုးပတ်၊ ဗုံ စသည့်ပစ္စည်းများ ၏ ပတ်စာ ထည့်ရသော သားရေမျက်နှာပြင်ကိုလည်း သစ်စေးဖြင့် သုတ်လိမ်းခြင်း စသည်တို့ကို ပြုလုပ်ကြလေသည်။
သစ်စေးပင်သည် အန်နကာဒီယေးစီအီးမျိုးရင်းဝင် ဖြစ်၍ သရက်၊ လွန်ဖို၊ မရမ်း စသည်တို့နှင့် မျိုးရင်းတူသည်။ အထက်နှင့်အောက် မြန်မာနိုင်ငံ အရပ်ရပ်၌ အမြင့်ပေ ၃၅ဝဝ ထက်မကျော်သော ဒေသများတွင် တွေ့ရှိရသည့် အင်တိုင်းစသော တောခြောက်များတွင် ပေါက်ရောက်သည်။ ထိုသစ်စေးပင်မျိုးကို အနောက်ဘက်၌ မဏိပူရတွင် တွေ့ရသော်လည်း အာသံပြည်နယ်၌ မပေါက်ချေ။ မဏိပူရတွင် ထိုသစ်စေးပင်ကို ချူးဟု ခေါ်သည်။ အရှေ့ဘက်တွင် ယိုးဒယားနှင့် ဗီယက်နမ် နိုင်ငံတို့၌ တွေ့ရှိလေသည်။
သစ်စေးပင်သည် ရွက်ကြွေပင်မျိုးဖြစ်၍ အမြင့်ပေ ၅ဝ မှ ၆ဝ အထိရှိပြီးလျှင် ရင်စို့လုံးပတ် ကိုးပေခန့်အထိ ရှိနိုင်သည်။ ပင်စည်ဖြောင့်၍ အတော်အတန် မြင့်သည့်တိုင်အောင် အကိုင်းအခက်မရှိဘဲ စင်းလုံးချောသည်။ အရွက်များသည် အရင်းသိမ်၍ အဖျားကျယ်သည်။ အခေါက်သည် မွဲပြာရင့်ရောင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် အဖြူ၊ အနီ၊ အနက်ဟူ၍ သစ်စေးပင် သုံးမျိုး ခွဲခြားထားသော်လည်း အနည်းငယ်မျှသာ ကွဲပြားမှုရှိသည်။ အနက်မျိုးသည် အနည်းငယ် ပို၍ညိုမည်းသော အခေါက်ရှိသည့်ပြင် အရွက်များသည် အနည်းငယ်ပို၍ ဝိုင်းသည်။ အကိုင်းငယ်များ၊ ရွက်ညှာများ၊ အရွက်အောက်ဘက်နှင့် ပွင့်ညှာတံတို့တွင် မွှေးနုများရှိသည်။ အသီးများသည် အနီရောင်ရှိ၍ အတွင်းခွံမာသီးမျိုး ဖြစ်သည်။ အသီးညှာရင်းတွင် တောင်ပံနှင့်တူသော အဖတ်ငါးခုသည် ပန်ကာရွက်များသဏ္ဌာန် ဖြာထွက်လျက် ရှိသည်။ သစ်စေးပင်သည် ပြန့်ကျယ်သောရွက်အုပ် ရှိသည်။ ထိုအပင်မျိုးသည် ကျောက်စရစ် မြေမျိုး၌ ပိုမိုဖြစ်ထွန်းလေသည်။
ဇန်နဝါရီလတွင် အရွက်ကြွေ၍ မတ်လလယ်ခန့် တိုင်အောင် အရွက်မရှိ ရိုးတံကျဲကျဲ ရှိနေချိန်တွင် အပွင့်ဖြူဖြူများသည် ပင်လုံးကျွတ် ပွင့်သည်။ မတ်လကုန်လောက်တွင် အသီးထွက်၍ ဇွန်လတွင် အသီးမှည့်လေသည်။ သစ်စေးသည် အနီရင့်ရောင်ဖြစ်၍ အဝါစင်းများလည်းရှိသည်။ ကြာမြင့်စွာ လေသလပ်ခံထားပါက ပို၍ အရောင်ရင့်သွားလေသည်။ သစ်သားသည် မာကျောသိပ်သည်း လေးလံပြီးလျှင် ကြာရှည် ၍အသုံးခံသည်။ အသားအစိုသည် ကုဗတစ်ပေလျှင် ပေါင် ၆ဝ လေးသည်။ မြန်မာနိုင်ငံတွင် သစ်စေးသားဖြင့် အိမ်တိုင်၊ တံတား၊ စူး၊ ဆောက် လက်ကိုင်ရိုးများ၊ ထွန်တုံး ကျောက်စူးတိုင်များ စသည်တို့ကို ပြုလုပ် သုံးစွဲသည့်ပြင် ဇလီဖားတုံး၊ သေနတ်ဒင် စသည်တို့ကိုလည်း ထိုသစ်သားဖြင့် ပြုလုပ်ကြသည်။
ပေါင်းခံ၍ ခြောက်သွေ့ပြီးသော သစ်စေးသားသည် ဦးချိုကဲ့သို့အလွန်မာကျောသဖြင့် ခွဲစိတ်ရန် ခဲယဉ်းသောကြောင့် အသုံးနည်းသည်။ သတ္တုတွင်း လုပ်ငန်းများ၌ အသုံးပြုရန်သင့်လျော်သော သစ်သား ဖြစ်လေသည်။ သစ်သားထက်ပို၍ အသုံးဝင်သော သစ်စေးပင်ထွက်ပစ္စည်းသည် အခေါက်မှထွက်သော အစေး ဖြစ်သည်။ သစ်စေးထိုးခြင်း၊သို့မဟုတ် သစ်စေးထုတ်ယူခြင်းသည် သက်သာလွယ်ကူသော အလုပ်မဟုတ်ချေ။ လူသူမနီး တောကြီးမျက်မည်းထဲ၌ မိုးရွာမရှောင်၊ နေပူမရှောင် ပင်ပင်ပန်းပန်း လုပ်ကိုင်ကြရသည်။
သစ်စေးကို ဝါခေါင်လမှ တပို့တွဲလအထိ ထိုးရသည်။ တပို့တွဲလလွန်လျှင် အရွက်ပြတ်ချိန်၊ သစ်ရည်ရပ်နားချိန်ဖြစ်၍ အစေးမထွက်ချေ။ သစ်စေးထုတ်၍အကောင်းဆုံး အချိန်သည် တော်သလင်းလမှ နတ်တော်လအတွင်း ဖြစ်သည်။ လုံးပတ် နှစ်ပေထက် ကြီးသော အပင်များကို သစ်စေးထိုးနိုင်သည်။ သစ်တောကြိုးဝိုင်းများတွင်မူ လုံးပတ် သုံးပေထက်ငယ်သော အပင်များကို သစ်စေးမထိုးရန် ကန့်သတ်ထားလေသည်။
သစ်စေးထိုးမည့်အပင်ကို မြေကြီးမှ နှစ်တောင့်ခွာခန့် နေရာကစ၍ အင်္ဂလိပ်စာလုံး ဗွီပုံသဏ္ဌန် အထစ်များကို တစ်ခုပြီးတစ်ခု အထက်သို့ ဆင့်ကာဆင့်ကာ ထစ်သွားရသည်။ ထိုနောက် ထောင့်စွန်း အောက်တည့်တည့်တွင် ဝါးကျည်တောက်ကို ခံပေးရသည်။ တစ်ခါထစ်ထားလျှင် ခုနစ်ရက် ရှစ်ရက်ကြာမျှ သစ်စေးများ မနားတမ်းရရှိနိုင်သည်။ စုဆောင်းရရှိသော သစ်စေးများကို ဝါးကျည်တောက်မှ မြေအိုး သို့ ပြောင်းပြီးလျှင် မခြောက်သွေ့စေခြင်းငှာ အပေါ်မှ အဝတ်ရေစိုဖြင့် အုပ်ထားရလေသည်။ အခေါက်ကိုဒါးဖြင့် တပင်လျှင် အထစ်ပေါင်း၂ဝမှ ၃ဝအထိ ခုတ်ထစ်နိုင်သည်။ ထစ်လိုက်၍ ယိုစီးထွက်လာသော သစ်စေးသည်ပျစ်ချွဲ၍ မွဲပြာရောင်ဖြစ်သည်။ လေနှင့်ထိသောအခါ အရောင်ပြောင်း သွားလေသည်။ သစ်စေးထဲတွင် အခိုးဖြစ်၍ ပျောက်လွင့်တတ်သော အဆီတမျိုးပါသဖြင့် သစ်စေးနှင့် ထိမိလျှင်ကိုယ်ခန္တာ၌ ယားယံ၍ အဖုအပိန့်ဖြစ်စေသာကြောင့် သစ်စေးကို ကိုင်တွယ်ရာ၌ သတိထားကြရသည်။
သစ်စေးစက်တတ်သည်။ ကျွန်းသားယောင်းမကို သစ်စေးထဲသို့ထည့်၍မွှေလျှင် အဆိပ်အတောက် ပျက်စေနိုင်သည်ဟု ဆိုကြသည်။ ဖဲရစ်အောက်ဆိုက်ကို သစ်စေး၏ အလေးချိန်၁ဝရာခိုင်နှုန်း ထည့်၍ ရောစပ်ပေးလျှင်လည်း အသားအရေကို အန္တရာယ်မပြုနိုင်ဟု သိရှိရသည်။ ဝါခေါင်လနှင့်တော်သလင်းလများတွင် ထွက်သော သစ်စေးသည် အရည်သွက်၍ အရောင်သည် နီကြန်ကြန် ဖြစ်သည်။ သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလများတွင် ထွက်သော သစ်စေးသည် အရောင်ညိုသည်။ ပြာသိုလနှင့် တပို့တွဲလများတွင်ရရှိသော သစ်စေးသည် အရည်တွဲ၍ အရောင်နက် သည်။ ယင်းသို့ အရောင်ကွဲပြားခြင်းသည် သစ်စေးတွင်ပါရှိသော မိုးရေ အနည်းအများ လိုက်၍ ဖြစ်သည်ဟု အချို့က ယူဆသည်။ မည်သို့ပင်ဖြစ်စေ၊ အနက်ရောင်သစ်စေးသည် လူကြိုက်အများဆုံးနှင့် ဈေးအရဆုံးဖြစ်သည်။
ထစ်ရာတစ်ခုသည် အသားပြန်ပြည့်ရန် လေးနှစ်မှ ခုနစ်နှစ်အထိ ကြာရှည်သဖြင့် သစ်စေးထိုး ခြင်းကို စံနစ်တကျ ပြုလုပ်သင့်ပေသည်။ ခုတ်ထစ်၍ သစ်စေးထုတ်ယူသည့်အတွက် သစ်ပင်၏ သက်တမ်းကို ထိခိုက်ဟန်မတူသော်လည်း အပင်၏ အင်အားနှင့်မမျှအောင် ထုတ်ယူခဲ့လျှင် သစ်ပင် ပျက်စီးပေမည်။ ထိုကြောင့် သစ်စေးထုတ်ယူသော အပင်များအား ရပ်နားခွင့် ပေးရပေရာ သံလွင်မြစ် ၏ အရှေ့ဘက်ရှိမြေသည် အနောက်ဘက်ရှိမြေထက် မြေဩဇာ ညံ့ဖျင်းသဖြင့် ထိုဒေသတွင် သစ်စေး ပင်များကို သုံးနှစ် ရပ်နားချိန်ပေးရ၍ နောက်ဘက်ရှိ အပင်များကိုမူ နှစ်နှစ် ရပ်နားချိန်ပေးရလေသည်။
သစ်စေး ထိုးသူတစ်ဦး တစ်ရာသီတွင် သစ်စေးပိဿာချိန် ၄ဝမှ ၆၀ အထိ ရှိနိုင်သည်။ ကျွမ်းကျင်သူသည် ထိုထက် ပိုမိုရရှိသည်။ သစ်စေးအများဆုံးထွက်သောအပင်မှ တစ်ရာသီလျှင် ၁ဝ ပိဿာ ခန့် ရရှိသည်။ သစ်စေး ဈေးသည် သစ်စေးမျိုး အညံ့ အကောင်းပေါ်တွင် တည်၍ ပိဿာ ၁ဝဝလျှင် ၃၇၅ကျပ်မှ ၅ဝဝကျပ်ဈေးအထိ ရှိလေသည်။ မြန်မာနိုင်ငံတွင် သစ်စေးထွက်သော ဒေသများမှာ စစ်ကိုင်းတိုင်းရှိ သစ်တောခရိုင်များ၊ ဥတ္တရတိုင်း သစ်တောခရိုင်များ၊ ချင်းတွင်းတိုင်း သစ်တောခရိုင်များနှင့် ရှမ်းပြည်နယ် သစ်တောခရိုင်များ ဖြစ်ကြရာ ရှမ်းပြည်နယ်မှ အများဆုံးဖြစ်၍ ဒုတိယအများဆုံးသည် စစ်တောင်းတိုင်းဖြစ်သည်။ ရှမ်းပြည် တောင်ပိုင်းမှ သစ်စေးအများဆုံးထွက်ရာ မိုးနဲနယ်၊ ကျိုင်းတောင်း ကျိုင်းခမ်းနယ်၊ သံလွင်မြစ်အရှေ့ဘက် မိုင်းပူနှင့် မိုင်းကံ သစ်တောကြိုးဝိုင်း၊ မိုင်းပန်နယ်တို့သည် သစ်စေး အထွက်များသော ဒေသများ ဖြစ်ကြသည်။ ထိုဒေသများတွင် သစ်စေးထိုးခြင်းသည် အရေးပါသော အသက်မွေးဝမ်းကြောင်းလုပ်ငန်း တစ်ရပ်ဖြစ်ပေသည်။ ၁၉၆၁ခုနှစ်မှ ၁၉၆၉ခုနှစ်အထိ နှစ်များအတွင်း နှစ်စဉ် မြန်မာတစ်နိုင်ငံလုံးမှ သစ်စေး ပိဿာချိန် လေးသောင်းခွဲမှ ရှစ်သောင်းနီးပါးထိ ထွက်သည်။ ရှေးက ရှမ်းပြည်နယ်မှပင် ပိဿာချိန် တစ်သိန်းကျော် ထွက်ခဲ့၍ မိုးနဲနယ် တုံဟုံးတွင် သစ်စေးကို အရောင်းအဝယ် အများဆုံး ပြုလုပ်ကြသည်။ ယခုအခါ ရှမ်းပြည်နယ်တွင် သစ်စေးပင် များကို အဆမတန် ခုတ်ထစ် အစေးထုတ်ယူကြသဖြင့်လည်းကောင်း၊ ပြည်မတွင် သစ်စေးသားကို အိုးအိမ် အဆောက်အအုံနှင့် အသုံးအဆောင်ပစ္စည်းများ ပြုလုပ်အသုံးချမှု များပြားလာ၍လည်းကောင်း သစ်စေးပင်များ ပျက်စီး၍ သစ်စေးထွက် ယုတ်လျော့လာခဲ့လေသည်။
ရရှိသော သစ်စေးများကို ပြည်တွင်းသုံးအတွက်သာမက နိုင်ငံခြား(ဂျပန်)သို့လည်း တင်ပို့ခဲ့သည်။ ၁၉၅၆-၅၇ခုနှစ် တွင် သစ်စေးထွက်၏ ၁၄.၉ရာခိုင်နှုန်း ဖြစ်သော ပိဿာချိန် ၆၂၃၈ ကို တင်ပို့ခဲ့ ရာသင့်ငွေ တန်ဖိုး ကျပ် ၇၅၁၁၉ ဖြစ်သည်၊ ၁၉၅၈-၅၉ ခုနှစ်တွင်၂ဝ.၇ ရာခိုင်နှုန်း ဖြစ်သော ပိဿာချိန် ၉၇၈၃ကို တင်ပို့ရာ တန်ဖိုးသင့်ငွေ ၁၁၃၇၂ဝ ဖြစ်လေသည်။ ယခုခေတ်တွင် ဓာတ်ပစ္စည်း အမျိုးမျိုးတို့ဖြင့် သစ်စေး ကော်စေးတို့ကို ဖန်တီးဖြုလုပ်နိုင်ကြပေ ပြီ။ ယင်းတို့ကို ဓာတ်သစ်စေး၊ ဓာတ်ကော်စေးဟု ခေါ်ကြ၍ ဓာတ်ကော်စေးသည် ယခုအခါ အလွန် အသုံးများလျက် ရှိသော ပလပ်စတစ်တစ်မျိုးပင် ဖြစ်လေသည်။
ထိုဓာတ်သစ်စေး ဓာတ်ကော်စေးတို့ကို သဘာဝသစ်စေး သဘာဝကော်စေးကဲ့သို့ပင် အသုံးချနိုင်သည်။ သို့သော် ဓာတ်ပစ္စည်းများဖြင့် လူတို့ ဖန်တီးတီထွင် ပြုလုပ်ကြသော ဓာတ်သစ်စေးတို့သည် သဘာဝသစ်စေးတို့နှင့် ရုပ်ဂုဏ်များတွင် တူကြသော်လည်း ဓာတ်ဂုဏ်များတွင်မူ ကွဲပြားခြားနား ကြသည်။ ဓာတ်သစ်စေးက သဘာဝသစ်စေးထက် ပို၍ အကျိုးများသော အချက်များလည်း ရှိပေရာ ယင်းတို့မှာ (၁) အမျိုးအစား တညီတညွတ်တည်းရနိုင်ခြင်း၊ (၂) အလိုရှိသော ဓာတ်ပစ္စည်းမျိုးပါအောင် ပြုပြင် ဖန်တီးယူနိုင်ခြင်း၊ (၃) အရောင်ကောင်းခြင်း၊ ကြာရှည်ခံခြင်း၊ မာကြောခြင်းတည်း ဟူသောဂုဏ်သတ္တိများပို၍ ရှိခြင်းတို့ ဖြစ်လေသည်။[၂]