သင်ဖြူးဖျာ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သင်ဖြူးဖျာလုပ်ငန်းသည် စီးပွားဖြစ်ထွန်းနိုင်သော လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံအောက်ပိုင်း ၌မိရိုးဖလာလုပ်ငန်း တစ်ရပ်လည်းမည်ပေသည်။ ကောက်ပဲသီးနှံများစိုက်ပျိုးပြီးစီး၍ အားလပ်သော အချိန်တွင်အပိုအလုပ်အဖြစ် စိုက်ပျိုး လုပ်ကိုင်နိုင်သည်။ သို့သော်အခြား ကောက်ပဲသီးနှံတို့ ကဲ့သို့တစ်နှစ်တစ် သီးစား၊ နှစ်သီးစား စားရပြီးလျှင် သက်တမ်းတိုသောအပင်မျိုးမဟုတ်ချေ။ သုံးလေးနှစ်ကြာမှ စိုက်ပျိုးပြုစု ပျိုးထောင်မှုအကျိုးကိုစတင်ခံစားခွင့်ရရှိလေသည်။ စီးပွားရေးအမြင်နှင့်ကြည့်လျှင်အကျိုးခံစားခွင့်ရ ရှိရန် စောင့်ဆိုင်းရသည်မှာအချိန်ကြာမြင့်သည်ဟု ထင်မှတ်ဖွယ်ရာရှိသော်လည်း နောင်နှစ်စဉ်နှစ်တိုင်း အလျဉ်မပြတ် သုံးစားသွားနိုင်သည်။ စောင့်ဆိုင်းရကျိုးနပ်သည်ဟုဆိုရပေမည်။ သင်ပင်သည်အခြားစပါး၊ ပဲစသော အသီးအနှံမျိုးတို့ ကဲ့သို့ အမျိုးမျိုး အစားစားမကွဲပြားဘဲ အမျိုးအစား တစ်ခုတည်းသာ ဖြစ်ကာအပင်သက်အနုအရင့်ကိုလိုက်၍ သင်ခွံ၊ သင်ကြောအမာအပျော့ကွဲပြား မှုအနည်းငယ်သာရှိလေသည်။ သင်ပင်သည် အသီးသီးသော်လည်း အသီးမှ အပင်စိုက်၍မရချေ။ ငှက်ပျောပင်၊ ဝါးပင်တို့ကဲ့သို့ ခေါင်းကို စိုက်ရလေသည်။ သင်ပင်များသည်မိုးရာသီ၌အထဆုံးဖြစ်၍ ခြုံကြီးများရုံကြီးများဖြစ်လျှက် ပေါက်ကြရာ မိုးဦးကျတွင် သင်ပင်ရုံများမှသင်ခေါင်းများကိုခွဲ၍ တစ်ခေါင်းစီဖြစ်စေ၊ နှစ်ခေါင်းစီဖြစ်စေ အစည်းများစည်းထားရသည်။ သင်ခေါင်း စိုက်ရန်ကျင်းငယ်များကိုငန်းပြားနှင့် တူးထားရသည်။

တစ်ပင်နှင့်တစ်ပင်၊ တစ်ငန်းနှင့်တစ်ငန်းကို သုံးပေခန့်အကွာအဝေးထားရသည်။ ကျင်းကိုသင်ခေါင်းနှင့်အနေ တော်တူးပြီးလျှင်သင်ခေါင်းကိုကျင်းထဲထည့်၍ အပင်ရင်းကို ကျင်းဘေးရှိမြေဖြင့်ဖုံးဖိကာ မြေကိုနင်းချ ပေးရသည်။ သင်ခေါင်းစိုက်ပြီးသော် ပထမနှစ်တွင်ထိုအတိုင်းထား၍ နောင်နှစ်များတွင်သာပေါင်းပင်များကို ရှင်းပေးရသည်။ ပေါင်းပင်ဆိုရာ၌မြက်ပင်၊ ပန်းတော်ပင်၊ နွယ်ပင်များကိုဆိုလိုပေသည်။ ထိုပြင်ကြုံ လှီသောသင်ပင်ရင်းမှ ဘေးတက်များကိုလည်းအနည်းအကျဉ်းထွင်ပေးရသည်။ ထွင်ပြီးသောပေါင်းပင် များကိုအဝေးသို့သွားပစ်ရန်မလိုဘဲ ထိုနေရာတွင်ပင်စုပုံထားလျှင် ယင်းတို့ဆွေးရိလာသောအခါ သင်ပင်များအတွက်မြေဩဇာဓာတ်ရလေသည်။ စိုက်ပြီး၍သုံးနှစ်ကြာလျှင်သင်ပင်များကို ခုတ်ယူနိုင်သော်လည်း အပင်တိုများ၍ အပင်ရှည်နည်း သေးသည်။ လေးနှစ်သားသင်ပင်များသည် အတိုအရှည် ညီမျှသဖြင့်လေးနှစ်ကြာမှသင်ပင်များကိုစတင် ခုတ်ယူ သင့်ပေသည်။

သင်တောများသည် တစ်ခါတစ်ရံ အသွားအလာ ခက်ခဲသောအရပ်များတွင် ရှိကြလေရာသင်ခုတ်ရ သည့်အလုပ်သည်သက်သာ လွယ်ကူသည်မဟုတ်ပေ။ ထိုပြင်သင်တောများသည်စိုစွတ်ထိုင်းမှိုင်းသော အရပ်တွင် ရှိတတ်သဖြင့် မှက်နှင့်ခြင်ကောင်များ၊ မြှော့နက်မည်းကြီး များ၏ကိုက်ခဲမှုကိုအများဆုံးခံ ရတတ်သည်။ ထိုပြင် မြွေဆိုးများ၏ဘေးရန်၊ တစ်ခါတစ်ရံတောရိုင်းတိရစ္ဆာန်များ၏ ရန်ကိုလည်းသတိ ထား၍သွားလာခုတ်ယူကြရသည်။ လေးငါးရက်မျှခုတ်ယူရရှိသည့် သင်ချောင်းများကိုမြစ်ချောင်း ကမ်းပါးသို့သယ်ယူ၍ တစ်ရာစည်း နှစ်ရာစည်း စသည်ဖြင့်စည်းပြီးလျှင် ဖောင်ဖွဲ့ရလောက်အောင်များပြားပါ ကသင်ဖောင်ဖွဲ့ရသည်။ ထိုနောက်ရေအတက်အကျအလိုက် သင်ဖြူးဖျာလုပ်ငန်းရှိရာ မြို့ရွာများသို့မျှောရသည်။ တစ်ခါတစ်ရံသင်ဖောင်ပေါ်၌ သင်ခုတ်သမားတို့သည် တဲထိုး၍လိုက်ပါလာကြသည်။ သင်ဖောင်ဖွဲ့ လောက်အောင် မများပါကသင်ချောင်းများကိုလှေဖြင့်လည်းကောင်း၊ လှည်းဖြင့် လည်းကောင်းသယ်ယူကြရလေသည်။

သင်ဖြူးဖျာလုပ်ငန်းသည်စီးပွားဖြစ်ထွန်းနိုင်ကြောင်း အထက်တွင်ဆိုခဲ့သည်။ စိုက်ပျိုးဖြစ်ထွန်း နိုင်သည့် မြေနေရာကွက်များ၌ သင်ပင်များကိုစိုက်၍ အလှည့်ကျခုတ်သွားလျှင် နှစ်စဉ်ဝင်ငွေရနိုင်သည်။ ဒုတိယ ကမ္ဘာစစ်မဖြစ်မီကာလက ဥယျာဉ်မြေခွန်ခ တစ်ဧက နှစ်ကျပ် ကျော်ကျော်မျှဖြစ်သော်လည်းသင် ခြံမြေကိုတစ်ဧက ငါးကျပ်နှုန်းအခွန်ဆောင်ရသည်မှာ ယခုတိုင်ဖြစ်သည်။ ဤသည်ကို ထောက်၍သင်ဖြူးဖျာလုပ်ငန်းသည် ဝင်ငွေ ကောင်းကြောင်းသိသာပေသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင် သင်ဖြူးဖျာလုပ်ငန်း၌ ထင်ရှားသောမြို့နယ်များမှာ ပန်းတနော်၊ဓနုဖြူ၊ လေးမျက်နှာ၊ ဟင်္သာတတို့ဖြစ်၍ မအူပင်မြို့နယ်မှလည်း သင်ဖြူးဖျာများထွက်သေးသည်။တနင်္သာရီတိုင်းတွင် မြိတ်ခရိုင် တနင်္သာရီမြို့နယ်၌ သင်ဖြူးဖျာလုပ်ငန်းသည်မြို့နယ်၏ အရေးပါသောအသက်မွေးဝမ်း ကျောင်းလုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။

သင်ဖြူးဖျာချောသည် မြန်မာနိုင်ငံရာသီဥတု၊ ယဉ်ကျေးမှု၊ဓလေ့ထုံးစံနှင့်အလွန်လိုက်လျောသော မြန်မာ့ အသုံးအဆောင်ပစ္စည်းတစ်ရပ်ဖြစ်သည်။ သင်ဖြူးဖျာချောသည် ပူအိုက်သောရာသီဥတုအခါတွင် အအေးဓာတ်ကိုပေး၍ ညက်ညက်ညောညောလည်းရှိသဖြင့် အိပ်စက်နားနေရန် အတွက်လည်းကောင်း၊ ပြန့်ပြန့်ပြူးပြူးထိုင်နိုင် နေနိုင်ရန်အတွက်အလွန်ကောင်းပေသည်။ ဧည့်ခန်း ကုလားထိုင်များတွင်အကွက်အမျိုးမျိုးဖေါ်၍ အညွန့် လေးရက်ထားသော သင်ဖြူးဖျာငယ်များကိုခင်းပေးထားလျှင် တစ်မျိုးတစ်ဖုံဧည့်ခန်းဆောင်ကိုပနံရစေနိုင်ပေသည်။ ဖြူဖွေးညက်ညောသော သင်ဖြူးဖျာတစ်ချပ်ကို ခင်းကျင်းထားခြင်းသည် မြန်မာအိမ်များကိုကျက် သရေ ဆောင်နိုင်ပေရာထိုအိမ့်ကျက်သရေဆောင် သင်ဖြူးဖျာတစ်ချပ် ဖြစ်လာနိုင်အောင် သင်ရိုင်းကိုပြုပြင်လာသည်မှ ဖျာရက်ပြီးသည်အထိအနည်းဆုံး ၁၂ရက်ခန့်ကြာမြင့် လေသည်။ သင်တောမှရောက်ရှိ လာသောသင်ချောင်းများကို ဖျာရက်လုပ်ရန်ပြုပြင်စီမံပုံကားဤသို့တည်း။ သင်တောမှသယ်ယူလာသော သင်ချောင်းများကို သင်တိုသင်ရှည်ဟူ၍ အစားစားဖြတ်ရသည်။ သင်တို အမျိုးအစားသည်နှစ်တောင့်လေးသစ် (နှစ်တောင်နှင့် လက်လေးသစ်)၊ နှစ်တောင့်ထွာ၊ နှစ် တောင့် နှစ်မိုက် (နှစ်တောင့်ထွာသာသာ)နှင့်သုံးတောင်ဟူ၍ဖြစ်သည်။ သင်ရှည်မျိုးသည်သုံးတောင်ထွာမှ လေးတောင်၊ လေးတောင်ထွာ၊ ငါးတောင်နှင့်အရှည်ဆုံး ခြောက်တောင်ဖြစ်သည်။ သင်ရှည်အမျိုးအစားထဲတွင် သုံးတောင်ထွာကို အသုံးများ၍ခြောက်တောင် ရှည်သင် မျိုးသည်ရှားပါးလေသည်။

ထိုကဲ့သို့ အတိုအရှည်လိုအပ်သလို ဖြတ်ယူပြီးနောက်တွင်အကြီးအငယ်အလိုက် အလယ်အူတိုင်ကို ချန်လှပ်ကာသုံးခြမ်းမှငါးခြမ်းအထိ ဓားဖြင့်သင်လုံး အဖျားမှအရင်းတိုင်အောင်ခွဲစိတ်ထုတ်ရသည်။ ထိုသို့ ပြုလုပ်သည်ကိုသင်ထိုးသည်၊ သင်ခွဲသည်ဟုခေါ်လေသည်။ ကျန်ခဲ့သောအူတိုင်ကို ပစ်လိုက်ပြီးလျှင်သင် ခြမ်းများကို ဓားကလေးဖြင့် တစ်ဖန်စိတ်ရပြန်သည်။ သင်စိတ်များတွင် ကပ်ကျန်နေသေးသောအူများ ကိုတစ်ဖန် ဓားကလေးဖြင့်လှီးထုတ်ရသည်။ သင်အူလှီးထုတ်ရာ၌ ဓားကိုင်သောညာလက်ကိုအဝတ်ဖြင့် စည်းမထားပါက မတော်တဆသင်စောင်းဖြင့် လက်ရှတတ်သည်။ အကြောင်း မူညာလက်ညိုးပေါ် တွင်သင်စိတ်ကိုတင်၍ ဘယ်လက်ဖြင့်ဆွဲယူကာအူကိုဓားဖြင့်သပ်ချရသောကြောင့်တည်း။ ထိုးပြီးသောသင်၊သို့မဟုတ် အူလှီးပြီးသော သင်ကိုနေလှန်း၍ခြောက်အောင်ပြုရသည်။ နေမ လှန်းဘဲ အစိမ်းသုံးကြသည်လည်းရှိသည်။ ထိုကြောင့် သင်စိမ်း၊ သင်ခြောက်ဟူ၍နှစ်မျိုးခွဲခြားခေါ်ဝေါ်ကြခြင်းဖြစ်လေသည်။ သင်စိတ်များကို လုံးဝခြောက်သွေ့သွားအောင် သုံးရက်ခန့်နေလှမ်းရသည်။ ခြောက်သွေ့သွား သောအခါသင်စိတ်များသည်လိပ်၍ တက်လာပြီးလျှင် အစိမ်းရောင်မှအညိုရောင်သို့ ပြောင်းသွားလေသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိသင်ဖြူးဖျာရက်လုပ်သော ဒေသများတွင် သင်ခြောက်များကိုအချောင်း ၄ဝဝ၊သို့မဟုတ် ၅ဝဝ ရေတွက်၍တစ်ပုံစီစုပုံပြီးလျှင်တစ်ပုံပြီးတစ်ပုံ အစည်းစည်းခြင်းကို သင်မသည်ဟု ခေါ်ဆိုသုံးနှုန်းသည်။ သင်အချောင်းတစ်ရာကို ရာမဟုခေါ်သည်။ တစည်းလျှင်လေးရာမစီရှိတတ်ရာ ၊လေးရာမနှစ်စည်းကိုရက်လျှင် သင်ဖျာတစ်ချပ်ထက် အနည်းငယ်ပိုနိုင်သည်။ တနင်္သာရီတိုင်းတွင်မူသင် ချောင်းများကိုစိတ်ထုတ်ပြီးနောက် အူမလှီးဘဲ နေလှန်းထားခြင်းကိုသင်မသည်ဟုခေါ်ဆိုကြသည်။ မိုးတွင်း အတွက် သိုလှောင်ထားရန်သင်မများပြုလုပ်ခြင်းဖြစ်သည်။ အလိုရှိသည့်အခါမှ ယင်းတို့ကိုရေစိမ်ကာ စိတ်ထုတ်၍ အူလှီးပြီးလျှင် သင်ကြောများခွာထုတ်ရလေသည်။ အူလှီးပြီး အခြောက်ခံထားသော သင်ခြောက်များကို သင်ဖြူးဖျာများဖြစ်လာအောင် ပြုလုပ်ပုံအဆင့်ဆင့်မှာ ဤသို့ဖြစ်၏။ သင်ခြောက်များကို ရေဖြင့်တစ်ညဉ့်၊သို့မဟုတ် ၁၂နာရီ ခန့်စိမ်ပြီးနောက် ကြွင်းကျန်နေသေးသော အူသို့မဟုတ် အတွင်းသားများကိုခွာထုတ်ရသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီတိုင်း သင်ဖြူးဖျာ လုပ်ငန်းများ၌ယင်းသို့သင်ခွာပုံအနည်းငယ်ခြားနားသည်။ မြစ်ဝ ကျွန်းပေါ်ဒေသတွင်သင်ကို ရေစိမ်ပြီးနောက်နှီးပြားအနေ အကြီး အသေးလိုသလိုဓားဖြင့်စိတ်ပြီးလျှင် အူအကြွင်းအကျန်များကိုဓား ဖြင့်သပ်ချရသည်။ ယင်းသို့သပ်ချပြီးမှသင်ကိုအပေါ်ကြော ငင်ယူရပြီးနောက် အလယ်ကြောကိုတစ်ဖန် ငင်ယူရသည်။ အပေါ်ကြောသင်သည်ဖျာ၏အလှဘက်အပေါ်လွှာဖြစ်လေသည်။ အလယ်ကြောသင်သည် မလှဘက်အောက်လွှာအတွက်ဖြစ်၍ အလယ်ကြောအောက်မှအူမျှင်သည် ကုန်စုံဆိုင်သုံးသင်အူကြိုးများ ဖြစ်လာကြလေသည်။

တနင်္သာရီနယ်များ၌သင်ခွာပုံမှာဤသို့ဖြစ်သည်။ သင်ခွာသူသည် အလွန်ကျွမ်းကျင်လိမ်မာရလေ သည်။ သို့မဟုတ် ကလှပညီညာသော သင်များကိုမရနိုင်ဟု ဆိုကြသည်။ သင်ခွာသူသည်ခြေဆင်း၍ ထို်င်ပြီးလျှင် ရေစိမ်သောသင်များကိုမိမိ၏ဘယ်ဘက်၌ထားရသည်။ ခွာမည့်သင်ကို ကောက်ယူ၍အဖျားပိုင်း ကိုအတွင်းသို့ ဆတ်ခနဲချိုးလိုက်သောအခါ အခွံပိုင်းသည်ဟသွားသည်။ ဟထွက်လာသောအပိုင်းကို ပါးစပ်ဖြင့်ကိုက်ယူ၍ ဘယ်လက်ဖြင့်သင်အရင်းပိုင်းကိုထိန်းကာ ညာလက်ဖြင့် သင်အတွင်းသားကိုခွာ ထုတ်ရလေသည်။ ထိုနောက် သင်အခွံပိုင်းကိုခြေမနှစ်ခုဖြင့်ညှပ်၍ ခြေရင်းတွင် ချလိုက်ပြီးလျှင်သင် အတွင်းသား၊ သို့မဟုတ်သင်အူကို ညာလက်ဖြင့်ယူ၍ညာဘက်တွင်ချလိုက်ရသည်။ ယင်းသို့ဖြင့် ခြေဆင်း ထိုင်လျက်ရှိသောသင်ခွာသူ၏ ဘယ်က်တွင် ရေစိမ်ပြီးသင်များ၊ ညာဘက်တွင်သင်အူများ၊ (ကုန်ထုတ် ရန်သင်အူကြိုးများအဖြစ်သုံးသည်။) ခြေရင်းတွင် ဖျာရက်ရန်အသင့်ဖြစ်သော သင်ခွံများရှိလေသည်။ သင်ခွာရာ၌ ညာလက်၏လက်ညိုးနှင့်လက်မကိုသင်ရှတတ်သဖြင့် အဝတ်ဖြင့်စည်းထားရလေသည်။

ခွာထုတ်ပြီသောသင်ခွံ၊သို့မဟုတ် သင်ကြောများသည် ဖျာရက်ရန်အသင့်ရှိပြီဟုဆိုရသော်လည်း ဝါးလုံးတန်းများတွင် တစ်ရက်နေလှန်းပေးရသေးသည်။ ခြောက်သွေ့သော သင်ခွံတို့သည် ဖြူဖွေး၍လာလေသည်။ ပုံစံခွက်များဖေါ်၍ ရက်လုပ်ရန်အတွက် သင်ခွံများကို အရောင်ဆိုးကြသည်လည်း ရှိပေ သည်ခြောက်သွေ့သောသင်ခွံတို့ကိုကြိုးဖြင့်စည်း၍ သင်ထုံးများပြုကာသိမ်းထားရသည်။ သင်ဖြူဖျာများ ရက်လုပ်တော့မည့်အခါကျမှ သင်ထုံးများကိုထုတ်ယူ၍ ရေတော်သင့်ရုံဆွတ်ကာရက်လုပ်ရသည်။ ရေမဆွတ်ဘဲ ရက်လုပ်ပါက သင်ခွံများသည် အကိုင်မခံဘဲကွဲတတ်ကြ၍ ရက်လုပ်ရာ၌ သေသေသပ်သပ် မဖြစ်နိုင်ပေ။ ရက်လုပ်သည့် သင်ခွံ၏ဗြက်သည်များသောအားဖြင့် တစ်လက်မ၏လေးပုံတစ်ပုံခန့်သာရှိသည်။ ထိုထက် ဗြက်ငယ်သည်များလည်းရှိသည်။ အဝတ်အထည်ကဲ့သို့ ခေါက်ယူနိုင်အောင် နူးညံ့ချောမွတ်ပျော့ပျောင်းလှသော အပ်ကောက်ဖျာဟုခေါ်ဆိုသည့်သင်ဖြူးဖျာ၏သင်ခွံသည် ဗြက်သေးငယ်လှ၍ လက်နှင့် ကောက် ယူရန်မလွယ်သော ကြောင့် အပ်နှင့်ကောက်ယူရက်လုပ်ရသည်ဟုဆိုသည်။ သင်ဖြူးဖျာရက်လုပ်နည်းမှာနှစ်ပင်ချီ နှစ်ပင်ချဖြစ်၍ တစ်ပင်ကိုသွင်းပြီးရက်ရသည်။ သင်ဖြူးဖျာတစ်ချပ်တွင် အပြောက်လွှာနှင့်အပိန်းလွှာဟူ၍လည်းကောင်း၊ အထက်လွှာနှင့်အောက်လွှာ (တနင်္သာရီတိုင်းသုံး)ဟူ ၍ လည်းကောင်း၊ ခေါ်ကြသောအလွှာနှစ်လွှာပါရှိသည်။ အပြောက်လွှာ၊ သို့မဟုတ်အထက်လွှာဟူသည်မှာ ဖျာ၏ အလှဘက်ကိုခေါ်ခြင်းဖြစ်၍ပန်းကွက်များဖော်၍ရက်လုပ်ကြ ပြီးလျှင် ပိန်းလွှာသို့မဟုတ် အောက်လွှာမှာ မလှဘက်ဖြစ်၍ အကွက်မဖော်ကြပေ။ အချို့သင်ဖြူးများကိုနှစ်ဘက်စလုံး သင်ခွံချောဖြင့်ရက်လုပ်၍နှစ် ဘက်ချောဟုခေါ်သည်။ အချို့ကိုမူ တစ်ဖက်ချောသာရက်လုပ်၍ တစ်ဖက်ကိုသင်ခွံကြမ်းဖြင့် ရက်လုပ်ရာ တစ်ဖက်ချောဟုခေါ်လေသည်။ အပေါ်လွှာ၊ အောက်လွှာနှစ်ခုစလုံးရက်လုပ်ပြီးသည့်နောက်တွင် နှစ်လွှာကို အပ်၍ထိုနှစ်လွှာကိုအနီရောင်ချည်ကြိုးဖြင့်ချုပ်ရသည်။ ထိုသို့အပ်၍ ချုပ်ထားသည့် ဖျာနှစ်လွှာကို သင်ဖြူးဖျာတစ်ချပ်ဟုခေါ်ဆိုလေသည်။

သင်ဖြူးဖျာများ ရက်လုပ်ရာ၌နည်းခြောက်နည်းကို အခြေခံကြသည်။ ယင်းတို့မှာ (၁)လိပ်ပြာ တောင်၊ (၂)လက်သည်းစောင်း၊ (၃)ဆန်ခါပေါက်၊ (၄)ခုန်ညင်းနွယ်၊ (၅)ကြက်လျှာ၊ (၆)မိချောင်း ဟူ၍ဖြစ်သည်။ သင်ဖြူးဖျာများကို အရွယ်အစားစားရက်လုပ်ကြရာ ခင်းဖျာ၊အိပ်ဖျာများသည် တစ်တောင်မှနှစ် တောင့်ထွာ ဖြစ်လေသည်။ တစ်ယောက်ထိုင်ဖျာတိုကလေးများ၊ ကုလားထိုင်ခင်းဖျာတိုကလေးများလည်း ရှိသေးသည်။ ထိုပြင်အရွယ်ကန့်သတ်ချက်အတိအကျမရှိသော ဆက်ဖျာကြီး များ၊ ခန်းလုံးပြည့်ဟူသော အနံအလျားကြီးမားသည့်ဖျာကြီး များလည်းရှိသေးသည်။ ဆက်ဖျာဟူသည်သာမန်ဖျာကြီး များကိုအလျားလိုက်ဖြစ်စေ၊ ထောင်လိုက်ဖြစ်စေ ဆက်ရက်ထားပြီးလျှင် အရွယ်အစားအကန့်အသတ် မရှိဘဲအလိုရှိသည်အထိရက်လုပ်နိုင်လေသည်။ အရွယ်အစား အနုအချောကိုလိုက်၍ဈေးနှုန်းလည်းအမျိုးမျိုးဖြစ်လေရာ အထက်တွင်ဖေါ်ပြခဲ့သော အပ်ကောက်ဖျာမျိုးသည် နိုင်ငံခြားဖြစ်ကော်ဇောများနည်းတူ တန်ဖိုးရှိလေသည်။ သင်ဖြူးများခိုင်ခန့်စေရန် ကတ္တီပါစသောအစများဖြင့် အနားကွပ်၍အသုံးပြုကြရာခိုင်ခံ့ရုံ သာမက အလျား ရှည်ထွက်ခြင်းလည်း မရှိသည့်အပြင် သပ်သပ်ရပ်ရပ်လည်း ရှိလေသည်။

သင်ဖြူးဖျာများသည်ရက်လုပ်ပြီးစတွင် အရောင် ဖြူဖွေးနေသော်လည်း နှစ်လရှည်လာလျှင် အရောင်နီလာသည်။ ရက်လုပ်ပြီးစကပင်အနီရောင်သန်းနေသောသင်ဖြူးဖျာများ လည်းရှိသေးရာ ယင်းတို့သည် ပထမ အမျိုးအစား ထက်ဈေးနှုန်းလျော့လေသည်။ သင်ဖြူးဖျာရက်လုပ်ခြင်းသည် ဝင်ငွေကောင်းသော အိမ်တွင်းမှုလုပ်ငန်းတစ်ရပ်ဖြစ်သည်။ အထူးသဖြင့် မျိုးသမီးများလုပ်ကိုင်ကြသော်လည်း ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင်အမျိုးသားများလည်းလုပ်ကိုင် ကြသည်။ ဒုတိယကမ္ဘာစစ်မတိုင်မီကဓနုဖြူ၊ လေးမျက်နှာ စသောမြို့နယ်များတွင်သင်ဖြူးဖျာရက်လုပ်ခြင်းသည် လယ်လုပ်ခြင်းနည်းတူတစ်နှစ်စာဝမ်းရေးအတွက် လုံလောက်နိုင်ခဲ့သည်ဟုသိရလေသည်။ မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်း အရ ရှင်ပြုပဉ္စင်းခံ၊ မင်္ဂလာဆောင်တို့၌သင်ဖြူးဖျာသည် မပါ မဖြစ်သော အသုံးအဆောင်တစ်ရပ်ဖြစ်လေရာ လူသုံးများသော ပစ္စည်းဖြစ်၍ သင်ဖြူးဖျာလုပ်ငန်းသည် ဝင်ငွေကောင်းသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ နိုင်ငံခြားမှဖယောင်းပုဆိုး၊ လီနိုလီယမ်စသောကြမ်းခင်းပစ္စည်းများ မည်မျှလှပ ကောင်းမွန်စေကာမူ သင်ဖြူးဖျာကဲ့သို့မြန်မာနိုင်ငံရာသီဥတုနှင့် လိုက်လျောခြင်း၊ ကျမ်းမာရေးနှင့်ညီညွတ်ခြင်း၊ ထားသိုရန် လွယ်ကူသိ်ပ်သည်းခြင်း၊ တန်ဖိုးမများဘဲ အသုံးခံခြင်း၊ မရှိသဖြင့် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတို့သည်သင်ဖြူးဖျာ သုံးစွဲမှုကို လက်မလွှတ်နိုင်ကြပေ။ သင်ပင်တွင်ပင်စည်အခွံသို့မဟုတ် သင်ခွံသည်သာ သင်ဖြူးဖျာရက်လုပ်ရသဖြင့် အသုံးဝင်သည်မဟုတ်ပေ။ စင်စစ်သင်တစ်ပင်လုံးလိုလိုပင်အသုံးဝင်ပေသည်။ သင်ပင်၏ ခေါင်းကိုသွေး၍ သကြားနှင့်သောက်လျှင် ဆီးအောင့်ခြင်း ပျောက်နိုင်သည်ဟုဆိုကြသည်။ အလွန်အမင်းဆီးချုပ်လျှင် သင်ရုံအ လယ်မှသင်နုပေါက်ကို နုတ်၍အနုကိုယူပြီးသော် ကျောက်ပြင်ထက်၌ကြိတ်ပြီးလျှင် ဆီးခုံ၌အုံပေးရသည်။ အခြောက်ခံထားသောသင်အူကိုပြာချ၍ ရေတွင်ဖျော်ပြီးလျှင် အကြည်ခံထားသော ထိုပြာရည်ဖြင့် အဝတ်လျှော်ဖွတ်နိုင်သည်။ သင်အူခြောက်များကို ထိုအတိုင်းထားကမိုးဦးကျတွင် အလွန် အရသာရှိသော သင်အူမှိုကိုစားသုံးရသည်။ သင်အူကြိုးကို ကုန်စုံဆိုင်များ၌ ကုန်ပစ္စည်းထုပ်ပိုးရန်အသုံးပြု၍ လယ်သမားများသည်ကျွဲနွားအတွက်လက်ကိုင်ကြိုး၊ နဖားကြိုး၊ နွားလည်ပတ်ကြိုးပြုလုပ်ကြသည်။

သင်ချောင်းရိုင်းများကိုပထမဆုံးခွဲစိတ်ပြီး ထုတ်ပစ်သော အူမသည်လည်းအလဟဿမဖြစ်ချေ။ ဘုံဆိုင်အရက်ဆိုင်များသို့ ပူလင်းဘူးဆို့အဖြစ်ဖြတ်တောက်သုံးစွဲရန်ရောင်းချရသေးသည်။ အရွက်ရင့်များသည် ကြွေကျ၍ ဆွေးရိသွားကသင်ပင်များ အတွက် မြေဩဇာရသည်။ သင်ပွင့်များတွင် အပွင့်ရင်းရှိ ၍ဝတ်ရည်သည် ချိုဆိမ့်၍သင်ပွင့်များကိုအချို့ဟင်းချက်စားကြ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)