သင်ပင်

ဝီကီပီးဒီးယား မှ

မြန်မာလူမျိုးတို့၏ အိမ်ထောင်အသုံးအဆောင်များသည် သင်ဖြူးဖျာ သည်မပါမဖြစ်သော ပစ္စည်းတစ်ခုဖြစ်သော်လည်း သင်ဖြူးဖျာ ရက်လုပ်သည့်သင်ကြောရရှိသောသင်ပင်ကို မူမြင်တွေ့ဖူးသူ ရှားပေမည်။ သင်ပင်ကိုသင်ဖြူးဟုလည်းခေါ်ကြသေးသည်။ ထိုအပင်ကိုမြန်မာနိုင်ငံ၏ မြစ်ရေလျှံသော ဒေသများတွင် တွေ့ရသည်။ သို့သော်မြစ်ရေလျှံ၍ ပို့ချသောသဲမြေထက် နုံးတင်မြေနု ကိုပိုမိုနှစ်သက်သည်။ ထိုကြောင့်သင်ပင်များကို မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီတိုင်းရှိ ရွှံ့နွံထူထပ်သောစိမ့်မြေများ၌ စိုက်ပျိုးဖြစ်ထွန်းလေသည်။

သင်ပင်သည် ဇင်ဂျီဗာရေးစီအီးမျိုးရင်းတွင် ပါဝင်၍ ရုက္ခဗေဒအမည်ဖြင့် ကလိုင်နိုဂျင်ဒိုင်ကိုတို မားဟုခေါ်သည်။ သင်ပင်၏ပင်စည်သည် အစိမ်းရင့်ရောင်ဖြစ်၍ လုံးပြီးလျှင် ပြောင်ချောနေကာအောက်ပိုင်းတွင် အကိုင်းအလက်များ ရှင်းသည်။ အမြင့်သုံးပေမှခြောက်ပေကျော်ခန့်သာရှိနိုင်သော ခြုံပင်မျိုး ဖြစ်သည်။ ပင်စည်၏အခွံသည်မာကျော၍ အတွင်းသားဖြစ်သောအလယ်အူသည်ပျော့သည်။ သင်ပင် သည်ကျူပင်နှင့်အပင်အနေအထားပုံပန်းသဏ္ဌာန် ဆင်ဆင်တူသော်လည်း ကျူပင်၏ပင်စည်ကဲ့သို့ ဟောင်းလောင်းပေါက် မဟုတ်ပေ။ အပင်၏ အပေါ်ပိုင်းတွင်အရွက်များရှိရာ ယင်းတို့သည်တစ်ရွက်ချင်းထွက်၍ အရွက်လည်းမများလှချေ။ ကျူရွက်ထက်ပိုမိုကျယ်ပြန့်ပြီးလျှင် အရွက်ပုံပန်းသည်အတန်ငယ်ဝိုင်း၍ ချောမွတ်သည်။ ထိုအရွက်တို့သည်ကြောယှက်မဟုတ်ဘဲ ကြောပြိုင်များဖြစ်ကြ လေသည်။ တန်ခူး၊ ကဆုန်မှစ၍ မိုးဦးကျအချိန်အခါတွင် သင်ပင်များပွင့်ပြီးလျှင် အသီးသီးသည်။ လှပဖြူဆွတ်သောအပွင့် များသည် အနံ့မရှိချေ။ လည်ပင်းကျဉ်း၍ ရှည်သောအော်လံ ပုံသဏ္ဌာန်ရှိလေသည်။ သင်ဖြူးဖျာရက်လုပ်သော အစိတ်အပိုင်းသည် ပင်စည်၏အခွံဖြစ်၍ သင်ခွံဟူ၍လည်းကောင်း၊ သင်ချောဟူ၍လည်းကောင်းခေါ်ကြ လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)