သင်ပုန်းကျောက်

ဝီကီပီးဒီးယား မှ

ကျောက်သင်ပုန်းကျောက်တံစသည်တို့ပြုလုပ်ရသောကျောက်ကိုသင်ပုန်းကျောက်ဟုခေါ်သည်။ သင်ပုန်းကျောက်သည်အနီရောင်၊ ခရမ်းရောင်၊ အစိမ်းရောင်၊ မွဲပြာရောင်၊ အပြာရောင်စသည့်ဖြင့်အမျိုးမျိုးရှိတတ်၍တစ်ခါတစ်ရံလချေးရော နှောပါရှိသောအခါအရောင် လက်နေတတ်သည်။

သင်ပုန်းကျောက်မျိုးသည် ရေအောက်တွင် ဖြစ်ပေါ်လာသောကျောက်မျိုးဖြစ်သည်။ မြစ်ချောင်း များမှ ရေသည်သမုဒ္ဒရာထဲသို့စီးဝင်သောအခါ ထိုရေတွင်မျောခိုပါရှိကြ သည့်အလွန်သေးငယ်သောသဲနှင့် ရွှံ့မှုန့်များသည် ရေအောက် မြေပေါ်သို့အနည်ထိုင်သွားကြသည်။ ပထမဆုံးဤအနည်များသည် အချပ်လွှာ ရှိသည့်ရွှံ့စေးများဖြစ်လာ၍ကာလကြာမြင့်သောအခါ အထက်မှအနည်များ၏ဖိအားမှာ အလွန်ကြီးမားလာသဖြင့် သင်ပုန်းကျောက်အဖြစ်သို့ပြောင်းလဲသွားသည်။ ဤသို့ရေတွင် အနည်ထိုင်ရာမှ ဖိအားဖြင့်ကျောက်ဖြစ်လာသောကြောင့် ဘူမိဗေဒဆရာတို့က သင်ပုန်းကျောက်ကို အသွင်ပြောင်းရေနည်ထိုင်ကျောက်ဟုခေါ်သည်။ သင်ပုန်းကျောက်ဖြစ်လာရာ၌ မူလရွှံ့နှင့်သဲမှုန့်တို့တွင်ပါရှိသည့် သံဓာတ်အချိုး ကိုလိုက်၍ ကျောက်တွင် အရောင်အမျိုးမျိုးဖြစ်လာသည်။ သင်ပုန်းကျောက်၏အထူးခြားဆုံးအချက်တစ်ရပ်မှာ အထပ်ထပ်ကွဲနိုင်ခြင်းဖြစ်၍ ဤကျောက်ကဲ့ သို့ အထပ်ထပ်ကွဲနိုင်သော အခြားကျောက်များကိုလည်း သိမ်းရုံးပြီးလျှင်သင်ပုန်းကျောက်ဟုခေါ်သည်။ သင်ပုန်းကျောက်ကို ကျင်းများမှဖြိုခွဲ၍ဖြစ်စေ၊ ကျောက်ခွဲစက်များဖြင့်ခွဲဖြတ်၍ဖြစ်စေ တူးဖော်ယူကြ သည်။ ဤကျောက်များကို သယ်ယူရာ၌ လွယ်ကူစေရန် အတုံးငယ်များပြုလုပ်လေ့ရှိသည်။ သုံးလက် မခန့်ထူသောအတုံးငယ်တတုံးကို သင့်တော်သောအနေအထားတွင် ထောင်ပြီးလျှင် ကျောက်၏ အကြော ပေါ်၌ဆောက်တင်၍ လက်ရိုက်ဖြင့် အနည်းငယ်ထုပေးသောအခါ ကျောက်တွင်အကြောကိုလိုက်၍ ဟလာသည်။ ထိုသို့ဟလာသောနေရာကို ကော်လိုက်လျှင် ကျောက်ပြားတစ်ပြားမှနှစ်ပြားဖြစ်လာသည်။ ဤ နည်းဖြင့် ကျောက်များကိုလွှာယူကြရာ၌ ကျောက်အမျိုးကိုလိုက်၍ဖြစ်စေ၊ အရွယ်ကိုလိုက်၍ ဖြစ်စေ၊ အသုံးကိုလိုက်၍ဖြစ်စေ ကျောက်အထူအပါးရကြသည်။ ကျောက်လွှာများတွင် တစ်ဖန်မညီညာသော အနားများကို စက်ဓားဖြင့်လည်းကောင်း၊ ရိုးရိုးဓားဖြင့်လည်းကောင်း ပိုင်းဖြတ်၍ညှိယူသည်။ သင်ပုန်းကျောက်အများအပြား ထွက်သော အရပ်ဒေသများမှာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီနှင့် အမေရိကန်ပြည်ထောင်စုနိုင်ငံများဖြစ်ကြသည်။ သို့သော် အကောင်းဆုံးအမျိုးအစားကို အင်္ဂလန်နိုင်ငံ ဝေလနယ်မှ ရရှိလေသည်။ အချို့အရပ်ဒေသများတွင် မြေပေါ်ရှိကျင်းများမှ တူးဖော်ယူကြ၍ အချို့ တွင်မူကားအခြား သတ္ထုရိုင်းများကဲ့သို့ပင်မြေအောက်တွင်းများဖြင့်တူးဖော်ယူကြရသည်။ သင်ပုန်းကျောက်ကိုကျောက်သင်ပုန်းပြုလုပ်ရန်အပြင် ဘိလိယက်ခုံတွင် ခင်းရန်အတွက်လည်းကောင်း၊ အိမ်များတွင်မိုးရန်အတွက်လည်းကောင်း၊ စာပြသောကျောက်သင်ပုန်းကြီးများ ပြုလုပ်ရန်အတွက်လည်းကောင်း၊ အမြောက်အမြား အသုံးပြုကြသေးသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)