သက်ကြီး၊ ဆရာ (အနာဂါမ်)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အနာဂါမ်ဆရာသက်ကြီး

အနာဂါမ် ဆရာသက်ကြီး[ပြင်ဆင်ရန်]

ဆရာသက် ခေါ် ဦးဖိုးသက်မှာ ရန်ကုန်မြို့တဖက်ကမ်း ဒလ ပျော်ဘွယ်ကြီးရွာနေ ဦးကျော်တုတ်-ဒေါ်ငွေဥ တို့မှ မြန်မာ သက္ကရာဇ် ၁၂၃၅ ခုနှစ် ဝါ ခေါင်လဆန်း ၃ ရက်၊ သောကြာနေ့တွင် မောင်ဖိုးသက်ကို ဖွားမြင်ခဲ့လေသည်။ မွေးချင်းလေး ယောက်တို့တွင် မောင်ဖိုးသက်မှာ အကြီးဆုံးဖြစ်၏။

ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့၏ တောင်ဖက် ၇ မိုင်မျှသာကွာ၍ အိမ်ခြေ တစ်ထောင်ကျော် ရှိသောရွာကြီးဖြစ်၏။ ရွာသူရွာသားတို့မှာလည်း များသောအားဖြင့် သမ္မာအာဇီဝ ဖြစ်သော လယ်ယာ အလုပ်ဖြင့်အသက်မွေးကြသူများ ဖြစ်သည်။ မောင်ဖိုးသက် အသက် (၁၁)နှစ်အရွယ်တွင် ဖခင်ဦးကျော်တုတ် ကွယ်လွန်သွားသဖြင့် မိခင် မုဆိုးမကြီး ဒေါ်ငွေဥက သားသမီးလေးယောက်အား အကြော်ရောင်း၍ လုပ်ကျွေးခဲ့ရသည်။ သားကြီးမောင်ဖိုးသက်ကိုလည်း မြန်မာစာ ခြောက်တန်းအထိ ပညာသင်ပေးခဲ့သည်။ ကျောင်းနေဆဲမှာပင် ကျောင်းအားရက်များ၌ လှည်းဦးစီး၊ သမ္ဗာန်ဦးစီး အဖြစ်ဖြင့် စပါးသယ်ပို့သော လုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်လျက် မိခင်ကြီး၏ စီးပွားရေးကို ကူညီပံ့ပိုး ခဲ့သည်။

ထို့နောက် ရိုးသားကြိုးစားသော မောင်ဖိုးသက်ကို ဆန်စက်ပိုင်ရှင် တစ်ဦးက သဘောကျ၍ သူ၏ဆန်စက်၌ တာလီ စာရေးခန့်ထားခဲ့သည်။ တစ်လ ၆ ကျပ်စားမှ ၂၅ ကျပ်အထိ လစာတိုး ပေးခဲ့သည်။ ထိုအခါ မောင်ဖိုးသက်တို့မိသားစု စားဝတ်နေရေး ချောင်လည်လာခဲ့သည်။ မောင်ဖိုးသက် အသက်(၁၆) အရွယ်တွင် ပျော်ဘွယ်ကြီးရွာမှ လယ်ပိုင်ရှင် တစ်ဦးဖြစ်သော ဦးသိန်း ဒေါ်သူဇာတို့၏ သမီးထွေးမမျှင်နှင့် အိမ်ထောင်ကျလေသည်။ ထိုအခါ သူသည် ယောက္ခမိသားစုနှင့် အတူနေထိုင်လျက် လယ်ယာအလုပ်ကို လုပ်ကိုင်ခဲ့သည်။ စီးပွားရေးပြေလည်၍ မိသားစု အသိုင်းအဝိုင်းမှာလည်း ပြည့်စုံသဖြင့် ကာလအတန်ကြာမျှ ပျော်ရွှင်စွာ နေခဲ့ရသည်။ ထိုအချိန်ကာလအတွင်း ဘာသာရေးနှင့် ပတ်သက်၍လည်း အလှူဒါနပြုခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း စသော ကောင်းမှု ကုသိုလ်တို့ကို ပြုလုပ်ဆည်းပူးနိုင်ခဲ့သည်။ အထူးအားဖြင့်ထိုခေတ်က ရဟန္တာဟု ကျော်ကြားသော ဘုန်းတော်ကြီး ဦးသီလနှင့် ပညာနေတ္တိ ဝိပဿနာကျမ်းပြု ဖိုဝန်းတောင် ဆရာညွန့်တို့ဟောပြောသော တရားများကို ကြားနာခွင့်ရရှိခဲ့ခြင်း၊ လယ်တီဆရာတော်၏ ဒီပနီ ကျမ်းအချို့ကို ဖတ်ရှုခဲ့ရခြင်းတို့ကြောင့် မောင်ဖိုးသက်မှာ ဘာသာရေးအခြေခံ အတော်အသင့် ပြည့်စုံလေသည်။

သို့သော်လည်း ထိုသို့အစစချောမွေ့နေသော အချိန်တွင် မမျှော်လင့်သော ကြမ္မာဆိုးတစ်ခုက မောင်ဖိုးသက်တို့မိသားစု နှင့်တကွ ပျော်ဘွယ်ကြီးရွာတရွာလုံးကို ဝင်ရောက် မွှေနှောက်ခဲ့သည်။ ထိုကြမ္မာဆိုးမှာ အခြားမဟုတ်။ ကာလဝမ်းရောဂါ ပင်ဖြစ်၏။ ကာလဝမ်း ရောဂါ ကျရောက်လာသဖြင့် ရွာသူရွာသား အမြောက်အများ သေကြေပျက်စီးကြရာတွင် မောင်ဖိုးသက်တို့မိသားစုမှာ အထိအနာဆုံး ဖြစ်ခဲ့သည်။ မမျှင်၏ အစ်မ မခင်တို့လင်မယားနှင့်အတူ တူမလေး မချစ်မြိုင် ကိုဖိုးသက်၏ သမီးလေး မလှညွန့်ပါ ဝမ်းရောဂါထဲသို့ပါသွားခဲ့ကြရရှာသည်။

လယ်တီဆရာတော်နှင့် ဆရာသက်[ပြင်ဆင်ရန်]

အသက်သုံးဆယ်ကျော်မျှသာ ရှိသေးသော ကိုဖိုးသက်မှာ မိမိလက်တွင်း၌ မချိမဆန့် အသက်ပျောက်သွားခဲ့ရသည့် တစ်ဦးတည်းသော သမီးလေး မလှညွန့်အတွက် အကြီးအကျယ် စိတ်ထိခိုက်သွားသည်။ လအတော်ကြာမျှ သောက ဝေဒနာကို မဖြေနိုင် ဖြစ်ခဲ့ရသည်။ ရက်လညောင်း၍ မိမိစိတ်ကို အသင့်အတင့် ဖြေနိုင်သောအခါတွင်မူ ကိုဖိုးသက်မှာ ပျော်ဘွယ်ကြီးရွာတွင် နေလိုစိတ်မရှိတော့ချေ။ ထို့ကြောင့် ဇနီးမမျှင်နှင့် ကျန်မိသားစုများအား အနူးအညွတ် တောင်းပန်ပြီး ပျော်ဘွယ်ကြီးရွာမှ ထွက်လာခဲ့လေသည်။ မောင်ညိုခေါ် မိတ်ဆွေ တစ်ယောက်ကို အဖော်ပြုလျက် ရွာမှ ထွက်လာသော ကိုဖိုးသက်သည် မြန်မာပြည်တောတောင် အနှံအပြားသို့လှည့်လည်လျက် သောကငြိမ်းအေးကြောင်းတရားကို ရှာဖွေခဲ့သည်။ (သေခြင်းတရား၏ အချိန်အခါအရွယ်မရွေး အချိန်းအချက်မရှိထားပဲ ရောက်လာနိုင်ခြင်းအပေါ်သတိသံဝေဂ ရရှိကာ မသေသောတရားကို သိအောင်ရှာမည်ဟု လေးနက်မွန်မြတ်သောသန္နိဋ္ဌာန် ဆုံးဖြတ်ချက်လည်း ဦးစီးပါဝင်သည်။)

ရှေးဦးစွာ ဖိုဝန်းတောင် ဆရာညွန့်ထံသို့ရောက်၍ အာနာပါန ရှုမှတ်နည်းကိုရရှိခဲ့သည်။ ထိုနောက် ညောင်လွန့်တောရ ဆရာတော်သေက္ချတောင် ဆရာတော်၊ ဦးတိလောက ၊ ပဋ္ဋိပတ္တိအကျော် ဆရာတော်များ ထံသို့လည်း ခိုဝင် ဆည်းကပ်ခဲ့သည်။ နောက်ဆုံးကား လယ်တီဆရာတော် ဖြစ်လေသည်။ ကိုဖိုးသက်သည် လယ်တီဆရာတော်ထံ၌ (၇) နှစ်မျှ အနီးကပ် ဆည်းကပ်နေထိုင်လျက် ပဋ္ဋိပတ္တိအလုပ်ကို အားထုတ် ခဲ့သည်။ဆရာတော်၏ ဆုံးမ ဩဝါဒများကို အလေးအနက် နာယူမှတ်သားခဲ့သည်။

ဤသို့လျှင် အိုးပစ်အိမ်ပစ် ဘဝဖြင့် ကိုဖိုးသက် တရားရှာခဲ့သည်မှာ (၁၃) နှစ်မျှကြာ သွားခဲ့သည်။ ထိုအချိန်ကာလအတွင်း ဆရာသမားများ၊ သူတော်ကောင်းပညာရှိတို့၏ ဆုံးမဩဝါဒ များကို မပြတ်ကြားခဲ့ရခြင်းကြောင့် လည်းကောင်း၊ တရားအသိ ထိုက်သင့်သလောက် တိုးပွားလာခြင်းကြောင့်လည်းကောင်း ကိုဖိုးသက်၏ သောကဝေဒနာမှာ သိသိသာသာကြီး လျော့ပါးလာခဲ့လေသည်။ ထို့ကြောင့် ကိုဖိုးသက်သည် အဖော်ဖြစ်သူ မောင်ညို နှင့်အတူ လယ်တီဆရာတော်ကြီးအား ဖူးမြော်ကန်တော့ပြီး ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သော ပျော်ဘွယ်ကြီးရွာသို့ပြန်ခဲ့လေသည်။ (နှစ်ရှည်လများ အိုးပစ်အိမ်ပစ် လေ့လာဆည်းပူးရင်းအားထုတ်ခဲ့သော်လည်း ရည်မှန်းသည့် တရားအရသာတွေ့ရှိသိရသည်အထိ ခရီးမရောက်သဖြင့် နောက်တစ်လှမ်းဆုတ် တပ်ခေါက်ပြန်သည့်သဘောဖြစ်သည်။ သို့သော် နောင်အရှည်ကို ရည်မျှော်တွေးခေါ်ကာ လမ်းညွှန်မိန့်မှာရင်းချီးမြှင့်သော လယ်တီဆရာတော်၏ တေးထပ် လင်္ကာမှာ ဦးဖိုးသက်အတွက် အလွန်တန်ဖိုးရှိသော အားဆေးတစ်ခွက်သဖွယ်ဖြစ်စေခဲ့သည်။)

ရွာအပြန်[ပြင်ဆင်ရန်]

ပျော်ဘွယ်ကြီးရွာသို့ ရောက်သောအခါ (မိမိ၏ တရားအသိဖြင့် အများအား ကူညီကယ်တင်ရန်ရည်မှန်းချက်လည်းရှိဟန်တူသူ ကိုဖိုးသက်သည် မိမိအားယုံကြည်အားထားစွာ မျှော်လင့်ချက်ထားထောက်ပံ့လှူဒါန်းနေသူများနှင့် လက်ရှိတရားအဆင့်မျှဖြင့် ရင်ဆိုင်မတွေ့လိုသေးသလိုဖြစ်နေပေရာ) အိမ်သို့သွားလိုစိတ် မရှိသေးသဖြင့် ကိုဖိုးသက်နှင့်မောင်ညိုတို့သည် ရွာထိပ်ရှိ ဓမ္မာရုံ၌ ယာယီသဘောဖြင့် စတည်းချနေကြသည်။ ထိုဓမ္မာရုံမှာ တစ်ချိန်က ကိုဖိုးသက်တို့မိသားစု ဆောက်လုပ်လှူဒါန်းခဲ့သော ဇရပ်ပင်ဖြစ်၏။

"ဤသောက ဝေဒနာမျိုး နောက်ထပ်မပေါ်ပေါက် ရအောင် ငါအားထုတ်တော့မည်" ဟုသန္နိဋ္ဌာန် ချလိုက်သည်။ ထို့နောက် ဇနီးမမျှင် အိမ်သို့နှုတ်ဆက်ရုံမျှပင် မသွားတော့ဘဲ မောင်ညိုနှင့်အတူ ဇရပ်မှာပင် ဖြစ်သလို နေထိုင်လျက် တရားကို ဆက်လက် အားထုတ်သည်။ အာနာပါနဖြင့် သမာဓိခိုင်မြဲအောင် ထူထောင်ပြီး မိမိခန္ဓာကိုယ်မှ ရုပ်နာမ်တို့၏ ဖြစ် ပျက်မှုများကို ဝိပဿနာဉာဏ်ဖြင့် ထင်မြင်အောင် ရှုမှတ်သည်။ သို့အားဖြင့် မကြာမီ ကာလအတွင်း၌ပင် ကိုဖိုးသက်သည် ခန္ဓာကိုယ်ကပြသော (ငယ်ထိပ်နေရာမှပြသော) တရားကို လင်းလင်းချင်းချင်း ထိုးထွင်း သိမြင်ခဲ့လေသည်။ ထို့နောက် ကိုဖိုးသက်သည် ရွာဦးဇရပ်မှာပင် ဆက်လက်နေထိုင်လျက် မရီးဒေါ်ရင် အပါအဝင် ရင်းနှီးသူ (၁၅) ဦးခန့်အား အာနာပါန အားထုတ်နည်းကို (တောင်းခံမှုများကြောင့်) စတင်သင်ပြပေးသည်။ ကိုဖိုးသက်မှာ (လောကုတ္တရာစာပေအရာတွင်) စာတတ်ပေတတ် (ကျမ်းတတ်ပုဂ္ဂိုလ်) မဟုတ်သော်လည်း သူဟောပြောသော တရားကား ရှင်းလင်းပြတ်သားသည်။ ယောဂီများသာမက ယောဂီမဟုတ်သူများလည်း တိုးတက်မှုရရှိ၍ များစွာနှစ်သက်ကြသည်။

ကိုဖိုးသက်သည် သီတင်းဝါလကျွတ်သောအခါ ယောဂီအချို့နှင့်အတူ လယ်တီဆရာတော်ထံ သွားရောက်ဖူးမြင်သည်။ မိမိတရားပြပုံများကိုလည်း ဆရာတော်အားလျှောက်ထားသည်။ လယ်တီဆရာတော်က အကြိမ်ကြိမ် သာဓု ခေါ်တော်မူပြီး ယောဂီ ၅၀၀၀ ထက်မနည်းအရေအတွက်ပြည့်မီသည်အထိ ဆက်လက်တရားပြရန် တိုက်တွန်းတော်မူသည်။ ကျောင်းတိုက်ရှိ တပည့်သံဃာအများကိုလည်း ကိုဖိုးသက်၏နည်းနာကိုစံနမူနာယူရန်စသည်တိုက်တွန်းချီးမွမ်းသည်၊ ထို့အပြင် မိမိအမြဲသုံးနေသော လက်ကိုင်တောင်ဝှေးကိုလည်း ဒကာသက်အား ချီးမြှင့်တော်မူလိုက်လေသည်။

ကိုဖိုးသက်သည် လယ်တီဆရာတော်ထံမှ ပြန်လာပြီးနောက် ဆရာတော်၏ အားပေး တိုက်တွန်းချက်နှင့်အညီ တရားပြမှုကို တိုး၍ ပြုလုပ်ခဲ့သည်။ အနီးပတ်ဝန်းကျင် ရွာများနှင့်တကွ ရပ်နီး ရပ်ဝေးမှ လူများ အဆက်မပြတ် လာရောက်၍ ကိုဖိုးသက်ထံ၌ တရားအားထုတ်ခဲ့ကြသည်။ ဆရာသက်ကြီး ဟူ၍ လေးလေးစားစား အသိအမှတ်ပြုလာကြသည်။ ဆရာသက်ကြီးသည် ပျော်ဘွယ်ကြီး ရွာ၌သာမက ရန်ကုန် -မြောင်းမြ -ရွှေကျင် စသော အခြားမြို့ရွာများ၌လည်း တရားပြခဲ့သည်။ ပျော်ဘွယ်ကြီးရွာမှာ ရန်ကုန်မြို့နှင့်နီးသဖြင့် ရန်ကုန် မြို့မှ အစိုးရအမှုထမ်း များနှင့်အခြားသူများလည်း ဆရာသက်ထံ မကြာခဏ လာရောက် ကြသည်။ နောင်အခါ၌ ငွေစာရင်းမင်းကြီး ဖြစ်လာမည့် ဦးဘခင်သည်လည်း တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ (ဆရာသက်ကြီး၏ တရားအသိဖြန့်ဝေလမ်းညွှန်ကူညီပေးမှုတွင် အနှောင့်အယှက်အဟန့်အတားသဘော အဆင်မချောမှုရှိသမျှကို မေတ္တာမပျက်ခွင့်လွှတ်သီးခံ နည်းမှန်စွာအနိုင်ရရှိချောမောပြေပြစ်စေခဲ့သည်။ အတ္တကြီးမားစွာ ဆက်ဆံပြောဆိုလာသူ ဝေဖန်ကဲ့ရဲ့လိုစိတ်ဖြင့်စုံစမ်းချဉ်းကပ်လာသူတို့ကိုပါ ပြဿနာအလျဉ်းမပေါ်စေပဲ သာယာချေငံ နည်းမှန်စွာ အကျိုးဖြစ်ထွန်းစေနိုင်ခဲ့သည်။ အဝေးမှ အနှောင့်အယှက်ပြုသူအချို့ကိုကား ကူညီခွင့်ရပုံမပေါ်ပါ။)

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဆရာသက်ကြီး၏ တပည့်အချို့သည် ဆရာကြီးအသက်ထင်ရှား ရှိနေစဉ်ကပင် အာဇာနည်ကုန်း၌ ဟံသာဝတီကမ္မဋ္ဌာန်း ဌာနကို ဖွင့်လှစ်ခဲ့ကြသည်။ ထိုကမ္မဋ္ဌာန်းဌာနသို့ လာရောက်၍ တရားပြခဲ့သည်။ ဆရာကြီးသည် မြန်မာ သက္ကရာဇ် ၁၃၀၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄-ရက်နေ့ညတွင် ဗဟန်းရေတာရှည် လမ်းဟောင်းမှ တပည့်ဖြစ်သူ ဦးအုံး၏ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ အသက်(၇၂) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဆရာကြီး၏ ရုပ်ကလာပ်ကို အာဇာနည် ကုန်း၌ တပည့်ကြီးငယ်တို့က စည်ကားသိုက်မြိုက်စွာ သင်္ဂြုဟ်ခဲ့ကြလေသည်။ (ဆရာသက်ကြီး မရှိတော့သည့်နောက်ပိုင်းတွင်လည်း ဆရာကြီး၏ တပြည့်သားမြေးတို့၏ အားထုတ်မှုဖြင့် ကမ္မဋ္ဌာန်းဌာနများ ကမ္မဋ္ဌာန်းပြဆရာများ အစဉ်အဆက် ပွားများတည်ရှိနေကာ ဆရာကြီးဦးဘခင်၊ ဆရာကြီးဦးဂိုအင်ကာ စသည်ဖြင့် တိုင်းပြည်နိုင်ငံနယ်နိမိတ်များအပေါ် ကျော်လွှားထင်ရှားတရားဖြန့်ဝေပေးနိုင်စွမ်းသော အာဇာနည်ပုဂ္ဂိုလ်များဆက်လက်ပေါ်ထွက်နေလျက် သူ၏တရားများ ရှန်သန်ပြန့်ပွားတည်ရှိနေသည်)[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဓမ္မာစရိယဦးဌေးလှိုင်-ရေး “အနာဂါမ်ဆရာသက်ကြီး”