ဝေါဟာရတ္ထပကာသနီ

ဝီကီပီးဒီးယား မှ

ဝေါဟာရတ္ထပကာသနီကို ရှင်ဂုဏာစာရရေးသည်။ ၁၁၃၁ ခု၊ ကဆုန်လပြည့်ကျော် ၄ ရက် (၁၇၆၉ ဧပြီ ၂၃) တွင် ကျမ်းပြီးသည်။ ၁၁ ကြောင်းရေပေ ၂၂ အင်္ဂါနှင့် ၉ ချပ်ရှိသည်။ အပိုင်း ၉ ပိုင်း ပါသည်။

ခေါင်းစဉ်အဓိပ္ပာယ်[ပြင်ဆင်ရန်]

ဝေါဟာရ၊ အတ္ထ၊ ပကာသနီဟူ၍ ပါဠိစကားလုံး ၃ လုံး ပေါင်းထားသည်။ ဝေါဟာရမှာ အခေါ်အဝေါ် စကားအသုံးအနှုန်း၊ အတ္ထမှာ အနက်အဓိပ္ပာယ် ဆိုလိုရင်း၊ ပကာသနီမှာ တိကျပြတ်သားအောင် ဖော်ပြခြင်း စသဖြင့် အဓိပ္ပာယ်အသီးသီးရှိကြသည်။ ပေါင်း၍ဆိုပါက မြန်မာဝေါဟာရတို့၏ အနက်အဓိပ္ပာယ်ကို တိကျပြတ်သားအောင် ဖော်ပြခြင်းဟူ၍ ရလိမ့်မည်။

စက်တင်ပုံနှိပ်ခြင်း[ပြင်ဆင်ရန်]

၁၉၀၄ ခုတွင် ကျောက်စာဝန် တော်စိန်ခိုက ငွေမပြီး သရက်တောတိုက် တောင်ဘီလူးဆရာတော်က ကြီးကြပ်ကာ မှော်ပီဆရာသိန်း၊ ဆရာမြင့်၊ ဆရာကြင်တို့ တည်းဖြတ်၍ ရန်ကုန်မြို့ ဧရာဝတီစာပုံနှိပ်တိုက်မှ ပထမဆုံး စက်တင်ပုံနှိပ်သည်။

၁၉၃၃ ခုရောက်သော် အငြိမ်းစားပညာဝန် ဦးဖိုးစိန်က ရှင်းလင်းချက်များထည့်ကာ တပိုင်းစီကို စာအုပ်ငယ်တအုပ်နှုန်းဖြင့် ရန်ကုန်မြို့ တိုးစာပုံနှိပ်တိုက်မှ ထုတ်ဝေသည်။ ၅ အုပ်ရောက်သည်တွင် ဒုတိယကမ္ဘာစစ်ဝင်သည့်အတွက် ဆက်မထွက်တော့။

စစ်ပြီးသည်နောက် ၁၉၅၈ ရောက်လျှင် ဤစာအုပ်မှာ ရှားပါးသဖြင့် ရန်ကုန် လယ်တီမဏ္ဍိုင်စာပုံနှိပ်တိုက်က ဧရာဝတီမူကို ပြန်ထုတ်သည်။ နောက် ၁၉၆၆ ခု၌ ဒဂုန်ဦးထွန်းမြင့်တည်းဖြတ်ကာ လယ်တီမဏ္ဍိုင်မူအဖြစ် ဒုတိယအကြိမ် ထုတ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ကျော်အောင်စံထားဆရာတော်။ "ဝေါဟာရတ္ထပကာသနီ"။ လယ်တီမဏ္ဍိုင်ပုံနှိပ်တိုက်။ ၁၉၆၆။