ဝီလျံ စလင်း

ဝီကီပီးဒီးယား မှ

ဆာဝီလျံ ဂျိုးဇက်စလင်းသည် ဩစတြေးလီးယားနိုင်ငံ ဘုရင်ခံချုပ် ဖြစ်သည်။ ၁၈၉၁ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ဖွားမြင်၍ ဗာမင်ဂမ်မြို့ ကင်းအက်ဒွပ် စာသင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ကျောင်းမှထွက်သောအခါ စစ်သားရိုးရိုးအဖြစ်နှင့်ပင် စစ်ထဲသို့ ဝင်ရောက် အမှုထမ်းလေသည်။ သို့သော် မကြာမီ ဘုရင့် ဝါဝစ်ရှိုင်ယာတပ်ရင်းကြီးတွင် ဗိုလ်အဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်း ခံရ၏။ ပထမကမ္ဘာစစ်ကြီးအတွင်းက ဂလစ်ပိုလီ၊ ပြင်သစ်နှင့် မက်ဆိုပိုတေးမီးယား စစ်မြေပြင်များတွင် ရွပ်ရွပ်ချွံချွံ သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့သဖြင့် ချီးမြှင့်ခြင်း ခံရလေသည်။

ပထမကမ္ဘာစစ်ကြီးအပြီးတွင် အိန္ဒိယပြည်သို့သွားရောက်၍ ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်းတွင် အမှုထမ်းခဲ့သည်။ စစ်ကြီးနှစ်ခုကြားကာလတွင် အများအားဖြင့် အိန္ဒိယပြည်တွင်သာ အမှုထမ်းခဲ့ရသော်လည်း ၁၉၃၄ ခုနှစ်မှ ၁၉၃၆ ခုနှစ်အထိ ကမ်ဗာလေ ဗိုလ်သင်ကျောင်း၌ သင်တန်းဆရာအဖြစ် ထမ်းရွက်ခဲ့ရ ပြန်လေသည်။

ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ အာဖရိကတိုက်ရှိ ဆူဒန်နယ်တွင် ခြေလျင်တပ်မဟာအမှတ် ၁ဝ ကို အုပ်ချုပ် ကွပ်ကဲရပြီးလျှင် အီရစ်ထရီးယား တိုက်ပွဲတွင် ပါဝင် တိုက်ခိုက်ခဲ့ရသည်။ ထိုနောက်တွင် ဗိုလ်ချုပ် အဆင့်အတန်းသို့ တိုးမြှင့်ထားခြင်း ခံရသည့်ပြင် ဒီ၊ အက်(စ)၊ အို ခေါ် အမှုထမ်းကောင်းဘွဲ့ တံဆိပ်ကိုလည်း ရရှိခဲ့လေသည်။ ထိုနောက် အာရှအရှေ့တောင်ပိုင်း မြန်မာပြည် စစ်မျက်နှာသို့ ၁၉၄၂ ခုနှစ်တွင် စေလွှတ်ခြင်း ခံရလေသည်။ စလင်းသည် ၁၄ နံပါတ် ဗြိတိသျှတပ်မတော်ကို ကွပ်ကဲအုပ်ချုပ်ပြီးလျှင် မြန်မာပြည်ကို ဂျပန်များလက်မှ ပြန်လည်သိမ်းပိုက်ခဲ့သည်။

၁၉၄၅ ခုနှစ်တွင် အရှေ့တောင်အာရှ မဟာမိတ်ကုန်းတပ်များ၏ သေနာပတိအဖြစ် ခန့်ထားခြင်း ခံရလေသည်။ ၁၉၄၆ ခုနှစ်တွင်ကား အင်္ဂလန်ပြည်သို့ပြန်၍ ကာကွယ်ရေးဆိုင်ရာ ဘုရင့်စစ်ကောလိပ်ကျောင်းတွင် ကျောင်းအုပ်အဖြစ် တစ်နှစ်ခန့် အမှုထမ်းခဲ့ရသေးသည်။၁၉၄၄ ခုနှစ်တွင် ဆာဘွဲ့ဖြင့် သူကောင်းပြုခြင်း ခံရပြီးနောက် ၁၉၄၇ ခုနှစ်တွင် ဆဋ္ဌမဂျော့ဘုရင်၏ ကိုယ်ရံတော်ဗိုလ်အဖြစ် အမှုထမ်းရလေသည်။ ၁၉၄၇ ခုနှစ်တွင် ပြည်သူပိုင်ပြုလုပ်ပြီးဖြစ်သော မီးရထား သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၏ အုပ်ချုပ်ရေးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ရန် စစ်ဖက်မှ အနားယူလိုက်လေသည်။ သို့သော် ၁၉၄၈ ခုနှစ် အောက်တိုဘာတွင် စစ်ဖက်မှ ပြန်လည်ခေါ်ယူကာ စစ်သူကြီး မောင်ဂိုမာရီ၏ နေရာတွင် ဗြိတိသျှတပ်မတော် ဦးစီးချုပ်အဖြစ် ဆက်ခံထမ်းရွက်ရလေသည်။ ၁၉၄၉ ခုနှစ် ဇန္နဝါရီလတွင် စစ်သူကြီးရာထူးသို့ တိုးမြှင့် ခန့်ထားခြင်းခံရသည်။

ယင်းဝတ်တရားကို ဆောင်ရွက်နေစဉ်တွင် အပြည်ပြည်ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ တက်ရောက်ခဲ့၏။၁၉၅ဝ ပြည့်နှစ်တွင် အက်တလီနှင့်တစ်ကြိမ်၊ ၁၉၅၂ ခုနှစ်တွင် ချာချီတစ်ကြိမ် ဝါရှင်တန်မြို့ ဆွေးနွေးပွဲသို့ လိုက်ပါခဲ့ရလေသည်။ ၁၉၅၃ ခုနှစ် နှစ်ဦးပိုင်းတွင် စလင်းသည် ဆာဝီလျံမက်ကဲ၏ နေရာကို ဆက်ခံ၍ ဩစတြေးလီးယားနိုင်ငံ ဘုရင်ခံချုပ်အဖြစ် ဆောင်ရွက်ရလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)