ဝါထပ်ခြင်း

ဝီကီပီးဒီးယား မှ

လထပ်ရက်ငင် ပြဿနာ[ပြင်ဆင်ရန်]

မြန်မာပြက္ခဒိန်နှင့် သိုးဆောင်းပြက္ခဒိန်တို့ ကွာခြားသည်။ မြန်မာ ပြက္ခဒိန်တွင် သူရိယမာသနှစ်၊ စန္ဒရမာသနှစ် ဟူ၍လည်းရှိသည်။ အချို့ သောနှစ်များတွင် ဝါဆိုလ နှစ်လထား၍ နယုန်လတွင် တစ်ရက်တိုးရသည်။ ကမ္ဘာမြေကြီးသည် နေကိုဗဟိုပြုလျက် လှည့်လည်ရာတွင် တစ်ပတ်ပြည့် သောအချိန်၌ နှစ်ဟူ၍ အညီအညွတ် သတ်မှတ်သော်လည်း နှစ်ဆန်းရက် များသည် လူမျိုးတစ်ဦးနှင့်တစ်ဦး မတူချေ။

ဝါထပ်ခြင်း[ပြင်ဆင်ရန်]

ကမ္ဘာပေါ်ရှိ တိုင်းပြည်များမှ လူမျိုးအသီးသီးတို့သည် မိမိတို့၏ ဘာသာဘာဝအရ ပြက္ခဒိန်ပြုလုပ်ရေးတွင် နေ(သူရိယ)နှင့် လ(စန္ဒရ) သဘာဝများကို အခြေပြုကြသည်။ ထို့ကြောင့်ပင် ပြက္ခဒိန်များ၏ နှစ်အပိုင်းအခြားသည် မူအားဖြင့် အတူတူပင်ဖြစ်ကြ၏။ ကမ္ဘာမြေကြီးသည် နေကိုဗဟိုပြုလျက် လှည့်လည်ရာတွင် တစ်ပတ်ပြည့်သောအချိန်၌ 'နှစ်'ဟူ၍ အညီအညွတ် သတ်မှတ်ကြသော်လည်း နှစ်ဆန်းရက်များသည် လူမျိုးတစ်ဦး နှင့်တစ်ဦး မတူကြချေ။ အနောက်နိုင်ငံ သိုးဆောင်းများ၏ နှစ်ဆန်းရက် သည် ဇန်နဝါရီလ တစ်ရက်နေ့ဖြစ်၍ အိန္ဒိယလူမျိုးတို့၏ ပြက္ခဒိန်အရ နှစ် ဆန်းရက်သည် မတ်လ ၂၂ ရက်နေ့ဖြစ်၏။ မြန်မာတို့၏ နှစ်ဆန်းရက် သည်ကား သင်္ကြန်တက် နှစ်ဆန်းချိန် (အတာတက်ချိန်)ဖြစ်၍ အတာတက် ပြီး နောက်တစ်ရက်သည် နှစ်ဆန်းတစ်ရက်ဖြစ်သည်။ မြန်မာနှစ်ဆန်း တစ်ရက်သည် ဧပြီလ ၁၆ ရက် သို့မဟုတ် ၁၇ ရက်နေ့နှင့် ယခုအခါ တိုက်ဆိုင်လျက်ရှိ၏။ မြန်မာပြက္ခဒိန်တွင် အသုံးပြုသော နှစ်အပိုင်းအခြား သည် သူရိယသိဒ္ဓန္တကျမ်းမှရသော ကိန်းဖြစ်၍ အနောက်နိုင်ငံသုံး ပြက္ခဒိန် တွင် အသုံးပြုသော နှစ်အပိုင်းအခြားနှင့် အချိန်အနည်းငယ်ကွာမှုကြောင့် မြန်မာနှစ်ဆန်းရက်သည် အနောက်နိုင်ငံသုံး ပြက္ခဒိန်တွင် ရက်များအနည်း ငယ် ရွေ့လျက်ရှိ၏။


အနောက်နိုင်ငံသုံး ဂျူလီယန်ပြက္ခဒိန်သည် နေသွားနှစ်ကို ၁၂ လပိုင်းခြားထားသော ပြက္ခဒိန်ဖြစ်သောကြောင့် ရာသီပြက္ခဒိန်ဖြစ်၍ လထပ် ပြဿနာများ မပေါ်ချေ။ မြန်မာပြက္ခဒိန်မှာမူကား နေသွားနှင့် လသွားကို အမှီပြု၍ တွက်ရသော ပြက္ခဒိန်ဖြစ်သဖြင့် လထပ်ပြဿနာများ အစဉ်ဖြစ် ပေါ်လျက် ဂျူလီယန်ပြက္ခဒိန် တွက်နည်းကဲ့သို့မလွယ်ကူချေ။ သူရိယ သိဒ္ဓန္တကျမ်းစသော ဗေဒင်တွက်ကိန်းကျမ်းများကို လေ့လာသော ပညာရှိများ သာ မြန်မာပြက္ခဒိန်ကို တွက်နိုင်ကြပေသည်။

မြန်မာပြက္ခဒိန်သည် အောက်တွင်ဖော်ပြသော နှစ်သုံးမျိုးကို အခြေခံထား၍ တွက်ရသည်။

(၁) သူရိယမာသနှစ်
(၂) စန္ဒရမာသနှစ်
(၃) ဝေါဟာရမာသနှစ်

(၁) သူရိယမာသနှစ်သည် နေသွားတစ်နှစ်ပြည့်သော အချိန်၊ သကြ‡န်တက်တစ်ကြိမ်မှ တစ်ကြိမ်တက်အထိရက်ပေါင်း ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့်ရှိသည်။ (သူရိယသိဒ္ဓန္တကျမ်းမှ)
(၂) စန္ဒရမာသနှစ်သည် ကောင်းကင်မျက်မြင်အရ လဆန်းချိန်မှ နောက်လဆန်းချိန် (ဝါ) တစ်လပြည့်ချိန်၊ တစ်ကြိမ်တစ်ကြိမ်တွင် ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၃ စက္ကန့်ခန့်ရှိသော မျက်မြင်လပေါင်း ၁၂ တွင် ရက်ပေါင်း ၃၅၄ ရက် ၈ နာရီ ၄၈ မိနစ် ၃၄ စက္ကန့်ရှိ၏။ (သူရိယသိဒ္ဓန္တကျမ်းမှ)
(၃) ဝေါဟာရမာသနှစ်သည် ဗေဒင်ပညာရှိများ စီစဉ်ရေးဆွဲသော ပြက္ခဒိန် ဝေါဟာရနှစ်ဖြစ်၏။ ကောင်ကင်မျက်မြင်အရ စန္ဒရမာသ တစ်လ လျှင် အကြမ်းအားဖြင့် ၂၉ ၁၊၂ ဖြစ်၍ ဝေဟာရ ပြက္ခဒိန်တွင် ပထမလ တန်ခူးလတွင် ရက်ပေါင်း ၂၉ ရက်သတ်မှတ်လျက် ဒုတိယလ ကဆုန်လ တွင် ရက်ပေါင်း ၃ဝ စသည်ဖြင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း လပေါင်း ၁၂ လရှိ၍ ရက်ပေါင်း ၃၅၄ ရက်ရှိသော နှစ်ကို ပေါဟာရမာသနှစ်ဟုခေါ်၏။

(၁) တန်ခူးလ ၂၉ ရက်
(၂) ကဆုန်လ ၃ဝ ရက်
(၃) နယုန်လ ၂၉ ရက်
(၄) ဝါဆိုလ ၃ဝ ရက်
(၅) ဝါခေါင်လ ၂၉ ရက်
(၆) တော်သလင်းလ ၃ဝ ရက်
(၇) သီတင်းကျွတ်လ ၂၉ ရက်
(၈) တန်ဆောင်မုန်းလ ၃ဝ ရက်
(၉) နတ်တော်လ ၂၉ ရက်
(၁ဝ) ပြာသိုလ ၃ဝ ရက်
(၁၁) တပို့တွဲလ ၂၉ ရက်
(၁၂) တပေါင်းလ ၃ဝ ရက်
ဝေါဟာရမာသနှစ်မှာလည်း နှစ်မျိုးရှိသေး၏။
(က) သာမန်နှစ် - လပေါင်း ၁၂ လဖြင့် ရက်ပေါင်း ၃၅၄ ရက်။
(ခ) ဝါထပ်နှစ် - လပေါင်း ၁၃ လဖြင့် ရက်ပေါင်း ၃၈၄ ရက်။
ဝါထပ်နှစ်၏ ပြက္ခဒိန်တွင် ဝါဆိုလကို နှစ်လထပ်ခြင်းဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟူ၍ ရက်ပေါင်း ၃ဝ တိုးလာခြင်းကြောင့် ဝါထပ် နှစ်တွင် လပေါင်း ၁၃ လဖြစ်၍ ရက်ပေါင်း ၃၈၄ ရက်ဖြစ်၏။

(၁) တန်ခူးလ ၂၉ ရက်
(၂) ကဆုန်လ ၃ဝ ရက်
(၃) နယုန်လ ၂၉ ရက်
(၄) ပထမဝါဆိုလ ၃ဝ ရက်
(၅) ဒုတိယဝါဆိုလ ၃ဝ ရက်
(၆) ဝါခေါင်လ ၂၉ ရက်
(ရ) တော်သလင်းလ ၃ဝ ရက်
(၈) သီတင်းကျွတ်လ ၂၉ ရက်
(၉) တန်ဆောင်မုန်းလ ၃ဝ ရက်
(၁ဝ) နတ်တော်လ ၂၉ ရက်
(၁၁) ပြာသိုလ ၃ဝ ရက်
(၁၂) တပို့တွဲလ ၂၉ ရက်
(၁၃) တပေါင်းလ ၃ဝ ရက်
တစ်ဖန် ဝေါဟာရ ဝါထပ်နှစ်၌လည်း ဝါငယ်ထပ်နှစ်နှင့် ဝါကြီး ထပ်နှစ် သို့မဟုတ် ဝါထပ်ရက်ငင်နှစ်ဟူ၍ ခွဲခြားသတ်မှတ်ထား၏။ ဝါ ငယ်ထပ်နှစ်သည် ဖော်ပြပြီးအတိုင်း ၁၃ လရှိ၍ ရက်ပေါင်း ၃၈၄ ရက်ရှိ ၏။ ဝါကြီးထပ်နှစ်မှာကား ၁၃ လပင်ရှိသော်လည်း ရက်ပေါင်း ၃၈၄ ရက် ရှိ၏။ ဝါကြီးထပ်နှစ်မှာကား ၁၃ လပင်ရှိသော်လည်း ရက်ပေါင်း ၃၈၅ ရက်ရှိ၏။ အပိုတစ်ရက်ရှိသည်။ ဗေဒင်စကားအားဖြင့် 'ရက်ငင်' ဟုခေါ်၏။ ထိုရက်ငင်တစ်ရက်မှာ နယုန်လတွင်ထည့်၍ ဝါကြီးထပ်နှစ်တွင် နယုန်လ သည် ရက်ပေါင်း ၃ဝ ရှိ၏။

သူရိယသိဒ္ဓန္တကျမ်းအရ မြန်မာပြက္ခဒိန်တွက်ရာ၌ အခြေပြုသော နှစ်များမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။ (အချို့ဆရာများသည် သံဒိဋ္ဌမူ မှ တွက်သဖြင့် အနည်းငယ်ကွာ၏။)

(၁) သူရိယမာသနှစ် - ၃၆၅ ရက် ၆ နာရီ ၁၂ မိနစ် ၃၇ စက္ကန့် (သဘာဝ)
(၂) စန္ဒရမာသနှစ် - ၃၅၄ ရက် ၈ နာရီ ၄၈ မိနစ် ၃၄ စက္ကန့် (သဘာဝ)
(၃) ဝေါဟာရမာသနှစ် - ၃၅၄ ရက်တိတိ (စီစဉ်ရေးဆွဲသော ပြက္ခဒိန်နှစ်)

အထက်ပါ နှစ်သုံးမျိုးတို့၏ အချုပ်သည် သူရိယမာသနှစ်ပင် ဖြစ်၏။ ယင်းနှစ်တွင် စန္ဒရမာသနှစ်နှင့် ကိုက်ညီနိုင်သမျှ ကိုက်ညီစေရန် ဝေါဟာရပြက္ခဒိန်ကို စီစဉ်ရ၏။ ဖော်ပြခဲ့သည့်အတိုင်း စန္ဒရမာသ တစ်လ လျှင် ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၃ စက္ကန့်ရှိ၍ ဝေါဟာရ လများသည် ၂၉ ရက် တစ်လနှင့် ၃ဝ ရက် တစ်လစီဖြင့် ခြောက်လစေီ0xm;oဖြင့် ဝေါဟာရ လပြည့်၊ လကွယ်သည် မျက်မြင်သဘာဝ စန္ဒရမာသ လပြည့် လကွယ်များနှင့် နှစ်လလျှင် တစ်ကြိမ်သာ ညီညွတ်ပေမည်။ သို့အတွက် မြန်မာပြက္ခဒိန် ဝေါဟာရမာသ ၁၂ လတွင် ခြောက်လသာလျှင် လပြည့် လကွယ် ညီညွတ်အလွန် မှန်ကန်သော ပြက္ခဒိန်ဟု ဆိုရပေမည်။ အထက်ဖော်ပြခဲ့ပြီးသော နှစ်သုံးမျိုး၏ ရက် နာရီများကို နှိုင်း ယှဉ်လျှင် သူရိယမာသ တစ်နှစ်ကာလ ကုန်ဆုံးသည့်အခါတွင် စန္ဒရမာသ နှစ်ဖြင့် ၁၂ လ ပြည့်မြောက်သည့်အပြင် ၁ဝ ရက် ၂၁ နာရီ ၂၄ မိနစ်၊ ၃ စက္ကန့် ပိုလျှံလျက်ရှိ၏။ ဝေါဟာရမာသနှစ်ဖြင့်လည်း သူရိယမာသနှစ် တစ်နှစ်မြောက်တွင် ၁၁ ရက် ၆ နာရီ ၁၂ မိနစ် ၃၃ စက္ကန့် ပိုလျှံ လျက်ရှိ၏၊ ဤကဲ့သို့ ပိုလျက်ရှိသော ရက် နာရီပိုင်းများသည် သူရိယမာသ နှစ်၏ ရက်ပေါင်း ၉၉ဝ ရက် ၇ နာရီ ၄၅ မိနစ် ၃၇ စက္ကန့် ကျရောက် သည့်ကာလတွင် သဘာဝအားဖြင့် ၂၉ ရက် ၁၂ နာရီ ၄၄ မိနစ် ၃ စက္ကန့်ရှိသော စန္ဒရမာသတစ်လပိုလာ၏ ထိုပိုလျှံသောနှစ်တွင် ၁၃ လနှစ် ဖြစ်လာရ၏။ အကြမ်းနည်းအားဖြင့် ဥဒါဟရုဏ်ဆောင်ရသော် သူရိယမာသ တစ်နှစ်တွင် အထက်ဖော်ပြပါ စန္ဒရမာသ ရက်နာရီစသည်များ ပိုလျှင် သူရိယမာသနှစ် သုံးနှစ်တွင် စန္ဒရမာသ ရက်ပို ၃၁ ရက် ၄ နာရီ ၁၂ မိနစ် ၉ စက္ကန့် ဖြစ်၍ စန္ဒရမာသလ တစ်လပြည့်ခဲ့သဖြင့် သူရိယမာသနှစ် သုံးနှစ်နီးပါးတွင် (ဝါ) ၃၃ လတွင် စန္ဒရမာသ တစ်လတိုးရခြင်းသည် လထပ်ခြင်းမည်၏။ သူရိယသိဒ္ဓန္တကျမ်း၏ ကိန်းများအရ ရက်ပေါင်း ၉၉ဝ ရက် ၇ နာရီ ၄၅ မိနစ် ၃၇ စက္ကန့်အချိန်ကာလတွင် စန္ဒရမာသ တစ်လ လွန်၍ အဓိမာသတစ်ကြိမ်ပြိုသည်မည်၏။ သို့အတွက် ဝေါဟာရမာသနှစ်၌ လည်း ရက်ပေါင်း ၃ဝ ရှိသောလ တစ်လတိုးရသည်။ ယင်းကဲ့သို့ တိုးခြင်း သည် လထပ်ခြင်းမည်၏။ သို့သော် ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးများ အတွက်မှာကား ဝါဆိုလတွင်သာ လထပ်ခြင်းပြုရသော ဥပဒေကြောင့် ဝါထပ်ခြင်း ဟုခေါ်ဝေါ်ကြ၏။

ဆိုခဲ့ပြီးသည့်အတိုင်း သဘာဝအရ စန္ဒရမာသ တစ်လတိုးခြင်းကို ညီညွတ်အောင် ဝေါဟာရမာသ တစ်လတိုးခြင်းဖြင့် ပြုပြင်ပေးရလိမ့်မည်။ အဘယ်သို့ ပြုပြင်ပေးရမည်နည်းဟူမူကား သဘာဝနှင့် တစ်သဝေမတိမ်း လိုက်နာရမည်ဆိုလျှင် အဓိမာသပြိုသည်နှင့် တစ်ပြိုင်နက် တစ်လတိုး၍ ယင်းလကို နှစ်လပြုလုပ်ရပေမည်။ ပုံပမာ- သက္ကရာဇ်တစ်ခု၌ နတ်တော်လ တွင် အဓိမာသပြို၏။ ထိုပြိုသော နတ်တော်လဟူသည် စန္ဒရမာသ၏ အမည်သာ နတ်တော်လတွင် တစ်လထပ်တိုးရပေမည်။ ထိုသို့ ထပ်တိုးသည့် လကို ပြာသိုလဟု အစဉ်အလာခေါ်ရန်ရှိသော်လည်း လထပ်ခြင်းအတွက် ဒုတိယနတ်တော်လဟူ၍ပင် ခေါ်ရမည်။ ဤတွင် နောက်ကျသော သူရိယ မာသနှင့် ညီညွတ်ပြီဖြစ်၍ ရှေ့သို့ ပြာသိုလ၊ တပို့တွဲလ စသည်ဖြင့် ဆက် လက်၍ လအလို ခေါ်ဝေါ်သွားရမည်။

ဤကဲ့သို့ ပြုပြင်ခြင်းဖြင့် သဘာဝအရ ဖြစ်သင့်သော်လည်း မြန်မာနိုင်ငံတွင် အယူဝါဒ ဓလေ့ထုံးစံများရှိနေခြင်းကြောင့် ဤစနစ်ကို မလိုက်နိုင်ချေ။ မည်သည့်လတွင် အဓိမာသပြိုသည်ဖြစ်စေ၊ ဗုဒ္ဓအယူဝါဒ ထုံးစံအရ ဝါဆိုလကျရောက်မှ ပထမဝါဆို၊ ဒုတိယဝါဆိုဟူ၍ နှစ်လထပ်ရိုး ထုံးစံရှိခဲ့လေသည်။ ဓညဝတီ ရခိုင်ပြည်မှာကား ဒွေစိတြဆို၍ တန်ခူးနှစ်လ ထပ်ရိုးပြုကြ၏။ ဟိန္ဒူပြက္ခဒိန်မှာကား ဒွေဝိသာခါဆို၍ ကဆုန်နှစ်လထပ် သည်ကိုတွေ့ရ၏။ အချို့လူမျိုးများ၏ ပြက္ခဒိန်တွင် လိုသောလ၌ပင် နှစ်လ ထပ်၏။

အဓိမာသပြို၍ လထပ်ကြုံသောအခါ ဝါဆိုလနှစ်လသာ ထပ်ရ မည်ဖြစ်ကြောင့် အဓိမာသ၏ အနီးအဝေးကို ချင့်ချိန်ရသဖြင့် ဝါထပ်ရန် စည်ကမ်းများနှင့် ဝါဒအမျိုးမျိုးကွဲပြားလျက်ရှိ၏။ လထပ်နည်း၏ စည်းကမ်းတစ်ခုမှာ မိဿ၊ ပြိဿ၊ မေထုန်၊ ကရကဋ်၊ ဤလေးရာသီသို့ တနဂ‡နွေဂြိုဟ်ရောက်စဉ် အဓိမာသပြိုလျှင် ဝေါ ဟာရ တန်ခူး၊ ကဆုန်၊ နယုန်၊ ဝါဆို အတွင်းဖြစ်သောကြောင့် ဒုတိယ ဝါဆိုလ တစ်လတိုးရန် အချိန်သင့်ပင်ဖြစ်၏။ အဓိမာသ ပြိုချိန်နှင့်လည်း နီး၏။ သိဟ်၊ ကန်တူ စသော ကျန်ရှစ်ရာသီသို့ တနဂ‡နွေဂြိုဟ်ရောက်မှ အဓိမာသပြိုလျှင် ဝေါဟာရ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ် စသော ရှစ်လအတွင်း ဖြစ်သောကြောင့် ဒုတိယဝါဆိုလတိုးရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် အဓိမာသပြိုသောနှစ်တွင် လမထပ်ဘဲ ရှေ့လာမည့်နှစ်သို့ရောက်မှ လထပ်ရ၏။ ဤအတိုင်းလိုက်နာလျှင် များသောအားဖြင့် ကဆုန်လ၌ သကြ‡န်ကျ၏။ ထို့ကြောင့် ကိန်းသေနည်းမဖြစ်။ အချို့ဝါဒမှာ ရက်လွန်ကို ကြည့်၍ ဝါထပ်သင့်၊ မထပ်သင့် ဆုံးဖြတ်ကြ၏။ သက္ကရာဇ် ၁၃၁၇ နှစ်မတိုင်မီ နှစ်များတွင် ရက်လွန် ၂၅ ဖြစ်သော်လည်း ဝါမထပ်ခဲ့ချေ။ ၁၂၅၂၊ ၁၂၇၁၊ ၁၂၉ဝ၊ ၁၃ဝ၉ ခုနှစ်များတွင် ရက်လွန် ၂၆ - ၂၇ ရှိ၍ ဝါထပ်နှစ်ပြုလုပ်ကြ၏။ သို့သော် ၁၃၁၇ ခုနှစ်တွင်ရက်လွန် ၂၃ ရက်သာ ရှိသော်လည်း ဝါထပ်ခဲ့၏။ ထိုသို့ ဝါထပ်ခဲ့ရသည့်အကြောင်းမှာ ဆဋ္ဌ သံဂါယနာတင်ပြီးနှစ် ဗုဒ္ဓနေ့သည် ကမ္ဘာ့ဗုဒ္ဓနေ့နှင့် တစ်လကွာဖြစ်နေသဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရတို့ အလိုအရ ၁၃၁၇ ခုနှစ်တွင် ရက်လွန် ၂၃ ရက်ဖြင့် တင်ကြို၍ဝါထပ်ခဲ့သောကြောင့် ကဆုန်လ သကြ‡န်ကင်း သည့်အပြင် ကဆုန်လပြည့် ဗုဒ္ဓနေ့သည်လည်း မေလနှင့်ကြုံခဲ့ပြီးလျှင် ကမ္ဘာ့ဗုဒ္ဓနေ့နှင့် ကိုက်ညီခဲ့၏။ သက္ကရာဇ် ၁၃၁၇ ခုနှစ်မတိုင်မီအခါက ဤသို့ မကျင့်သုံးခဲ့ခြင်းကြောင့် မြန်မာပြက္ခဒိန်တွင် သုံးနှစ်တစ်ကြိမ်၊ နှစ်နှစ်တစ်ကြိမ် ကဆုန်လတွင် သကြ‡န်တက်သည်မှာ အလွန်အရုပ်ဆိုးပေ သည်။ သကြ‡န်တက်ရသည် မြန်မာ့နှစ်ဆန်းရက်ဖြစ်၍ နှစ်ဦးတန်ခူးလသာ ကျသင့်၏။ ကဆုန်လတွင် မကျထိုက်ချေ။ ကဆုန်လ သကြ‡န်ကင်းသော လထပ်နည်းသာညောင်ကန် ဆရာတော်ဘုရားကြီးအလိုဖြစ်သည်။ ထိုအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့မှ ခေတ်မီပြက္ခဒိန်ရေးဆွဲရန် နှစ်ပေါင်း ၅ဝ ကျော် ပြက္ခဒိန်ကို ဝါဒအမျိုးမျိုးဖြင့် လက်တွေ့စမ်းသပ် ရေးဆွဲခဲ့ရာတွင် ရက်လွန် ၂၃ ဖြင့် တင်ကြို၍ဝါထပ်ခြင်းသည် အလွန် သင့်လျော်သောမူဖြစ်ကြောင်း အဆုံးအဖြတ် ပြုလုပ်ကြ၏။ လျော်ကန်သင့်မြတ်ဆုံးသော ဝါဒမှာ ဝေါဟာရလပြည့်၊ လကွယ် များသည် သဘာဝမျက်မြင် လပြည့် လကွယ်နှင့် ကိုက်ညီနိုင်သရွေ့ ကိုက် ညီစေခြင်း၊ ထိုမှတစ်ပါးလည်း ဝေါဟာရ လပြည့်နေ့၌ဖြစ်စေ၊ လပြည့်ကျော် တစ်ရက်နေ့၌ဖြစ်စေ လကြတ်စေခြင်းနှင့် ဝေါဟာရလကွယ်နေ့၌ဖြစ်စေ၊ လဆန်းတစ်ရက်န့၌ဖြစ်စေ နေကြတ်စေခြင်းတို့ဖြစ်၏။ တစ်ခါတစ်ရံ လထပ်မှန်ကန်သော်လည်း ဤအခြင်းအရာ မပြည့်စုံချေ။ သို့အတွက် ရက် ငင်ခြင်းဖြင့်သာ ပြည့်စုံနိုင်မည် ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)