ဝမ်ရှင်း

ဝီကီပီးဒီးယား မှ

ဝမ်ရှင်း (တရုတ်: 王兴 ၁၉၇၉ ဖေဖော်ဝါရီ ၁၈ ဖွား) သည် တရုပ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပြီး မေထွမ်ဒျန်ပင်းလုပ်ငန်း၏ အမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဖော်ကျူးမဂ္ဂဇင်းက "၄၀ အောက်၊ အယောက် ၄၀" ဟူသော အသက် ၄၀ အောက် ထိပ်တန်းစီးပွားရေးလုပ်ငန်းသမား အယောက် ၄၀ စာရင်းတွင် တတိယမြောက်အဖြစ် ၂၀၁၈ ခုက ဖော်ပြခဲ့သည်။ ၂၀၂၁ ခု၊ ဇန်နဝါရီလတွင် ဖိုဘီမဂ္ဂဇင်းက ဝမ်ရှင်း၏ဓနပမာဏကို ဒေါ်လာ ၂၈.၈ ဘီလီယံရှိနိုင်သည်ဟု ခန့်မှန်းဖော်ပြခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၇၉ ခု၌ ဖူကျန်းပြည်နယ်၊ လောင်ယန်မြို့၌ မွေးသည်။ ၂၀၀၁ ခုတွင် ရှင်ဟွာတက္ကသိုလ်မှ အီလက်ထရောနစ်အင်ဂျင်နီယာဘာသာဖြင့် ဘွဲရသည်။ မဟာဘွဲ့ကို ဒယ်လွဲတက္ကသိုလ်၌ ကွန်ပျူတာအင်ဂျင်နီယာအဓိကဖြင့် ဆည်းပူးရာ ၂၀၀၅ ခုတွင် ဘွဲ့ရသည်။

စီးပွားရေးခြေလှမ်း[ပြင်ဆင်ရန်]

၂၀၀၄ ခုတွင် ပညာသင် ခေတ္တနား၍ သူငယ်ချင်းတစုနှင့် တရုပ်သို့ ပြန်သည်။ ထိုကာလက အာရှ၌ခေတ်စားနေသော ဖရန့်စတာ ဆိုရှယ်မီဒီယာဆိုက်ကို တရုပ်နိုင်ငံတွင်းသုံးနိုင်ရန် စုလုပ်ကြသည်။ ကနဦးလွှင့်သော ဝက်ဘဆိုက်ကို တရုပ်နိုင်ငံရှိ တက္ကသိုလ်များရှိ ကျောင်းသားတို့အား ပစ်မှတ်ထားကာ (တရုပ်ဘာသာဖြင့် "သူငယ်ချင်းများ" ဟု အဓိပ္ပာယ်ရသည့်) "ဒူဒူယူ"ဟု အမည်ပေးသည်။ မအောင်မြင်။ တရုပ်လူမျိုး ပြည်ပရောက်ကျောင်းသားများ ယူဇီတူဟူသော ဝက်ဘဆိုက်ကို လွှင့်သေးသည်။ အလုပ်မဖြစ်။

မဟာဘွဲ့ရပြီးနောက် တရုပ်သို့ပြန်လာကာ တရုပ်သုံးဖေ့စဘွတ် (တရုပ်ဘာသာဖြင့် "ကျောင်းပရဝုဏ်" ဟု အဓိပ္ပာယ်ရသည့်) ရှောင်နိုင်ကို စလွှင့်သည်။ ၎င်းမှာ အောင်မြင်သော်လည်း ငွေမဖော်နိုင်သဖြင့် အရှုံးမခံနိုင်တော့ဘဲ အခြားသူများအား ရောင်းထုတ်ရသည်။ ထိုဆိုက်ကို ယခုအခါ၌ (တရုပ်ဘာသာဖြင့် "လူတိုင်း" ဟု အဓိပ္ပာယ်ရသည့်) "ရန်ရန်" ဟု ပိုင်ရှင်သစ်တို့က အမည်ပြောင်းထားသည်။

၂၀၀၇ ခုတွင် တရုပ်သုံးတွစ်တာ "ဖန်ဖေါင်" ကို လွှင့်သည်။ ၎င်းသည် တရုပ်နိုင်ငံအတွက် ပထမဆုံး ဘလော့သေးတင်ဝက်ဘဆိုက်ဖြစ်ပြီး များမကြာမီပင် သုံးစွဲသူတို့က နိုင်ငံရေးကိစ္စများအား ပြောဆိုသည့်အတွက် အစိုးရက ပိတ်ပစ်သည်။ နောက်ပိုင်း၌ ပြန်ဖွင့်ခွင့်ရသော်လည်း စိနဝေဘိုနှင့် တန်းဆင့်ဝေဘိုတို့ကို ဈေးကွက်ပမာဏအရ မယှဉ်နိုင်တော့။

၂၀၁၀ ခုတွင် လူစု၍ဈေးဝယ်ကာ လျှော့ဈေးရအောင်လုပ်ပေးသော ဂရုပွန်ကဲ့သို့ဝက်ဘဆိုက်ကို တရုပ်သုံးအဖြစ် ဖန်တီးသည်။ အမည်ကို တရုပ်ဘာသာဖြင့် လူချောတစုဟု အဓိပ္ပာယ်ရသည့် မေထွမ် (美團) ဟု အမည်ပေးသည်။ ၎င်းမှာ အလွန်အောင်မြင်သည်။

၂၀၁၅ ခုတွင် ဈေးကွက်တူလုပ်ငန်း ဒျန်ပင်း (点评) နှင့် ပေါင်းလိုက်ကာ မေထွမ်ဒျန်ပင်းဟူ၍ ပြိုင်ဘက်ကင်းလုပ်ငန်းကြီးဖြစ်လာသည်။

၂၀၁၈ ခုတွင် မေထွမ်ဒျန်ပင်းကို ဟောင်ကောင်စတော့အိတ်ချိန်း၌ စာရင်းသွင်းကာ အများပိုင်လုပ်သည်။

၂၀၂၁ ခု၊ ဧပြီလ ၂၆ ရက်၌ နိုင်ငံအဆင့်ဈေးကွက်ထိန်းကွပ်ရေးဦးစီးဌာနက မေထွမ်ဒျန်ပင်းသည် ဈေးကွက်ကို မောင်ပိုင်စီးကာ အရောင်းသမားများကို လျှော့ဈေးပေးစေရန် အနိုင်အထက်ပြုနေသည်ဟူသော စွပ်စွဲချက်ကြောင့် ဝမ်ရှင်းကို ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။