ဝင်း၊ ဦး (သံအမတ်ကြီးဟောင်း)

ဝီကီပီးဒီးယား မှ
(ဝင်း၊ ဦး မှ ပြန်ညွှန်းထားသည်)
သတိုးမဟာသရေစည်သူ ဦးဝင်း

သတိုးမဟာသရေစည်သူ ဦးဝင်း (၁၉ဝ၅ - ၁၉၆၉) သည် အထက်တန်း ကျောင်းဆရာတစ်ဦး ဖြစ်ပြီး ဖဆပလ အစိုးရ အဖွဲ့တွင် ပြည်ထဲရေး ဌာန၊ ကာကွယ်ရေး ဌာန၊ အမျိုးသား စီမံကိန်း ဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဌာန ဝန်ကြီးအဖြစ် ၁၉၅၅ ခုနှစ် အထိတာဝန် ယူခဲ့သည်။ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး၊ အမေရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လည်းကောင်း၊ ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လည်းကောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဦးဝင်းကို ၁၉၀၅-ခုနှစ်တွင် အဖ ဦးအာရကား နှင့် အမိ ဒေါ်ဒေါ်မိုးတို့မှ ရန်ကုန်တိုင်းအင်းစိန်ခရိုင်တိုက်ကြီးမြို့နယ်ဖူးကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မိဘများမှာ သစ်ကုန်သည် ဖြစ်သည်။ [၁] ရန်ကုန်တက္ကသိုလ်မှ B.A., B.Ed. ဘွဲ့နှင့် B.L. ဘွဲ့များ ရရှိခဲ့ပြီးနောက် ၁၉၃ဝ-ခုမှ ၁၉၄၂-ခုအထိ အင်းစိန်၊ မြောင်းမြ၊ မအူပင်မြို့များ၌ အထက်တန်း ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့သည်။ ဂျပန်ခေတ်တွင် ၁၉၄၂-ခုမှ ၁၉၄၄-ခုထိ အလုပ်သမားဌာန၌ ဒု-ညွှန်ကြားရေးမှူးဝန်၊ ၁၉၄၅-ခုမှ ၁၉၄၇-ခုထိ အလုပ်သမား အစည်းအရုံး (ဗမာနိုင်ငံ) T.U.C. (B) ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။

ဖဆပလ[ပြင်ဆင်ရန်]

လွတ်လပ်ရေးအကြိုကာလ ၁၉၄၇-ခုနှစ်တွင် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့ လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့ချုပ်၏ ဖျာပုံမြို့နယ်တောင်ပိုင်း မဲဆန္ဒနယ်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက် သခင်နု ဦးဆောင်သော ဖဆပလ အစိုးရအဖွဲ့တွင် စက်မှု လက်မှုနှင့် အလုပ်သမားဌာန ဝန်ကြီးနှင့် ဖဆပလ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် လအနည်းငယ် အကြာ ၁၉၄၇-အောက်တိုဘာလတွင် လွတ်လပ်ရေး အကြိုကာလ အိန္ဒိယနိုင်ငံ မဟာမင်းကြီး (High Commissioner) အဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၁၉၄၈-ခု၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသောအခါ အိန္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်လာခဲ့သည်။

ဝန်ကြီး[ပြင်ဆင်ရန်]

၁၉၄၉ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လာပြီး၊ ဖဆပလ အစိုးရ အဖွဲ့တွင် ပြည်ထဲရေး ဌာန၊ ကာကွယ်ရေး ဌာန၊ အမျိုးသား စီမံကိန်း ဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဌာန ဝန်ကြီးအဖြစ် ၁၉၅၅ ခုနှစ် အထိ လှည့်လည် တာဝန် ယူခဲ့သည်။ ၁၉၅၅ ခုနှစ်မှ ၁၉၅၉ ခုနှစ် အထိ အမေရိကန် ပြည်ထောင်စု ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လည်းကောင်း၊ ကနေဒါနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး အဖြစ် လည်းကောင်း၊ ကမ္ဘာ့ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၆ဝ ပြည့်နှစ်၊ ရွေးကောက်ပွဲ အပြီးတွင် သန့်ရှင်း ဖဆပလကို ပြည်ထောင်စုပါတီ (ပထစ) အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းသော အခါ ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်နှင့် ဘဏ္ဍာထိန်း အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၁ ခုနှစ် ပထစ အတွင်း 'ဦး-ဗိုလ်-သခင်' အကွဲ ဖြစ်သည့်အခါ ပါတီ အလုပ်အမှုဆောင် အဖွဲ့မှ အနားယူခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း[ပြင်ဆင်ရန်]

ဦးဝင်းအား မြန်မာနိုင်ငံ အစိုးရက 'သတိုးမဟာသရေစည်သူဘွဲ့' ကို လည်းကောင်း၊ ထိုင်းနိုင်ငံက 'ဆင်ဖြူတော်ဘွဲ့' ကို လည်းကောင်း ချီးမြှင့် ပေးအပ် ဂုဏ်ပြုခဲ့သည့် အပြင်၊ အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ်များကလည်း Doctor of Law နှင့် Doctor of Humanity ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ပေးခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သော စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၉၆၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှ ၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ အထိ စစ်အစိုးရ၏ ဖမ်းဆီး ချုပ်နှောင်ထားခြင်းကို ခံရသည်။ ဖမ်းဆီးခံထားရာက ပြန်လည် လွတ်မြောက် လာပြီးနောက် ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းတွင် ဒီမိုကရေစီ ပြန်လည် ထွန်းကားရေး ကြိုးပမ်းဆောင်ရွက်ရန် ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်အလာ လမ်းခရီး သထုံမြို့နယ်၊ အလံတရာအနီး ဓနုရွာတွင်ပင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ဦးဝင်းသည် ဒေါ်မြမြဝင်းနှင့် လက်ထပ်ခဲ့ပြီး၊ သား ၃ ယောက်နှင့် သမီးတယောက် ထွန်းကားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ချစ်ကြည်ရေး ကြည်ညွန့် ရေး ဦးနု၊ ဦးလောရုံ အပေါင်းပါများနှင့် နယ်ချဲ့ဂိုဏ်း(ဒုတိယတွဲ) ၁၉၇၀-ခု၊ စက်တင်ဘာလ၊ ပကြိမ်၊ စာ-၁၃၈
  2. တင်မောင်ဝင်း (နိုဝင်ဘာ ၂ဝဝဝ)။ နိုင်ငံရေးသမားနှင့် နိုင်ငံရေး (ပထမ အကြိမ် ed.)။ Text "publisherခေတ်ပြိုင် ဂျာနယ်တိုက်" ignored (အကူအညီ); |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ။ p. စာ - ၃၅၅။