လှိုင်မြို့ဟောင်း
လှိုင်မြို့ဟောင်း
[ပြင်ဆင်ရန်]လှိုင်မြို့ဟောင်းသည်လည်း ဟံသာဝတီ (၃၂)မြို့စာရင်းဝင် မြို့တစ်မြို့ဖြစ်သည်။ မြစ်မခမြစ် (သို့မဟုတ်) လှိုင်မြစ်ပေါ်၌ မြို့ရိုးမြို့တာထင်ရှားလျက်ရှိသည့် စတုဂံမြို့ဟောင်းရာ တစ်ခုကို ကောင်းကင်ဓာတ်ပုံထဲ၌ (၁၉၈၂) ခုနှစ်ခန့်ကပင် တွေ့ရ၏။ ဤနေရာ ဤဒေသဝန်းကျင်၌ မည်သည့်ရှေးဟောင်းမြို့ ဖြစ်နိုင်မည်ကို စောကြောမိသည်။ မြို့ဟောင်းတွေ့ရသည့်နေရာမှာ လှိုင်မြစ်အတွင်းသို့ မရင်းချောင်းကလေးစီးဝင်သည့်နေရာတွင် ဖြစ်၏။
ယခင့်ယခင်မြေပုံများ၌ လှိုင်မြစ်သည် ဤနေရာတွင် အလွန်ကွေးကောက်ရှည်မျောသည့် မြစ်ကွေ့တစ်ခုဖြင့် ကွေးဝိုက်စီးဆင်းလျက်ရှိ၏။ ၁၉၈၂ခု လေယာဉ်ဖြင့်ရိုက်ကူးရရှိသည့် ဓာတ်ပုံ ထဲတွင်မူကား ဤမြစ်ကွေ့ကြီး ပြတ်တောက်သွားခဲ့ပြီ။ မြစ်မှာလည်း တစ်ဆက်တည်းဖြစ်ကာ စီးဆင်းလျက်ရှိလေပြီ။ ပြတ်တောက်၍သွားသော မြစ်ကွေ့မှာ နောင်တွင်မြစ်ကျိုးအင်းတစ်ခုဖြစ် လာပေလိမ့်မည်။ ယခုမှာမူ တစ်ဖက်သာပြတ်တောက်သွားပြီး ကျန်တစ်ဖက်မှာ လှိုင်မြစ်နှင့် ဆက်လျက်ပင်ရှိနေသေး၏။
တည်နေရာ
[ပြင်ဆင်ရန်]လှိုင်မြို့သည် မြောက်လတ္တီတွဒ် ၁၇ဒီဂရီ ၂၃မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၅၀.၅မိနစ်တွင်တည်ရှိပေသည်။ လှိုင်မြစ်၏ အနောက်ဘက်ကမ်း၌ ရွာသာ၊ ဘိုးခေါင်နှင့် အိုင်ကလောင်စသည့် ကျေးရွာများရှိသည်။ အရှေ့ဘက်ကမ်း၌ ရန်လုံးတိုင် ရွာကြီးရှိသည်။ အရှေ့ဘက်ကမ်း၌ မရင်းချောင်းလှိုင်မြစ်ထဲသို့ စီးဝင်ရာနေရာတွင် လှိုင်မြို့ဟောင်းတည်ရှိ၏။ ဘိုးခေါင်ကျေးရွာနှင့် တစ်ဖက်ကမ်းဖြစ်သည်။ လှိုင်မြို့မှာ ယခုအခါ ကျေးရွာတစ်ရွာအဖြစ်မျှသာ ရှိတော့သည်။ အနီးဝန်းကျင်ရှိရန်လုံးတိုင်၊ ရွာသာနှင့် အိုင်ကလောင်စသည့်ကျေးရွာကြီးများ လောက် စည်ပင်ဖွံ့ဖြိုးမှုမရှိတော့ပေ။
ရှေးဟောင်းမှတ်တမ်း၌တွေ့ရသည့် လှိုင်မြို့
[ပြင်ဆင်ရန်]ဇမ္ဗူဒီပဥဆောင်းကျမ်းတွင် လှိုင်မြို့နယ်ကား အရှေ့ကိုလားသော် ကုန်းခေါင်ရိုးမ၊ တောင်ကိုလားသော် မှော်ပီမြို့မြေနှင့် ကျောခိုင်း၊ အနောက်ကိုလားသော် ဧရာဝတီ၊ ဓနုဖြူနှင့် ကျောခိုင်း။ မြောက်ကိုလားသော် သာယာဝတီမြေနှင့် ကျောခိုင်း””ဟု ဆိုထားလေသည်။ ဇဗ္ဗူဒီပါ ဥဆောင်းမှာ ကောဇာသက္ကရာဇ် ၉၀ဝကျော်မှာ ရေးသောစာဖြစ်သည်ဟု အဆိုရှိပေရာ (ဇမ္ဗူဒီပါ ဥဆောင်းနိဒါန်းစာမျက်နှာ ““ကော်””တွင်) ဤလှိုင်မြို့ဟောင်းသည် ထိုသက္ကရာဇ်မတိုင်မီကပင် ဖွံ့ဖြိုးစည်ပင်တည်တံ့ခဲ့ပြီးဖြစ်သည့် မြို့ဟောင်းတစ်ခုပင်ဖြစ်ပေသည်။
နယ်ချဲ့လက်အောက်ရောက်ချိန် လှိုင်မြို့အခြေအနေ
[ပြင်ဆင်ရန်]လှိုင်မြို့နယ်သည် ဟံသာဝတီပိုင်နက်၊ နယ်ပယ်တစ်ခုဖြစ်ပြီး၊ မြန်မာသက္ကရာဇ် ၆၇၃တွင် ပုဏ္ဍရိကတည်သည်ဟုဆိုသည်။ (သာယာဝတီဂေဇက်တီးယား) တစ်ဖန်တစ်နေရာတွင် လှိုင်မြို့ကို ရာဇာဓိရာဇ်တည်သည်ဟု ဆိုထားပြန်သည်။ (စာမျက်နှာ ၃၀)
ဗညားဦးနတ်ရွာစံပြီးနောက် သားတော်ဗညားနွဲ့နန်းတက်လျှင် ရာဇာဓိရာဇ်ဘွဲ့ကိုခံယူ သည်။ ဘုန်းလက်ရုံးလည်းထွန်းကားသည်။ အင်းဝသားတို့ရန်ကို တားဆီးကာကွယ်ရန် လှိုင်မြို့ကို တည်သည်ဟုဆိုသည်။ သို့ဖြစ်၍ ရာဇာဓိရာဇ်တည်သည်ဆိုခြင်းမှာ ပို၍ယုတ္တိတန်သလိုရှိလေ သည်။ မည်သို့ပင်ဆိုစေ လှိုင်သည် ခံတပ်မြို့တစ်မြို့ဖြစ်ပြီး ဟံသာဝတီနှင့် အင်းဝလက်အောက် များ၌ အပြန်အလှန်လက်ပြောင်း အုပ်စိုးခြင်းခံရသည့် မြို့တစ်မြို့ဖြစ်သည်ဟုပင် ယူဆရပေမည်။
လှိုင်ကျေးရွာသည် လူဦးရေ ၅၈၂ဦးခန့်ရှိပြီး မြောင်းတံငါကျေးရွာအုပ်စု၊ တိုက်ကြီးမြို့ နယ်ထဲတွင် ထည့်သွင်းပါရှိသည်ဟု အုပ်ချုပ်ရေးခရိုင်များကို ဖွဲ့စည်းပြုစုသည့် အင်းစိန်ခရိုင် ဂေဇက်မှတ်တမ်းတွင် ဖော်ပြထားသည်ကို တွေ့ရ၏။ ထိုဖော်ပြသည့်အချိန်မှာ အေဒီ ၁၈၆၃ ခုနှစ်၏ အခြေအနေဖြစ်ပေရာ ထိုစဉ်အချိန်ကပင် လှိုင်မြို့သည် ကျေးရွာတစ်ရွာအဆင့်သို့ ကျဆင်းခဲ့ပြီးဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့လက်ရောက်ကျရောက်သည့်အချိန်၌ မြို့ရိုး၊ မြို့တာပတ်လည်ဝန်းရံလျက် ရှိသည်။ ဘုရားသုံးဆူရှိသည်ဟု ဖော်ပြထား၏။ မြို့ရိုးများမှာ အုတ်မြို့ရိုးများဖြစ်ပြီး မြေဖြင့်လည်း ထပ်၍အားဖြည့်ထားသည့် မြို့ရိုးဖြစ်သည်။ အမြင့် ၁၅ပေခန့်ရှိပြီး မြို့ရိုးအောက်ခြေတွင် ပေ ၃၀ခန့်ကျယ်ဝန်းသည်။ မြို့၏ပုံသဏ္ဌာန်မှာ စတုရန်းပုံဖြစ်ပြီး မြို့ရိုးတစ်ဖက်လျှင် ကိုက်၁၀ဝ၀ခန့် မျှရှိလိမ့်မည်ဟုဆိုသည်။ မြို့ရိုးတစ်ဖက်စီ၏ အလယ်ဗဟိုတွင် တံခါးတစ်ပေါက်စီရှိသည်။ အုတ်များမှာ ကောင်းစွာထုတ်လုပ်ထားသည့် အုတ်ချပ်ကြီးများဖြစ်သည်ဟု ဖော်ပြထား၏။
ဤသည်ကို ဖတ်ရှုခြင်းအားဖြင့် မြန်မာနိုင်ငံအောက်ပိုင်းကို နယ်ချဲ့များသိမ်းယူပြီးစအချိန် ၌ အခြေအနေကို အကဲခတ်နိုင်ပေသည်။ နယ်ချဲ့များသည် နယ်မြေသိမ်းယူပြီး မကြာမီပင်၊ မြစ် ကြောင်းသွားလာရေး သင်္ဘောများကို နယ်အနှံ့ခရီးဆန့်စေခဲ့သည်။ မီးရထားလမ်းများဖောက် လုပ်ရန်လည်း ကြံစည်မှုပြုလေသည်။
ထိုစဉ်က ဧရာဝတီမီးသင်္ဘောကုမ္ပဏီမှ သင်္ဘောငယ်များကို လှိုင်မြစ်အတွင်း ပြေးဆွဲစေ ခဲ့ရာ၊ လှိုင်မြို့ဟောင်းအထိ သင်္ဘောရောက်သည်။ လှိုင်မှ တစ်ဖန်ပြန်၍ စုန်သည်။ တနင်္လာ၊ ဗုဒ္ဒဟူးနှင့် သောကြာနေ့တိုင်း ရန်ကုန်မှဆန်တက်လာသည့် ဧရာဝတီသင်္ဘောများသည် လှိုင်မြို့ သို့ရောက်ရှိလာကြသည်။ တစ်ရက်မျှ ဆိုက်ကပ်ပြီး နောက်နေ့တွင် ရန်ကုန်မြို့သို့ပြန်၍ ထွက်ခွာသည်ဟုဆိုသည်။ နွေအခါရေတိမ်သည့်နေရာများ၌ သင်္ဘောသောင်တင်သည့်အခါတွင် မူကား နောက်ကျမှုရှိတတ်သည်ဟုလည်းသိရ၏။
လှိုင်မြို့ဟောင်း၏ ယခုအခြေအနေ
[ပြင်ဆင်ရန်]၁၉၈၂ခုနှစ်တွင် ရိုက်ကူးသည့် ကောင်းကင်ဓာတ်ပုံများ၌ ဖတ်ရှုတွေ့ရှိရသည့် လှိုင်မြို့ ဟောင်းအခြေအနေမှာ မြို့ရိုးမြို့တာ ပီပြင်ထင်ရှားလျက်ပင် ရှိနေပေသည်။ မြို့ရိုးလေးဖက်လေး တန်လုံးကို ကောင်းစွာတွေ့မြင်ရဆဲဖြစ်သည်။ ပျက်စီးပွန်းတီးပြီး များစွာနိမ့်လျောပျက်စီးခြင်းမျိုး ကို မတွေ့ရသေး။ ဘုရား ၃ဆူကိုလည်းကောင်းစွာ တွေ့ရသေး၏။ ဘုရားများမှာ ပြန်လည်မွမ်းမံ ပြုပြင်ထားပြီး ဖြစ်ဟန်တူသည်။ တန်ဆောင်းများ၊ ဘုရားပုထိုးများ သစ်လွင်ထင်ရှားနေပေသည်။ ဘုရားများမှာ အနောက်ဘက်မြို့ရိုး၏ တောင်ဘက်ပိုင်းတွင်သာ တည်ရှိနေသည်ကို တွေ့ရ၏။ ရှေးယခင်က မြို့ထောင့်ဘုရားများရှိခဲ့ဟန် တူသည်။ အရာဟောင်းများကိုခန့်မှန်းနိုင်သေးသည်။ သို့ရာတွင် ယခုအခါထင်ရှားစွာမတွေ့ရတော့ပေ။
မြောက်ဘက်မြို့ရိုးတန်းပေါ်၌ အိမ်များဆောက်လုပ်နေထိုင်လျက်ရှိလေပြီ။ အရှေ့ဘက် မြို့ရိုး၏ မြောက်ဘက်ပိုင်းတွင်လည်း အိမ်ရာများနှင့် ဥယျာဉ်သစ်ပင်တန်းများ စိုက်ပျိုးထား သည်ကိုတွေ့ရ၏။ မြောက်ဘက်ပိုင်း ရွာနှင့်နီးသည့်မြို့ရိုး တစ်လျှောက်တွင် အိမ်ရာဆောက်ပြီး ဖြစ်သည်။ တောင်ဘက်မြို့ရိုးတွင်ကား အိမ်ရာများမရှိ။ အနောက်ဘက်မြို့ရိုးတွင်လည်း အိမ်ရာများမရှိသေး။ မြို့ရိုးများမှာ ထင်ရှားဆဲပင်ဖြစ်သည်။
မြို့၏ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]ကျုံးရာများကောင်းစွာပေါ်လွင်လျက်ရှိသေး၏။ ကျုံးရာများမှာ မီတာ၃၀ခန့် (ပေ ၉၀ ကျော်ခန့်) ကျယ်ဝန်းပြန့်ကားလျက်ရှိသည်။ ယခုလယ်ယာများဖြစ်နေလေပြီ။ မြို့၏ပုံသဏ္ဌာန်မှာ စတုဂံ ပုံသဏ္ဌာန်ဖြစ်ကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်။ သို့ရာတွင် လေးဖက်အနားညီစတုဂံမျိုးကား မဟုတ်ပါ။ နှစ်ဖက်အနားညီ စတုဂံမျိုးသာဖြစ်သည်။
အလျားမီတာ ၆၀ဝခန့် (ပေ ၁၉၆၈ပေခန့်)ရှိပြီး အနံမှာ မီတာ ၄၂၅ (ပေ ၁၃၉၄ပေ ကျော်ခန့်) ရှိသည်ကို ကောင်းကင်ဓာတ်ပုံ၌ ခန့်မှန်းတိုင်းတာမိသည်။ ယခင်မှတ်တမ်းများ၌ ဖော်ပြထားသကဲ့သို့ ကိုက်အလျား ၁၀ဝ၀ မဖြစ်နိုင်။ ပေပေါင်း ၁၉၆၀ကျော် ၂၀ဝ၀ အတွင်း သာဖြစ်သည်။ ဧရိယာဧက ၆၀ကျော်ရှိ၏။ (၂၅.၄)ဟက်တာရှိသည်။ ရှေးမှတ်တမ်း၌ ဆိုထား သကဲ့သို့ မြို့ရိုးလေးဖက်၏ အလယ်ဗဟိုမှ အဝင်လမ်းလေးသွယ်ရှိရာ ယခုတိုင်တွေ့မြင်နိုင်ဆဲ ဖြစ်သည်။
မြို့အတွင်းအလယ်ဗဟို၊ လမ်းဆုံနေရာ အရှေ့မြောက်ထောင့်၌ ရေကန်တစ်ခု ဖြစ်ဖွယ်ရှိ သည့် အရာဟောင်းကို တွေ့ရပြီး လမ်းဆုံ၏ အနောက်မြောက်ထောင့်၌ နန်းတော်ရာ ဖြစ်ဟန် ရှိသည်။ ကွင်းဆင်းသုတေသနပြုသူတို့က စီမံလေ့လာမှုပြုရန်ပင် ဖြစ်သည်။
ထူးခြားသည်မှာ လှိုင်မြစ်၏ အနောက်ဘက်ကမ်း၊ လှိုင်မြို့နယ်ဟောင်းနှင့် တစ်ဖက်ကမ်း ဖြစ်သည့် ဘိုးခေါင်ကျေးရွာ၏ အရှေ့တောင်ဘက်တွင် စေတီကြီးတစ်ဆူထင်ရှားလျက်ရှိသည်။ ရှေးစေတီကြီးပင်ဖြစ်ဖွယ်ရှိ၏။ ထို့အပြင် လှိုင်မြစ်၏ အနောက်ဘက်ကမ်းတစ်လျှောက် မြှောင်၍ တည်ရှိသည့် ရွာသာကျေးရွာနှင့် ဘိုးခေါင်ကျေးရွာအကြားက နေရာကို ယခုတိုင် နန်းတော်ကုန်း ဟု ခေါ်ဝေါ်သမုတ်မှုပြုနေသည်မှာလည်း စိတ်ဝင်စားဖွယ်ပင်ဖြစ်ပေသည်။
ယခုအခါ လှိုင်မြို့ဟောင်းမှာ တိုက်ကြီးမြို့နယ်တွင် ပါဝင်ပြီး ကျေးရွာအုပ်စုဝင် ကျေးရွာ အဖြစ်နှင့်သာရှိတော့သည်။ ယခင်က ရှေးမြို့ဟောင်းကြီးတစ်မြို့ဖြစ်ခဲ့သော်လည်း ယခုအခါ မထင်ရှားသည့်ကျေးလက်တစ်ခုဖြစ်နေလေပြီ။ သို့ရာတွင် လှိုင်ဆိုသည့် ဝေါဟာရမှာမူယခုတိုင် ခေတ်စားဆဲ။ အသုံးပြုဆဲဖြစ်သည်။ လှိုင်နယ်မြေ လှိုင်ဒေသကောလိပ်၊ လှိုင်မြို့နယ်စသည့် ဝေါဟာရများ အလွန်ခေတ်စားခဲ့သည်။ ယခုတိုင်တချို့ဝေဟာရများကို အသုံးပြုဆဲပင်ဖြစ်သည်။ လှိုင်မြို့ကား ဆိတ်သုဉ်းခဲ့ပြီ၊ သို့ရာတွင် လှိုင်အမည်ကားမတိမ်ကောသေး။ လှိုင်မြစ်သည်လည်း စီးဆင်းမြဲပင်ဖြစ်သည်။
ဤကားဓာတ်ပုံများဖြင့် ဖော်ထုတ်ခဲ့ပြီးသမျှ ဟံသာဝတီ ၃၂ မြို့စာရင်းဝင်မြို့ပေါင်း ၁၀ မြို့တည်း။
ဟံသာဝတီ ၃၂မြို့ထဲမှ ၁၀ မြို့ဆိုရာတွင် ၃ချိုး ၁ချိုးခန့်မျှ သာရှိသေးသည်။ ၃ ချိုး ၂ချိုး ကျန်နေသေးသည်။ အတော်များများလည်း ပျက်စီးပွန်းတီးခဲ့လေပြီ။ တွေ့ပြီးသမျှကို ဆက်လက်ကွင်းဆင်းလေ့လာ၊ မတွေ့ရသေးသည်များကိုလည်း ရှာဖွေကြကုန်စို့။[၁]