လှထွန်း၊ ဦး မေတ္တာရိပ်မွန်(ကင်ဆာ)ဖောင်ဒေးရှင်း

ဝီကီပီးဒီးယား မှ

ဦးလှထွန်းကို ဖခင် ဦးလှဖေ၊ မိခင် ဒေါ်စောတို့က ၁၉၂၂−ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့၌ မန္တလေးမြို့တွင် မွေးဖွားသည်။

ဦးလှထွန်းသည် ၁၉၄၂-ခုနှစ်တွင် ဆယ်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ပြီး မန္တလေးကောလိပ် (ယခု မန္တလေးတက္ကသိုလ်)၌ ဥပစာသိပ္ပံတန်း နှစ်နှစ် တက်ရောက်သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၄၅-ခုနှစ်တွင် Civil Affairs Administration Service ၌ မော်တော်ယာဉ် အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် Chartered Accountants, Allan Charlesworth & Co ၌ တာဝန်ထမ်းဆောင်ရင်း လက်မှတ်ရ ပြည်သူ့စာရင်းကိုင်သင်တန်း (C.P.A) တက်ရောက်ရာ ထူးချွန်မှုကြောင့် ၁၉၅၃-ခုနှစ်နှင့် ၁၉၅၄-ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Allan Charlesworth & Co.,Chartered Accountants, Londan Office၌ စာရင်းကိုင်နှင့် စာရင်းစစ်ပညာများ ဆက်လက်ဆည်းပူးခွင့် ရရှိသည်။

U Hla Tun & Co.[ပြင်ဆင်ရန်]

၁၉၅၄-ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး မူလကုမ္ပဏီ၌ Assistant Partner အဖြစ် တာဝန်ထမ်းဆောင်ရာ လစာငွေကျပ် ၃,၅၀၀ အထိ တိုးမြှင့်ပေးခြင်း ခံရသည်။ ၁၉၅၈-ခုနှစ်တွင် အဆိုပါကုမ္ပဏီ၏ ပထမဆုံးမြန်မာ Partner ဖြစ်ပြီး လစာငွေကျပ် ၄,၅၀၀ နှင့် အမြတ်ငွေ သုံးပုံ နှစ်ပုံ ခံစားခွင့် ရရှိသည်။ ၁၉၆၂-ခုနှစ်တွင် အင်္ဂလိပ်တို့က လုပ်ငန်းတစ်ခုလုံးကို လွှဲပေးသဖြင့် U Hla Tun & Co. ဟု အမည်ပြောင်းလဲပြီး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သည်။

ဦးလှထွန်းသည် ၁၉၅၂-ခုနှစ်မှစ၍ မြန်မာပြည် စာရင်းစစ် ဘဏ္ဍာရေး အတိုင်ပင်ခံ လုပ်ငန်းကို၎င်း ၁၉၅၄-ခုနှစ်မှ ၁၉၆၂-ခုနှစ်အထိ နိုင်ငံတော် ဘုတ်အဖွဲ့ကြီးများ၊ ပြည်ထောင်စုဘဏ် စသည်တို့၏ ဝန်ဆောင်မှုများကို၎င်း၊ ၁၉၆၂-ခုနှစ်မှ ၁၉၈၈-ခုနှစ်ထိ နိုင်ငံတော် အစိုးရအဖွဲ့အစည်းများ၊ ရွှေတိဂုံစေတီတော်၊ ဆူးလေစေတီတော်၊ ကမ္ဘာ့ဘဏ်၊ အာရှဖွဲ့ဖြိုးရေးဘဏ်တို့၏ ဝန်ဆောင်မှုများကို၎င်း၊ ၁၉၈၈-ခုနှစ်မှ စ၍ နိုင်ငံတော်ပါဝင်သည့် ဖက်စပ်ကော်ပိုရေးရှင်းများ၊ ဘဏ်များ၊ နိုင်ငံခြားကုမ္ပဏီများနှင့် နိုင်ငံခြားရေနံကုမ္ပဏီများ စုစုပေါင်း ၈၀-ခန့်၏ ဝန်ဆောင်မှုများကို လုပ်ကိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ကမ္ဘာဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် ကာလများတွင် ပါဝါစီမံကိန်း၊ မန္တလေးရေပေးဝေရေး စီမံချက်နှင့် ငါးဖမ်းလုပ်ငန်း စီမံချက်တို့၌ ဘဏ္ဍာရေး အတိုင်ပင်ခံအဖြစ် ဆောင်ရွက်သည်။

U Hla Tun & Coသည် ၁၉၉၃-ခုနှစ်တွင် Althur Andersen ကုမ္ပဏီနှင့်၎င်း၊ ၁၉၉၆-ခုနှစ်တွင် Cooper's & Lybrand International အဖွဲ့အစည်းနှင့်၎င်း စာပေးစာယူစနစ်ဖြင့် လုပငန်းများ ပူးပေါင်းလုပ်ကိုင်သည်။

ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်[ပြင်ဆင်ရန်]

ဦးလှထွန်းသည် ၁၉၈၃-ခုနှစ်မှ ၁၉၉၀-ပြည့်နှစ်အထိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ ဆွီဒင်နိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ် အဖြစ်၎င်း၊ ၁၉၈၄-ခုနှစ်မှ ၁၉၉၆-ခုနှစ်အထိ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ နယ်သာလန်နိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် အဖြစ်၎င်း ဆောင်ရွက်ခဲ့သည်။

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း[ပြင်ဆင်ရန်]

ဦးလှထွန်းသည် မြန်မာနိုင်ငံရှိ ကုထုံးလွန် ကင်ဆာဝေဒနာရှင်များအတွက် ကင်ဆာဝေဒနာရှင် ပြုစုစောင့်ရှောက်ရေးဌာန (Hospice)ကို ၁၉၉၈-ခုနှစ်တွင် မ,တည်ငွေ ကျပ်သိန်းတစ်ရာဖြင့် စတင်တည်ထောင်ရာ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း U Hla Tun Hospice (Cancer) Foundation ဟု ခေါ်ဆိုသတ်မှတ်သည်။ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်းသည် ပထမဆင့်ဖြင့် ၁၉၉၈-ခုနှစ်၊ အောက်တိုဘာလမှစ၍ ကင်ဆာဝေဒနာရှင်များအား အိမ်တိုင်ရာရောက် ပြုစုခြင်းလုပ်ငန်းကို ၂၂-လကြာဆောင်ရွက်သည်။

အတွင်းလူနာ ကင်ဆာဗဟိုဌာန[ပြင်ဆင်ရန်]

ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း နှစ်ပတ်လည် အခမ်းအနားကို ၁၉၉၉-ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပရာ ဦးလှထွန်းသည် ဒုတိယဆင့် အဖြစ် အတွင်းလူနာကင်ဆာဗဟိုဌာန အဆောက်အဦ ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်း ပေးအပ်လှူဒါန်းသည်။ နိုင်ငံတော်အစိုးရက အတွင်းလူနာကင်ဆာဗဟိုဌာန အဆောက်အဦ ဆောက်လုပ်ရေးအတွက် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အမှတ်(၂)လမ်းမကြီးတွင် မြေ ၅.၅ဧကကို သတ်မှတ်ပေးသည်။ ဦးလှထွန်းသည် ထိုအဆောက်အဦအတွက် ထပ်မံ၍ အမေရိကန်ဒေါ်လာ ငါးသောင်း ပေးအပ်လှူဒါန်းသည်။ အဆောက်အဦကို မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တာဝန်ယူ၍ ၁-၁-၂၀၀၀-ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ ယင်းနှစ် ဩဂုတ်လ (၃၀)ရက်နေ့တွင် ပြီးစီးသည်။ ယင်းနှစ် စက်တင်ဘာလ (၂)ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ဦးလှထွန်းသည် အသက်(၈၀)ပြည့် မွေးနေ့မင်္ဂလာနှင့် အခြားဘဝမှတ်တိုင်များ အထိမ်းအမှတ် အခမ်းအနားကို ၂၂-၁၂-၂၀၀၂ ရက်နေ့တွင် ဟိုတယ်နီကိုးရွိုင်ရယ်၌ ကျင်းပသည်။ ယင်းအခမ်းအနားတွင် ဦးလှထွန်းက မန္တလေးမြို့ရှိ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း အတွင်းလူနာကင်ဆာဗဟိုဌာန (Hospice) ဆောက်လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ တစ်သိန်း၊ အမျိုးသားကျန်းမာရေး ကော်မတီသို့ အမေရိကန် ဒေါ်လာ တစ်သောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ ငါးထောင်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးသို့ အမေရိကန်ဒေါ်လာ ငါးထောင်၊ အနာကြီးရောဂါကုဆေးရုံ (ရေနံ့သာ၊ မန္တလေး)သို့ ငွေကျပ်တစ်သိန်း၊ မေရီချပ်စ်မင်း နားမကြားသော ကလေးများကျောင်းသို့ ငွေကျပ်တစ်သိန်း၊ မျက်မမြင်ကျောင်း (ခဝဲခြံ)သို့ ငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းသည်။

ထို့ပြင် ဦးလှထွန်းသည် ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း မန္တလေး အတွင်းလူနာကင်ဆာဗဟိုဌာနသို့ ငွေကျပ်သိန်း ၁၀၀ ထပ်မံလှူဒါန်းပြီး ၂၀၀၃-ခုနှစ်တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့သည်။

ဂုဏ်ပြုဆုများ[ပြင်ဆင်ရန်]

ဦးလှထွန်းသည် ၁၉၉၃-ခုနှစ်တွင် နယ်သာလန်နိုင်ငံ ဘုရင်မက ချီးမြှင့်သော သူရဲကောင်းမှတ်တမ်းဝင် ဂုဏ်ထူးဆောင် တံဆိပ်၊ ၂၀၀၀-ပြည့်နှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော လူမှုထူးချွန်တံဆိပ် (ပထမဆင့်)နှင့် အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် မဲလန်းတက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင် D.H.L(Doctorate in Humane Letter) ဘွဲ့ ၊ ၂၀၀၄-ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သော ဝိဇ္ဇာပညာ ထူးချွန်တံဆိပ်(ပထမဆင့်)၊ ၂၀၀၄-ခုနှစ် နှင့် ၂၀၀၅-ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုဆုများကို ရရှိခဲ့သည်။

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

ဦးလှထွန်းသည် ဂျပန်ခေတ် စစ်ပြေးကာလတွင် ဒေါ်မြမြ(သခင်မ မြမြ)နှင့် အိမ်ထောင်ပြုပြီး သမီးတစ်ဦး ထွန်းကားသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်း ဥက္ကဋ္ဌဖြစ်သူ ဦးလှထွန်းသည် ၂၀၀၆-ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၀၇)