လှကြီး၊ ဖိုး (သခင်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
သခင် ဖိုးလှကြီး
သခင် ဖိုးလှကြီး

အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး[ပြင်ဆင်ရန်]

၁၂၉၉ - ခု၊ ၁၃ဝဝ ပြည့်နှစ် ရေနံမြေ သပိတ် ခေါင်းဆောင်တဦး ဖြစ်ခဲ့သူမှာ အာဠာဝက အမည်ခံ သခင်ဖိုးလှကြီး ဖြစ်ပါသည်။ ဖိုးလှကြီးသည် မကွေးခရိုင်၊ သရက်လေးပင် ရွာ၌ မွေးဖွားသည်။ မိဘများမှာ သာမန် ဆင်းရဲသား ဇနီးမောင်နှံများ ဖြစ်ကြသည်ဟု ဆိုသည်။ မိဘများ၏ အမည်များနှင့် ဖိုးလှကြီး မွေးသက္ကရာဇ်ကို အတိအကျ မသိရသေးပါ။

ဖိုးလှကြီး၏ မွေးသက္ကရာဇ်ကို ခန့်မှန်း ယူဆမည် ဆိုလျှင် ၁၉၃၈ - ခု ရေနံမြေ အရေးတော်ပုံ ကာလ အတွင်း၌ သခင် ဖိုးလှကြီး၏ အသက်သည် ၃ဝ ပတ်ဝန်းကျင်တွင် ရှိသည် ဟူသော အချက်ကို မှန်းဆသောအားဖြင့် သူ၏ မွေးသက္ကရာဇ်မှာ ၁၉ဝ၈၊ ၁၉ဝ၉၊ ၁၉၁ဝ - ခုနှစ်လောက် ဖြစ်လိမ့်မည်ဟု ယူဆရန် အကြောင်း ရှိပါသည်။

ဇာတိမာန်[ပြင်ဆင်ရန်]

ဖိုးလှကြီး ၁၄ နှစ်သား အရွယ်ခန့်လောက်တွင် ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ အစိုးရ၏ ဖိနှိပ် ချုပ်ချယ်မှုကို ခံခဲ့ရသည့် ဖြစ်ရပ်မှ စတင် လာခဲ့သည်။ ဇာတိသွေး၊ ဇာတိမာန်များ ရင်တွင်းမှ စတင် ပျိုးထောင် လာခဲ့သည်။ ထိုခေတ်ကာလက မြန်မာပြည်ကို အုပ်ချုပ်သော အင်္ဂလိပ် နယ်ချဲ့ အစိုးရသည် မြေခွန်၊ ယာခွန်များ မပေးဆောင်နိုင်လျှင် ပစ္စည်းသိမ်း၍ လေလံပစ်သည်။ သိမ်းရန် ပစ္စည်း မရှိလျှင် လူကိုဖမ်း၍ ထောင်ချသည်။ ဖိုးလှကြီး၏ ဖခင်မှာ မြေခွန်ဆောင်ရန် ငွေလည်းမရှိ၊ သိမ်းရန် ပစ္စည်းလည်း မရှိသဖြင့် လူဖမ်းခြင်း ခံရရှာလေသည်။ ၁၄ နှစ်သား အရွယ် ခပ်ငယ်ငယ် ဖိုးလှကြီးသည် သူ့ဖခင်အား ပုလိပ်များ ဖမ်းသွားသည်ကို မြင်လိုက်ရသည်။ သူ့မိခင်က မျက်ရည်စက်လက်နှင့် “မြေခွန် မပေးနိုင်လို့ ဖမ်းသွားတယ် သားရယ်” ဟူသော သူ့မိခင်၏ အပြောကိုကြားရင်း သူ့ရင်တွင်း ပြည့်ကျပ် ဆို့နစ်နေသော ဝေဒနာကို ခံစားခဲ့ရရှာသည်။ သူ့မိခင်သည် မကျန်းမာလျက် ပုလိပ်ကို ပုဆစ်တုတ် ထိုင်ရင်း တောင်းပန်သည်ကို ဖိုးလှကြီး မြင်သည်။ တိုးလျှိုး တောင်းပန်သော အပြုအမှုမျိုးကို ဖိုးလှကြီး မနှစ်မြို့။ တကယ်မရှိလို့ မပေးနိုင်သည်ကို ခွင့်လွှတ်ရန်သာ ရှိသည်။ ယခုကား ရက်စက်ရာ ကျလွန်းသည်။ လူမဆန်သော ပြုမှုချက်သာ ဖြစ်သည်ဟု သူယူဆသည်။ တိုင်းတပါးသားတို့၏ အုပ်စိုးမှုအောင်တွင် နေရသောကြောင့် ဤအပြုအမူမျိုး ခံစားရသည်ဟု ဖိုးလှကြီး မြင်လာသည်။ နယ်ချဲ့ အင်္ဂလိပ်ကို ရွံမုန်းစ ပြုလာသည်။

ဖိုးလှကြီးသည် နယ်ချဲ့ အင်္ဂလိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သော ဗိုလ်လရောင်၏ ညာလက်ရုံး ဖြစ်ခဲ့ဖူးသူ ဘုန်းတော်ကြီးကျောင်းတွင် ပညာ သင်ကြားခဲ့ဖူးသည်။ ထိုဘုန်းတော်ကြီးသည် ဖိုးလှကြီးအား ဗိုလ်လရောင် ကျဆုံးပြီးနောက် အခြေမကျသဖြင့် ရဟန်းဘောင်သို့ ကူးပြောင်းခဲ့ရပုံ၊ အင်္ဂလိပ်တို့ ယုတ်ည့ံ - ညစ်ပတ်ပုံ၊ မြန်မာတို့ ဇာတိသွေးရှိပုံ၊ ထက်မြက်ပုံ၊ အမျိုးကို စောင့်ရှောက် ထိန်းသိမ်းထိုက်ပုံ၊ မြန်မာ့ မြေပေါ်မှ ယုတ်မာသော နယ်ချဲ့ အင်္ဂလိပ်တို့ကို မောင်းထုတ်ရမည့်ပုံ စသည်များကို ဇာတိမာန် တက်ွ့ွကအောင် ပြောပြလေသည်။ ဖိုးလှကြီးသည် တစထက် တစ ဇာတိသွေး ဇာတိမာန် တက်ွ့ွကသည်ထက် တက်ွ့ွကလာလေသည်။

ကမ္ဘာစစ်[ပြင်ဆင်ရန်]

၁၉၁၄ - ခု၊ ၁၉၁၅ - ခုနှစ် ခန့်လောက်တွင် ပထမ ကမ္ဘာစစ်ပွဲကြီး ဖြစ်ပွားလေသည်။ အင်္ဂလိပ်တို့သည် ကမ္ဘာစစ်ပွဲ အတွက် စစ်သား စုဆောင်းသော အခါ မြန်မာပြည်မှ မြန်မာ လူမျိုးများလည်း အများအပြား ဝင်ရောက်ကြသည်။ ဤတွင် အင်္ဂလိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သော ဘုန်းတော်ကြီးသည် ဖိုးလှကြီးအား စစ်ထဲဝင်ရန် တိုက်တွန်းသည်။ ကွ္ဆန်အဖြစ် နေရမည့် အတူတူ စစ်မှုထမ်းရင်း ကိုယ့်အတွက် အမြတ် ထုတ်သင့်သည်။ စစ်ရဲ့ အတွေ့အကြုံကို ကိုယ်တိုင် တတ်သင့်သည်။ စစ်ပညာ တတ်ထားပါမှ တနေ့ ဒီကောင်တွေကို ပြန်လှန် တိုက်ခိုက်နိုင်မည် စသည်ဖြင့် စစ်ထဲ ဝင်ချင်အောင် ဟောပြောသည်။

ဖိုးလှကြီးသည် နဂိုကမှ အင်္ဂလိပ်ကို မုန်းတီး ရွံရှာနေသူ တယောက် ဖြစ်၍ မကြာခင်ပင် စစ်ထဲ ဝင်ခဲ့လေသည်။ မက်ဆိုပိုတေးမီးယား စစ်ပွဲတွင် ပါဝင်ခဲ့သည်။ စစ်တပ်၌ အမှုထမ်း နေစဉ်တွင် မျက်နှာဖြူ အင်္ဂလိပ် စစ်ဗိုလ်များနှင့် မျက်နှာကြော မတည့်ပေ။ သူတို့အပေါ် အမြဲတမ်း မာွ့ွကတ်ွ့ွကတ် ဘုကျကျ ဆက်ဆံခဲ့သည်။ မကြာခဏလည်း အချင်း များခဲ့ရသည်။ ဖိုးလှကြီးသည် မျက်နှာဖြူ အင်္ဂလိပ် တပ်ကြပ် တဦးနှင့် ကပ္ပလီ စစ်သား တဦး လက်ဝှေ့ ထိုးရာမှာ မတရားသဖြင့် ထိုးမှုကြောင့် အင်္ဂလိပ် တပ်ကြပ်ကို လက်ဝှေ့ တက်ထိုးသည့် အဖြစ်ကြောင့် တညလုံး အချုပ်ခံခဲ့ရသည်။ ၎င်းပြင် စစ်ပွဲတွင် အောင်ပွဲခံ၍ အရက်သေစာ စားသောက်ကြသော အခါ၌ ဖြစ်သည့် ဖြစ်ရပ်မှာ စိ်တ်ဝင်စားစရာ ဖြစ်ရပ် တခု ဖြစ်သည်။

ဖြစ်ရပ်မှာ ဤသို့တည်း။ အင်္ဂလိပ်များသည် ဘယ်အခါမဆို လူမျိုး ခြားထားသော အကျင့်ရှိသည်။ ကုလား၊ မြန်မာ၊ ကပ္ပလီ စသော အခြားသူများကို သူတို့နှင့် တန်းတူရည်တူ မထားပေ။ အစဉ်အမြဲ ခွဲခြားထားလေ့ ရှိသည်။ ယခု အောင်ပွဲခံရာ၌ အသားမည်း၊ အသားညို၊ အသားဝါ စစ်သားများက တခြား၊ သူတို့ လူဖြူ စစ်သားတို့က ရွက်ထည်တဲဖြင့် တနေရာ ကျကျနန လူခွဲ၍ စားသောက်ကြသည်။ အစား အစာများမှာလည်း အစာချင်း မတူ၊ သူတို့က ပိုကောင်းသည်။ ကြက်သားကင်၊ ကြက်သားကြော်၊ ဆိတ်သား၊ သိုးသား၊ အမဲသား စသော အကြော်အနှပ်တို့က တင်းကြမ်း၊ ဝီစကီ၊ ဘရမ်ဒီ စသော အရက် သေစာ တို့ကလည်း အကောင်းစား၊ သောက်မကုန် စားမခန်း။ အသားညို အသားမည်း၊ အသားဝါ အုပ်စုမှ ဖိုးလှကြီးသည် ဤသို့ ခွဲခြားသည်ကို မခံရပ်နိုင် ဖြစ်လာသည်။ သူ့စိတ်ထဲမှာ အတော်ဒေါသ ထွက်နေသည်။ ထို့ကြောင့် ၎င်းအား ပေးလာသည့် အရက်ခွက်ကို မသောက်ဘဲ စားပွဲပေါ်သို့ တအား ပစ်ပေါက် ချလိုက်သည်။ ယင်းနောက် စားပွဲပေါ်သို့ ခုန်တက်ကာ “စစ်မြေပြင် တိုက်တုန်းက အတူတူ၊ ခု အောင်သေ အောင်သားစားတဲ့ အခါကျတော့ ခွဲခြား ထားကြတယ်။ အင်္ဂလိပ်တွေ သိပ်လူပါးဝတယ်။ ကုလားလဲ ကျွန် မဟုတ်၊ မြန်မာလဲ ကျွန် မဟုတ်၊ ကပ္ပလီလဲ ကျွန် မဟုတ်။ အင်္ဂလိပ် မျောက်ကောင်တွေက မတရား ကျွန်လုပ်ထားလို့ ခံနေရတယ်။ ဒီထဲမှာ သတ္တိရှိတဲ့သူ ထွက်ခဲ့ကြ။ အင်္ဂလိပ်မျောက်တွေနဲ့ အရက်အတူတူ သောက်မယ်ကွ” ဟု ကုလားလို ပြောလိုက်သည်။ အားလုံးငြိမ်၍ နားထောင် နေကြသည်။ တုတ်တုတ်မျှ မလှုပ်၊ အံ့အားသင့် နေကြသည်။ ကုလားစစ်သား ၃ ယောက်ခန့် နေရာမှထကာ ဖိုးလှကြီး စကားကို ထောက်ခံသည်။ အင်္ဂလိပ် စစ်သားများနှင့် အရက်အတူ သောက်ရန် သဘောတူကြသည်။ ဖိုးလှကြီး ခေါင်းဆောင်သော လူတစုသည် အင်္ဂလိပ် စစ်သားများ ရှိရာ ရွက်ထည်တဲသို့ ဝင်ကာ ခပ်တင်းတင်းပင် အသင့် ထည့်ထားသော အရက်ခွက်များကို ရဲတင်းစွာ သောက်လိုက်ကြသည်။ အစားအစာများကိုလည်း ယူစားကြသည်။ မျက်နှာဖြူ စစ်သားများသည် ပထမ အံ့အားသင့် နေကြသည်။ နောက်တော့ ဆဲဆိုကာ တဲအတွင်းမှ ထွက်သွားရန် နှင်ထုတ်ကြသည်။ ဖိုးလှကြီးက ထွက်မသွားသေးဘဲ “ဘာလဲကွ၊ မင်းတို့က အသေခံ တိုက်ပွဲဝင်တော့ အတူတူ၊ စားတဲ့ သောက်တဲ့ နေရာကျတော့ ခွဲခြမ်း ခွဲခြမ်းနဲ့၊ မင်းတို့ချည်း ကောင်းကောင်းစားလို့ ဘာရမလဲကွ။” ဟု ပြောပြောဆိုဆို စားသောက်ဖွယ်ရာများ တင်ထားသော စားပွဲကို ဆွဲမှောက် ပစ်လိုက်သည်။ နောက်ဆုံးတွင် ထုံးစံအတိုင်း ဖိုးလှကြီးမှာ တပ်တွင်း အချုပ် ခံရလေသည်။ *လုပ်သားပြည်သူ့ သတင်းစာ ဆောင်းပါး၊ ၁၁ - ၆ - ၁၉ရဝ။

ဖိုးလှကြီးသည် စစ်မြေပြင်တွင် ၃ နှစ် အမှုထမ်းခဲ့သည်။ ထိုစဉ်က စစ်ပြန်များ မြေယာကို ပေးလေ့ရှိသည်။ အမှုထမ်းလိုကလည်း ထိုက်သင့်ရာ အလုပ်ကို ပေးသည်။ တနည်းအားဖြင့် အင်္ဂလိပ်များအား လေးစား ကြည်ညိုလာအောင် စည်းရုံးသော နည်းပရိယာယ် တခုပင် ဖြစ်သည်။ ဖိုးလှကြီးသည် ဗမာ့မြေကို ဗမာပိုင်သည်။ အင်္ဂလိပ်က ပေးစရာမလိုဟု ယူဆကာ သပ်ဆိုင်ရာရုံးသို့ မသွားဘဲ မြေယာများကို မယူခဲ့ပေ။

အလုပ်ကြမ်းသမား[ပြင်ဆင်ရန်]

ဖိုးလှကြီးသည် ရေနံမြေ အလုပ်ကြမ်းသမား အဖြစ်ဖြင့် ဝင်ရောက် လုပ်ကိုင်နေသည်။ လစာနှင့် အလုပ်အကိုင် အနေအထိုင်မှာ မျှတမှု မရှိခဲ့။ ဆင်းရဲပြီး အလွန် နုံချာလှသည်။ လူစဉ်မီအောင် အနိုင်နိုင် အားခဲရသည်။ အင်္ဂလိပ် မျက်နှာဖြူများနှင့် အင်္ဂလိပ်ကပြားများမှာ တိုက်တာ အဆောက်အအုံနှင့် ကားနှင့် ဝင်းခြံနှင့် ဇိမ်ယစ် နေကြ နတ်ပြည် ရောက်နေကြသည်။ ဖိုးလှကြီးတို့လို အလုပ်ကြမ်းသမားများ ကျတော့ ငရဲပြည် ရောက်နေ ကြသည်နှင့် တူလှသည်။ အင်္ဂလိပ် မျက်နှာဖြူများက နတ်ပြည် နတ်သားတွေ၊ မြန်မာ အလုပ်သမားတွေက ငရဲပြည် ငရဲသားတွေ၊ အထက်ဘဝဂ်၊ အောက်အဝီစိ ဖြစ်နေကြသည်။ ဖိုးလှကြီးသည် ရေနံမြေ အလုပ်သမားကြီးများ ဘဝ အခြေကို ရင်နာမိသည်။ မျက်နှာဖြူများ မတရား အုပ်စီးထားမှုကို လေ့လာသည်။ စူးစမ်းသည်။ ဆင်ခြင်သည်။ အလုပ်သမားများကို မျက်စိပွင့်ရန် ဆော်ဩသည်။ သတ္တိ ရှိစေရန် သွေးစည်းသည်။ စည်းလုံး ညီညွတ်မှု ရှိရန် ဖန်တီးသည်။

ဖိုးလှကြီးသည် ရေနံမြေ စတိုစာရေးကြီး ဦးညီခင်၏ သမီး မညွန့်နှင့် အိမ်ထောင်ကျသည်။ လူငယ်ချင်း မေတ္တာမျှ၍ ခိုးပြေးကြခြင်း ဖြစ်သောကြောင့် မညွန့်၏ မိဘများက အမွေပြတ် စွန့်ပစ်ခဲ့သည်။ ဖိုးလှကြီးတို့ ဇနီးမောင်နှံကား တူနှစ်ကိုယ် တဲအိုပျက်မှာ နေရစေကာမူ ပျော်တပြုံးပြုံး မော်မဆုံးခဲ့၊ ချစ်တာသာ ပဓာန ဆိုရိုးစကား ရှိခဲ့သည် မဟုတ်ပါလား။

၁၉၃၈ ခုနှစ်တွင် အလုပ်သမားများက တစ်နှစ်လျှင် လုပ်ခမပျက် ခွင့်ရက် ၃ဝ ရက် ပေးရန် တောင်းဆိုကြသည်။ ယင်းအပြင် လိုလားချက် ၁၂ ချက်ကိုပါ တောင်းဆို လိုက်ကြသည်။ အင်္ဂလိပ် မျက်နှာဖြူပိုင် ကုမ္ပဏီများက လိုက်လျောခြင်း မပြုသဖြင့် ၁၉၃၈ ခု၊ ဇန်နဝါရီလ ၈ ရက် (၁၂၉၉ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက်) စနေနေ့တွင် ရေနံမြေ သပိတ်ကြီး စတင် မှောက်ကြသည်။ လုပ်ငန်းများ ဆောင်ရွက်ရန် သခင်လေးမောင်၊ သခင်မြ၊ သခင်သင်၊ သခင်ခင်၊ သခင်အောင်ဖေ၊ သခင်ခ၊ သခင်ဘတင်၊ သခင်လှိုင်၊ ဦးဘလှိုင်၊ သခင်ဖိုးလှကြီး တို့အား ရွေးချယ်ကြသည်။ သပိတ်တပ်ကို ရန်ကုန်သို့ ချီတက်ရန် သခင်ဖိုးလှကြီး ခေါင်းဆောင်၏။

အာဠာဝက[ပြင်ဆင်ရန်]

မကွေးသို့ ရောက်သောအခါ သခင် ဖိုးလှကြီးကို အင်္ဂလိပ် လက်ပါးစေတို့က ဖမ်းလိုက်သည်။ သပိတ်တပ် နတ္တလင်းသို့ ရောက်သော အခါ (ဒီဇင်ဘာ ၂၄ ရက်နေ့တွင်) သခင်ဖိုးလှကြီး ပြန်လွတ်လာသည်။ သခင် ဖိုးလှကြီးသည် သပိတ်တပ်နှင့် ထပ်မံ တွေ့ပြန်သော အခါ ခေါင်းဆောင် လုပ်ပြန်လေသည်။ သခင် ဖိုးလှကြီးကို သပိတ် တပ်သားများက အားရ ရွှင်လန်းစွာဖြင့် “အာဠာဝက - ကွ” ဟု အမည်ပေး ကင်ပွန်း တပ်ကြသည်။ ဤသည်မှ စပြီး “အာဠာဝက - သခင်ဖိုးလှကြီး” ဟု တွင်ရစ် ခဲ့တော့သည်။

အရူးထောင်သို့ ပို့[ပြင်ဆင်ရန်]

အာဠာဝက သခင် ဖိုးလှကြီးသည် ရေနံမြေ သပိတ်တပ်ကြီး ရန်ကုန်သို့ ရောက်သောအခါ သပိတ် စခန်းချ နေစဉ် အတွင်းမှာပင် ဓနိတော ဘီ၊ အို၊ စီနှင့် အိုင်၊ ဘီ၊ စီ စက်ရုံများမှ အလုပ်သမားများ အရေးကို ဆောင်ရွက်ခဲ့သည်။ အခွင့်အရေးများ ကိုလည်း တောင်းစေခဲ့သည်။ အင်္ဂလိပ် နယ်ချဲ့ ဓနရှင်များသည် သပိတ် ခေါင်းဆောင် အချို့ကို ဖမ်းသည်။ အချို့ကို အပြစ်ပေး၍ ထောင်ချသည်။ ခေါင်းဆောင် စာရင်း ပေးသော အခါ အာဠာဝက သခင် ဖိုးလှကြီး အမည်ကို ပယ်ချလိုက်သည်။ ဦးနှောက်မကောင်း၊ ရူးနေပြီဟု အကြောင်းပြကာ ဖိုးလှကြီးကို အရူးထောင်သို့ ပို့လိုက်သည်။ စည်းလုံး ညီညွတ်နေသော သပိတ်တပ်သားများ ကိုလည်း ခွဲပစ်လိုက်သည်။

အာဠဝက သခင် ဖိုးလှကြီး အရူးထောင်မှ ပြန်လာသော အခါ သပိတ်တပ်သား ၂ဝဝ ခန့်သာ ရှိတော့သည်။ ခေါင်းဆောင် အချို့မှာ အခွင့်အရေး ယူသွားကြသည်။ အားနည်း ကွဲပြားအောင် ဓနရှင် အင်္ဂလိပ်တို့က အမျိုးမျိုး အဖုံဖုံ လုပ်ဆောင် ဖန်တီးကြသည်။ သခင် ဖိုးလှကြီးမှာ စိတ်အပျက်ကြီး ပျက်ကာ ကိုရင်ကြီး ဝတ်သွားရှာသည်။ ကိုရင်ကြီးဝတ်နှင့် “သပိတ်စစ်ပွဲ” အမည်ရှိ စာအုပ်ကို ရေးသည်။ ရသောငွေကို ရန်ပုံငွေ အဖြစ် သုံးသည်။ စိတ်မလျော့သေးဘဲ လူဝတ်လဲကာ လက်ကျန် သံမဏိ သပိတ်တပ် ၂ဝဝ ခန့်ဖြင့် ရှေ့တလှမ်း တိုးပြန်သည်။ ပထမ သပိတ်စခန်းကို ရွှေတိဂုံဘုရားတွင် ထားသည်။ နောက်မှ ခြောက်ထပ်ကြီးဘုရား၊ ၎င်းမှတဆင့် ကိုးထပ်ကြီးဘုရားသို့ အဆင့်ဆင့် ချီတက်ကာ အဓိဌာန် ပြုကြသည်။

သရဏဂုံ တင်[ပြင်ဆင်ရန်]

အာဠာဝက သခင် ဖိုးလှကြီးသည် သံမဏိ တပ်သားများအား မိမိတို့ကိုယ်ကို မိမိတို့ သရဏဂုံ တင်ရန် တိုက်တွန်းပြီး အသုဘဖိတ်စာ ၁,ဝဝဝ ရိုက်၍ ဝေငှပြီး အစာငတ် အသေခံ ဆန္ဒပြကြသည်။ ကိုးထပ်ကြီး ဘုရားရှိ သပိတ် စခန်းသို့ ကြည့်ရှုလာသော ပရိတ်သတ်များ တိုးမပေါက်အောင် စည်ကားလှသည်။ ဆေးလိပ်၊ ကွမ်း၊ သားရေစာ စသည့် ပစ္စည်းများ လှူဒါန်းကြသူ များမှာလည်း အများအပြား ရှိသည်။ ဦးပု ညွန့်ပေါင်း အစိုးရကလည်း ကျေအေးရန် အစွမ်းကုန် ကြိုးစားကြသည်။ အလုပ်ပြန်ဝင်လျှင် စပေါ်ငွေ ၁ဝ ကျပ်၊ ထမင်းဖိုး ၃ ကျပ် ပေးမည်ဟု ဖျောင်းဖျကြသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလည်း “တပည့်တွေ ဘာမဟုတ်တဲ့ ပုရွက်ဆိတ်နဲ့ နပန်းလုံးပြီး အသေမခံနဲ့ဦး၊ ေ့ရှမှာ ကျားနဲ့လုံးဖို့ ရှိသေးတယ်” ဟု ဆုံးမပြန်သည်။ ယင်းတို့ကြောင့် သခင် ဖိုးလှကြီးတို့ သံမဏိ သပိတ်တပ်သားများ အစာပြန်စားရန် ဆုံးဖြတ်ပြီး ရေနံမြေသို့ ပြန်ကြလေသည်။

အာဠာဝက သခင် ဖိုးလှကြီးသည် အလုပ်သို့ ပြန်မဝင်တော့ဘဲ အလုပ်သမား အစည်းအရုံးတွင် အချိန်ပြည့် ထိုင်ကာ အလုပ်သမား အကျိုး ဆောင်ရွက်သည်။ ၁၉၄ဝ ခုနှစ်တွင် ရေနံမြေ စခန်းထ၍ လှုပ်ရှားရန် အာဠာဝက သခင် ဖိုးလှကြီးနှင့် သခင်တစုတို့ ကြိုးစားကြပြန်သည်။ လုပ်သားထု လွှတ်တော် ကျင်းပရန် ကြံစည်ကြသည်။ အစည်းအဝေး ၂ ရက် အလိုတွင် လူဖမ်းဝရမ်းပြ၍ အာဠာဝကသခင် ဖိုးလှကြီးနှင့် အပေါင်းပါ သခင်တင်၊ သခင် ဘိုးသာ၊ သခင်မာတို့ကို ဖမ်းသွားကြသည်။ သခင် ဖိုးလှကြီးနှင့် ခေါင်းဆောင် အချို့အား မြစ်ကြီးနား ခရိုင်သို့ နယ်နှင်ဒဏ် ပေးလိုက်သည်။

ရေနံမြေသို့ ပြန်[ပြင်ဆင်ရန်]

မြစ်ကြီးနား ခရိုင်တွင် ဥမကွဲ သိုက်မပျက် နေထိုင်ကြရင်း ဒုတိယ ကမ္ဘာစစ်ကြီး နီးကပ် လာသောကြောင့် နယ်ချဲ့ အစိုးရက အာဠာဝက သခင် ဖိုးလှကြီးတို့အား ဗန်းမော်ထောင်သို့ ပို့လိုက်သည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ ဦးစီးသော ရဲဘော်သုံးကျိပ်မှ ဘီ၊ အိုင်၊ အေနှင့် ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာသော အခါ မြန်မာ့ တပ်မတော်သည် သခင် ဖိုးလှကြီးတို့အား ဗန်းမော်ထောင်မှ ထုတ်ယူခဲ့သည်။ အခြား အဖမ်းခံ နိုင်ငံရေး ခေါင်းဆောင်များ ကိုလည်း ထောင်မှ ထုတ်ယူ၍ နေရင်းသို့ အသီးသီး ပို့ပေးခဲ့သည်။

အာဠာဝက သခင် ဖိုးလှကြီးကိုမူ ဗန်းမော်မြို့၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူ အုပ်ချုပ်စေခဲ့သည်။ ဂျပန်တို့သည် ရေနံမြေကို ပြန်စသော အခါ သခင် ဖိုးလှကြီးသည် မိမိ ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး ရာထူးကို ပြန်အပ်ခဲ့ပြီး ရေနံမြေသို့ ပြန်လာခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ရေနံမြေသို့ ရောက်သောအခါ သခင်မြ၏ ပြောပြချက် အရ အခြား လုပ်ငန်းများကို မပေးဘဲ ချောက်မြို့၏ အုပ်ချုပ်ရေး ရာထူးကို ပေးသည်။ ဂျပန်ခေတ် အတွင်း သခင် ဖိုးလှကြီးသည် အစာအိမ်ရောဂါ ဖြစ်၍ သခင်မြ၊ သခင်ကျော်စိန်တို့၏ တိုက်တွန်းချက် အရ ရန်ကုန် ဆေးရုံကြီးသို့ တက်ရောက် ကုသရင်း ဘဝတပါးသို့ကွယ်လွန် သွားရှာသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် စပယ်ဦး စာပေ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ အကြိမ်)