လွှား

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လွှား[ပြင်ဆင်ရန်]

လွှားကို ဆရာကြီး ဦးပွားက ဦးကုလားရာဇဝင်၊ ဒုတိယတွဲ ၃၅ တွင် စင်းကောကဲ့သို့ ဝိုင်းဝိုင်းဖြစ်ကြောင်း အောက်ပါအတိုင်းဆို၏။

'လွှားမှာကား စစ်တွင်း၌ လေး မြား ကျည်ဆန် လှံကန်တို့ လာလျှင် စင်းကောကဲ့သို့ ဝိုင်းဝိုင်းပြုလုပ်ထားသောအရာဖြင့် ဖယ်ရသည်။ ခေါင်းမှာလည်း ဆောင်းရသည်။ ၎င်းကို လွှား ခေါ်သည်။' သို့သော် ဆရာယုဒသန်နှင့် ဒေါက်တာဦးလင်း တို့က လွှားကို ဝမ်းဘဲဥပုံဟု ဆိုလေသည်။

လွှား၊ ကာ အတတ်ကို ရှေးအခါက များစွာ အရေးပေးခဲ့ လေသည်။ လွှား၊ ကာ အတတ်ကို ကောင်းစွာတတ်ကျွမ်း၍၊ လွှားရေး၊ ကာရေး အပြကောင်းသူတို့ကို လူအများက ဝိုင်းဝန်း အားကျကြသည်။ ခြီးမွမ်းမြှောက်စားကြသည်။ ရိုသေကြောက်ရွံ့ ကြသည်။ သရက်မင်းဆက်တွင် ဆင်ဖြူရှင် သီဟသူသည် ကာက အလွန်ကောင်းသည်ဟု ကျော်စောလေသည်။

ဒိုင်း၊ လွှား၊ ကာတို့မှာ တဘက်ရန်သူ၏ ဓားချက် လှံချက် မြားချက်တို့ကို ကာကွယ်ရုံအတွက်သာမက စစ်ပွဲ၌ စစ်ဆင်များ ကို ခြောက်လှန့်ရန်အတွက်လည်း အသုံးပြုသေးသည်။ ယင်း ကြောင့်လည်း ဒိုင်း၊ လွှား၊ ကာစွဲ သူရဲတို့သည် ဆင်တော်၏ ဝဲယာ ရှေ့နောက်မှ ခြံရံ၍ လိုက်ပါကြရခြင်းဖြစ်သည်။ ယင်း ဒိုင်း၊ လွှား၊ ကာတို့ကိုလည်း ဝင်းတော် လေးမျက်နှာသားတို့ သာ အမြဲတမ်း ကိုင်ဆောင်ကြသည်ကို ရာဇဝင်များ၌ တွေ့ရ ပြီးလျှင်၊ တပင်ရွှေထီး နှင့် ဘုရင့်နောင်တို့လက်ထက် စစ်ပွဲကြီး များတွင် များစွာထည့်သွင်းအသုံးပြုခဲ့သည်ကို တွေ့ရှိရပေသည်။

ကုန်းဘောင်ခေတ်တွင်ကား ဘုရင့်နောင်တို့ခေတ်မှာလောက် စစ်ဘက်အသုံးတွင် များများစားစား မတွေ့ရတော့ဘဲ မင်းခမ်း မင်းနားများတွင်သာ ဒိုင်း၊ လွှား၊ ကာကိုင်တို့ကို စီစဉ်နေရာချ ထားပေတော့သည်။

ဒိုင်း၊ လွှား၊ ကာတို့ကို သားရေဖြင့် ပြုလုပ်သောကြောင့် အစာငတ်မွတ်သောအခါ၊ ချက်ပြုတ်စားကြရသည်ကိုလည်း မဏိရတနာပုံကျမ်းတွင် 'ဘုရင်မင်းခေါင် သားတော်မင်းရဲ ကျော်စွာ မြို့ကိုဝန်းရံသောကြောင့် ငတ်မွတ်လှသဖြင့် ကာ လွှား မောက်တို့တို့ကို ချက်ပြုတ်၍ စားရချေသည်။'ဟူ၍ တွေ့ရလေသည်။[၁]

ရှေးမြန်မာစစ်လက်နက်များ


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)