လွန်း၊ ဦး
လွန်း၊ ဦး(မြန်မာ ၁၂၃၇ - ၁၃၂၆)
[ပြင်ဆင်ရန်]မစ္စတာ မောင်မှိုင်းဟူ၍လည်းကောင်း၊ သခင်ကိုယ်တော်မှိုင်းဟူ၍လည်းကောင်း ကလောင်အမည်ဖြင့် တိုင်းသူပြည်သားတို့၏ ချစ်ကြည်လေးစားခြင်းကို ခံယူရရှိသော ဆရာကြီး ဦးလွန်းသည် ပြည်ခရိုင်၊ ရွှေတောင်နယ်၊ ဝါးလည်ရွာ၌ မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့ (ခရစ် ၁၈၇၅ ခု မတ်လ ၂၃ ရက်နေ့) တွင်ဖွားမြင်သည်။ အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းဖြစ်သည်။
မောင်လွန်း၏ ကန့်ကူလက်လှည့်ဆရာမှာ ရွှေတောင် ကျီးသဲလေး ထပ် ဆရာတော်ကြီးဖြစ်သည်။ သီပေါမင်းလက်ထက် မန္တလေး မြတောင် ကျောင်းတွင် ပညာဆက်လက်သင်ယူသည်။ ၁၂၄၇ ခုနှစ် သီပေါမင်း အင်္ဂလိပ်လက်သို့ လိုက်ပါသွားရချိန်တွင် အသက် ၁ဝ နှစ်ခန့်အရွယ်ရှိသေး သော မောင်လွန်းသည် မင်းမိဖုရားနှစ်ပါးကြောင့် ပြည်သားပြည်သူ ယူကျုံး မရဖြစ်ကြသည်ကို မျက်မြင်ဖြစ်သည်တွင် မခံချင်စိတ်၊ မျိုးချစ်စိတ်တို့သည် ရင်တွင်း၌ ကိန်းအောင်းခဲ့သည်ဟု ဆိုနိုင်သည်။
မန္တလေးတွင် မြန်မာ့ထီးနန်း ကွယ်ပျောက်ခဲ့သည့်အချိန်မှစ၍ မောင်လွန်းသည် မြတောင်ကျောင်း၌ အတည်တကျမနေတော့ဘဲ ချောင်းဦး၊ အလုံ၊ မုံရွာ၊ ကြေးမုံ၊ ဘုတလင်စသောအရပ်များသို့ ကိုရင်ဘဝဖြင့် လှည့်လည်၍စာပေသင်ကြားပြန်လေသည်။ ထိုစဉ်အခါကပင် မေတ္တာစာမှာ တမ်းတို့ကို ရေးစပြုသည်ဟုဆိုသည်။ ယင်းသို့ အလုံ၊ မုံရွာ စည်တို့၌ တစ်လှည့် မန္တလေး၌တစ်လှည့် စာပေသင်ကြားနေထိုင်စဉ် ကိုလွန်းအသက် ၁၉ နှစ်အရွယ်၌ အဖဦးစံဒွန်း ကွယ်လွန်သည်။ မကြာမီ ဆရာရင်းဖြစ်သော ကျီးသဲ လေးထပ်ကျောင်း ဆရာတော်လည်း ပျံလွန်တော်မူလေသည်။ ဖခင် မရှိတော့သဖြင့် ကိုလွန်းသည် ခိုကိုးရာမဲ့ဖြစ်သော မိခင်ကို လုပ်ကျွေးပြုစုရန်တာဝန်ရှိလာသည့်အလျောက် ကိုရင်ဘဝမှတစ်ဆင့်တက်၍ ပဉ္စင်းခံကာ ရဟန်းပြုနေထိုင်ရန်ရည်မှန်းချက်ရှိသော်လည်း ရဟန်းမတက်နိုင် တော့ဘဲလူထွက်၍ ရန်ကုန်မြို့သို့ဆင်းလာကာ အလုပ်ရှာရသည်။ ကိုလွန်း သည် ရှေးဦးစွာ ဆူးလေဘုရားအနီး ဇမ္ဗူ့ကြက်သရေစာပုံနှိပ်တိုက်၌ စာစီ အလုပ်ကိုရလေသည်။ ထိုမှ တစ်စတစ်စ စာပြင်အယ်ဒီတာဖြစ်လာသည်။ ဇမ္ဗူ့ကြက်သရေတိုက်၌အလုပ်လုပ်နေစဉ် ကိုလွန်းသည် ကလောင်စမ်းစပြု သည်။ ထိုခေတ်မှာ စပါးဈေးတက်သည့်ခေတ်ဖြစ်သဖြင့် ပြည်သူတို့ ငွေစ ရွှင်သောကြောင့် ဇာတ်ပွဲများ အလွန်ခေတ်စားလျက်ရှိရာ ကိုလွန်းသည် ပြဇာတ်စာအုပ်များကို ကလောင်စမ်းသည့် အနေဖြင့်ရေးလေသည်။ သီရိဓမ္မာ သောကဇာတ်၊ မဟောသဓာဇာတ်၊ ဥပကဆာဝါဇာတ် စသော ပြဇာတ်ပေါင်း များစွာရေးခဲ့လေသည်။ ပြဇာတ်ကိုရွှေတောင်မြို့ဆရာလွမ်း အမည်နှင့်ရေး သည်။ ထိုပြဇာတ်များကို ရုပ်သေးဦးဖူးညို၊ ဇာတ်ဆရာ ဦးစိန်ကတုံး၊ ဦးအောင်ဗလ၊ ဦးဘိုးစိန်တို့က ခင်းကျင်းပြသကြသည်။ ရေးခဲ့သောပြဇာတ် များအနက် ရွှေတိဂုံဘုရားအမှူးကို ကျားအဖူးတက်ခြင်း ပြဇာတ်သည် အရောင်းရအတွင်ဆုံးဖြစ်သည်။
ကိုလွန်းသည် ဇမ္ဗူ့ကြက်သရေတိုက်၌လုပ်ကိုင်နေစဉ် ကြည့်မြင် တိုင်သူ မရှင်နှင့်အကြောင်းပါလေသည်။ ဇမ္ဗူ့ကြက်သရေတိုက် ပိတ်လိုက်ရ သောအခါ ကိုလွန်းသည် ရန်ကုန်တိုင်းသတင်းစာတိုက်သို့ ပြောင်းရွှေ့၍ မြန်မာစာအယ်ဒီတာအဖြစ်လုပ်ကိုင်သည်။ ယင်းသို့ လုပ်ကိုင်စဉ် အစိုးရစာ တော်ပြဌာန၌ အလုပ်ရနိုင်သော်လည်း စာတော်ပြန်မြို့အုပ်များ၏ လက်စွဲ မလုပ်လိုဟု ဆိုကာ ငြင်းပယ်လိုက်သည်။ ရန်ကုန်တိုင်းသတင်းစာတိုက်သည် အစိုးရထံမှ ကန်ထရိုက်ယူထားသော ပုလိပ်ဂေဇက် သတင်းစာကို ရက်ဆိုင်း လိုက်သောအခါ ဆရာလွန်းသည် မော်လမြိုင်သို့ပြောင်းရွှေ့၍ မြန်မာတိုင်း သတင်းစာတွင် အယ်ဒီတာလုပ်သည်။ ဆရာလွန်းသည် မောင်သမာဓိ အမည်ဖြင့် ဆောင်းပါးများ၊ ကဗျာများရေးစပြုလေသည်။ ယင်းကဗျာ၊ ဆောင်းပါး စသည်တို့သည် ထူးခြားမှုဟူ၍ မရှိသေးချေ။ နတ်တော်လဘွဲ့၊ တန်ခူးလဘွဲ့၊ ကဆုန်လဘွဲ့စသည်ဖြင် သမရိုးကျ ကဗျာမျိုး၊ ဆောင်းပါးမျိုး သာဖြစ်သည်။ မော်လမြိုင်၌နေစဉ် မော်လမြိုင်ရာဇဝင် ဝတ္ထု၊ ကဗျာသာရ မဉ္ဇူကျမ်း၊ မော်လမြိုင်နတ်လမ်းညွှန် စသည်တို့ကို ရေးသားထုတ်ဝေခဲ့ သည်။
၁၉၁၁ ခုနှစ် (မြန်မာ ၁၂၇၃ ခု)နှစ်တွင် ရန်ကုန်မြို့၌ သူရိယ သတင်းစာအမည်ဖြင့် သတင်းစာတစ်စောင်ပေါ်လာသည်။ ထိုအချိန်တွင် ဆရာလွန်းသည် မြန်မာတိုင်းသတင်းစာမှ အလုပ်ထွက်၍ ဇင်းကျိုက်တောင်၌ မိမိဝါသနာကြီးလသော အဂ္ဂိရတ် အတန်ကြာထိုးနေပြီးနောက် ဇာတိဖြစ် သော ရွှေတောင်မြို့သို့ ပြန်ရောက်နေထိုင်ခိုက်ဖြစ်သည်။ ထိုအခါ သူရိယ သတင်းစာကို တည်ထောင်သူတစ်ဦးဖြစ်သော ဦးလှဖေက ဆရာလွန်းအား သူရိယသတင်းစာတွင် အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်ရန် ခေါ်ယူလေ သည်။ သူရိယသတင်းစာတိုက်သို့ ရောက်စတွင် ဆရာလွန်းဟူသော အမည် ရင်းဖြင့်ပင် မြန်မာနည်းဖြင့်လုပ်သော လက်မှုပညာမျာူးကို ဖော်ထုတ်သည့် လက်မှုပညာဋီကာကို ရေးသားသည်။ သူရိယသတင်းစာသို့ ဆရာလွန်း ရောက်သောအခါ မြန်မာနိုင်ငံတွင် ဝံသာနုလုပ်ငန်းလှုပ်ရှားစပြုချိန်ဖြစ်ရာ အသက် ၁ဝ နှစ်အရွယ် သီပေါမင်းပါတော်မူစဉ်က ဆရာလွန်းတွင် ဖြစ်ပေါ် ခဲ့ဖူးသော ဇာတိမာန်မျိုးချစ်စိတ်သည် ဆရာလွန်း၌ ပြန်လည်ပေါ်ပေါက်လာ လေသည်။ ထိုအချိန်မှစ၍ ဆရာလွန်းသည် ဤစိတ်ဤစေတနာတို့ဖြင့်သာ ကလောင်ကို ကိုင်လေသည်။ ဤစိတ် ဤစေနတာတို့သာ ဆရာလွန်း၏ ဘဝရည်ရွယ်ချက်ဖြစ်လာလေသည်။
၁၂၇၇ ခုနှစ်တွင် ဆရာလွန်းအသက် ၄ဝ အရွယ်၌ ဇနီးသည် ဒေါ်ရှင် အနိစ္စရောက်လေသည်။ ဇနီးသည် ကွယ်လွန်သောအခါ ဆရာလွန်း တွင် သားသမီးငါးယောက်ကျန်ခဲ့သည်။ အကြီးဆုံးမှာ ၁၁ နှစ်သမီးဖြစ်၍ အငယ်ဆုံးမှာ ၁၁ လသမီးဖြစ်သည်။ ဆရာလွန်းသည် ထိုအခါမှစ၍ စာရေး ရသည်ကတစ်ဖက်၊ သားသမီးများကို ထိန်းသိမ်းရသည်က တစ်ဖက်နှင့် ပင်ပန်းလှသော်လည်း စာအရေးနိုင်ဆုံး အခိုက်အတံ့ကာလဖြစ်သည်။ ကြာဋီ ကာ၊ ဗိုလ်ဋီကာ ဆောင်းပါးများနှင့် မှာတော်ပုံဝတ္ထုဆန်းတို့သည် ထိုကာလ တွင် ပေါက်ဖွားသော စာများဖြစ်လေသည်။
ဆရာလွန်းသည် ဗိုလ်ဋီကာ ဆောင်းပါးကဗျာများမှစ၍ ကလောင် အမည်ကိုလည်း မစ္စတာမောင်မှိုင်းဟူ၍ခံယူလိုက်လေသည်။ ထိုအချိန်က ပညာတတ်မြန်မာအမျိုးသားအချို့သည် 'မစ္စတာ' ဟူသော အသုံးအနှုန်းကို မိမိတို့ မြန်မာအမည်ရှေ့တွင်တပ်၍ ဂုဏ်တင်ခေါ်ဝေါ်ကြလေသည်။ ဆရာ လွန်းသည် ထိုအပြုအမူကို ရွံရှာသည့်အလျောက် ချည်ပေါင်ရွက်သည် မောင်မှိုင်းဝတ္ထုမှ ဇာတ်လိုက်ဖြစ်သူ လူလိမ်လူပွေလူယုတ်မာမောင်မှိုင်းအမည် ကိုယူ၍ သရော်သည့်အနေနှင့် မစ္စတာတပ်ကာ မစ္စတာမောင်မှိုင်း ဟူ၍ ကလောင်အမည်ခံယူခြင်းဖြစ်သည်။
ဆရာလွန်းသည် သူရိယသတင်းသာတိုက်တွင် ၁၉၂၁ ခုနှစ်အထိ မြန်မာစာဖက်ဆိုင်ရာ အယ်ဒီတာအဖြစ်ဖြင့် ဆောင်ရွက်သည်။ သူရိယ မဂ္ဂဇင်းတွင် ဆရာလွန်းသည် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး အစရှိသော အရေးများနှင့်စပ်လျဉ်း၍ နိုင်ငံရေးရုပ်ပြောင်ဆုံးမခန်း၌ လေးချိုးများရေးလေ သည်။ ပထမကမ္ဘာစစ်ကြီးအပြီးတွင် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်တို့ နိုင်ငံ ကိုယ်စားလှယ်အဖြစ်ဖြင့် ဟုမ္မရူးရမှုအတွက် ဘိလပ်သို့သွားကြသောအခါ ဆရာလွန်းသည် ဒေါင်းဋီကာသစ်ဆောင်းပါးများကိုရေးသည်။ ဗြိတိသျှအစိုးရ က မြန်မာတို့တောင်းသော ဟုမ္မရူးကိုမပေးဘဲ ဒိုင်အာခီအုပ်ချုပ်ရေး အတင်း ထိုးပေးလိုက်သောအခါ ဆရာလွန်းသည် ယခင်က ဗြိတိသျှအစိုးရအပေါ်၌ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးအတွက် အနည်းငယ် မြှော်လင့်ချက်ထားခဲ့သော စိတ်တို့မှာ ပျက်ပြားသွား၍ ဇာတိသွေးဇာတိမာန်တို့ ပိုမိုပြင်းထန်လာလေ သည်။
၁၉၂ဝ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ် ပထမသပိတ်ကြီးပေါ် ပေါက်ပြီးနောက် အမျိုးသားပညာရေးကောင်စီကို ဖွဲ့စည်းကာ ဗဟန်းရပ်တွင် ရန်ကုန်တက္ကသိုလ်နှင့် စင်ပြိုင်အမျိုးသားကောလိပ်ကို တည်ထောင်လေ သည်။ ထိုအမျိုးသားကောလိပ်တွင် မြန်မာစာပေနှင့် မြန်မာရာဇဝင် ပို့ချရန် ဆရာလွန်းအားပင့်ခေါ်သောအခါ ဆရာကြီးသည် သူရိယသတင်းစာတိုက်မှ အလုပ်ထွက်၍ သွားရောက်ဆောင်ရွက်သည်။ ဆရာလွန်းသည် ကျောင်းသား များအားမြန်မာရာဇဝင် ပို့ချသည့်အခါ ဇာတိမာန်နှင့်မျိုးချစ်စိတ်ဓာတ်ကို အထူးသဖြင့်သွင်းပေးခဲ့သည်။ ယင်းသို့စာပေပို့ချနေစဉ် နယ်ကျောင်းသားများ အတွက် မှန်နန်းရာဇဝင်ချုပ်ကိုပြုစုစီရင်၍ အမျိုးသားကောလိပ်ကျောင်း သားများအတွက် မှန်နန်းရာဇဝင်တော်ကြီးကို တည်းဖြတ်ပုံနှိပ်ထုတ်ဝေခဲ့ သည်။ မျောက်ဋီကာနှင့် ဘွိုင်းကောက်ဋီကာဆောင်းပါးများကိုလည်း ရေး သားသည်။
၁၉၂၃ ခုနှစ်တွင် ဗဟန်းအမျိုးသားကောလိပ် ပျက်သောအခါ ဆရာလွန်းသည် ဒဂုံမဂ္ဂဇင်းတိုက်တွင် အယ်ဒီတာအဖြစ်ဖြင့် ဆောင်ရွက်စဉ် စစ်ကိုင်းပြန်မှာတော်ပုံ ဆောင်းပါးများကိုရေးသည်။ ထို့ပြင် ဓမ္မစေတီဝတ္ထုကို လည်းကောင်း၊ အီနောင်နန်းတွင်းဇာတ်သစ်ကိုလည်းကောင်း စကားပြေနှင့် လေးချိုးများဖြင့်ရေးသားထုတ်ဝေခဲ့လေသည်။ ထိုအချိန်တွင် ၂၁ ဦးဂိုဏ်း သားများဖြစ်ကြသည့် ဒိုင်အာခီသမားများနှင့် မူလဂျီစီဘီအေ ဝံသာနုသမား တို့ မညီမညွတ်ဖြစ်လျက်ရှိသည်ကို ဆရာလွန်းသည် ညီညွတ်စေလိုသော စေတနာရှိသည်။ ထိုစေတနာကို ဗန္ဓုလဂျာနယ်တွင် ခွေးဋီကာဆောင်းပါး များရေးသား၍ ဖော်ပြခဲ့လေသည်။ သို့ရာတွင် မြှော်လင့်သကဲ့သို့ ညီညွတ် မလာသဖြင့် ဆရာလွန်းသည် မည်သူ့ကိုမျှမယုံကိုး၊ မည်သူ့ဝါဒဖြင့်မျှ ကလောင်မကိုင်တော့ဘဲ မိမိတစ်ကယ်ယုံကြည်နှစ်သက်သော လမ်းစဉ်နောက် သို့သာ ကိုယ်နှုတ်နှလုံးသုံးပါးစလုံးဖြင့် လိုက်စပြုလာသည်။ ထိုလမ်းစဉ် ကား လုံးဝလွတ်လပ်ရေးဝါဒလမ်းစဉ်ဖြစ်သည်။ ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားတော်လှန်ရေး အရေးတော်ပုံကြီး ဖြစ်ပွားနေစဉ်အတွင်း ဆရာလွန်းသည် ဂဠုန်ပျံ ဒီပနီဋီကာကိုရေးသည်။ တိုးတက်ရေးမဂ္ဂဇင်း၌ လည်း ရာဇဝင်နီတိဆောင်းပါးများကို ရေးသားလေသည်။ ဆရာစံအရေးတော်ပုံ တစ်ခန်းရပ်သောအခါ တို့ဗမာအစည်းအရုံး ခေါ် လူငယ်အသင်း တစ်သင်းပေါ်လာသည်။ ( တို့ဗမာ အစည်းအရုံး။)
ဆရာလွန်းသည် တို့ဗမာအစည်းအရုံး၏ဝါဒတွင် မိမိ၏အကြိုက် ကိုတွေ့သည့်ပြင် လူငယ်တို့၏ဇွဲသတ္တိကိုသဘောကျသဖြင့် ၁၂၉၆ ခုနှစ် (ခရစ် ၁၉၃၄ ခု) တပေါင်းလတွင် တို့ဗမာအစည်းအရုံးသို့ လူသိရှင်ကြား ဝင်သည်။ ဆရာလွန်းအသုံးပြုသော မစ္စတာမောင်မှိုင်းဟူသည့် ကလောင်ဘွဲ့ ၌လည်း မစ္စတာအစား 'သခင်ကိုယ်တော်' တပ်၍ သခင်ကိုယ်တော်မှိုင်းဟူ၍ အသုံးပြုသည်။ ရဲရဲတောက်သခင်ဋီကာ ကဗျာများကိုရေးသားခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်လာသောအခါ တို့ဗမာအစည်းအရုံးဝင်တို့သည် နိုင်ငံရေးကို လျှို့ဝှက်ဆောင်ရွက်ရသောအခါ ဆရာကြီးလည်း အသက်အရွယ် ကြီးရင့်မှ နိုင်ငံရေးဝရမ်းပြေးသဖွယ်ရှောင်တိမ်းနေခဲ့ရသည်။ စုံထောက်များ က ဆရာကြီးကို လိုက်လံချောင်းမြောင်းနေသဖြင့် ဆရာကြီးသည် ရန်ကုန်မှ ပဲခူး၊ ပဲခူးမှ သထုံသို့ ရုပ်ဖျောက်တိမ်းရှောင်ရလေသည်။ ဗြိတိသျှတို့ မြန်မာနိုင်ငံမှဆုတ်ခွာသွားသောအခါ ဆရာကြီးသည် ရန်ကုန်သို့ ပြန်လာ သည်။ ဂျာပန်တစ်ခေတ်လုံးလည်း ဆရာကြီးသည် သခင်များနှင့်အတူ တိမ်းရင်းရှောင်ရင်းအသက်စွန့် ဆောင်ရွက်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီး၍ ၁၉၄၇ ခုနှစ်ရောက်သောအခါ ဗိုလ်ချုပ် အောင်ဆန်းနှင့်ခေါင်းဆောင်အချို့ကျဆုံးလေရာ ဆရာကြီးသည် အလွန်ကြေ ကွဲဝမ်းနည်းသည့်အလျောက် အာဇာနည်ဗီမာန်ဋီကာ ကိုရေး၍ မှတ်တမ်း တင်ခဲ့သည်။ စစ်ပြီးခေတ်တွင် ဆရာကြီးသည်အသက်လည်း ၇ဝ ကျော်ပြီဖြစ်၍ အိုမင်း မစွမ်းလည်း ဖြစ်လာသည် အလျောက် စာရေးမှု၊ ကဗျာဖွဲ့မှုနည်းပါး လာသည်။ ၁၉၅ဝ ပြည့်နှစ် ထုတ်ဝေသောအိပ်မက်ဒီဋ္ဌုံဋီကာသည် ဆရာကြီး ၏ နောက်ဆုံးစာအုပ်ဖြစ်သည်။ သို့ရာတွင် ဆရာကြီးသည် ပြည်တွင်းငြိမ်း ချမ်းရေးအတွက်လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လည်းကောင်း အသက်အရွယ်နှင့်မမျှ အပင်အပန်းခံကာ လှည့်လည်ဆောင်ရွက်ခဲ့သည်။ ယင်းသို့ဆောင်ရွက်ရင်း ဖက်ဆစ်ဋီကာ၊ မဟာနိဒါန်းကဗျာ၊ ကမ္ဘာ့ငြိမ်းချမ်း ရေးကဗျာ၊ သခင်ကိုယ်တော်မှိုင်း၏ မေတ္တာပတ္ထနာကဗျာ စသည်တို့ကို ကြိုး ကြားကြိုးကြားဖွဲ့ဆိုခဲ့လေသည်။ ဆရာကြီးသည် ကမ္ဘာငြိမ်းချမ်းရေးအတွက် ဥရောပသို့လည်းကောင် တရုတ်နိုင်ငံသို့လည်းကောင် လှည့်လည်ခဲ့သည်။
၁၉၅ဝပြည့်နှစ်တွင် ဆရာကြီးအား မြန်မာအစိုးရအဖွဲ့မှ အလင်္ကာ ကျော်စွာဘွဲ့ချီးမြှင့်သည်။ ၁၉၅၅ ခုနှစ်တွင် ဆိုဗီယက်ရုရှနိုင်ငံက ဆရာကြီး အား ကမ္ဘာ့ငြိမ်းချမ်းရေးဆုနှင့်အတူ ဆရာကြီးသည် ဆုငွေ မြန်မာငွေ တစ်သိန်းကျော်ရရှိသည်။ ဘဝတစ်လျောက်လုံး ပစ္စည်းချမ်းသာမှုကို လိုလား သူမဟုတ်သော ဆရာကြီးသည် ယင်းငွေအနက် ငွေရှစ်သောင်းကျော်ကို လှူဒါန်းလိုက်သည်။ ၁၉၆ဝ ပြည့်နှစ်တွင် အရှေ့ဘာလင်ဟမ်းဗက်တက္ကသိုလ် ကဆရာကြီးအား ဂုဏ်ထူးဆောင် ပါရဂူဖြစ်သော ပီအိပ်ချ်ဒီဘွဲ့ချီးမြှင့်လေ သည်။
ဆရာကြီးသည် စာပေကိုမနားမနေပြုစုရုံသာမက စာများကိုလည်း အထူးလေ့လာဖတ်ရှုသည်။ ဗားနဒ်စာကြည့်ပိဋကတ်တိုက်တွင် ဆရာကြီး မဖတ်ဖူးသည့် စာအုပ်စာတမ်းပေပုရပိုက်ဟူ၍ မရှိသလောက် ဖြစ်ကြောင်း ဆိုစမှတ်ပြုကြလေသည်။
ဆရာကြီး၏ အမည်သည်လည်းကောင်း၊ ဆရာကြီး၏ စာများ သည်လည်းကောင်း တစ်နိုင်ငံလုံး ကျော်ကြားခဲ့သော်လည်း ဆရာကြီးသည် စိတ်ကြီးဝင်လေ့မရှိ သနားတတ်သည်။ ပတ်ဝန်းကျင်လောက၌ အပြစ်ကိုမြင် သော်လည်း အပြစ်မတင်လို။ ဆရာကြီးသည် သတ္တိရှိသူကို ချစ်တတ်သည်။ ကိုယ်တိုင်လည်းသတ္တိရှိသည်။ ရတနာသုံးပါး၌ ကြည်ညိုသည်။ ဆရာကြီး သည် အရွယ်ကောင်းသောအသက် ၄ဝ ခန့်တွင် ဇနီးကွယ်လွန်သော်လည်း လောကီအာရုံကာမဂုဏ်ကို စက်ဆုပ်သည်အလျောက် နောက်အိမ်ထောင်ပြု ရန် မည်သူကတိုက်တွန်းသည်ဖြစ်စေ ခါးခါးသီးသီး ငြင်းဆိုခဲ့လေသည်။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုတွင်လည်းကောင်း၊ အမျိုး သားစာပေလှုပ်ရှားမှုတွင်လည်းကောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးထိန်သိမ်း ကာ ကွယ်ရေးလှုပ်ရှားမှုတွင်လည်းကောင်း ထူးချွန်စွာဦးဆောင်ခဲ့သော ဆရာကြီး သည် ၁၃၂၆ ခုနှစ် ဒုတိယ ဝါဆိုလဆန်း ၁၄ ရက်(၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်) နေ့ အသက် ၈၉ နှစ်အရွယ်၌ ကွယ်လွန်သည်။ ဆရာကြီး၏ ရုပ်အလောင်းကို ရွှေတိဂုံစေတီတော် တောင်ဘက်မုခ် ခြေရင်း ဦးဥတ္တမပန်း ခြံအတွင်း စုဖုရားလတ် မိဖုရားကြီးဂူအနီး၌ ဂူသွင်းထားလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)