လွန်ဆွဲပွဲ

ဝီကီပီးဒီးယား မှ

မြန်မာအဘိဓာန်ကျမ်းတွင် ‘လွန်’ ကို ဖြတ်သန်းကျော်လွန်သည်၊ ဖီဆန်သည်၊ လိမ်ကျစ်ထားသောကြိုးဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး လွန်ဆွဲကို တစ်ဖက်နှင့်တစ်ဖက် အားပြိုင်ရန် လွန်ကြိုးကို အပြိုင် ဆွဲရသည့်အတွက် အားပြိုင်ပွဲဟု ဆိုရမည် ဖြစ်သည်။ ရှေးအခါက မိုးခေါ်လို၍ လွန်ဆွဲကစားခြင်းရှိသကဲ့သို့ အပျော်အားပြိုင်ခြင်း၊ အားစမ်းကစားခြင်းအဖြစ် လွန်ဆွဲခြင်းလည်း ရှိခဲ့သည်။[၁]

အကျိုးကျေးဇူး[ပြင်ဆင်ရန်]

လွန်ဆွဲခြင်းသည် အားသန်စေခြင်း၊ ကိုယ်ခန္ဓာ ကြံ့ခိုင်တောင့်တင်း၍ ကျမ်းမာခြင်း၊ စိတ်ပျော်ရွှင်ခြင်း၊ ယုံကြည်စွဲလမ်းမှုအတွက် ကျေနပ်ခြင်း၊ ရပ်သူရွာသားခြင်း စည်းလုံးချစ်ခင်ညီညွတ်ခြင်း၊ အားကစားစိတ်ဓာတ်၊ အသင်းစိတ်ဓာတ် ရရှိခြင်းစသည့် အဓိကအကျိုးရလဒ်များ ရရှိစေသည်။[၁]

လွန်ခေါင်း[ပြင်ဆင်ရန်]

လွန်ဆွဲရာတွင် လွန်ခေါင်းတစ်ဦးကို ထားရသည်။ သူ၏ အဆုံးအဖြတ်ကို နာခံကြရသည်။ လွန်ဆွဲမည့်သူများစုံလျှင် လွန်ခေါင်းလုပ်သူက လွန်ကြိုးတစ်ဖက်တစ်ချက်စီတွင် နေရာယူစေကြပြီး လွန်ဆွဲခြင်းစရန် အမိန့်ပေးလိုက်သောအခါ တစ်ဖက်နှင့်တစ်ဖက် မျက်နှာချင်းဆိုင်ရပ်ကာ ကြိုးကို ကိုင်ကြသည်။ လွန်ခေါင်းက “ဆွဲ” ဟု အမိန့်ပေးလိုက်သည်နှင့် တစ်ဖက်နှင့်တစ်ဖက် အနိုင်မခံအရှုံးမပေးသောဇွဲဖြင့် အင်အားရှိသမျှထုတ်ကာ ဆွဲကြတော့သည်။[၁]

စည်းကမ်းများ[ပြင်ဆင်ရန်]

လွန်ဆွဲပြိုင်ရာတွင် သတ်မှတ်ထားသည့် စည်းကမ်းများမှာ − (၁) လွန်သင်းတစ်သင်းတွင် လူရှစ်ယောက်စီပါဝင်ရန်

(၂) လွန်ကြိုးသည် အလုံးလေးလက်မထက် မသေးသည့်ကြိုးဖြစ်ရန်နှင့် ၃၅ − ပေထက် မတိုတောင်းစေရန်

(၃) ကြိုး၏ အလယ်ဗဟိုတွင် အမှတ်အသားတစ်ခု မှတ်သားရန် (သို့) မြင်သာထင်သာရှိအောင် တစ်ခုခုဖြင့် ချည်နှောင်ထားကြရန်၊ အမှတ်အသား၏ တစ်ဖက်တစ်ချက် ခြောက်ပေအကွာနေရာတွင်လည်း အမှတ်အသားတစ်ခု ပြုလုပ်ထားရန်

(၄) ကြိုးပေါ်တွင် အမှတ်အသားပြုသကဲ့သို့ မြေပေါ်တွင်လည်း အမှတ်အသား (သို့) စည်းချထားရန်

(၅) ပြိုင်ပွဲမစတင်မီ ကြိုးကို ဗဟိုအမှတ်အသားနှင့် မြေမှအမှတ်အသားတို့ကို တည့်တည့်တစ်ထပ်တည်းကျအောင် ထားရှိရန်

(၆) ပြိုင်ပွဲဝင်များ အသင့်ရှိကြ၍ ဒိုင်က စတင်ဆွဲရန် အမိန့်မပေးခင် ကြိုးကိုင်အမိန့်ပေးရန်

(၇) ကြိုးကိုင်အနေအထားတွင် မြေဗဟိုအမှတ်အသားနှင့် ကြိုးဗဟိုအမှတ်အသားတို့ မည်သည့်ဘက်သို့မှ စွန်းထွက်မနေစေဘဲ တည့်မတ်မှန်ကန်လျှင် “ဆွဲ” ဟု အမိန့်ပေးရန်

(၈) တစ်သင်းနှင့်တစ်သင်း လွန်ဆွဲကြပြီး တစ်ဖက်သည် ခြောက်ပေအကွာ အမှတ်အသားမှ ဗဟိုကို ကျော်လွန်ပါလာအောင် ဆွဲနိုင်လျှင်သော်လည်းကောင်း၊ အဆွဲခံရသောဘက်မှာ တစ်ဦးတစ်ယောက်၏ ခြေထောက်သည် ဗဟိုအမှတ်အသားသို့ ထိလာအောင် ဆွဲနိုင်လာသည်ဖြစ်လျှင်သော်လည်းကောင်း ထိုသို့ ဆွဲနိုင်သည့်ဘက်ကို အနိုင်ပေးရန်

(၉) ပြိုင်ပွဲကြီး၌ နှစ်သင်းထက်ပို၍ အသင်းအများအပြားပြိုင်လျှင် အုပ်စုခွဲ၍ ပတ်လည်ပြိုင်ကြရန်

(၁၀) နှစ်သင်းတည်း (သို့) ဗိုလ်လုပွဲဆိုလျှင် သုံးကြိမ်သုံးခါခွဲစေပြီး နှစ်ကြိမ်နိုင်အသင်းက အနိုင်ရစေရန် တို့ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ နေပြည်တော်အမျိုးသားပြတိုက်တွင် ရေးသားထားသည့် လွန်ဆွဲပွဲ