လောင်ဇီ

ဝီကီပီးဒီးယား မှ
老子
ကျန်းလူ ရေးသည့် လောင်ဇီ၊ မင် မင်းဆက် (1368–1644)
မွေးဖွားခရစ်တော်မပေါ်မီ ၆၀၁ ခု
ချူကျန်ရွာ၍ ချူပြည်ထောင်
ကွယ်လွန်မသိရှိ (ဘီစီ ၅၃၁၊ အသက် ၇၀တွင် အနောက်ဘက်သို့ ထွက်ခွာသွားခဲ့သည်ဟုဆို)
ခေတ်ရှေးခေတ်တရုတ် ဒဿနထွန်းကာရာခေတ်
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)တာအိုဘာသာ (တောက်ဝါဒ)
မှတ်သားလောက်သည့် အတွေးအကြံ
တောက် (နည်းလမ်း၊ နည်းစနစ်၊ လမ်းကြောင်း), ဝူဝေ (သေချာလုပ်ယူခြင်းမရှိသော အကျင့်)
လောင်ဇီ
"Lǎozǐ" in seal script (top) and regular (bottom) Chinese characters
တရုတ်အမည်
တရုတ်老子
Hanyu PinyinLǎozǐ
ဆိုလိုရင်း"ရှေးဟောင်း ဆရာကြီး"
ဗီယက်နမ်အမည်
ဗီယက်နမ်Lão Tử
Hán-Nôm老子
ကိုရီးယားအမည်
ဟန်ဂုလ်노자
ဟန်ဂျာ老子
ဂျပန်အမည်
Kanji老子
Hiraganaろうし

လောင်ဇီ (တရုတ်: 老子 လောင်ဇူး ဟုလည်း ခေါ်) သည် တရုတ် ဒဿနိကဗေဒနှင့် ယုတ္တိဗေဒ ပညာရှင်တစ်ဦး ဖြစ်သည်။ ယင်း၏ မွေးသက္ကရာဇ်ကို အတိအကျ မသိရသော်လည်း ဘီစီ ၆ဝ၄ ခုနှစ်လောက်တွင် မွေးတန်ရာသည်ဟု ဆိုကြသည်။ သမိုင်းပညာရှင်အချို့က လောင်ဇီကို ဟိုနန်နယ် (ယခု ကွေးတီမြို့ အနီး) ၌ မွေးဖွားသည်ဟု ပြောကြသည်။ သူ၏ အမည်ရင်းမှာ အာလီ (李耳) ဖြစ်ပြီး ချူမင်းဆက် ဘုရင် တစ်ပါး၏ ပိဋကတ်တိုက်မှူး ဖြစ်ခဲ့သည်ဟုဆိုသည်။ အသက်အရွယ် ကြီးရင့်လာသောအခါ ချောင်မြို့၏မြောက်တံခါးမှ ထွက်ခွာသွားခဲ့ရာ သေသည် ရှင်သည် မသိရတော့ဘဲ နောက်ထပ် ပြန်၍ မတွေ့ရတော့ချေ။ အခြား တရုတ်ဒဿနိကဗေဒ ပညာရှင်ကြီး တစ်ဦးဖြစ်သူ ကွန်ဖူးရှပ်နှင့် ခေတ်ပြိုင်ဖြစ်ခဲ့ သော်လည်း ဝါဒချင်းမတူဘဲ အပြိုင်အဆိုင်ဖြစ်ခဲ့သည်။

ကွန်ဖူးဇီးနှင့် ဘီစီ ၅၁၇ ခုနှစ်လောက်က တွေ့ဆုံခဲ့ဖူးပြီးလျှင် ဝါဒနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သေးသည်ဟု ဆိုသည်။ တရုတ်နိုင်ငံတွင်အယူဝါဒကြီး သုံးခုရှိသည့်အနက် လောင်ဇီသည် တောက် ခေါ်သည့် အယူဝါဒကို တီထွင်ခဲ့သူ ဖြစ်သည်။ လူတို့သည် သေသည်၏အခြားမဲ့၌ ဘဝသစ်များတွင် လူ့ဘဝ၌သော်လည်းကောင်း၊ တိရစ္ဆာန်ဘဝ၌သော်လည်းကောင်း ဖြစ်သည်ဟူသော အယူကို လောင်ဇီ ကောင်းစွာယုံကြည်၏။ လောင်ဇီသည် ဂုဏ်ပကာသနကို မလိုလားဘဲ လူသူနည်းသော နေရာ၌ မထင်မရှားနေခြင်းကိုသာ နှစ်သက်သူဖြစ်လေသည်။[၁]

တောက်တယ်ကျင်း[ပြင်ဆင်ရန်]

တရုတ်ပြည်၌ ရေးခဲ့သမျှ ထောင်ပေါင်းများစွာသော စာအုပ်များထဲတွင် ထိုနိုင်ငံ၏ ပြင်ပ၌ လူဖတ်အများဆုံး၊ ဘာသာပြန် အများဆုံး စာအုပ်သည် လွန်ခဲ့သော နှစ် ၂၀၀၀ ကျော်က လောင်ဇီ ရေးသားခဲ့သော တောက်တယ်ကျင်း (道德經) ဟူသည့် စာအုပ် ပါးပါးကလေးသာ ဖြစ်ပြီး၊ တရုတ်စာလုံးရေ ၆၀၀၀ ပင် မပြည့်၍ သတင်းစာ တမျက်နှာစာသာ ရှိသည်။ လမ်းနှင့် စွမ်းအင် သဘောကို ဖော်ညွှန်းသော ထိုစာအုပ်သည် တောက်ဝါဒ၏ အခြေခံ စာအုပ် ဖြစ်သည်။ အနက် သိမ်မွေ့ နူးညံ့၍ ပဟေဠိဆန်ဆန် ရေးသားထားသောကြောင့် အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုနိုင်သည်။ တောက် ဝါဒသည် ရှင်းပြရန် ခက်ခဲသော အယူအဆ တမျိုး ဖြစ်ကာ၊ တောက်တယ်ကျင်း ၏ အဖွင့်၌ 'ရှင်းလင်းဖော်ပြနိုင်သော တောက်သည် တည်မြဲသော တောက် မဟုတ်ပါ၊ ပညတ်ဟူသည် အမြဲ တည်သော အမည်နာမ မဟုတ်ပါ' ဟု ဆိုထားသည်။ ယေဘုယျအားဖြင့် တောက်ကို လမ်း သို့မဟုတ် သဘာဝ သို့မဟုတ် ဖြစ်စဉ် ဟု ဘာသာ ပြန်နိုင်လိမ့်မည်။

တောက်ဝါဒက လူတဦးသည် တောက်ကို ဆန့်ကျင်ခြင်း မပြုဘဲ အလိုက်သင့် စီးမျောသင့်သည်ဟု မြင်သည်။ သဘာဝနှင့် လူသားများအပေါ် ထိန်းချုပ်ရန် လိုက်လံ ကြိုးပမ်းခြင်းသည် အချည်းနှီးဖြစ်သည်၊ တောက်ကို ရှုံးနိမ့်အောင် လုပ်၍ မရဟု ဆိုသည်။ တောက်ဝါဒနှင့် လိုက်လျောညီထွေ နေရလိမ့်မည်။ ဥပမာ အားဖြင့် တောက်ဝါဒီ တဦးသည် ရေကို လက်ညှိုး ထိုးပြ၍ ရေသည် အလွန် နူးညံ့ သိမ်မွေ့ကာ၊ မြင့်ရာမှ နိမ့်ရာသို့ အတားအဆီး မရှိ၊ အလျင် မပြတ်ဘဲ စီးဆင်းပြီး၊ အပျော့ဆုံး အင်အားကိုပင် တုံ့ပြန်နိုင်သည်။ ရေ၏ သဘာဝကို ဖျက်ဆီးနိုင်စွမ်း မရှိဘဲ မာကျောလှသည် ဆိုသော ကျောက်ဆောင်၊ ကျောက်ခဲများပင် အချိန်ကြာသော် ပျက်စီးရသည်။

လူပုဂ္ဂိုလ် တဦးချင်းအနေဖြင့် ရိုးသားဖြောင့်မတ်စွာနှင့် သဘာဝအတိုင်း နေထိုင်သင့်သည်။ ဂုဏ်ပကာသနနှင့် အကြမ်းဖက်လိုမှု တို့ကို ရှောင်ကြဉ်သင့်သည်။ လောကကို ပြုပြင် ပြောင်းလဲရန် ကြိုးစားသည်ထက် လေးစားရန် ကြိုးစားသင့်သည်။ အစိုးရ ဥပဒေများသည် များလှပြီ ဖြစ်၍ နောက်ထပ်သာ ထုတ်ပြန်ပါက အခြေအနေ ပိုဆိုးစေမည်။ ကြီးလေးသော အခွန်အတုတ်၊ ရည်ရွယ်ချက် ကြီးသော အစိုးရ စီမံကိန်းများ၊ စစ်ဆင်မှုအားလုံးသည် သဘာဝနှင့် ဆန့်ကျင်၍ တောက်ဒဿနနှင့် ဖီလာ ဖြစ်သည်။

တောက်ဝါဒ အစ၌ လူမှုရေး အတွေးအခေါ် တရပ် အနေဖြင့် စတင်ခဲ့သော်လည်း နောက်ပိုင်း ဘာသာရေး လှုပ်ရှားမှုကြီး ပေါ်ပေါက်လာသည်။ ဝါဒအနေဖြင့် တောက်တယ်ကျင်း ကျမ်းထဲ၌ ရေးသားထားသော အတွေးအခေါ် အပေါ်၌ အခြေခံထားသော်လည်း တောက်ဘာသာ ဟူ၍ ဖြစ်လာသောအခါ လောင်ဇီ၏ သင်ကြားမှုများနှင့် လုံးဝ မပတ်သက်သည့် အယူသီးမှုများနှင့် လုပ်ရပ်များဖြင့် ဖုံးလွှမ်းသွားသည်။ တောက် တွေးခေါ်ရှင် များစွာသည် ထိုစာအုပ်ကို အခြေပြု၍ မိမိတို့ ကိုယ်ပိုင် အတွေးအခေါ်များကို ဆက်လက် ချဲ့ထွင် ဖော်ထုတ်လာသည်။

အငြင်းပွားမှု[ပြင်ဆင်ရန်]

တရုတ်ကျမ်းဂန်များအရ တောက်တယ်ကျင်းကို ရေးသော စာရေးဆရာမှာ လောင်ဇီ ဖြစ်ပြီး၊ ကွန်ဖြူးရှပ်ထက် အသက် ပိုကြီးသည့်အပြင် ခေတ်ပြိုင်လည်း ဖြစ်၏။ သို့သော် ကွန်ဖြူးရှပ်မှာ ဘီစီ ‌၆ ရာစု၌ ထင်ရှားခဲ့သော်လည်း၊ တောက်တယ်ကျင်း စာအုပ်၏ အရေးအသားနှင့် အကြောင်းအရာကို ထောက်ရှုပြီး ထိုစာအုပ် ရေးသားသူမှာ ထင်ရှားခဲ့ခြင်း မရှိသည့်အတွက် ကွန်ဖြူးရှပ်နှင့် ခေတ်ပြိုင် ရေးသားခဲ့သည်ကို မယုံကြည်နိုင်ဖွယ် ဖြစ်ခဲ့ကြသည်။ အဆိုပါ စာအုပ်ကိုယ်၌ပင် မည်သူ မည်ဝါ၊ မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည်သည့် သမိုင်း ဖြစ်ရပ်ကိုမျှ ဖော်ပြခြင်းလည်း မရှိချေ။

စာအုပ် ထွက်ပေါ်သည့် နှစ်ကို အတိအကျ မသိ၍ လောင်ဇီ ဆိုသူသည် အမှန်တကယ် သက်ရှိထင်ရှား ရှိ မရှိ ပြဿနာ ပေါ်ပေါက်သည်။ တချို့က အမှန်တကယ် မရှိ၊ ဒဏ္ဍာရီလာ လူသာ ဖြစ်သည်ဟု ဆိုပြီး၊ ပညာရှင် အချို့ကမူ လောင်‌ဇီသည် အမှန်တကယ် ရှိခဲ့ပြီး တောက်တယ်ကျင်းကို ရေးခဲ့သည်၊ ဘီစီ လေးရာစု၌ အသက်ရှင်သန်ခဲ့သည်၊ ကွန်ဖြူးရှပ်ထက် အသက်ပိုကြီးသော ခေတ်ပြိုင် ဆိုသောအချက်မှာမူ နောက်ပိုင်း တောက်ဆရာများက သူတို့ ဆရာနှင့် ကျမ်းစာအုပ်၏ ဂုဏ်ကို မြှင့်တင်ပေးလိုခြင်း သက်သက် ဖြစ်မည်ဟု ခန့်မှန်းကြသည်။

ကနဦး တရုတ် စာရေးဆရာများ ဖြစ်သော ကွန်ဖြူးရှပ်၊ မိုတီနှင့် မင်စီးယပ် (Mencius)[Meng zi] တို့သည် သူတို့ စာများ၌ လောင်ဇူနှင့် တောက်တယ်ကျင်း အကြောင်းကို ဖော်ပြထားခြင်း မရှိချေ၊ ဘီစီ ၂၀၀ ခန့်၌ အရေးပါသော တောက်ဆရာ ချွမ်ဇီသည် ထင်ရှားခဲ့ပြီး၊ သူ့စာများ၌ ရံခါရံခါ ဖော်ပြသည်။

အတ္ထုပတ္တိအကျဉ်း[ပြင်ဆင်ရန်]

လောင်ဇီသည် တရုတ်ပြည်မြောက်ပိုင်း၌ မွေးဖွားကြီးပြင်းသည်။ အစိုးရ စာရွက် စာတမ်းများကို ဘဝ တလျှောက်လုံး သိမ်းဆည်း တာဝန်ယူရသူ သမိုင်းပညာရှင် တဦး ဖြစ်ပြီး၊ ချူမင်းဆက်တို့၏ မြို့နယ် လိုရန် (Lo Yang) ၌ တာဝန်ထမ်းဆောင်ခဲ့ပုံ ပေါ်သည်။ လောင်ဇီသည် အမည်ရင်း မဟုတ်ဘဲ လေးစားသမှုဖြင့် 'ဆရာကြီး' ခေါ်ခြင်း ဖြစ်သည်။ အိမ်ထောင်ပြုရာ သား တယောက် ထွန်းကား၍ သားဖြစ်သူ နောင်သော် ဝေပြည်နယ် (Wei)၌ ဗိုလ်ချုပ် တယောက် ဖြစ်လာသည်။

လူကြိုက်များမှု[ပြင်ဆင်ရန်]

အနောက်နိုင်ငံများ၌ တောက်တယ်ကျင်းသည် ကွန်ဖြူးရှပ် သို့မဟုတ် မည်သည့် ကွန်ဖြူးရှပ် ဝါဒီများ၏ အရေးအသားထက်မဆို ပို၍ လူကြိုက်များသည်။ ထိုစာအုပ်ကို အင်္ဂလိပ် ဘာသာပြန် မူကွဲပေါင်း ၄၀ ပုံနှိပ် ထုတ်ဝေခဲ့ပြီး ဖြစ်ပြီး၊ သမ္မာကျမ်းစာက လွဲ၍ ကျန်စာအုပ်များထက် မူကွဲ အများဆုံး ရှိသော စာအုပ် ဖြစ်သည်။ တရုတ်ပြည်၌မူ ကွန်ဖြူးရှပ် ဝါဒကိုသာ ကြိုက်နှစ်သက်ကြ၍ လောင်ဇီ၏ သွန်သင်ချက်များကိုလည်း လေးစားကြသည်။ ထို့အပြင် လောင်ဇီ၏ တောက်အယူအဆကို ကွန်ဖြူးရှပ် အတွေးအခေါ်ထဲ တဖြည်းဖြည်း သွတ်သွင်းခဲ့၍ လူသန်းပေါင်းများစွာအပေါ် လွှမ်းမိုးမှု ကြီးမားသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)
  2. မြင့်ဇံ (Dec, 2004)။ သမိုင်းတွင် အလွှမ်းမိုးဆုံး ပုဂ္ဂိုလ် ၅၀။ p. ၂၅၀။ Unknown parameter |Publisher= ignored (|publisher= suggested) (အကူအညီ); |year= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)