လေဖိအားတိုင်း ကိရိယာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ပဲရစ်မြို့ Musée des Arts et Métiers မှ မာကျူရီ ဗရိုမီတာ

ယနေ့မိုးများမည်၊ နက်ဖြန်လေမုန်တိုင်းကျမည် အစရှိ သဖြင့် ရာသီဥတုအခြေအနေကို မိုးလေဝသဌာနမှ ကြိုတင် သတိပေးနိုင်ခြင်းသည် ဗရိုမီတာဟုခေါ်သော လေဖိတိုင်း ကိရိယာ၏ ကျေးဇူးကြောင့်လည်း တစ်ကြောင်း ဖြစ်ပေသည်။ ဗရိုမီတာဟူသော ဝေါဟာရသည် ဂရိစကားမှ ဆင်းသက် လာ၍ ဖိအားတိုင်းဟု အဓိပ္ပာယ်ရသည်။ ဗရိုမီတာကို လေထုဖိအားတိုင်းတာရာ၌ အသုံးပြုရ၍၊ မိုးလေဝသ အခြေ အနေကို ခန့်မှန်းရာတွင် အရေးပါ အရာရောက်သော ကိရိယာ တစ်ခု ဖြစ်လေသည်။

ဗရိုမီတာကို ကြည့်၍ ရာသီဥတု အခြေအနေကို မည်သို့ ခန့်မှန်းကြပါသနည်း။ ဗရိုမီတာမှ ပြဒါးမှတ် အတက်အကျကို ကြည့်၍ ခန့်မှန်းကြရသည်။သိပ္ပံပညာရှင်တို့ လက်တွေ့စမ်းသပ် ကြည့်ရှုချက်အရ ကမ္ဘာမြေပြင်ပေါ်ရှိ နေရာတစ်ခုခု၏ လေထု ဖိအားသည် ဗရိုမီတာ၏ပြဒါးတိုင်မှ လေထုဖိအားနှင့် တူညီ သည်ကို တွေ့ရှိခဲ့ကြရသည်။ ကမ္ဘာမြေကြီးကို လေထုကြီးက လွှမ်းပတ်ရစ်ခြုံထားပေရာ၊ လေထု၏သဘောမှာ တစ်နေရာရာ တွင် လေထုအားနည်းသွားသည့်အခါ လေထုဖိအားကောင်းသည့် နေရာမှ လေတို့သည် တဟုန်ထိုး ရောက်ရှိလာကြသည်။သို့ဖြင့် လေမုန်တိုင်းဖြစ်ပေါ်တတ်ပေသည်။ လေထုဖိအားနည်းသည့် (လေထုပါးသည့်) အရပ်ဒေသတွင် ဗရိုမီတာမှ ပြဒါးမှတ်သည် နိမ့်ဆင်းသွားသည်။ ပြဒါးမှတ်သည် မြင့်တက်နေ၍ ငြိမ်နေလျှင် လေထုဖိအား ကောင်းနေသဖြင့် ရာသီဥတု သာယာမည်ဟု ခန့်မှန်းနိုင်ပေသည်။

ဗရိုမီတာကို စတင်တီထွင်ခဲ့သူမှာ ကမ္ဘာကျော် သိပ္ပံပညာ ရှင် တစ်ဦးဖြစ်သူ ဂယ်လီလေအို၏ တပည့် တော်ရီချဲလီ ဖြစ် သည်။ ဗရိုမီတာ၏ အရင်းခံကိရိယာမှာ လက်မ သုံးဆယ် ကျော်၊ သို့မဟုတ် တစ်ပေခန့်ရှည်သော တစ်ဖက်ပိတ် တစ်ဖက် ပွင့်ဖန်ပြွန်ဖြစ်၍ အတွင်း၌ ပြဒါးထည့်ထားသည်။ ဗရိုမီတာ၏ ဆောင်ရွက်ပုံသဘောမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဆိုခဲ့သော တစ်ဖက်ပိတ်ဖန်ပြွန်အတွင်းသို့ ပြဒါးလောင်း ထည့်ပြီးနောက် အဝကို လက်မဖြင့် ပိတ်၍ ပြဒါးထည့်ထား သော အောက်ခံစလုံထဲသို့ စောက်ထိုးနှစ်လိုက်ရသည်။ ထို နောက် ပိတ်ထားသည့် အဝကို ဖွင့်ပေးလိုက်သောအခါ၊ ထိပ် သို့ တိုင်အောင် ရောက်ရှိနေသော ပြဒါး၏ အမှတ်သည် ခြောက်လက်မခန့် နိမ့်ကျလာသည်ကို တွေ့ရလိမ့်မည်။ ဖန်ပြွန် ထိပ်ပိုင်းသည် ပလာနယ်ကဲ့သို့ ဖြစ်နေ၍ ပြဒါး၏ အမှတ် အထက်တွင် လေဖိအားမရှိနိုင်ပေ။ သို့ရာတွင် ပြွန်အတွင်းမှ ပြဒါးတို့သည် အဘယ်ကြောင့် စလုံထဲသို့ ထွက်ကျမသွားဘဲ ရှိနေပါသနည်း။ အကြောင်းမှာ စလုံထဲရှိ ပြဒါး၏ မျက်နှာပြင် ပေါ်တွင် လေထုဖိအား ရှိနေသောကြောင့် ဖြစ်၏။ တစ်နည်း အားဖြင့်ဆိုသော်၊ ဖန်ပြွန်အတွင်းရှိ ပြဒါး၏ အလေးချိန်သည် အပြင်ဘက်ရှိ လေထုဖိအားနှင့် တူညီနေသောကြောင့် ဖန်ပြွန် အတွင်းမှ ပြဒါးများ ပြန်၍ ထွက်မကျနိုင်ခြင်း ဖြစ်ပေသည်။ တော်ရီချဲလီသည် ဗရိုမီတာကို ၁၆၄၃ ခုနှစ်တွင် စတင်ကြံ စည်သည်။ စတင်ကြံစည်စဉ်က ရေကိုအသုံးပြုသည်။ သို့သော် အရည်အမျိုးမျိုးတွင် ပြဒါးအရည်သည် အလေးဆုံးဖြစ်သည်။ ရေထက် ၁၄ ဆ ခန့်ပို၍ လေးသည်။ ထိုပြင် ရေနှင့်စာလျှင် ပြဒါး၏ အငွေ့ပျံမှုသည် မဆိုစလောက်သာ ဖြစ်သည်။ ၃၄ ပေမျှမြင့်သော ရေထုအစား၊ ပြဒါးကို အသုံးပြုသောအခါ၊ လက်မ ၃ဝ ခန့်အမြင့်ရှိလျှင် လုံလောက်ပေပြီ။ ထိုကြောင့် တောရီချဲလီသည် ပြဒါးကို အသုံးပြုခဲ့ခြင်း ဖြစ်လေသည်။ နောင်အခါ ဗရိုမီတာကို ယခုသုံးလျက်ရှိကြသော အခြေအနေ သို့ရောက်အောင် တိုးတက်ပြုပြင်ခဲ့ကြသည်။ ပြဒါးတိုင်တွင် အမှတ်ပြဒီဂရီများ မှတ်သားထားရာ ယင်းတို့ကို ကြည့်ခြင်းဖြင့် ရာသီဥတုအခြေအနေကို ခန့်မှန်းတွက်ဆနိုင်ကြပေသည်။ လေထုဖိအားသည် ကမ္ဘာမြေပြင်နှင့်နီးသောနေရာတွင် ပို၍ များပြီးလျှင် ကမ္ဘာမြေပြင်နှင့် ဝေးသွားသောအခါ တဖြည်းဖြည်း နည်းသွားသည်။ ထိုကြောင့် မြေပြင်အထက် အနိမ့်အမြင့်ကို လိုက်၍ ဗရိုမီတာ၏ အမှတ်တွင် အတက်အကျရှိလေရာ၊ တောင်များ၏ အမြင့်တိုင်းရာ၌လည်း ဗရိုမီတာကို အသုံးပြုရ လေသည်။

တောရီချဲလီနှင့် မရှေးမနှောင်းပင် မက်ဒါဗတ်မြို့တော်ဝန် အော့တိုဖွန်ဂေးရိကဲသည် ၁၆၄၆ ခုနှစ်တွင် ဗရိုမီတာတစ်မျိုးကို စမ်းသပ်တီထွင်ခဲ့သည်။ မြို့တော်ဝန်သည် သိပ္ပံပညာ စူးစမ်းမှု၌ စိတ်ဝင်စားသူ ဖြစ်၍ ရေသုံး ဗရိုမီတာတစ်ခုကို ပြုလုပ်သည်။ ရေထည့်ထားသော ပြွန်သည် ၃၄ ပေမျှ ရှည်၍ ထိပ်တစ်ဖက် ပိတ် ဖြစ်သည်။ ပြွန်၏ ထိပ်ပိုင်းကို ဖန်ဖြင့် ပြုလုပ်ထား၍ အောက်ပိုင်းကို ကြေးဝါဖြင့် ပြုလုပ်ထားသည်။ ပြွန်၏ အောက် ဘက်ကို ရေထဲနှစ်ထားသည်။ ပြွန်အတွင်းရှိရေသည် ရာသီဥတု အခြေအနေ ပြောင်းတိုင်း တက်ချည်ကျချည် ဖြစ်သည်။ ထိုရေ ထဲ၌ ပေါလောပေါ်နိုင်သော လူရုပ်ကလေးတစ်ရုပ် ထည့်ထား သည်၊ ရာသီဥတုကောင်း၍ ရေအမှတ်မြင့်လာသည့်အခါ အရုပ် ကလေးသည် အပေးရောက်လာကာ လူမြင်ကွင်းသို့ ရောက်လာ သည်။ ရာသီဥတုအခြေအနေ မကောင်းလျှင် ရေအမှတ်နိမ့်ကျ သွား၍၊ လူရုပ်ကလေးလည်း အောက်သို့ရောက်ကာ ကွယ် ပျောက်သွားသည်။ မြို့တော်ဝန်သည် ထိုပြွန်ချောင်းကို သူ၏ အိမ်တွင် ကပ်ထောင်ထားရာ၊ လူအများမှာ ဗရိုမီတာမှန်း မသိ ကြ၍၊ မှော်အတတ်ဖြင့်ပင် ပြုလုပ်ထားလေသလောဟု တအံ့ တ0x100သ ရှိခဲ့ကြလေသည်။

ဗရိုမီတာကို ရေ၊ ပြဒါးမပါဘဲနှင့်လည်း ပြုလုပ်နိုင်သည်။ ပတ်စကယ်ဆိုသူသည် ဝိုင်အရက်သုံးဗရိုမီတာတစ်ခုကို စမ်းသပ် လုပ်ကိုင်ခဲ့သည်။ သို့သော် ဝိုင်အရက်သည် ရေထက်ပင် ပေါ့ သေးသဖြင့် ပြွန်ချောင်းကို ၄၆ ပေ ခန့် ရှည်အောင် ပြုလုပ်ခဲ့ရ လေသည်။ ဗရိုမီတာကို သင်္ဘော၊ လေသင်္ဘော၊ လေယာဉ်ပျံများ၌ လည်း တပ်ဆင်အသုံးပြုကြရသည်။ အကြောင်းမှာ ယင်းတို့ သည် ရာသီဥတုအခြေအနေကို ကြည့်၍ ခုတ်မောင်းပျံသန်းကြ ရသောကြောင့် ဖြစ်သည်။ လေသင်္ဘော လေယာဉ်ပျံတို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ မည်မျှ၌ ပျံသန်းနေ သည်ကိုလည်း ဗရိုမီတာများက ပြသသည်။ ထိုကဲ့သို့သော ဗရိုမီတာမျိုးကို အော်လတီမီတာဟု ခေါ်သည်။ လေယာဉ်ပျံ လေသင်္ဘော တို့တွင် ပြဒါးတိုင်ဗရိုမီတာများကို သယ်ဆောင် ရန် မလွယ်ကူပေ။ ထိုကြောင့် သယ်ယူရလွယ်ကူသော အန္နာ ရွိုက် ဗရိုမီတာတစ်မျိုးကို အသုံးပြုကြရသည်။ အန္နာရွိုက် ဆိုသည်မှာ အခြောက်ဟု အဓိပ္ပာယ်ရ၍ အရည်မပါသော ဗရိုမီတာဟု ဆိုလိုသည်။ ထိုကရိယာမျိုးသည် အတွင်းရှိ လေကို စုတ်ထား၍ ပလာနယ်နီးပါး ဖြစ်နေသော သတ္တုဗူး ကလေးတစ်ခု ဖြစ်သည်။ ထိုသတ္တုဗူးကလေး၏ အဖုံးကို လေထုဖိအားအလိုက် ကျုံ့နိုင် ကန်နိုင်အောင် ပြုထားသည်။ ကျုံ့သမျှ ကန်သမျှကို အဖုံး၌ တပ်ဆင်ထားသော လက်တံက အဖုံးမျက်နှာပြင်ဘေးရှိ ဒီဂရီအမှတ်အသားများကို ညွှန်ပြသည်။ ဗရိုမီတာရိုရိုးနှင့် နှိုင်းစာလျှင်၊ အန္နာရွိုက် ဗရိုမီတာသည် လေထုဖိအားကို အတိအကျ မှန်ကန်အောင် မပြနိုင်ပေ။ သို့သော် ရာသီဥတုအခြေအနေ၌ အနည်းငယ်မျှ အပြောင်းအလဲ ရှိရုံနှင့်ပင်၊ အပြောင်းအလဲကို ညွှန်ပြနိုင်သည်။ အချို့သော အန္နာရွိုက်ဗရိုမီတာတို့၏ လက်တံတွင် မင်ထည့်ထားသည့် ကလောင်သွား တပ်ထားရာ၊ လက်တံရွေ့သမျှကို မင်ကြောင်း ထင်စေသဖြင့်၊ မည်သည့်အချိန်တွင် လေထုဖိအားမည်မျှ ရှိကြောင်းကို အလွယ်တကူ သိရှိနိုင်သည်။ ယင်းသို့ မင် ကြောင်းဖြင့် လေထုဖိအားကို မှတ်တမ်းတင်နိုင်သည့် ဗရိုမီတာ မျိုးကို ဗာရိုဂရပ်(လေဖိမှတ်ကရိယာ)ဟု ခေါ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)