လူးနှင့်ဆပ်

ဝီကီပီးဒီးယား မှ

လူးနှင့်ဆပ်[ပြင်ဆင်ရန်]

လူးနှင့်ဆပ်တို့သည် နှံစားပြောင်းမျိုးထဲတွင် အပါအဝင်ဖြစ်၍ မြန်မာနိုင်ငံ မိုးပါးရေရှားရပ်ဝန်းတွင် သုံးလေ့သုံးထရှိသော အသီးအနှံမျိုးဖြစ်သည်။ အပင်များကို ညံ့ဖျင်းသော ယာမြေများဖြစ်သည့် သဲမြေပွများတွင်သာ စိုက်ပျိုးကြ၏။ သို့သော် ဆပ်ကို လူးလောက် အစိုက်အပျိုး မများကြပေ။ လူးခင်း၊ဆပ်ခင်းများကို ဆန်ပြောင်းခွံပြောင်းများ စိုက်ခင်းမြေကို ပေါင်းပင်၊ ခြုံပင်စသည်တို့မှကင်းစင်အေင် ရှင်းလင်းထားပြီးလျှင် မိုးစ၍ရွာသည်နှင့် တစ်ပြိုင်နက် ထွန်တစ်စပ်နှစ်စပ်ထွန်ပေးရသည်။ သဲ မြေပွများတွင်သာ များသောအားဖြင့် စိုက်ပျိုးလေ့ရှိသဖြင့် ထယ်ကိုသုံးလေ့သုံးထ မရှိကြချေ။ ဝါဆိုလလောက်၌ ထွန်ရေးညက်သည်တိုင်အောင် ထွန်ဖြင့် လေး ငါးကြိမ် အပြီးသတ်ထွန်ယက်ပြီးမှ ဝါခေါင်လလောက်တွင် မျိုးစေ့များကို ကြဲပက်စိုက်ပျိုးကြသည်။ တစ်ဧကလျှင် မျိုးစေ့ နှစ်ပြည်ခန့် ကြဲပက်စိုက်ပျိုးကြသည်။ မိုးလူး သို့မဟုတ် လူးဦးကို နယုန်လလောက်တွင် စိုက်ပျိုးကြ၍ သီတင်းကျွတ်လူးကို သီတင်းကျွတ်လ ကျမှပင်စိုက်ပျိုးကြသည်။ စိုက်ပျိုးပြီး၍ သုံးလခွဲခန့်ကြာလျှင် လူးပင်များကို ရိတ်သိမ်းကြရသည်။ ထို့နောက် နွားနှင့်နယ်၍ အစေ့များကို ချွေယူကြသည်။ မြေကိုလိုက်၍ တစ်ဧကလျှင် ၁ဝ တင်းအထိ ထွက်လေ့ရှိသည်။ ဆန်ရှားသောဒေသများတွင် ဆန်ကို မစားနိုင်ကြသောအခါမျိုးတွင် လူးကိုအစားထိုး၍ စားကြရသည်။ ရုက္ခဗေဒအလိုအရ လူးကို ပန်နီကမ် မီလီယာစီယမ်ဟုခေါ်၍ ဆပ်ကိုမူ ဆီတေးရီးယားအိတလိကဟု ခေါ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)