လုဒ်(စ်)မယ်တော်သခင်မကျောင်း
ဆုတောင်းပြည့်လုဒ်မယ်တော်သခင်မဘုရားကျောင်း | |
---|---|
National Marian Shrine of Our Lady of Lourdes | |
17°57′03″N 96°43′13″E / 17.950943°N 96.720157°E | |
တည်နေရာ | ညောင်လေးပင်မြို့၊ ပဲခူးတိုင်းဒေသကြီး |
နိုင်ငံ | မြန်မာနိုင်ငံ |
ဂိုဏ်းခွဲ | ကက်သလစ် |
ဝက်ဘ်ဆိုဒ် | https://www.facebook.com/OurLadyOfLourdsNLB |
သမိုင်း | |
တည်ထောင် | ၁၈၉၃ ခုနှစ် |
တည်ထောင်သူ | ဘုန်းတော်ကြီး ဖာသာရ် Mignot (ဦးမီးညို) |
ကျောင်းဆောင်သိက္ခာတင်ခြင်း | ၃၀ ဧပြီ ၁၉၀၂ |
ဗိသုကာ | |
တည်ဆောက်ခုနှစ် | ၁၈၉၃ ခုနှစ် (မူလကျောင်းဆောင်) |
ပြီးဆုံး | ၁၉၀၀ ခုနှစ် (အဆောင်သစ်) |
စီမံခန့်ခွဲရေး | |
ဂိုဏ်းအုပ်သာသနာ | ပဲခူးဂိုဏ်အုပ်သာသနာ |
လုဒ်(စ်)မယ်တော်သခင်မကျောင်းသည် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၌ တည်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]လုဒ်(စ်)မြို့ (Lourdes) သည် ပြင်သစ်နိုင်ငံ၊ အနောက်ဘက်နယ်စပ်မြို့ကလေးတစ်မြို့ဖြစ်သည်။ ဤမြို့တွင် ၁၉၅၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့၌ ဆင်းရဲနွမ်းပါးသော ဘေနဒစ်ရိုဘီရူး မောင်နှမသုံးယောက်ထံ မယ်တော်မာရီယာ ထင်ရှားပြခဲ့သည်။ ထိုစဉ်က လုဒ်(စ်)မြို့သည် အလွန်သေးရွယ်သောကျေးရွာကလေးမှ ယနေ့ အလွန်စည်ကား လှပသောမြို့တစ်မြို့ဖြစ်လာသည်။ ကမ္ဘာ့အနှံ့အပြားရှိ ကက်သလစ်ဘာသာဝင်များနှင့် ဘာသာဝင်မဟုတ်သော သဒ္ဒါကြည်ညို ဘုရားဖူးများ နှစ်စဉ်မတ်လမှ အောက်တိုဘာလအတွင်း သန်းပေါင်းများစွာ လာရောက်ဘုရားဖူးကြသော ဘုရားဖူးဒေသတစ်ခုဖြစ်သည်။
၁၈၉၂-ခုနှစ်မှ စတင်၍ ဆရာတော်ဘီဂန်းဒက်က ပဲခူးတိုင်းသို့ သာသနာပြုရန် ဘုန်းတော်ကြီး Perro အား တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီး Perro က ဒေသခံ ကရင်ဘုန်းတော်ကြီး Andreas နှင့်အတူ ညောင်လေးပင်အနီးရှိ ကျေးရွာများတွင် သာသနာပြုခဲ့သည်။ ၁၈၉၂-ခုနှစ်၊ ဩဂုတ်လ(၃)ရက်နေ့တွင် ဦးပုလု(အသက်၆၀)နှင့် ဇနီးတို့က ကက်သလစ်ဘာသာကို စဝင်ခဲ့သည်။
၁၈၉၂-ခုနှစ်တွင် ဆရာတော် ဘီဂန်းဒက်က ဘုန်းတော်ကြီး Mignot (ဦးမီးညို) အား ညောင်လေးပင်မြို့၌ အခြေစိုက်၍ သာသနာပြုရန် တာဝန်ပေးခဲ့သည်။ ဘုန်းတော်ကြီးဦးမီးညိုသည် ညောင်လေးပင် မီးရထားဘူတာရှိ အလုပ်သမားများတည်းခိုဆောင်၌ တည်းခို၍ သာသနာလုပ်ငန်းကို စတင်ခဲ့သည်။ ၁၈၉၃-ခုနှစ်တွင် လက်ရှိ ဘုရားကျောင်းမြေပေါ်တွင် ပျဉ်ထောင်(၂)ထပ်ကျောင်းကို ဆောက်လုပ်ခဲ့သည်။ အပေါ်ထပ်ကိုဘုရားကျောင်းအဖြစ် အသုံးပြု၍ အောက်ထပ်တွင် ဘုန်းတော်ကြီးနေထိုင်ခဲ့သည်။ ယင်းဘုရားကျောင်းတွင် လုဒ်မယ်တော်ပုံကို ပင့်ဆောင်၍ ပူဇော်အပ်နှံခဲ့သည်။
ဤကျောင်းသည် မြန်မာနိုင်ငံတွင် ဆုတောင်းပြည့် လုဒ်(စ်)မယ်တော်အား အပ်နှံခဲ့သော ပထမဆုံးကျောင်းဖြစ်သည်ဟု သိရှိရသည်။ ၁၉၀၀-ပြည့်နှစ်တွင် အနုပညာအလွန်မြောက်သော ကျောင်းကိုဆောက် လုပ်ခဲ့ပြီး ၁၉၀၂ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့တွင် ကျောင်းသစ်ကို ရေစက်ချ၍ လုဒ်(စ်)မယ်တော်ပွဲကို စတင်ခဲ့ပြီး မယ်တော်ပွဲကို မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ တစ်နိုင်ငံလုံးဆိုင်ရာ ဘုရားဖူးဒေသ (National Marian Shrine of Our Lady of Lourdes) အဖြစ် သတ်မှတ်ထားသော ဘုရားဖူးဒေသဖြစ်သည်ဟူ၍ သိရှိသည်။
ဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ဂျပန်ခေတ်တွင် ဂျပန်စစ်သားများက လုဒ်(စ်)မယ်တော်ရုပ်ပွားတော်နှင့် ကျောင်းနံရံအား ဖျက်ဆီးခဲ့သည်။
- ၁၉၄၈ ခုနှစ်တွင် လုဒ်(စ်)မယ်တော်သခင်မပွဲတော်အား ညောင်လေးပင်မြို့၌ တစ်ကြိမ်ကျင်းပခဲ့သည်။
- ထို့နောက်တွင်မှ ၁၉၅၇ ခုနှစ်မှစတင်၍ ညောင်လေးပင်မြို့တွင် ကျင်းပခဲ့ရာ ယနေ့အထိ အစဉ်အဆက် ကျင်းပလာခဲ့ခြင်းဖြစ်သည်။
- ၁၉၉၃ ခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတုပွဲ အထိမ်းအမှတ်အဖြစ် ခေါင်းလောင်းစင်ကို တည်ဆောက် ခဲ့သည်။
- ၂၀၀၂ ခုနှစ်တွင် မယ်တော်ရင်ပြင်အားတိုးချဲ့ ဆောက်လုပ်ခဲ့သည်။
- ဖေဖော်ဝါရီလ(၃)ရက်မှ (၁၂)ရက်ထိ လုဒ်(စ်)မယ်တော်သခင်မပွဲတော်အား (၁၀)ရက်တိုင်တိုင် နှစ်စဉ်ကျင်းပလျက် ရှိသည်။
- ညောင်လေးပင်မြို့ မယ်တော်ပွဲသည် မြန်မာနိုင်ငံကက်သလစ်ဆရာတော်များ ကွန်ဖရင့်မှ တစ်နိုင်ငံလုံး ဆိုင်ရာ ဘုရားဖူးဒေသအဖြစ် သတ်မှတ်ထားသော ဘုရားဖူးဒေသဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မော်ကွန်းတင်ပြီးမိတ္တူ။ 14 March 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 May 2021 တွင် ပြန်စစ်ပြီး။