လီဝမ်လျန်

ဝီကီပီးဒီးယား မှ

လီဝမ်လျန် (တရုတ်: 李文亮 ၁၉၈၆ အောက်တိုဘာ ၁၂ - ၂၀၂၀ ဖေဖော်ဝါရီ ၇) သည် တရုပ်နိုင်ငံသား မျက်စိဆရာဝန်ဖြစ်ပြီး ဝူဟန်မြို့ရှိ ကိုဗစ်-၁၉ ကူးစက်မှုကို လူသတိပြုမိအောင် လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခု၊ ဒီဇင်ဘာလ ၃၀ ရက်တွင် ကူးစက်ရောဂါထိန်းချုပ်ရေး(ဝူဟန်)က ဒေသခံဆေးရုံများကို အမည်မသိအဆုတ်ရောင်ရောဂါအကြောင်း သတိပေးစာထုတ်သည်။ ၎င်းနေ့တွင်ပင် အခြားဆရာဝန်တဦးပြသော ဆေးရုံတွင်းဆေးစစ်မှတ်တမ်းတစောင်၌ ပြင်းထန်သောအသက်ရှူမဝရောဂါ (ဆားရောဂါ) တမျိုးရှိနေသော လူနာအကြောင်းကို ဝူဟန်ဗဟိုဆေးရုံကြီး၌ အလုပ်လုပ်နေသော လီက သိလိုက်သည်။ လီက ထိုအကြောင်းကို ဝေဘိုပေါ်ရှိ ဝူဟန်တက္ကသိုလ်ကျောင်းသားဟောင်းများဂရု၌ ပြောသည်။ ၎င်းသတင်းမှာ အလွန်ပျံ့နှံ့သွားပြီး ဝူဟန်၌ ဆားရောဂါပျံ့နေပြီဟု ကောလာဟလဖြစ်လာသည်။ ဇန်နဝါရီလ ၃ ရက်တွင် လီအား ရဲစခန်းသို့ခေါ်ကာ သတင်းမှားဖြန့်၍ လူထုအားထိတ်လန့်စေမှုဖြင့် ခံဝန်ချက်ထိုးခိုင်းရသည်။

နောက်ပိုင်း၌ အဆိုပါကပ်ရောဂါမှာ ဆားရောဂါမဟုတ်ဘဲ မျိုးစိတ်သစ် ပြင်းထန်သောအသက်ရှူမဝရောဂါ-အမောက်ပါဗိုင်းရပ်-၂ (ဆား-ကော့-၂) ဖြစ်ကြောင်း သိလာသည်။

ဇန်နဝါရီလ ၈ ရက်၌ ရောဂါပျံ့နေသော သားငါးဈေးမှ အသက် ၈၂ နှစ်အရွယ်လူနာ ရောက်လာသည်။ ၎င်းကိုကုပေးသော လီက မျက်နှာအုပ်မတပ်မိ။ ဇန်နဝါရီလ ၁၀ ရက်တွင် ချောင်းစဆိုးလာ၍ မိသားစုအား စိုးရိမ်ကာ ယောက်ဖဖြစ်သူထံ လွှတ်ရသည်။

ဖေဖော်ဝါရီလ ၁ ရက်၌ ဆေးစစ်ကြည့်ရာ ရောဂါရှိနေကြောင်း သိလာသည်။ ထိုအချိန်၌ ကန့်သတ်ကုသဆောင်၌ နေနေရပြီဖြစ်သည်။ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ဆုံးသည်။ တရုပ်ကွန်မြူနစ်ပါတီက သူ့မိသားစုထံ တရားဝင်တောင်းပန်စာ ပေးခဲ့သည်။

၂၀၂၀ ခု၊ ဇွန်လအထိ ရောဂါစဖြစ်သော ဝူဟန်ဗဟိုဆေးရုံကြီးမှ လီအပြင် အခြားဆရာဝန် ၅ ဦး ကိုဗစ်ဖြင့် တိမ်းပါးသည်။