လိမ္မော်ပင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သံပရာ၊ သဲပုရို၊ ရှောက်ကျွဲကောနှင့် လိမ္မော်တို့ မှာ မျိုးတူသစ်ပင်များဖြစ်ကြသည်။ သိပ္ပံပညာရှင်များက အာရှတိုက်အရှေ့ ပိုင်းတွင်တည်ရှိသော အိန္ဒိယနိုင်ငံ သို့မဟုတ် တရုတ်နိုင်ငံတောင်ပိုင်း အရပ် တို့သည် လိမ္မော်ပင်၏ မူလပေါက်ရောက်ရာအရပ်ဖြစ်သည်ဟုဆိုကြသည်။ ခရစ်မပေါ်မီကပင် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့၌ လိမ္မော်ပင် ကို စိုက်ပျိုးခဲ့ကြသည်။ သို့ရာတွင် ထိုအရပ်များမှာ ခေါင်လွန်းလှသဖြင့် အနောက်ဘက်တိုင်းနိုင်ငံတို့မှ ရံဖန်ရံခါလာရောက်ဖူးသူတို့သည် ထိုသစ်သီး ပင်ရှိကြောင်းကိုပင်မသိရှိကြချေ၊ ထို့ကြောင့်သာလျှင် ခရစ်နှစ် တစ်ထောင် လောက်အထိ ဥရောပတိုက်သားတို့သည် များသောအားဖြင့် လိမ္မော်သီးကို မကြားဖူးကြချေ။ ကိုးရာစုနှစ်များသို့ ရောက်လာသည့်အခါ၌ အာရပ်ကုန် သည်အချို့တို့သည် အရှေ့တိုင်းနိုင်ငံများမှအပြန်တွင် လိမ္မော်သီးကို ကွန်စ တန်တီနိုပယ်မြို့သို့ ပထမဦးဆုံးယူလာခဲ့ကြသည်။ သို့သော် အာရပ်တို့ယူ လာခဲ့သည့် လိမ္မော်သီးနမူနာမှာ အခါးမျိုးဖြစ်သဖြင့် လူများစိတ်မဝင်စားကြ ချေ။ လိမ္မော်အချိုမျိုးရှိသေးကြောင်းကိုလည်း အာရပ်တို့မသိကြချေ။ သစ် သီးမျိုး အသစ်အဆန်းအနေဖြင့် စပိန်နိုင်ငံ၌ ထိုအခါးမျိုးကို စိုက်ပျိုးကြ သည်။ ယခုအခါ၌ ထိုလိမ္မော်အခါးမျိုးဖြင့် မားမလိတ်ခေါ် လိမ္မော်ယိုပြု လုပ်၍သုံးစွဲကြသည်။ ၁၅ ရာစုနှစ် နောက်ပိုင်းသို့ရောက်မှ ပေါ်တူဂီသင်္ဘော သားတို့သည် အိန္ဒိယနိုင်ငံ သို့မဟုတ် တရုတ်နိုင်ငံမှ လိမ္မော်အချိုမျိုးကို ဥရောပတိုက်သို့ ယူဆောင်လာခဲ့ကြလေသည်။ ထိုကြောင့် ဥရောပတိုက်တွင် စပိန်နိုင်ငံသည် လိမ္မော်ပင်စိုက်ပျိုးသည့် လုပ်ငန်းတွင် အထွန်းကားဆုံးနိုင်ငံ တစ်ခုဖြစ်လာလေသည်။

လိမ္မော်သုံးမျိုးအထင်အရှားရှိရာ ပထမမျိုးမှာ အချိုမျိုးဖြစ်သည်။ ဒုတိယလိမ္မော်မျိုးမှာ ကမ္ဗလာသီးခေါ် လိမ္မော်သီးအငယ်စားဖြစ်၍ တတိယ မျိုးမှာ လိမ္မော်ယိုပြုလုပ်ရသော အခါးမျိုးဖြစ်သည်။ လိမ္မော်ပင်သည် အလွန် လှပတင့်တယ်သော အပင်မျိုးဖြစ်သည်။ အစိမ်းရင့်ရောင်ရှိသော လိမ္မော်ရွက် များမှာ ပြောင်လက်၍နေသည်။ ပန်းပွင့်အဖြူကလေးများတွင် အလွန်သင်းပျံ့ သော ရနံ့ရှိသဖြင့် ခူးချင်စရာ၊ ပန်ချင်စရာ ပန်းများဖြစ်သည်။ အသီးမှည့် များသည် ဝါကြန့်ကြန့်အရောင်ဖြင့် လိမ္မော်ပင်ကို ပို၍တင့်တယ်စေသည်။ ထို့ပြင် လိမ္မော်ပင်ကို စိုက်ပျိုးရာ၌ စနစ်တစ်ကျ အတန်းလိုက် ညီညီညာညာ စိုက်ပျိုးလေ့ရှိသဖြင့် လိမ္မော်ခင်းများမှာ အလွန်ရှုချင်စဖွယ် ရှိပေသည်။ အကိုင်းအခက်များ အထက်သို့ပျံတက်မနေစေရန် အထူးဂရုစိုက်၍ အပင်များ ကို ချိုင်ပေးရသည်။ အသီးမျိုးကောင်းများရနိုင်ရန် အစေ့ကို စိုက်ပျိုးသဖြင့် ရရှိသော သန်စွမ်းသည့်အပင်များတွင် အကိုင်းကူး၍ မျိုးပွားယူလေ့ရှိကြ လေသည်။

လိမ္မော်ပင် အကြီးအကျယ်စိုက်ပျိုးသော တိုင်းပြည်များ၌ အပင် များကို ပိုးမွှားတို့ဖျက်ဆီးမည့် ဘေးအန္တရာယ်မှသော်လည်းကောင်း၊ နှင်း ပေါက်ခဲကျသဖြင့် သီးကင်းများနှင့်အပွင့်များ ကြွေပျက်ယိုယွင်းရသည့် ဘေး ရန်မှသော်လည်းကောင်း ကာကွယ်ပေးရန် ခေတ်မီနည်းအမျိုးမျိုးကို တီထွင် ထားကြရလေသည်။ ပုံစံဆိုလျှင် အမေရိကန်ပြည်ထောင်စုရှိ သစ်သီးစိုက်ပျိုး ရာ၌ ထင်ရှားသော ကာလီဖိုးနီးယား နယ်စပ်တစ်လျှောက်တွင် နယ်အတွင်း သို့ ဝင်ရောက်လာသမျှသော ခရီးသည်တို့နှင့်ပါလာသော ပစ္စည်းအရပ်ရပ်တို့ ကို စစ်ဆေးကြည့်ရှုရသည့် အရာရှိများကို ခန့်ထားလေသည်။ ထိုအရာရှိ များ၏တာဝန်မှာ ခရီးသည်များတွင် ကျွဲကောသီး၊ သံပရာသီး၊ လိမ္မော်သီး အစရှိသော ရှောက်ပင်မျိုးထဲမှ အသီးတစ်မျိုးမျိုးပါသည် မပါသည်ကို စစ် ဆေးရန်ဖြစ်သည်။ အကယ်၍ ခရီးသည်တစ်ဦးဦးထံတွင် ထိုသစ်သီးမျိုးပါ လာလျှင် ပါသမျှသစ်သီးတို့ကို သိမ်းဆည်း၍ မီးရှို့ပစ်လိုက်သည်။ ဤကဲ့ သို့ပြုလုပ်ပေးခြင်းမှာ အသီးများကို ဖျက်ဆီးတတ်သော ပိုးမွှားများ နယ် အတွင်းသို့ မဝင်ရောက်နိုင်အောင် ဆီးတားကာကွယ်ပေးခြင်းဖြစ်လေသည်။ ထိုသို့ ငွေကုန်ကြေးကျခံ၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရသည်မှာ မကြာ မီက ဖလောရီဒါပြည်နယ်ထဲသို့ မြေထဲပင်လယ်အရပ်ဒေသမှ လိမ္မော်ဖျက်ပိုး တစ်ကောင် အမှတ်တမဲ့နှင့် ရောက်ရှိလာသဖြင့် ထိုနယ်အတွင်းရှိ လိမ္မော် ပင်များ ပိုးကျပျက်စီးကုန်ရာ သစ်သီးစိုက်ပျိုးသူတို့ အကြီးအကျယ် နစ်နာ ဆုံးရှုံးခဲ့ရဖူးလေသည်။ လိမ္မော်ပင် စိုက်ပျိုးခြင်းလုပ်ငန်းတွင် ငွေပင် ငွေ မြှုပ်နှံထားကြသော ဘဏ်တိုက်ကြီးများသည်လည်း ထိုမထင်မရှားလှသော ပိုးတစ်ကောင်ကြောင့် ရင်းစားပြန်မရနိုင်လောက်အောင် အရှုံးကြီးရှုံးကြရလေ သည်။ ထို့ကြောင့် ကာလီဖိုးနီးယားပြည်နယ်ထဲသို့ အခြားအရပ်မှ ရှောက် ပင်မျိုးထဲမှ မည်သည့်သစ်သီးမျိုးကိုမျှ ယူဆေင်လာခွင့် မပြုကြချေ။ ထိုမျှမကသေး လိမ္မော်ပင်များကို ပိုးမွှားများ မဖျက်ဆီးရအောင် ဆေးရည်ဖြင့် အပင်များကို ပက်ဖျန်းပေးခြင်း၊ မှိုင်းတိုက်ပေးခြင်း အစရှိ သည်တို့ကို မကြာခဏ ပြုလုပ်ပေးရသည်။ နှင်းပေါက်ခဲကျမည့်အချိန်ကို လည်း ကြိုတင်သိနှင့်ထားရသည်။ နှင်းပေါက်ခဲကျလာမည့် လက္ခဏာရှိလျှင် လိမ္မော်ခြံအတွင်း၌ အသင့်ထားသောဓာတ်မီးဖို၊ မြေမီးဖိုစသည့် မီးဖိုများတွင် မီးမွှေး၍ အပင်များ၏ ပတ်ဝန်းကျင်ရှိလေကို နွေးလာစေခြင်းဖြင့် အပင် များကို ထိုဘေးမှ ကာကွယ်ပေးရလေသည်။ ကာလီဖိုးနီးယားပြည်နယ်တွင် မိုးပါးသဖြင့် လိမ္မော်ပင်များအတွက် ရေအလုံအလောက်ရရှိနိုင်ရန် တူး မြောင်းများဖောက်လုပ်၍ ရေသွင်းယူရသည်။ လိမ္မော်သီးကို ဆွတ်ခူးရာ၌ လက်အလွန်နုရပေသည်။ ဆွတ်ခူးသူတို့တွင် လက်အိတ်များစွပ်၍ ကတ် ကျေးဖြင့် အသီးရင့်တို့၏ အည|ာတံများကို ဖြတ်ပစ်ရသည်။ အသီးရင့်များ ကို ဆွတ်ခူးသည့်အခါ အပင်ပေါ်တွင် ကျန်နေသေးသော အသီးများကို မထိမခိုက်စေရန် အထူးဂရုစိုက်ရသည်။ အသီးများ ပွန်းပဲ့သွားလျှင် ပိုးများ ဝင်နိုင်သဖြင့် အသီးကိုဆွတ်ခူးသည့်အခါ၌သော်လည်းကောင်း၊ အခြားအရပ် များသို့ တင်ပို့သည့်အခါ၌သော်လည်းကောင်း အထူးသတိထား၍ အသီးများ ကို ကိုင်တွယ်ရလေသည်။

ခရစ် ၁၆ဝဝ ပြည့်နှစ်လောက်တွင် ဘရာဇီးနိုင်ငံရှိ ဗေးယားနယ် ၌ လိမ္မော်ပင်တစ်ပင်မှ အစေ့မပါသောအသီး ဖြစ်ထွန်း၍လာလေသည်။ ထို လိမ္မော်သီးမှာ အခြားလိမ္မော်သီး မျိုးကောင်းများကဲ့သို့ အနှစ်အရသာနှင့် ပြည့်စုံသဖြင့် ၁၈၇ဝ ပြည့်နှစ်လောက်တွင် အမေရိကန်ပြည်ထောင်စု၌ ထို လိမ္မော်သီးမျိုးကို စိုက်ပျိုးကြလေသည်။ မြန်မာနိုင်ငံ၌ ရှမ်းပြည်မြောက်ပိုင်း သီပေါနယ်နှင့် ရှမ်းပြည် တောင်ပိုင်း ရပ်ဆောက်နယ်များတွင် လိမ္မော်ပင်များကို စိုက်ပျိုးကြသည်။ သို့သော် မြန်မာနိုင်ငံမှထွက်သော လိမ္မော်သီးများမှာ အငယ်စားမျိုးဖြစ်၍ လိမ္မော်သီးနှင့် ကမ္ဗလာသီးဟူ၍ နှစ်မျိုးနှစ်စားရှိလေသည်။ လိမ္မော်သီးဟု အများခေါ်နေကြသောအသီးမှာ လိမ္မော်အခွံပွမျိုးဖြစ်၍ ကမ္ဗလာသီးမှာ အခွံ ကျစ်မျိုးဖြစ်သည်။ ဒီဇင်ဘာလဆန်းမှ မတ်လကုန်အထိအချိန်သည် မြန်မာ နိုင်ငံတွင် လိမ္မော်သီးပေါ်ချိန်ဖြစ်လေသည်။

လိမ္မော်ပင်သည် ရူတေစီအီး သို့မဟုတ် ရူးမျိုးရင်းတွင်ပါဝင်၍ လိမ္မော်အချိုမျိုးကို ရုက္ခဗေဒအလိုအရ စစ်ထရပ်ဆီနင်ဆစ်ဟုခေါ်၍ အခါး မျိုးကို စထရပ်အော်ရန်တီယမ်ဟုခေါ်သည်။ လိမ္မော်သီးကို စားသုံးခြင်းဖြင့် ဗီတာမင်စီကို ရရှိနိုင်ပေသည်။

လိမ္မော်ပင်စိုက်ပျိုးခြင်း[ပြင်ဆင်ရန်]

လိမ္မောပင်စိုက်ပျိုးရာ၌ အရေးအကြီးဆုံး အချက်မှာ ရာသီဥတုဖြစ်သည်။ လိမ္မော်ပင်တို့သည် အသက်ပြင်းသောပင်မျိုး ဖြစ်သဖြင့် ပူအိုက်သောရာသီဥတုရှိသည့် တိုင်းပြည်တို့၌သော်လည်းကောင်း၊ ချမ်းအေးသော ရာသီဥတုရှိသည့် တိုင်းပြည်နယ်ပယ်တို့၌လည်းကောင်း ပေါက်ရောက်နိုင်သည်။ သို့သော် ပူအိုက်သည့် တိုင်းပြည်တို့မှရရှိသော လိမ္မော်သီးတို့မှာ အနံ့ အရသာ အသွေးအရောင်မှစ၍ အနည်းငယ် ချွတ် ယွင်းပျက်ပြယ်တတ်၍ ချမ်းအေးသောရာသီဥတုရှိသည့် တိုင်းပြည်တို့သည် လိမ္မော်ပင်စိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်သည်။

မြေရွေးချယ်နည်း[ပြင်ဆင်ရန်]

သင့်လျော်သော ရာသီဥတုကို ရွေးချယ်ပြီးနောက် သင့်လျော်သော မြေကို ရရှိခြင်းသည် ဒုတိယအရေးကြီးသောအချက်ဖြစ်သည်။ လိမ္မော်ပင်တို့ သည် သဲနှင့်ရောစပ်လျက်ရှိသော မြေမျိုးမှတစ်ပါး မည်သည့်မြေမျိုးမဆို ပေါက်ရောက်နိုင်ပေသည်။ လိမ္မော်ပင်စိုက်ပျိုးရန် မြေကွက်တို့မှာ အကာ အဆီးမရှိဘဲ လွင်ကျသောနေရာမျိုးဖြစ်ရမည့် အပြင်မိုးရွာသွန်းသည့်အခါ အလွယ်တကူ မိုးရေလျှေကျစီးဆင်းနိုင်သော် မြေမျိုးဖြစ်စေရလေသည်။ လိမ္မော်ပင်သည် မြေဩဇာကောင်းမွန်ထက်သန်င အလွယ်တကူကြေမွနိုင် သောမြေမျိုးကို အထူးကြိုက်နှစ်သက်လေသည်။

လိမ္မော်ပင်တို့သည် အမြစ်ခိုင်သော အပင်မျိုးဖြစ်သဖြင့် လေတိုက် သည့်အခါ လဲပြိုမည်ကို စိုးရိမ်ဖွယ်မရှိသော်လည်း အပွင့်ပွင့်ချိန်အခါ၌ လေ ပြင်းစွာတိုက်ခတ်လျှင် အပွင့်တို့သည် ကြွေကျတတ်သဖြင့် အသီးများစွာ မသီးနိုင်ဖြစ်သောကြောင့် လိမ္မော်ပင်တို့နှင့် မနီးမဝေးတွင် လေကိုကွယ်ကာ ရန်အတွက် မာလကာစသောအပင်မျိုး စိုက်ပျိုးခဲ့လျှင် ကောင်းမွန်လေသည်။ သို့ရာတွင် လေကို ကွယ်ကာရန်အတွက် စိုက်ပျိုးသည့် အပင်တို့၏အမြစ် သည် လိမ္မော်ပင်များရှိရာ မြေကွက်သို့ ဝင်ရောက်နှောင့်ယှက်၍ မြေဆီ မြေနှစ်ကို စုတ်ယူမည်ကိုလည်း စိုးရိမ်ဖွယ်ရှိသဖြင့် ထိုအပင်တို့သည် လိမ္မော်ပင်တို့နှင့် အလွန်နီးကပ်လျက်ရှိမည်ကို သတိပြုအပ်လေသည်။

စိုက်ပျိုးနည်း[ပြင်ဆင်ရန်]

လိမ္မော်ပင်ကို အစေ့ကို ပျိုး၍သော်လည်းကောင်း၊ အကိုင်းကို ကူး၍သော်လည်းကောင်း စိုက်ပျိုးနိုင်လေသည်။ သို့ရာတွင် အစေ့မှ စိုက် ပျိုးသောအပင်သည် မိဖဖြစ်သော အပင်တို့ကဲ့သို့ ကောင်းမွန်သန်စွမ်းစွာ မရှိ တတ်ဘဲ ညံ့ဖျင်းသောအသီးများကိုသာ များသောအားဖြင့် သီးတတ်ကြလေ သည်။ သို့ရာတွင် အချို့ဖြစ်ထွန်းသော အပင်တို့မှာ အစေ့မှပင် စိုက်ပျိုး သော်လည်း အကိုင်းမှစိုက်ပျိုးသော အပင်များထက်ပင် တာရှည်စွာ အသက် ရှည်နိုင်သည့်အပြင် အသီးများမှာလည်း အမြောက်အမြားသီးတတ်ကြလေ သည်။ အကိုင်းမှ စိုက်သောအပင်တို့မှာမူ အစေ့မှစိုက်သော အပင်များထက် လျင်မြန်စွာ သီးပွင့်တတ်ကြလေသည်။

လိမ္မော်ပင်များကို အစေ့မှစိုက်ပျိုးသည့်အခါ အစေ့တို့ကို အသီးမှ လတ်ဆတ်စွာ ယူငင်ပြီးလျှင် ပျိုးခင်းများ၌ ရှေးဦးစွာ စိုက်ပျိုးရလေသည်။ အပင်ငယ်တို့၏ ရေသောက်မြစ်တို့သည် မြေသို့ရှည်လျားစွာ စူးဝင်တတ် သဖြင့် ပျိုးခင်းများကို ပြင်ဆင်သည့်အခါ မြေကိုနက်စွာတူး၍ ပြုပြင်ရလေ သည်။ ပျိုးခင်းများတွင် အပင်များပေါက်ရောက်၍ တစ်နှစ်ခန့်ရှိသဖြင့် ကြီး ပြင်းသည့်အခါ အပင်များကို ရွှေ့ပြောင်းစိုက်ပျိုးရန် အချိန်သင့်လျော်လေ သည်။

လိမ္မော်ပင်များကို အမြဲစိုက်ပျိုးရန် မြေကိုပြင်ဆင်ရန်မှာ နွေရာသီ တွင် မြေများ နှစ်ပေခွဲမှ သုံးပေအထိနက်အောင် တူးဆွ၍ အမှိုက်သရိုက် စသည်ကို ရွေးချယ်ကောက်ယူ၍ ပစ်ပြီးလျှင် နေပူလှန်း၍ လေသလပ်ခံထား ရလေသည်။ အကယ်၍ မြေသည် နာသော ကျပ်တီး မြေမျိုးဖြစ်လျှင် အဂ‡တေမှုန့်၊ ပြာစသည်တို့နှင့် ရောနှောပြုပြင်၍ ပေးရလေသည်။ အပင်များ ကို စိုက်ပျိုးသည့်အခါ တစ်ပင်နှင့်တစ်ပင် အကွာအဝေးမှာ မြေမွ၊ မြေမာကို ထောက်ချင့်၍ ခြားနားခြင်းရှိလေသည်။ အလွန်မွသဖြင့် ရေအလွယ်တကူ စိမ့်ဝင်နိုင်သော မြေတို့၌မူ တစ်ပင်နှင့်တစ်ပင်သည် အနည်းဆုံး ၂၅ ပေမျှ ကွာခြားရမည်ဖြစ်ရာ မြေမာ မြေကျစ်တို့၌မူ ၁၅ ပေ၊ ပေ ၂ဝ အထိ ကွာ ခြားခဲ့လျှင် လုံလောက်ပြီဖြစ်သည်။

အပင်များကို မစိုက်ပျိုးမီ အနက်လေးပေ၊ အနံသုံးပေ၊ အလျား သုံးပေရှိသော ကျင်းများကိုတူးပြီးလျှင် မြေစာများကို အရိုးဆွေး အစရှိသော မြေဩဇာတို့နှင့် သမအောင်ရောနှော၍ မိုးဦးမကျမီ တွင်းများတွင်ပြန်၍ ဖို့ထားရလေသည်။ မိုးရာသီကုန်ခါနီးအချိန်တွင် အပင်ငယ်များကို တွင်းများ ၌ချ၍ စိုက်ပျိုးပြီးလျှင် မိုးမရွာသည့်အခါ တနင်္ဂနွေတစ်ပတ်လျှင် နှစ်ကြိမ် ကျ ရေမြောင်းများနှင့် ရေပေးရလေသည်။ အပင်များကို ရေပေးရန် ရေ မြောင်းများတူးသည့်အခါ၌လည်း မြောင်းတို့သည် အပင်မြစ်ရင်းသို့ တိုက် ရိုက်မရောက်စေရဘဲ အပင်အကြား၌သာလျှင် ရှိစေရလေသည်။ ဆောင်း ရာသီအခါ၌မူ အပင်တို့ကို ၁ဝ ရက်လျှင် တစ်ကြိမ်ကျရေပေး၍ နွေရာသီ၌ မူ လေးရက်လျှင် တစ်ကြိမ်ကျ ရေသွန်းလောင်းရလေသည်။ အပင်မြစ်ရင်းတွင် ဝိုင်းရံလျက်ရှိသော မြေတို့ကို ကျပ်တည်းစွာ မရှိစေရန် မကြာမကြာ တူးဆွ၍ ပေးရလေသည်။ မြေကိုဆွရန် ကိရိယာ တန်ဆာတို့အနက် နှစ်ခွရှိသော ခက်ရင်းသည် အမြစ်များကို မထိခိုက်စေ၍ အကောင်းဆုံးဖြစ်လေည်။ နောင်နှစ်မိုးဦးကျစအခါတွင် မြေများကို တစ်ဖန် ထယ်ဖြင့်ထိုးပြန်ပြီးလျှင် အမြစ်ရင်း၌ရှိသော မြေတို့ကိုလည်း တူးဆွ၍ မြေ ဩဇာတို့နှင့် ရောနှောရပြန်လေသည်။ အမြစ်ရင်း၌ရှိသော မြေတို့ကို အဘယ်အခါမျှ ကျပ်တည်းစွာမရှိစေရန် မနားမနေတူးဆွ၍ ပေးရလေသည်။ လိမ္မော်ပင်တို့သည် အမြစ်များသောအပင်မျိုးဖြစ်၍ အမြစ်ရင်း၌ရှိသော မြေ ကိုတူးဆွသည့်အခါ အမြစ်များကို မထိခိုက်စေရန် အထူးသတိပြု၍ သုံး လက်မ၊ လေးလက်မထက် ပိုမို၍နက်အောင် မတူးမဆွရချေ။ အပင်တို့ သည် နှစ်နှစ်ရှိသဖြင့် ကောင်းစွာအရှိန်ရသည့်အခါ၌မူ ထို့ထက်နက်အောင် တူဆွနိုင်လေသည်။ နွေရာသီ၌ အပင်များကို ရေပေးပြီးသည့်နောက် အပင် ငယ်တို့၏ အမြစ်ရင်း၌ သစ်ရွက်ခြောက်တို့ဖြင့် ဖုံးအုပ်လျက်ထားခြင်းသည် ကောင်းသောနည်းလမ်းတစ်ခု ဖြစ်လေသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် သွန်းလောင်းလိုက်သောရေသည် နေပူ၍သော်လည်းကောင်း၊ လေသလပ်၍ သော်လည်းကောင်း ခြောက်ခန်းခြင်းမရှိဘဲ မြေ၌တာရှည်စွာ တည်နိုင်လေ သည်။


မြေဩဇာ ကျွေးခြင်း[ပြင်ဆင်ရန်]

အပင်ငယ်တို့သည် မြေဩဇာ ကိုများစွာ အလိုမရှိသေးသောကြောင့် စိုက်ပျိုးပြီးသည့်နောက် သုံးနှစ်ခန့်ကြာရှိ၍ အသီးများသီး စပြုလာသည့် အခါမူ မြေဩဇာ ကို အထုးသဖြင့် အလိုရှိလေသည်။ ထိုအခါမှစ၍ မြေသ ဇာကို နှစ်စဉ်တစ်ကြိမ်ကျ ကျွေးရလေသည်။ မြေဩဇာ တို့မှာ မိုးရေနှင့်အတူ မြေအောက်သို့စိမ့်ဝင်၍ အပင်များ မှီဝဲရန်အတွက် အလွယ်တကူ ရရှိနိုင် လေသည်။

ထည့်ကျွေးရန် မြေဩဇာတို့မှာ နွားချေး၊ မြင်းချေး၊ သိုးချေး၊ ငှက်ချေး၊ မိလ္လာနှင့် အရိုးများဖြစ်လေသည်။ သို့ရာတွင် ထိုပစ္စည်းတို့ကို မြေ သို့မသွန်းလောင်းမီ ကောင်းစွာဆွေးမြည့်လျက် ရှိစေရလေသည်။ မဖောက်ထုံးသည်လည်း လိမ္မော်ပင်တို့ အထူးကြိုက်နှစ်သက်သော ပစ္စည်းတစ်မျိုးဖြစ်သဖြင့် အခြားမြေဩဇာတို့ကို မဖောက်ထုံးရေနှင့် ဖျန်းပြီး နောက် တည့်ကျွေးလျှင် ကောင်းမွန်လေသည်။ မြေဩဇာမှာ မြေကို ရှေးဦး စွာ တူးဆွပြီးလျှင် အထက်ပါမြေဩဇာတို့နှင့် သမအောင်ရောစပ်၍ နေရာ ကျအောင် ပြန်၍ထည့်ပေးရလေသည်။ မြေဩဇာကျွေးခြင်းကြောင့် အပင်တို့ ၌ အသီးကောင်းစွာ သီးစေနိုင်သည့်အပြင် အပင်များမှာလည်း သန်စွမ်း သဖြင့် ပိုးအစရှိသော ရန်သူတို့ကို အလွယ်တကူ ကွယ်ကာနိုင်လေသည်။


အကိုင်းအခက်များကို သုတ်သင်ခြင်း[ပြင်ဆင်ရန်]

အပင်များကိုစိုက်ပျိုးပြီးသည့်အခါ ပင်စည်၌ အတက်ငယ်တို့သည် များစွာပေါ်ပေါက်တတ်လေသည်။ ထိုအတက်များသည် နံဘေးသို့သာထွက်၍ အပင်ကို ကြီးပွားစေနိုင်သော အတက်မျိုးမဟုတ်သဖြင့် ချိုးဖဲ့၍ ပစ်ပြီးလျှင် အပင်ကြီးဖြစ်သည့်အခါ မြေမှ ငါးပေမြင့်သောအရပ်တွင် အကိုင်းများ မပေါက်ရောက်စေရန် ပြုပြင်၍ပေးရလေသည်။ နံဘေး၌ပေါက်သော အတက် တို့ကို ချိုးဖဲ့သည့်အခါ ပင်စည်ပင်ရင်းမှ ကပ်၍ချိုးဖဲ့ရလေသည်။ သို့ရာတွင် အတက်များစွာ အပင်မှ တစ်ကြိမ်တည်း မချိုးမဖဲ့ရချေ။ တစ်ကြိမ်တည်းနှင့် အတက်များစွာတို့ကို ချိုးဖဲ့သည့်အခါ အပင်သည် အားပြတ်၍ ကောင်းစွာ မကြီးထွားနိုင်ဘဲ ရှိတတ်လေသည်။ အပင်ကြီးတို့မှ မညီညွတ်မလှပသော အောက်ကိုင်း အောက်တက်တို့ကို ချိုးဖဲ့လိုသည့်အခါ အရင်းမှကပ်၍ လွှနှင့် တိုက်ဖြတ်ပြီးလျှင် ဖြတ်သည့်နေရာ၌ ကတ္တရာစေးဖြင့်သော်လည်းကောင်း၊ ရွှံ့နှင့်နောက်ချေး ရောစပ်၍သော်လည်းကောင်း သုတ်လိမ်းမွမ်းမံရလေသည်။ အတက်များကို အထက်ပါနည်းအတိုင်း ပြုပြင်သုတ်သင်ရမည့်ပြင် အမြစ်များကိုလည်း သုတ်သင်ရန်လိုသေးသည်။ လိမ္မော်ပင်များသည် တစ် နှစ်လျှင် နှစ်ကြိမ်ပွင့်ကြလေသည်။ ထိုသို့ ပွင့်သောလများမှာ ဇွန်လ၊ သို့ မဟုတ် ဇူလိုင်လတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလ သို့မဟုတ် မတ်လတွင် တစ်ကြိမ်ဖြစ်လေသည်။ ဖေဖော်ဝါရီလတွင်ပွင့်သော ပန်းများမှ အသီးတို့ သည် ဒီဇင်ဘာလလောက်တွင်မှည့်၍ ဇွန်လ၌ပွင့်သော ပန်းတို့မှ အသီး တို့သည် ဖေဖော်ဝါရီလတွင် မှည့်ကြလေသည်။ မိုးဦးမကျမီ မေလလောက် တွင် အပင်နှင့် နှစ်ပေခန့်ခွာ၍ အနံနှစ်ပေ၊ အနက်တစ်ပေရှိသော မြောင်း များကို အပင်၏ ပတ်လည်၌တူးပြီးလျှင် အမြစ်များကို လေသလပ်ခံစေရ လေသည်။ သို့ရာတွင် အသက်ငါးနှစ်ထက်ငယ်သော လိမ္မော်ပင်တို့ကိုကား ထိုသို့ အမြစ်ကို လေသလပ်ခံစေခြင်းကို မပြုလုပ်ရချေ။ ထိုအမြစ်များ ပေါ်လျက်ရှိသည့်အခါ အမြစ်ငယ်များကို ဖြတ်ပစ်၍ အမြစ်ကြီးများကို မထိ မခိုက်စေရအောင် သတိပြုရလေသည်။ ထိုကဲ့သို့ အမြစ်ကိုလေသလပ်ခံ၍ ထားသဖြင့် အပင်သည် အနည်းငယ်အားယုတ်လျော့၍ အရွက်များ ကြွေစ ပြုသည့်အခါ မြေဩဇာလေးပုံသုံးပုံနှင့် မြေသစ်လေးပုံတစ်ပုံကို ရောစပ်ပြီး လျှင် ထိုမြောင်းများတွင် ပြန်၍ဖို့လောင်းရလေသည်။

မြေများကို နေရာကျအောင် ပြန်၍ဖို့ပြီးသည့်နောက် မိုးကောင်းစွာ မရွာသွန်းခဲ့လျှင် လေးရက်တစ်ကြိမ်ကျ ရေကောင်းစွာပေးရလေသည်။ မိုး ကောင်းစွာရွာသွန်းခဲ့လျှင် ရေပေးခြင်းကို ရပ်စဲပြီးလျှင် အမြစ်ရင်း၌ ရေအိုင် လျက်မရှိစေရန် သတိပြုရလေသည်။ မြေကို အထက်ပါနည်းအားဖြင့် ပြု ပြင်၍ အမြစ်များကို ဖြတ်ပြီးသည့်နောက် ၁၄ ရက်ခန့် ကြာသည့်အခါ ရွက်သစ်များနှင့် အဖူးတို့သည် ထွက်ပေါ်စပြုလိမ့်မည်။ အသီးတို့သည် ပွင့်သည့်အခါမှစ၍ ရင့်မှည့်သည့်တိုင်အောင် ကိုးလခန့်ကြာရှိလေသည်။ အသီးများကို တစ်နှစ်လျှင် နှစ်ကြိမ်ကျ ဆွတ်ခူးခြင်းမှာ အပင်ကို အားနည်း စေ၍ လျင်မြန်စွာ သေစေတတ်လေသည်။

တစ်ခါတစ်ရံ အချို့သော လိမ္မော်ပင်တို့သည် သန်လွန်း၍ အသီး မသီးဘဲ အရွက်များနှင့် အကိုင်းများသာလျှင် ပေါ်ပေါက်လျက်ရှိတတ်ရာ ထို အပင်မျိုးကို မြေမျက်နှာပြင်မှ ၁၅ လက်မခန့်ခွာ၍ ရေသောက်မြစ်ကို ဖြတ် ပစ်ခြင်းအားဖြင့် အသီးသီးအောင် ပြုလုပ်ပေးနိုင်လေသည်။ သန်လွန်း၍ အရွက်၊ အကိုင်း စသည်တို့သာလျှင် ဖြစ်ထွန်းလျက်ရှိသော ထိုအပင်မျိုးကို အသီးသီးအောင်ပြုလုပ်သော အခြားနည်းတစ်နည်းမှာ ပင်စည်ပင်လုံးကို သံ ကြိုးဖြင့် ကျပ်တည်းစွာ ရစ်ပတ်၍ပေးခြင်းဖြစ်လေသည်။ ထိုသို့ပြုလုပ်ပေး ခြင်းဖြင့် အပင်သည် ကြီးလိုတိုင်းမကြီးနိုင်ဘဲ သံကြိုးဖြင့်အစ်၍ ထားဘိ သကဲ့သို့ရှိသောကြောင့် အသီးသီးစေရန် အားကိုဖြစ်စေနိုင်သည်။ ထိုသို့သော နည်းများမှာ အပင်ကြီးပွားလျက်ရှိသည့် ရာသီဥတုတို့၌သာ ပြုလုပ်ရလေရာ နွေရာသီတွင် အပင်များအားယူလျက်ရှိသည့်အခါတို့၌ပင်မူ မပြုလုပ်ရချေ။


အကိုင်းမှ ပျိုး၍စိုက်ခြင်း[ပြင်ဆင်ရန်]

လိမ္မော်ပင်များကို အစေ့မှသာလျှင်မဟုတ်၊ အကိုင်းများကိုလည်း ကူး၍ စိုက်ပျိုးနိုင်လေသည်။ လိမ္မော်ပင်ကြီးတို့မှ အကိုင်းများကို မိုးတွင်း၌ လည်းကောင်း၊ ဆောင်းဦးအခါ၌လည်းကောင်း အကိုင်းကို ဖြတ်ယူပြီးနောက် သဲနှင့် မီးသွေးမှုန့်များ ရောစပ်ပါရှိသောအိုးများ၌ ထည့်သွင်းပြီးလျှင် မှန် များဖြင့် ကာကွယ်၍ထားသည့်အခါ အတက်သစ်များ ပေါ်လာတတ်ကြလေ သည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် အပင်ကောင်းစွာအမြစ်တွယ်သည့်အခါ ရှေးကနည်းတူပြုပြင်၍ ထားသောမြေကွက်သို့ ရွှေ့ပြောင်းစိုက်ပျိုးရလေသည်။ လိမ္မော်သီးများသည် မြေဩဇာကိုသော်လည်းကောင်း၊ ရာသီဥတု ကိုသော်လည်းကောင်း၊ စိုက်ပျိုးပြုစုနည်းကိုသော်လည်းကောင်း အမှီပြုကာ ကောင်းလျှင် ကောင်းသည့်အလျောက် ပေါများစွာ သီးတတ်ကြလေသည်။ အချို့သော နယ်ပယ်တို့၌ လိမ္မော်တစ်ပင်မှ တစ်နှစ်လျှင် လိမ္မော်သီးလုံးရေ ၄ဝဝ မှ ၆ဝဝ အထိသာလျှင် သီးနိုင်သည်ဖြစ်ရာ အမေရိကတိုက်၊ ဒိုမီနီ ကန်ကျွန်း၌မူ ရာသီဥတုနှင့်တကွ မြေဩဇာသည် လိမ္မော်ပင်နှင့် အထူးသင့် လျော်သော ကျွန်းဖြစ်သောကြောင့် ၈ဝဝဝ ခန့်ရှိသော လိမ္မော်သီးတို့ကို သာမညလိမ္မော်ပင်များမှပင် ရရှိနိုင်လေသည်။ သို့ရာတွင် ကျွနု်ပ်တို့ အရှေ့ ပိုင်းအရပ်တို့၌မူ လိမ္မော်ပင်တစ်ပင်မှ တစ်နှစ်လျှင် အသီး ၄ဝဝ မျှရလျှင် တော်သင့်ပြီဟု မှတ်ထင်ရလေသည်။


ဖျက်ဆီးတတ်သော ပိုးများ[ပြင်ဆင်ရန်]

လိမ္မော်ပင်များသည် တစ်ခါတစ်ရံတွင် မည်မျှပင်သန်စွမ်းသော် လည်း ပိုးမွှားတိရစ္ဆာန်တို့ ဝင်ရောက်ဖျက်ဆီးတတ်လေသည်။ လူတို့ပြုစု စောင့်ရှောက်ခြင်းကောင်းသဖြင့် မြေဩဇာကောင်းမွန်သော မြေတို့၌ ပေါက် ရောက်သည့် လိမ္မော်ပင်သည် သန်စွမ်းကြီးထွား၍ ပျက်စီးခြင်းနည်းပါး လေသည်။

အသီးများ၌ အပွေးတတ်ခြင်းမှာ ပိုးကောင်တို့ဖျက်ဆီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖျက်ဆီးခြင်းရှိသည့်အခါ အပင်ကို မဖောက်ထုံးမှုန့်ဖြင့် ဖြူး၍ပေးရလေသည်။ အပင်တို့၌ အကိုင်းများခြောက်တတ်သောရောဂါ စွဲ ကပ်သည့်အခါ ခြောက်သောအကိုင်းကိုဖြတ်၍ မီးနှင့်ရှို့ပစ်ရလေသည်။ ထို့ ပြင် ပင်စည်ကိုဖောက်ထွင်း၍ ခိုအောင်းတတ်သော ပိုးကောင်တစ်မျိုးလည်း ရှိသေးရာ ယင်းတို့ရှိသည့် အပေါက်ငယ်များတွင် ရေနံလောင်းပေးခြင်းဖြင့် ပိုးကောင်များကို နှင်ထုတ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)