လာအိုဇီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လာအိုဇီ(ဘီစီ ၆ဝ၄ ခန့်ဖွား)[ပြင်​ဆင်​ရန်​]

လာအိုဇီသည် ရှေးခေတ် တရုတ်နိုင်ငံမှ ဒဿနိကဗေဒနှင့် ယုတ္တိဗေဒပညာရှင်တစ်ဦး ဖြစ်သည်။ ယင်း၏မွေးသက္ကရာဇ်ကို အတိအကျမသိရသော်လည်း ဘီစီ ၆ဝ၄ ခုနှစ်လောက်တွင် မွေးတန်ရာသည်ဟု ဆိုကြသည်။ သမိုင်းပညာရှင်အချို့ကလာအိုဇီကိုဟိုနန်နယ်ယခုခေတ်အခေါ် ကွေးတီမြို့အနီး၌ မွေးဖွားသည်ဟု ပြောကြသည်။ သူ၏နာမည် အစစ်အမှန်မှာ အာလီဖြစ်၍ ချူမင်းဆက်ဘုရင် တစ်ပါး၏ ပိဋကတ်တိုက်မှူး ဖြစ်ခဲ့သည်ဟုဆိုသည်။ အသက်အရွယ် ကြီးရင့်လာသောအခါ ချောင်မြို့၏မြောက်တံခါးမှ ထွက်ခွာသွားခဲ့ရာ သေသည်ရှင်သည် မသိရတော့ဘဲ နောက်ထပ်ပြန်၍မတွေ့ရတော့ချေ။ အခြားတရုတ်ဒဿနိကဗေဒ ပညာရှင်ကြီးတစ်ဦးဖြစ်သူ ကွန်ဖူးဇီးနှင့် ခေတ်ပြိုင်ဖြစ်ခဲ့ သော်လည်း ဝါဒချင်းမတူဘဲ အပြိုင်အဆိုင်ဖြစ်ခဲ့သည်။


ကွန်ဖူးဇီးနှင့် ဘီစီ ၅၁၇ ခုနှစ်လောက်က တွေ့ဆုံခဲ့ဖူးပြီးလျှင်ဝါဒနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သေးသည်ဟု ဆိုသည်။ တရုတ်နိုင်ငံတွင်အယူဝါဒကြီး သုံးခုရှိသည့်အနက် လာအိုဇီသည် တားအိုခေါ်သည့် အယူဝါဒကို တီထွင်ခဲ့သူ ဖြစ်သည်။ လူတို့သည် သေသည်၏အခြားမဲ့၌ ဘဝသစ်များတွင် လူ့ဘဝ၌သော်လည်းကောင်း၊ တိရစ္ဆာန်ဘဝ၌သော်လည်း ကောင်းဖြစ်သည်ဟူသော အယူကိုလာအိုဇီ ကောင်းစွာယုံကြည်၏။ လာအိုဇီသည် ဂုဏ်ပကာသနကို မလိုလားဘဲ လူသူနည်းသော နေရာ၌ မထင်မရှားနေခြင်းကိုသာ နှစ်သက်သူဖြစ်လေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)