လမ်း၌ ယဉ်ကျေးခြင်း

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

လမ်း၌ ယဉ်ကျေးခြင်းသည် ယဉ်ကျေးမှုအရပ်ရပ်ထဲမှ တစ်ချက်အပါအဝင်ဖြစ်သည်။ လမ်း၌ ယဉ်ကျေးခြင်းတွင် ယေဘုယျအားဖြင့် ၁၄မျိုးရှိသည်။[၁] ထို ၁၄မျိုးမှာ -

  1. လမ်းသွားစဉ် ကျယ်လောင်စွာ စကားမပြောရ။ (ညအချိန် လျှောက်စဉ် ကျယ်လောင်စွာ သီချင်းဆိုခြင်း မပြုရ။)
  2. လမ်းတွင်ရပ်၍ စကားပြောလျှင် လွတ်ရာသို့ရှောင်၍ ပြောရာ၏။
  3. လမ်းသည် လူအများသွားလာရန်ဖြစ်၏။ မိမိတို့ကြောင့် အနှောင့်အယှက် မဖြစ်အပ်ပေ။ မြို့ကြီးများတွင် လမ်းဘေးစင်္ကြမှ သွားလာခြင်း၊ အခြားကန့်သတ်နေရာများမှ သွားလာခြင်းစသော ကန့်သတ်ချက်များ ထားတတ်၏။ ကန့်သတ်သည့်အတိုင်း လိုက်နာရန် သတိပြုရာ၏။
  4. ရဟန်းသံဃာတော်များ၊ သူအိုများ၊ မိန်းမများနှင့် ကလေးသူငယ်များကို လမ်းဖယ်၍ ပေးရာ၏။
  5. ထီး၊ တုတ်စသည်တို့ကို ယူဆောင်သွားပါက အချွန်ကို အောက်ဘက်တို့ စိုက်ကာ ကိုင်ဆောင်ရာ၏။
  6. လမ်းပေါ်တွင် သစ်သီးခွံများကို ပစ်မထားပါနှင့်။
  7. မီးရှိသော ဆေးလိပ်တိုကိုလည်း လမ်းပေါ်တွင် မပစ်ပါနှင့်။ နင်းမိသူ အပူလောင်တတ်သည့်အပြင် မီးဘေးအန္တရာယ် ကြုံတွေ့နိုင်သည်။
  8. အမှိုက်၊ စက္ကူစုတ်စသည်တို့ကို လမ်းမပေါ်တွင် တွေ့ရှိပါက ဖယ်ရှားပစ်ရာ၏။
  9. လူကိုဒုက္ခပေးနိုင်သော ခဲ၊ ဆူး၊ ခလုတ်၊ ပုလင်းကွဲ စသည်တို့ကို လမ်းမပေါ်တွင် တွေ့ရှိပါက ဖယ်ရှားပေးရာ၏။
  10. ဝန်လေး သယ်ဆောင်လာသူများအား မိမိက ရှောင်ဖယ်ရာ၏။
  11. လမ်းကိုဖြတ်ကူးလျှင် မော်တော်ကား၊ ရထား၊ ဆိုင်ကယ်၊ စက်ဘီးစသည်တို့ အန္တရာယ်ကို သတိထား၍ ကူးရာ၏။
  12. လမ်းတွင်တွေ့၍ နှုတ်ဆက်ရာ၌ –လက်အုပ်ကြာငုံ၊ ရင်မှာထားသည့်— လေးမြတ်စွာ ဂါရဝပြု နှုတ်ခွန်းဆက်သင့်သူကို လက်အုပ်ရင်မှာချီ၍ လည်းကောင်း၊ –ဦးညွှတ် နှုတ်ဆက်— တန်သူကို ဦးညွှတ်၍လည်းကောင်း၊ –ပြုံး၍ နှုတ်ဆက်— တန်သူကို ပြုံး၍လည်းကောင်း ပြုရာ၏။
  13. မြို့ကြီးများတွင် အလုပ်ကိစ္စများ၍ အလျင်လိုသည်ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး စကားဖြင့် နှုတ်ဆက်ခြင်းကို သတိပြု၍ ရှောင်နိုင်သမျှ ရှောင်ရာ၏။
  14. တစ်ဦးတစ်ယောက် မတော်တဆ ထိခိုက်မိ၍ဖြစ်စေ အခြားကိစ္စအတွက် တောင်းပန်ရန်ဖြစ်စေ ရှိခဲ့လျှင် သင့်လျော်ရာ ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ဖြင့် ယဉ်ကျေးစွာ တောင်းပန်ရမည်။ မိမိအားတောင်းပန်လျှင်လည်း ယဉ်ကျေးစွာ ပြန်လည်ပြောဆိုရာ၏။

ကိုးကား[ပြင်ဆင်ရန်]

  1. လိမ္မာယဉ်ကျေး ပြည့်ရင်သွေး၊ ပြည်သူ့နီတိ နှင့် လောကနီတိ၊ မောင်⁠မောင်တိုး။ (စာမျက်နှာ ၁၈-၁၉)