ရှိန်၊ ဦး (ကာယဗလ)
ဦးရှိန် | |
---|---|
မွေးသက္ကရာဇ် | ၃၀ ဇန်နဝါရီ ၁၈၉၆ နတ်တလင်း၊ သာယာဝတီ ခရိုင် |
နိုင်ငံသား | မြန်မာ |
လူမျိုး | ? |
မိဘ | ဦးဖိုးဆိတ်၊ ဒေါ်ဖွားစိန် |
ကာယဗလ ဦးရှိန် သည် မြန်မာ တစ်မျိုးသားလုံး အတွက် ကာယဗလ နှင့် ဉာဏဗလ တိုးတက် ကြံ့ခိုင်မှုနှင့် မျိုးချစ် စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး အတွက် ဆောင်ရွက် ပေးခဲ့သော မြန်မာ့ အားကစား ဖခင်ကြီး ဖြစ်သည်။
ငယ်စဉ်ဘဝ
[ပြင်ဆင်ရန်]ဦးရှိန် ကို ၁၈၉၆ခုနှစ် ဇန်နဝါရီလ (၃၀)ရက် နေ့တွင် သာယာဝတီ ခရိုင် နတ်တလင်း မြို့နယ်တွင် အဖ ဦးဖိုးဆိတ် နှင့် အမိ ဒေါ်ဖွားစိန် တို့မှ ဖွားမြင် ခဲ့သည်။ မွေးချင်း (၉)ယောက် ရှိပြီး ဦးရှိန်သည် ဒုတိယမြောက် သား ဖြစ်သည်။ တိုးတက်ရေး ဦးစိန် ခေါ် ဦးဗဂျီငို မှာ ဦးရှိန် ၏ ညီအရင်း ဖြစ်သည်။
ဘာသာရေး
[ပြင်ဆင်ရန်]ငယ်စဉ်က သင်္ချိုင်း သို့အသုဘ လိုက်ပို့စဉ် နွားသတ် နေသည်ကို မြင်ခဲ့ရသည်မှ စပြီး အမဲသား စားခြင်းကို လုံးဝ ရှောင်ကြဉ်ခဲ့သည်။ အသက်(၇)နှစ် အရွယ်တွင် လယ်တီ ဆရာတော် ဘုရားကြီး နတ်တလင်းသို့ ကြွလာ ချိန်တွင် အမဲသားကို လှုဒါန်းခဲ့သည်။
ပညာရေး
[ပြင်ဆင်ရန်]ဦးရှိန် သည် ငယ်စဉ်က နတ်တလင်းမြို့ ဆရာချက်၏ လောကဓာတ် ကျောင်းတွင် စတင် ပညာ သင်ကြား ခဲ့သည်။ ရန်ကုန်မြို့ လမ်း(၃၀)တွင် နေထိုင်သော အမ များ က ခေါ်ယူပြီး ကျောင်း ထား ပေးသဖြင့် ရန်ကုန်မြို့ (၃၆)လမ်း ထောင့်ရှိ မက်သလစ် အလယ်တန်း ကျောင်းသို့ ပြောင်းရွေ့ ပညာ သင်ကြား ခဲ့သည်။ နောင်တွင် ဧကရီ ဝိတိုရိယ ဗုဒ္ဒဘာသာ ယောက်ျားလေး ကျောင်း တွင် ပြောင်းရွေ့ သင်ကြား ခဲ့သည်။ ၁၉၁၁ ခုနှစ် အသက် (၁၅)နှစ် အရွယ် ဆဌမတန်း ကျောင်းသား ဖြစ်လာသော အချိန်တွင် အရပ် ၅ပေ ၃လက်မ သာ ရှိခဲ့ပြီး ထို ခေတ်အခါက ကျောင်းများတွင် ကျောင်းသား အချင်းချင်း လက်မောင်းလှဲ ခွန်အားစမ်းမှုများ တွင် ဦးရှိန်သည် အမြဲတမ်း အရှုံးနှင့် သာ ရင်ဆိုင် ခဲ့ရသည်။
ကာယဗလ စိတ်ဝင်စားလာပုံ
[ပြင်ဆင်ရန်]ထိုအချိန် က နိုင်ငံခြားမှ ဆန်ဒို ၏ ကာယဗလ လေ့ကျင့် စဉ်များကို မှာယူပြီး လေ့ကျင့် ကစားသူ ပန်ချာပီ ဘသန်း နှင့် ဦးအောင်ကြီး တို့ကို ဦးရှိန်သည် အရမ်း အားကျခဲ့သည်။ အတန်းထဲတွင် ကျန်းမာရေး စာစောင်များ ဖတ်ရှု လေ့လာသော ကျောင်းသားများ တွေ့လျင် လည်း အရမ်း အားကျခဲ့သည်။ စာစောင်များတွင် တွေ့ရသော ကမ္ဘာ လူသန်များ၏ ဓာတ်ပုံများကို ကြည့်ပြီး ကာယဗလကို စိတ်ဝင်စား ခဲ့သည်။ တစ်စောင်လျင် (၁၀)ပြားတန် အင်္ဂလန်မှ အပတ်စဉ် ထုတ် စာစောင်များကို မှာယူ ဖတ်ရူခဲ့သည်။ စာအုပ် တစ်အုပ်ကို မဝယ်နိုင် သဖြင့် စာမျက်နှာ (၄၀)ခန့်နှင့် လေ့ကျင့်ခန်း များကို တစ်ညလုံး မအိပ်ပဲ ကူးယူ ခဲ့သည်။ ၁၉၁၁ ခုနှစ် နိုဝင်ဘာ (၂၃) ရက်နေ့ တွင် ကာယဗလ အားကစား ကို သေတပန် သက်တဆုံး လုပ်တော့မည် ဟု ဦးရှိန် ဆုံးဇြတ် ခဲ့သည်။
ကာယဗလ လေ့ကျင့်ရေး ပစ္စည်းများ ရှိသည့် ၁၆လမ်းနေ ကိုသာဟန် ၏ နေအိမ်သို့ သွားရောက်ပြီး (၃)ထပ် တိုက်ခန်း ပေါ်မှ အလေးများ ကို အောက် သို့ သယ်ချပြီး နံစော်နေသော နောက်ဖေးလမ်းကြားတွင် လေ့ကျင့်ခဲ့ ကြရသည်။ ဦးရှိန်သည် ထို အရွယ်မစပြီး ကာယဗလ လေ့ကျင့်မှုကို စွဲစွဲမြဲမြဲ ပြုလုပ် ခဲ့ပြီး ကျူလီယာ ကုလား စာအုပ် ဆိုင်သို့ သွားရောက်ပြီး ကာယလေ အားကစားနှင့် ပတ်သက်သော စာအုပ်များကို မွေနှောက် ရှာဖွေပြီး လေ့လာ ဖတ်ရှုခဲ့ ရသည်။
အလုပ်အကိုင်
[ပြင်ဆင်ရန်]၇တန်းတွင် ကျောင်းမှ ထွက်ပြီး ပန်းဆိုးတန်း ရှိ ရှေ့နေကြီး လင်တန် ခေါ် မက္ကဒေါ်နယ် ကလစ်ပန် ၏ ရုံးတွင် တစ်လလျင် ၁၅ ကျပ်စား အလုပ်သင် အဖြစ် စတင် အလုပ် လုပ်ခဲ့သည်။ ထိုမှ တစ်နှစ်ခွဲ အကြာတွင် ဟံသာဝတီ ကောင်စီရုံး သို့ ပြောင်းရွေ့ လုပ်ကိုင် ခဲ့သည်။ ထိုမှ တစ်ဖန် ဓနိတော ဘီအိုစီတွင် ၃၅ ကျပ် လစာရ လယ်ဂျာ စာရေး အဖြစ် ပြောင်းရွေ့ လုပ်ကိုင် ခဲ့သည်။ နောက်ဆုံးတွင် ၁၉၁၇ ခုနှစ် ဝီလျံဂျက်စ် ကုမ္မဏီ သို့ ပြောင်းရွေ့ လုပ်ကိုင်ခဲ့ရာ ၆၅ ကျပ် လစာရခဲ့ပြီး ဦးရှိန်၏ ကြိုးစားမှု ကြောင့် ၁၉၂၂ ခုနှစ်တွင် မြေဂရန်ကို ဆုငွေ အဖြစ် ချီးမြှင့် ပေးခဲ့သည်။
ဆောင်ရွက်ခဲ့မှုများ
[ပြင်ဆင်ရန်]အားကစား ပညာပေး ရုပ်ရှင်
[ပြင်ဆင်ရန်]ဦးရှိန်သည် ကာယဗလ လေ့ကျင့်မှု ဖြင့်တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်မှုကို ရုပ်ရှင်ဖြင့် တိုင်းပြည်ကို ပထမဆုံး ရှေ့ဆောင် လမ်းပြ ပညာပေးခဲ့သူ တစ်ဦး ဖြစ်သည်။ ၁၉၂၃ ခုနှစ်တွင် တတိယ မြောက် မြန်မာ ရုပ်ရှင်ကား ဖြစ်သည့် နဖူးစာ ရွာလည် ဇာတ်ကားတွင် ညီဖြစ်သူ ဦးစိန် က မင်းသား နှင့် ဦးရှိန် က လူကြမ်း အခန်းမှ ပါဝင် သရုပ်ဆောင် ခဲ့သည်။ မြန်မာ့ ရုပ်ရှင် လောကတွင် ပထမဆုံး စတန့် ဇာတ်ကား ဖြစ်သည်။ ဦးရှိန်တို့ ညီအစ်ကို နှစ်ဦး စလုံးလည်း ပထမဆုံး စတန့် မင်းသားများ ဖြစ်လာ ကြသည်။ ထိုကား အပြီးတွင် ပီမိုးနင်း ဇာတ်လမ်း ရေးပြီး ညီဖြစ်သူ ဦးစိန် က ဒါရိုက်တာ အဖြစ် တာဝန်ယူ သော ခင်လေးသစ္စာ တင့်မေတ္တာ ဇာတ်ကားတွင် ဦးစိန်နှင့် တွဲဖက်ပြီး မင်းသား အဖြစ် သရုပ်ဆောင် ခဲ့သည်။ ထိုကားမှာ မြန်မာနိုင်ငံတွင် ပထမ ဦးဆုံးသော အာကစား ပညာပေး ရုပ်ရှင် ဖြစ်သည်။ ဦးရှိန်သည် အနောက်တိုင်း ဆန်ဆန် ရိုက်ပြခဲ့သည်။ သူ့ကို လူဆိုးများက ကြိုးဖြင့် ဇောက်ထိုး ဆွဲချပြီး ညှင်းဆဲ နှိပ်စက်ခဲ့ သည်ကို လွတ်မြောက်အောင် ကြိုးစား ခဲ့ပုံများ ပါဝင်သည်။
အလေးမ အသင်း
[ပြင်ဆင်ရန်]၁၉၂၆ ခုနှစ် တွင် ဦးရှိန် ဦးဆောင်သော ကာယဗလ အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မြန်မာပြည် အပျော်တမ်း အလေးမ အသင်း ကိုလည်း ဖွဲ့စည်း ပေးခဲ့သည်။ ဦးရှိန်သည် အလေးမနှင့် ကာယဗလ အားကစားနည်းကို ကျောင်းသား လူငယ်ထု အတွင်းသို့ ပြန့်နှံ့ရောက်ရှိအောင် ဆောင်ကျဉ်း ပေးခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် မြို့မ ယောက်ျားလေးကျောင်း တွင် ပထမဆုံး အလေးမ ပြိုင်ပွဲကို ကျင်းပပေးခဲ့ပြီး ကာယဗလ နှင့် အလေးမခြင်း အကျိုးကျေးဇူးများ သည် နိုင်ငံတော် အတွက် အကျိုးပြုပုံ များကို ကိုယ်တိုင် ဟောပြော ခဲ့သည်။ ထိုပြိုင်ပွဲတွင် ၈ စတုံတန်း ကူရှင် ကျောင်းသား လှမောင်၊ ၁၅၅ ပေါင် မောင်စံသင်၊ ၉ စတုံတန်း ကိုစံရွှေ၊ ၁၀ စတုံတန်း ကိုညွှန် တို့ ဆုရရှိခဲ့သည်။
ဦးဇော်ဝိတ် နှင့် အတူ
[ပြင်ဆင်ရန်]၁၉၃၃ ခုနှစ်တွင် မိုင်(၂၀) လမ်း လျှောက်ပြိုင်ပွဲကြီးကို ရန်ကုန်မြို့တွင် ပထမဆုံး ပြုလုပ်ပေး ခဲ့သည်။ ၁၉၃၄ ခုနှစ်သည် မြန်မာကို ကမ္ဘာက သိအောင် ပထမဆုံး ပြုလုပ် လိုက်သောနေ့ဟု တင်စားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အိန္ဒိယ နိုင်ငံလုံး ဆိုင်ရာ တံခွန်စိုက် ပြိုင်ပွဲ၌ ဦးဇော်ဝိတ်က ဗိုလ်စွဲခဲ့ခြင်းကြောင့် ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ဦးဇော်ဝိတ် ယှဉ်ပြိုင်သောနေ့ ဖြစ်သော ၁၉၃၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် မြန်မာ တစ်နိုင်ငံ လုံးတွင် (၁၄) မိုင် လမ်းလျှောက် ပြိုင်ပွဲများ ကျင်းပရန် လှုံဆော်ပေး ခဲ့သည်။ ဦးဇော်ဝိတ် ကိုလည်း အမျိုးသား အားကစား စည်းရုံးရေး ဟောပြောမှု များအတွက် ထပ်ဆင့် မြေတောင် မြှောက်ပေး ခဲ့သည်။ ၁၉၃၅ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့တွင် ကျင်းပသော ၁၅ ကြိမ်မြောက် အမျိုးသားနေ့ အထိမ်း အမှတ် အခမ်းအနားတွင် ဦးဇော်ဝိတ်သည် အမျိုးသား အားကစားနှင့် ကျန်းမာရေး တိုးတက်မှု အတွက် ဟောပြောပွဲကို ပြုလုပ် ခဲ့သည်။ ကျောင်းများတွင် အလေး မ မရ ဆိုသော နယ်ချဲ့ အစိုးရ၏ အမိန့်ကို ကန့်ကွက် ခဲ့သည်။ ကျွန်ဘဝ မှ သခင်ဘဝ ရောက်အောင် လွတ်မြောက် ရေးတွင် တစ်မျိုးသား လုံး၏ ကျန်းမာသန်စွမ်းမှု အဓိက ကျပုံကို ဟောပြော ခဲ့သည်။ ဦးရှိန် သည် ကာယဗလ အားကစား သာမက နယ်ချဲ့ ဆန့်ကျင့်ရေး လုပ်ငန်းများ တွင်လည်း တက်တက် ကြွကြွ ပါဝင် ခဲ့သည်။ မြန်မာတွေ အင်္ဂလိပ်ကျွန် ဖြစ်နေတော့မှာလား အင်္ဂလိပ်တွေကို မောင်းထုတ်ကြ သူပုန်ထကြလော့ ဟု ပိုစတာများ လိုက်ကပ်ခဲ့သည်။
ဟစ်တလာ ၏ ဘာလင်အိုလံပစ်
[ပြင်ဆင်ရန်]ဦးရှိန်၏ ကြိုးပမ်းမှု တို့သည် ၁၉၃၆ ခုနှစ်တွင်အမြင့်မားဆုံး ရည်မှန်းချက် တစ်ခု အောင်မြင် ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ဦးရှိန် လိုက်ပါလျှက် ဦးဇော်ဝိတ် သည် ဘာလင် အိုလံပစ် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ဦးဇော်ဝိတ် သည် အရှေ့တောင် အာရှ နိုင်ငံများမှ ပထမဆုံး ဝင်ပြိုင်သော အားကစား သမား ဖြစ်သည်။
မောင်အမေရိက ထက် ၂ နှစ် စောသော မောင် ပြိုင်ပွဲ
[ပြင်ဆင်ရန်]၁၉၃၆ခုနှစ် နောက်ပိုင်းတွင် ဦးရှိန်၊ ဦးဇော်ဝိတ်၊ မြောင်းမြ ဦးစံသင် တို့ ခေါင်းဆောင်ပြီး မြန်မာနိုင်ငံ မြို့ကြီးများသို့ လှည့်လည်ပြီး ကာယဗလ ဟောပြောပွဲများ၊ သရုပ်ပြပွဲများ ပြုလုပ် ခဲ့သည်။ ဦးရှိန်သည် ၁၉၃၇ခုနှစ်တွင် ရန်ကုန်မြို့ ဂျူဗလီဟော တွင် ပထမဆုံး မြန်မာပြည် ကာယ အလှမောင် ရွေးချယ်ပွဲ ကို ပြုလုပ် ပေးခဲ့ပြီး တပ်မတော် ရေ မှ ဗိုလ်မှူးကြီး မောင်မောင်က ပထမဆုံး မောင်ဘွဲ့ ကို ရရှိခဲ့သည်။ ထိုမောင် ပြိုင်ပွဲသည် မောင်အမေရိက ပြိုင်ပွဲထက် (၂)နှစ် စော၍ ကျင်းပ နိုင်ခဲ့ခြင်း ဖြစ်သည်။
ဘီအေအေ ကွင်း
[ပြင်ဆင်ရန်]၁၉၄၁ခုနှစ်တွင် ဦးရှိန်၊ ဦးသော်ဇင်၊ မစ္စတာ ဟတ်စကင်း၊ တော်ဘုရားကြီး တို့သည် မြန်မာပြည် ကြံ့ခိုင်ရေးနှင့် ကျန်းမာရေး အသင်းကို စတင် ဖွဲ့စည်းခဲ့သည်။ ဦးရှိန်၊ ဦးဇော်ဝိတ် နှင့် မြန်မာ့ အားကစား လောကမှ ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံတွင် အမျိုးသမီးများ ပထမဆုံး အကြိမ် ဘောင်းဘီတို ဝတ်ဆင်ပြီး အားကစား ပွဲများတွင် ယှဉ်ပြိုင်ရေးကို ဦးဆောင် တိုက်ပွဲဝင် ခဲ့ကြသည်။ ပထမဆုံး တိုင်းရင်းသား အမျိုးသား ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ ကို ၁၉၄၁ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် ဘီအေအေကွင်း ၌ ကျင်းပ ဖြစ်အောင် ဆောင်ရွက် ပေးခဲ့သည်။
မိန်းမ ကိစ္စ
[ပြင်ဆင်ရန်]ဦးရှိန်သည် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် လိင်ပညာ ပေးရေး ကိုလည်း အာရှလူငယ် အစည်းအရုံး ဌာနချုပ်မှ အမျိုးသမီး ဥက္ကဋ္ဌ အမ်အေ ဒေါ်အုန်း၊ အတွင်းရေးမှူး ဒေါ်ရီကြိန်၊ ဘဏ္ဌာရေးမှူး ဒေါ်သင်းကြည် တို့နှင့် ညှိနှိုင်းပြီး ဦးရှိန်၏ တာဝန်ပေးချက် အရ ဒေါ်အုန်းသည် ၁၉၄၆ ခုနှစ် ဇူလိုင်လတွင် ဦးရှိန်ပေးသော အမည် အတိုင်း မိန်းမကိစ္စ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ စာအုပ်တွင် ဦးရှိန် ကအမှာ စာရေး ပေးခဲ့သည်။ ရောင်းအား ကောင်းလွန်း သဖြင့် (၂)လ အတွင်း ဒုတိယ အကြိမ် ထပ်မံ ရိုက်နှိပ် ခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း ဖိတ်ခေါ်ခြင်း
[ပြင်ဆင်ရန်]ရန်ကုန်တွင် မဟာမိတ်များ ဗုံးကြဲနေသည့် ကြားမှပင် ဦးရှိန်၏ ကာယဗလနှင့် အလေးမစခန်း တွင် ဦးဖော်ဝိတ် အပါအဝင် တပည့် တပန်း အပေါင်း တို့သည် လေ့ကျင့်မှု မပျက်ဘဲ ဇွဲ ထက်သန်ခဲ့ ကြသည်။ ဦးရှိန်သည် ဗုံးသံများ ကြားမှပင် ကတ္တရာ လမ်းပေါ်တွင် အလေးမ ပြိုင်ပွဲ ကျင်းပ ပေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၆ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း က ဦးရှိန် နှင့် ဦးဇော်ဝိတ် တို့ကို ဖိတ်ခေါ်ပြီး အမျိုးသား အားကစားရေးများ ကို ဆွေးနွေး ခဲ့သည်။ ထိုဆွေးနွေးပွဲ၏ ရည်မှန်းချက်များ ကို ဦးရှိန်၊ ဦးဇော်ဝိတ်၊ ဦးသော်ဇင်၊ မစ္စတာ ဟတ်စကင်း၊ တို့၏ ဆက်လက် ကြိုးပမ်းမှု များကြောင့် ၁၉၄၆ခုနှစ် နိုဝင်ဘာလ (၂၇)ရက် နေ့တွင် မြန်မာနိုင်ငံ အိုလံပစ် အသင်းကြီးကို ဖွဲ့စည်း နိုင်ခဲ့သည်။
အာရှ ချန်ပီယံ
[ပြင်ဆင်ရန်]ဦးရှိန် ခေါင်းဆောင် သော မြန်မာ အလေးမ အဖွဲ့သည် ၁၉၅၁ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ နယူးဒေလီ တွင် ပထမအကြိမ် အာရှ အားကစား ပြိုင်ပွဲ သို့ သွားရောက် ယှဉ်ပြိုင် ခဲ့ရာ ဦးချူကီး၊ ထွန်းငြိမ်း၊ တင်မြင့်၊ သိန်းဟန်၊ ဘသိန်း၊ မောင်မောင်လွင်၊ ညွန့်ဖေ၊ ဘကွန်း၊ ထွန်းမောင် တို့ ပါဝင်ခဲ့ ကြသည်။ ၁၉၅၂ခုနှစ်တွင် ဟဲလ်ဇင်ကီး ကမ္ဘာ အိုလံပစ် ပြိုင်ပွဲတွင် ထွန်းမောင် သွားရောက် ယှဉ်ပြိုင် ခဲ့ရာ ပြိုင်ပွဲဝင် (၃၀) အနက် အဆင့်(၁၄)သာ ရခဲ့သည်။ သို့သော်လည်း ဦးရှိန်၏ ဆက်လက် နည်းပြ ပေးမှုဖြင့် ထွန်းမောင်နှင့် မောင်မောင်လွင် တို့သည် ၁၉၅၄ခုနှစ် မနီလာတွင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် အာရှ အားကစား ပြိုင်ပွဲတွင် အာရှချန်ပီယံများ ဖြစ်ခဲ့သည်။ ဦးရှိန်၏ ကျေးဇူးကြောင့် ထွန်းမောင် သည် ကမ္ဘာ့တံခွန် စိုက် အဆင့်သို့ တိုးတက်လာပြီး ၁၉၅၄ နှင့် ၁၉၅၅ ခုနှစ်များ တွင် (၂)နှစ် ဆက်တိုက် ကမ္ဘာ့ တံခွန်စိုက် ပြိုင်ပွဲများတွင် တတိယ ဆုများ ရရှိခဲ့သည်။
မိသားစု
[ပြင်ဆင်ရန်]၁၉၂၆ခုနှစ် အသက်(၃၀) အရွယ်တွင် အမ များက ရန်ကုန်မြို့ ဘုန်းကြီးလမ်းနေ ဦးထွန်းပေါ်၊ ဒေါ်ကြည် တို့၏ သမီး မမြ နှင့် လက်ထပ် ပေးခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]ကာယဗလ ဦးရှိန် သည် ၁၉၇၄ ခုနှစ် စက်တင်ဘာလ (၁၀)ရက် အင်္ဂါနေ့ နံနက် ၄း၁၅ မိနစ် အချိန် အသက် ၈၉ နှစ် အရွယ်၌ ဦးနှောက် သွေးကြော ပြတ်ရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။
ဂုဏ်ပြုမှုများ
[ပြင်ဆင်ရန်]ဦးရှိန် သက်ရှိထင်ရှား ရှိခဲ့စဉ်က ဦးရှိန်နှင့် ကာယဗလ နှစ် (၆၀)ပြည့် မှတ်တမ်းကို ကျင်းပပေးခဲ့ပြီး၊ ဦးရှိန် ကွယ်လွန်ပြီးသည့် နောက်ပိုင်း တွင်လည်း ၇၅ နှစ် မြောက် စိန်ရတု သဘင်၊ အနှစ် (၈၀) အထိမ်းအမှတ်များ၊ ဦးရှိန် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပွဲများ ကျင်းပပေးခဲ့သည်။
ဦးရှိန်၏ စာပေ ပညာ ဗဟုသုတ လေ့လာ စုဆောင်း မှတ်သားချက် များကို ဆရာကြီး ပီမိုးနင်းက လူမင်း ကလောင် အမည်ဖြင့် ရေးသား ပေးသော ကမ္ဘာ့အလင်း စာအုပ်မှာ စောင်ရေ ၅၀၀၀ ကုန်သည် အထိ ရောင်းကောင်း ခဲ့သည်။ ထိုစာအုပ်ကို ပူးပေါင်း ပြုစုခဲ့ ကြသူ ဦးရှိန် နှင့် ပီမိုးနင်း တို့ကို ခေတ်ရှေ့ကို ၂၅ နှစ်ခန့် စောပြီး ပြေးခဲ့ ကြသူများ ဟု ကွယ်လွန်သူ စာရေးဆရာကြီး ဦးရန်အောင် က ချီးကျူး ဂုဏ်ပြု ရေးသား ခဲ့သည်။
ဦးရှိန်၏ ဘဝ ဖြစ်စဉ် နှင့် ဆောင်ရွက်ချက်များ သမိုင်း ကို စာရေးဆရာ ဦးကျော်မြင့်လွင် က မြန့်မာ့ဗလ ခရီးနှင့် ကာယဗလ ဖခင် အမည်ဖြင့် (၂)အုပ်တွဲကို ရေးသားခဲ့ရာ အမျိုးသား စာပေဆု ရရှိခဲ့သည်။ ဦးကျော်မြင့်လွင် သည် နောက်ထပ် မြန်မာ့ လူသန် ဦးဇော်ဝိတ် အမည်ဖြင့် ဆက်လက် ရေးသားခဲ့ရာ အမျိုးသား စာပေဆု ကို ဒုတိယ အကြိမ် ရရှိခဲ့သည် အထိ အောင်မြင်မှုများ ရရှိခဲ့သည်။
ဦးရှိန် ကို သခင် ကိုယ်တော်မှိုင်းက အောက်ပါ အတိုင်း၈ လုံးဖွဲ့ ဂါထာဖြင့် ချီးကျူး ဂုဏ်ပြု မှတ်တမ်း တင်ခဲ့သည်။
- သာသနာ ဒါယကာ သတိုးဆက် ဝေးတောင်မှ
- မြန်မာများ ဘာသာအမျိုးဆက် ရေးရှာတဲ့
- တိုးတက်ရေးတပည့် ဒါယကာမောင်ရှိန်
- မောင်စိန် တို့ကိုဖြင့်
- ပြောင်တစ်သိန်းခေတ် သာဓရသာပ
- နောင်ကဝိန် အစစ်သဒ္ဒါဗလဝရယ်နှင့်
- အောင်ချိန် မေတ္တာမျှပါလို့
- အစစ်ဂါရဝ ရွင်ကြည်ကြည်ပ
- အဉ္စလီ တင်ချီလို့ လျှောက်ပြန်သနွဲ့
- မြောက်ရန်အလှဲ့ တညီကြံကြစေဖို့
- ဝဇီကံစိတ်တစ်ခု မနောတွင်မှ
- စီရံ၊ စီရံ၊ တိဌတု သဘောတွေနှင့်
- မိတ်ဟုစောကာ တစ်ခေတ်မမုန်းဟူ၍
- အမယ်မင်းရှစ်လုံးဘွဲ့ ကထာအသွားရယ်နှင့်
- အချစ်ဆုံးတပည့် ဆရာသနား။ ။
အခြားကြည့်ရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]အောင်အောင်။ မြန်မာ့ အားကစား ဖခင်ကြီး ဦးရှိန်။ 25 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၄ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဇန်နဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။