ဇော်ဝိတ်၊ ဦး(ကာယဗလ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဇော်ဝိတ်
မွေးသက္ကရာဇ် ၇ မတ် ၁၉၁၁
ကော့မှူးမြို့နယ်၊ နတ်ဆင်ကုန်းကျေးရွာ
နိုင်ငံသား မြန်မာ
လူမျိုး ဗမာ
မိဘ ဦးပေတေ၊ ဒေါ်လေးမေ
အသက်ရှည်ရှည် ကမ္ဘာတည်
ဇာနည်ဇော်ဝိတ် ဖြစ်လတ္တံ့။
ဇော်ဝိတ်ဖြစ်ကာ ပြည်မြန်မာ
ရတနာမိုး ရွာသွန်းဖြိုး
ကောင်းကျိုးခပ်သိမ်း တည်လတ္တံ့။
သခင်ကိုယ်တော်မှိုင်း

တောင်ဥက္ကလာပမြို့ သစ္စာလမ်းထိပ်တွင် သစ်သား ၂ ထပ်အိမ်တစ်လုံးရှိသည်။ ထိုအိမ်၌ တစ်ခါက တောရောမြို့ပါမကျန် လူသိများ၍ ထင်ရှားကျော်ကြားခဲ့သော ပုဂ္ဂိုလ်ကြီးတစ်ဦး နေထိုင်ခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ အခြားသူမဟုတ်။ လူသန်ကြီး ဦးဇော်ဝိတ်ပင် ဖြစ်လေသည်။ ဦးဇော်ဝိတ်သည် မြန်မာနိုင်ငံတွင်သာလူသန်ကြီးအဖြစ် ထင်ရှားသည် မဟုတ်ချေ။ အိန္ဒိယနိုင်ငံနှင့် ဗြိတိသျှ အင်ပါယာတစ်ခုလုံး၌လည်း လူသန်ကြီးအဖြစ် ထင်ရှားသူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသာမက အိန္ဒိယနိုင်ငံနှင့် ဗြိတိသျှအင်ပါယာ တစ်ခုလုံးတွင်ပါ အလေးမ တံခွန်စိုက်ဘွဲ့ကို ရရှိခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်သို့ မြန်မာလူမျိုးများ သွားရောက်ယှဉ်ပြိုင်ရန် အိမ်မက်မျှပင် မမက်ဖူးစဉ် ဦးဇော်ဝိတ်သည် မြန်မာလူမျိုးများထဲမှ ပထမဆုံးသွားရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သူဖြစ်ပေသည်။


ဇော်ဝိတ်၊ ဦး(၁၉၁၁ - ၂၀၀၀)[ပြင်ဆင်ရန်]

( ၁၁ ) ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ပထမဆုံးသွားရောက် ယှဉ်ပြိုင်ခဲ့သူ မြန်မာ့ဂုဏ်ဆောင် ကာယဗလ ဦးဇော်ဝိတ်ကို အဖ မြေပိုင်ရှင် ဦးပေတေ၊ အမိဒေါ်လေးမေတို့က ၁၉၁၁ ခုနှစ်၊ မတ်လ ( ၇ ) ရက်နေ့တွင် ဟံသာဝတီခရိုင်၊ ကွမ်းခြံကုန်းမြို့အပိုင် ကော့မှူးမြို့နယ်၊ နတ်စင်ကုန်းကျေးရွာတောင်ပိုင်း၌ ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ကရင်လူမျိုးများ ဖြစ်ကြသည်။ မွေးချင်းသုံးဦးအနက် အငယ်ဆုံး ဖြစ်သည်။ မွေးချင်းအစ်မများမှာ အစ်မကြီး မလှဗျော်၊ အစ်မငယ် မဇော်ရှိန်တို့ ဖြစ်သည်။


ဇော်ဝိတ်ဟူသော အမည်သည် ကြီးပြင်းသောအခါမှ ပြောင်းလဲမှည့်ခေါ်သည် မဟုတ်ချေ။ ငယ်စဉ်ကပင် မှည့်ခေါ်လာသော အမည်ဖြစ်သည်။ အဘိုးဖြစ်သူမှာ ပညာရှိတစ်ဦးဖြစ်၍ မြေးငယ်များကို အမည်ထူးထူးဆန်းဆန်း မှည့်ခေါ်သောကြောင့် ဖြစ်သည်။ အဘိုးဖြစ်သူသည် ဦးဇော်ဝိတ်တို့ကိုသာမက အခြားသော ဆွေမျိုးသားချင်းများကိုလည်း အံ့ချီး၊ တော်ဦး၊ သာတော်၊ ဝေဖြိုး စသည်ဖြင့် အမည်ထူး အမည်ဆန်းများ ပေးခဲ့သူဖြစ်သည်။ ဦးဇော်ဝိတ်သည် ကြီးပြင်းမှသာ လူသန်ကြီးဖြစ်သော်လည်း ငယ်စဉ်ကမူ အလွန် ချူချာခဲ့သည်။ ၄နှစ်သား အရွယ်ရောက်မှ မတ်တတ်သွားနိုင်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

အသက် ( ၇ ) နှစ်အရွယ်ရောက်မှ နတ်စင်ကုန်းရွာလယ် ဦးချင်းလယ်ကျောင်းတွင် ပညာစတင်သင်ယူသည်။ စာကျက်ပျင်းသော်လည်း မှတ်ဉာဏ်ကောင်း၍ တစ်နှစ်တစ်တန်းမှန်မှန်စာမေးပွဲအောင်သည်။ အလယ်တန်းပညာကို ဆရာတင်ခုနှစ်တန်းကျောင်း၌ သင်ယူ၍ ခုနှစ်တန်းအောင်မြင်သည်။ ဦးဇော်ဝိတ်သည် ၁၉၂၇ ခုနှစ်တွင် ဦးလေးဖြစ်သူ၏ အကူအညီဖြင့် ဗိုလ်တထောင် စိန်ဗားနီဗတ် ဟိုက်စကူးကျောင်းသို့ တက်ရောက် သင်ယူခွင့်ရရှိသည်။ မြန်မာစာ ခုနှစ်တန်းအောင်သော်လည်း အင်္ဂလိပ်စာမတတ်သဖြင့် တတိယတန်းက စတင်သင်ယူရသည်။ မိခင်ကြီး ရုတ်တရက် မီးယပ်ရောဂါဖြင့် ကွယ်လွန်၍ ဇာတိရွာသို့ ပြန်၍ လယ်ယာလုပ်ကိုင်သည်။

ဇော်ဝိတ်အစ[ပြင်ဆင်ရန်]

ထို့နောက် ဦးဇော်ဝိတ်သည် ၁၉၂၈ ခုနှစ်တွင် ရန်ကုန် ဘက်ပတစ်နော်မန်ဆရာအတတ်သင်ကျောင်း၌ E.T.C အီးတီစီ ဆရာဖြစ်သင်တန်း တက်ရောက်ခွင့်ရရှိသည်။ ၁၉၂၉ ခုတွင် ဆရာဖြစ်သင်တန်းအောင်မြင်ပြီး ကြည့်မြင်တိုင် ဦးဘွင်ယူ မူလတန်းကျောင်း၌ မူလတန်းပြဆရာ အဖြစ် လုပ်ကိုင်သည်။ ကြည့်မြင်တိုင်သို့ကျောင်းတက်ရာ နံနက်ကျောင်းတက်လျှင် မင်္ဂလာတောင်ညွန့် ၁၀၃ လမ်းမှ ရန်ကုန်ဘူတာကြီးသို့ ခြေလျင်လျှောက်ပြီး ဘူတာကြီးမှ ဟုမ်းလမ်းသို့ ရထားစီးသည်။ ဟုမ်းလမ်းဘူတာမှ တောလမ်းရှိ ဦးဘွင်ယူမူလတန်းကျောင်းသို့ ခြေလျင်လျှောက်သည်။ အပြန်တွင်လည်း ထိုသို့ပင်ပြန်သည်။ ကျောင်းမှ အိမ်သို့ အပြန်နေ့စဉ်လိုလို ရန်ကုန်ဘူတာကြီးအနီး ဦးအုန်းခိုင်လမ်း မီးရထား အမှုထမ်းများနေသော အိမ်တစ်အိမ်ရှေ့တွင် လူငယ်တစ်စု အားကစား လေ့ကျင့်နေသည်ကို တွေ့မြင်ရပြီး ထိုအိမ်ရှေ့တွင် ကျန်းမာသန်စွမ်းရေး ကလပ် Strength and Health Club ဆိုသော အမည်ဖြင့် အင်္ဂလိပ်လို ဆိုင်းဘုတ်ကလေး ချိတ်ထားသည်။ အချို့က အလေးပြားကြီးများ ပင့်ကြ၊ မကြ၊ အချို့က သံကွင်းဘား၊ အချို့က နှစ်တန်းဘား လေ့ကျင့်ကြသည်။ သူတို့၏ ကိုယ်လုံး ကိုယ်ထည်များမှာ ကြွက်သားကြီးများ အဖုအထစ်ဖြင့် အားကျစရာဖြစ်သည်။


ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်နေစဉ် အတွင်း ကာယဗလ ဝါသနာထုံခဲ့သော ဦးဇော်ဝိတ်သည် ရန်ကုန်ဘူတာကြီးအနီး ဦးအုန်းခိုင်လမ်းရှိ မီးရထားအမှုထမ်း ရိပ်သာ၌ ဖွင့်လှစ်ထားသော ကျန်းမာသန်စွမ်းရေးကလပ် ( Strength and Health Club ) သို့ ဝင်ရောက်လေ့ကျင့်သည်။ ဦးဇော်ဝိတ်သည် ၁၉၂၉ ခုနှစ်တွင် အလုံ ဧရာဝတီလမ်းရှိ အလေးမနည်းပြဆရာ ကာယဗလဦးရှိန်ထံ၌ အလေးမ စတင်လေ့ကျင့်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ကာယဗလဦးရှိန်၏ မြန်မာပြည် ကာယဗလအဖွဲ့က ကြီးမှူး၍ အာရှစံချိန်အလေးမပွဲကို ကျင်းပရာ ဦးဇော်ဝိတ်သည် ပရိသတ် ရှေ့တွင် ပထမဆုံး အစွမ်းပြသသည်။ ပေါင် ( ၂၈၀ ) ဖြင့် အာရှစံချိန်ကို အောင်မြင်စွာ ချိုး၍ အားကစားလောကနှင့် ပြင်ပ လောကတွင် ထင်ရှားကျော်ကြားသွားသည်။ ၁၉၃၁ ခုနှစ်တွင် ဇော်ဝိတ်တစ်ကိုယ်တော် အစွမ်းပြ အလေးမပွဲကို မြန်မာပြည် အလေးမ အသင်းတိုက်၌ ကျင်းပရာ ပြိုင်ပွဲဝင် အိုလံပစ် နှစ်ဆင့်မ နည်းဖြင့် အာရှတိုက်တွင် မည်သူမျှ မ မနိုင်သော ( ၁၄၄ ) ပေါင်ခွဲကို အလွယ်တကူ မပြနိုင်ခဲ့သည်။ မြန်မာပြည် အလေးမ အသင်း ဥက္ကဋ္ဌ ဝတ်လုံတော်ရ ဦးဘဒွန်းနှင့် အဖွဲ့ဝင်များက ဦးဇော်ဝိတ်ကို မြန်မာပြည်တွင် အများဆုံး မနိုင်သော လူသန်ကြီး အဖြစ် အသိအမှတ်ပြုကြသည်။ ဦးဇော်ဝိတ်သည် ၁၉၂၃ ခုနှစ်တွင် မြန်မာပြည်အပျော်တမ်း အမျိုးသားရဲတပ်ကပွဲ၌ အလေးမပြသည်။ ကြွက်သားကြီးများ လှုပ်ပြသည်။ လူသုံးယောက်ကို လက်တစ်ဖက်တည်းဖြင့် မ၍ ဇာတ်ခုံတစ်ဖက်စွန်းသို့ လျှောက်ပြသည်။ ကိုးပေစင်မြင့်ပေါ်မှ အလေးမချိန်ပီယံ ကိုစံသင်က ဇော်ဝိတ်ကြီး၏ ဗိုက်ပေါ်သို့ခုန်ချရာ ဇော်ဝိတ်က ပြုံးရွှင်စွာထလာပြီး ပရိသတ်ကို လက်မြှောက်နှုတ်ဆက်ပြသည်။ ထို့ပြင် ဇော်ဝိတ်၏ လည်ပင်းကို တစ်ဖက်လျှင် လူ၁၀ယောက်စီ ကြိုးချည်ဆွဲကာ အစွမ်းပြသည်။

ဗြိတိသျှစံချိန်[ပြင်ဆင်ရန်]

ဦးဇော်ဝိတ်သည် ၁၉၃၃ ခုနှစ်တွင် ဗြိတိသျှစံချိန်ချိုးပွဲကို မြို့မအမျိုးသားကျောင်းရှေ့၌ ကျင်းပရာ ဗြိတိသျှစံချိန် ၁၇၅ ပေါင်ကို တစ်ကြိမ်တည်းပေါင် ၁၈၀မကာ စံချိန်ချိုးလိုက်သည်။ အမြန်မတွင်လည်း ဗြိတိသျှစံချိန်ပေါင် ၂၀၀ ကို ၂၀၅ ပေါင်မပြီး ထပ်မံစံချိန်ချိုးလိုက်ပြန်သည်။ ဗြိတိသျှအင်ပါယာ အမြင့်ဆုံးစံချိန် ၆၅၅ ပေါင်ကို ဦးဇော်ဝိတ်က စံချိန်သစ် ၆၆၁ ပေါင်ဖြင့် အစွမ်းပြသွားသည်။ ဦးဇော်ဝိတ်သည် ၁၉၃၄ ခုနှစ်တွင် ၆၉၅ ပေါင်အထိမ၍ ဗြိတိသျှစံချိန်ကို ထပ်မံချိုးလိုက်သည်။ ၁၉၃၄ ခုနှစ် ဒုတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရဲတပ်ဖွဲ့ညီလာခံကို မြို့မအမျိုးသားကျောင်းတွင် ကျင်းပရာ ဦးဇော်ဝိတ်သည် ဆရာဖြစ်သူ ကာယဗလ ဦးရှိန်နှင့်အတူ ပါဝင်ဟောပြောသည်။ထို့ပြင် လူငယ်များကြီးပွားရေးအသင်းက ကျေးလက်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇာတိမာန်ကဗျာနှင့် ဇော်ဝိတ်ကြီး၏ ဓာတ်ပုံ၊ ကိုယ်လက်ကျန်းမာရေးစာတမ်းများ ဖြန့်ဝေသည်။ ဦးဇော်ဝိတ်ကိုယ်တိုင် ကျေးလက်သို့ သွားရောက်၍ ကာယဗလအကြောင်းဟောပြောသည်။ ထိုစဉ်က စိန်သရဖူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးစဉ် ဦးဇော်ဝိတ်၏ ကာယဗလပြခန်းပြကွက်များကို ထည့်သွင်းရိုက်ကူးသည်။ ကွမ်းခြံကုန်းမြို့နယ် ကိုးတောင်ရွာသို့ တူဖြစ်သူ၏ အသုဘကိစ္စ သွားရောက်စဉ် ကျေးလက်လူငယ်များ၏ တောင်းဆိုမှုကြောင့် အသုဘမဏ္ဍပ်အလယ်တွင် ကာယဗလပြပွဲ ဆင်နွှဲပြသရသည်။

အိုလံပစ်ပြိုင်ပွဲ[ပြင်ဆင်ရန်]

ဦးဇော်ဝိတ်သည် ၁၉၃၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပသော အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည်။ ၁၂ စတုံတန်းတွင် အိန္ဒိယချိန်ပီယံဆု၊ ဟဲဗီးဝိတ်တန်းတွင် ပေါင် ၂၈၀ မ၍ အိန္ဒိယအင်ပါယာ ချန်ပီယံဆုများရရှိပြီး မနည်းသုံးနည်းဖြင့် ပေါင် ၆၈၀ မကာ အိန္ဒိယစံချိန်သစ်တင် ဗိုလ်စွဲသည်။ ၁၉၃၅ ခုနှစ် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့၌ ကျင်းပသော အာရှ အလေးမ နှင့် ကာယဗလမောင်ပြိုင်ပွဲတွင် အလတ်တန်း အလေးမမောင် ပထမနှင့် အကြီးတန်း အလေးမမောင်ပါ ဆက်ပြိုင်ခွင့် ရခဲ့သည့် အတွက် အကြီးတန်း အလေးမ ပထမဆု ကိုလည်း ဆွတ်ခူးခဲ့သည့် အပြင် ဗြိတိသျှအင်ပါယာ စံချိန်ကိုလည်း တင်ခဲ့သည်။

အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကာယဗလအဖွဲ့က ဦးဇော်ဝိတ်ကို (၁၁)ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ရာ ၁၉၃၆ ခုနှစ်၊ ဩဂုတ်လ ၂ရက်တွင် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ ကျင်းပသော ကမ္ဘာ့အိုလံပစ်အလေးမပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်သည်။ ဦးဇော်ဝိတ်သည် အဆင့် ၁၄ သာ ရရှိခဲ့သော်လည်း အမြန်တွင်အကောင်းဆုံးမပြနိုင်သည်။ ကမ္ဘာ့အိုလံပစ် အလေးမပြိုင်ပွဲမှ ပြန်လာသော ဦးဇော်ဝိတ်ကို မြန်မာအားကစားပရိသတ်က ရန်ကုန်ဆိပ်ကမ်းတွင် ကမ်းလုံးညွှတ်မျှ ကြိုဆိုကြသည်။ ထို့ပြင်ရန်ကုန်မြို့တော်ဝန်က ကြီးမှူး၍ အိုလံပစ်ပြန်ဇော်ဝိတ်ကြီး ဟောပြောပွဲကျင်းပခဲ့ရာ မြို့တော်ခန်းမတစ်ခုလုံး ပရိသတ်ပြည့်လျှံသွားသည်။


ဦးဇော်ဝိတ်သည် ၁၉၃၄ ခုနှစ်တွင် မြို့မ အမျိုးသားကျောင်းဆရာကြီး ဦးဘလွင်ခေါင်းဆောင်သော လေ့လာရေးအဖွဲ့ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာခဲ့ရာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဖော်မိုဆာ၊ ဖိလစ်ပိုင်သို့လည်း ဝင်ရောက်လေ့လာသည်။ ၁၉၄၅ ခုနှစ်တွင် အာရှလူငယ်အစည်းအရုံး၌ ကာယဗလ တာဝန်ခံအဖြစ် ဆောင်ရွက်သည်။ ဂျပန်ခေတ်အတွင်း မြန်မာနိုင်ငံ အသံလွှင့်ဌာနက ဦးဇော်ဝိတ်စီစဉ်သည့် ကျန်းမာရေးလေ့ကျင့်ခန်းများကို နေ့စဉ် လွှတ်ထုတ်ပေးသည်။ ဦး ဇော်ဝိတ်သည် ဒေါက်တာဘမော် အစိုးရလက်ထက်တွင် ဗမာ့ဝန်ထမ်းအားကစားဌာန၌ ဒုတိယ ညွှန်ကြားရေးဝန် အဖြစ်ထမ်းဆောင်သည်။ ၁၉၄၆ ခုနှစ်တွင် စစ်ပြီးစ လူမျိုးပြန်လည်ထူထောင်ရေးဟူသော ကြွေးကြော်သံဖြင့် ဗမာ့အားမဂ္ဂဇင်းအမှတ် ( ၁ ) ကို ဇွန်လ၌ စတင်ထုတ်ဝေသည်။ ထိုနှစ်တွင်ပင် ကာယဗလ ဦးရှိန်၊ မစ္စတာ ဖရင့်ဟတ်စတင်း၊ ဦးသော်ဇင်၊ ဦးဇော်ဝိတ်တို့၏ ကြိုးပမ်းမှုဖြင့် ဗမာပြည်အိုလံပစ်အသင်းကြီးကို ဖွဲ့စည်းသည်။ ၁၉၄၈ ခုနှစ် ဦးမောင်ကလေး၊ ဦးထွန်းငြိမ်း၊ ဦးဇော်ဝိတ်တို့ ပါဝင်သော လေ့လာရေးအဖွဲ့သည် ဥရောပနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်လေ့လာသည်။


၁၉၅၀ ပြည့်နှစ် အမျိုးသားကိုယ်လက်ကြံ့ခိုင်ရေးကောင်စီဖွဲ့စည်းခဲ့ရာ ၁၉၅၁ ခုနှစ်တွင် ဦးဇော်ဝိတ်ကို စည်းရုံးရေးမှူးချုပ်ရာထူး ခန့်အပ်တာဝန်ပေးသည်။ ၁၉၅၄ ခုနှစ် ဂုဏ်ထူးဆောင်ဘီအေဘွဲ့နှင့် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံရသည်။ ၁၉၅၅ ခုနှစ်တွင် ညွှန်ကြားရေးဝန်အဖြစ် တိုးမြှင့်ခန့်အပ်သည်။ ၁၉၆၅ ခုနှစ်တွင်ညွှန်ကြားရေးဝန် အဖြစ်မှ အငြိမ်းစားယူသည်။


ဦးဇော်ဝိတ်သည် ဂျာနယ်ကျော်၊ ကြီးပွားရေး၊ တိုးတက်ရေး၊ မဏ္ဍိုင်၊ မိုးကြိုး၊ ဟံသာဝတီ မဂ္ဂဇင်းများတွင် ဆောင်းပါးများ ရေးသားသည်။ ထို့ပြင် အိုလံပစ် စာစောင်နှင့် အားကစားစာစောင်များကို ထုတ်ဝေသည်။ အားကစားနှင့် စိတ်ပညာစာအုပ်ကိုလည်း ရေးသားထုတ်ဝေသည်။ ဟံသာဝတီ သတင်းစာတွင် ပင်တိုင် ဆောင်းပါးရှင်အဖြစ် ဘောလုံးကစားနည်းကို ရေးသားခဲ့သည်။ ဦးဇော်ဝိတ်အား ၁၉၈၀ ပြည့်နှစ် နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ( ဒုတိယ အဆင့် ) ကို ချီးမြှင့်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ယူနက်စကိုမှ အာရှနှင့် ပစိဖိတ်ဆိုင်ရာ အားကစားထူးချွန်ဆု ( ယူပုဂ္ဂိုလ်ဆု) ကို ကနေဒါနိုင်ငံ အော့တဝါမြို့၌ ချီးမြှင့်ပေးအပ်ခြင်း ခံရသည်။ ၁၉၉၂ ခုနှစ်တွင် ကမ္ဘာ့အိုလံပစ် ကော်မတီ မှ အားကစား ဗိသုကာ ဂုဏ်ပြုဆု တံဆိပ်ကို လက်ခံရရှိသည်။ အားကစားဖြင့် မြန်မာ့ဂုဏ်ကိုဆောင်ခဲ့သော ဝဏ္ဏကျော်ထင် ကာယဗလ ဦးဇော်ဝိတ်သည် ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလ ( ၂၅ ) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ သားသမီးနှစ်ဦးနှင့် မြေး ( ၈ ) ဦး ကျန်ရစ်သည်။

ကိုးကား[ပြင်ဆင်ရန်]