ရှားလော့ခ်ဟုမ်း

ဝီကီပီးဒီးယား မှ
ရှားလော့ခ်ဟုမ်း
ရှားလော့ခ်ဟုမ်း ဇာတ်ကောင်
ဆစ်ဒနီ ပါးဂတ် ရေးဆွဲထားသော ရှားလော့ခ်ဟုမ်း၏ ပုံ
ပထမဆုံး ပါဝင်ခြင်းစကားလက် အမှုကို လေ့လာခြင်း
ဖန်တီးသူအာသာ ကိုနင်ဒွိုင်း
အချက်အလက်များ
လိင်ကျား
အလုပ်အကိုင်အလွတ်စုံထောက်
မိသားစုမိုင်ခရော့ဖ်ဟုမ်း (အစ်ကို)
နိုင်ငံသားဗြိတိသျှ

ရှားလော့ခ်ဟုမ်းသည် ဆာ အာသာ ကိုနန် ဒွိုင်း ဖန်တီးထားသော စုံထောက်ဝတ္ထုထဲမှာ ဇာတ်ကောင် တစ်ကောင် ဖြစ်သည်။ စုံထောက် ဦးစံရှား ဝတ္ထုအများစု၏ အခြေခံဝတ္ထုများကား အင်္ဂလိပ်စာပေတွင် ထင်ရှားသော ရှားလော့ဟုမ်း ဝတ္ထုများ ဖြစ်၏။ ယင်းရှားလော့ဟုမ်းဝတ္ထုများကို ဖန်တီးသူမှာ ဆာအာသာ ကိုနင်ဒွိုင်း ဖြစ်သည်။ ကိုနင်ဒွိုင်းသည် အိုင်းရစ် အမျိုးသားအဆက်အနွယ်ဖြစ်သည်။ ၁၈၉၅ မေ ၂၂ တွင် အင်္ဂလန်နိုင်ငံ အီဒင်ဘာရာမြို့၌ မွေးဖွားခဲ့သည်။ ဆေးပညာကို သင်ယူစေခဲ့ကာမူ အက်ဂါလင်ပိုး၊ ဝီလကီကောလင်း၊ ဂါဗရီယို စသော စုံထောက်ဝတ္ထုရေးဆရာများ၏ ဝတ္ထုများကို ဖတ်ပြီး စာပေ၌ စိတ်ဝင်စားခဲ့သည်။ ၁၈၈၁တွင် ကိုနင်ဒွိုင်းသည် ဆောက်ဆီး(တောင်ပင်လယ်)၌ဆရာဝန်အဖြစ် အသက်မွေးခဲ့၏။ သို့သော် သူ့ရည်မှန်းချက်မှာ စာပေလုပ်ငန်းသာ ဖြစ်သည်။ သူသည် စုံထောက်ဝတ္ထုများ၌ စိတ်ဝင်စားသည်။ သူ ဆေးပညာသင်ယူခဲ့သော ဆရာရင်း ဒေါက်တာ ဂျိုးဆက်ဗဲ ထံတွင် ပညာသင်စဉ်ကပင် ဆေးပညာနှင့် သိပ္ပံပညာကို စိတ်ဝင်စားခဲ့သည်။ ဗဲသည် တပည့်များကို ဆေးပညာသင်ရင်း ထုတ်နုတ် ဆင်ခြင်နည်း များကိုပါ သင်ပြပို့ချခဲ့၏၊ ဤသည်တို့ကား ကိုနင်ဒွိုင်းအဖို့ သိပ္ပံနည်းကျသော ထုတ်နုတ်ဆင်ခြင်နည်းနှင့် ယှဉ်သည့် ရှားလော့ဟုမ်းဝတ္ထုများကို ဖန်တီးစေလာသည့် နောက်ခံအကြောင်း ဖြစ်လေသည်။

ကိုနင်ဒွိုင်းသည် မူလကပင် ကွန်းဟီး မဂ္ဂဇင်းနှင့် အဆက်အသွယ်ရှိပြီး ဖြစ်သည်။ ကွန်းဟီးမဂ္ဂဇင်း၌ စာများရေးစပြုနေပြီဖြစ်၏။ ယခုမူ ကိုနင်ဒွိုင်းသည် ရှားလော့ဟုမ်းကို စတင်ဖန်တီးလေပြီ။ သူ့ဆရာ ဂျိုးဆက်ဗဲ၏ စရိုက်ကို အခြေခံ၍ ရှားလော့ဟုမ်းကို ဖန်တီးကာ အစတာဒီအင် စကားလက် အမည်ရှိ ဝတ္ထုကို စ၍ရေးလေသည်။ ၁၈၈၆ ဧပြီလတွင် ဝတ္ထုကို အဆုံးသတ်ပြီး ကွန်းဟီး မဂ္ဂဇင်းတိုက် သို့ပို့ခဲ့သည်။ သို့သော် ကွန်းဟီး အယ်ဒီတာများသည် ထိုပထမဆုံး ရှားလော့ဟုမ်းကို များစွာစိတ်ဝင်စားပုံ မပေါ်ချေ။ ထို့ကြောင့် "မဂ္ဂဇင်းတွင် ဖော်ပြရန် ဝတ္ထုတစ်ပုဒ် အဖြစ်ရှည်လွန်းပြီး စာအုပ်အဖြစ် ရိုက်နှိပ်ထုတ်ဝေရန် တိုလွန်းသည်" ဟူသော သာမန်အကြောင်းပြချက်ဖြင့် ဝတ္ထုကို ကိုနင်ဒွိုင်းထံသို့ ပြန်ပို့ခဲ့၏။ ထို့နောက် ထိုဝတ္ထု ပုံနှိပ်ရေးအတွက် အခြားပုံနှိပ်တိုက် တစ်ခုနှင့်ဆက်သွယ်ကြည့်သေးသော်လည်း စာမူကို ဖတ်၍မျှပင် မကြည့်ဘဲ ပြန်ပို့ခဲ့၏။ နောက်ဆုံးတွင် ဝပ်ဒလော့နှင့်ကုမ္ပဏီ စာအုပ်တိုက်သို့ ပို့ခဲ့ရာ ယင်းစာအုပ်တိုက်က ထိုဝတ္ထုကို လောလောဆယ် မရိုက်နိုင်သေးစေကာမူ ၁၈၈၇ နှစ်ပတ်လည် ခရစ်စမတ် အထူးထုတ် ဗီးတွန် စာစောင်တွင် ထည့်သွင်းဖော်ပြပေးခဲ့ခြင်းဖြင့် ရှားလော့ဟုမ်းဝတ္ထုကို စာဖတ်ပရိသတ်တွင်းသို့ စတင်ရောက်ရှိလာခဲ့လေသည်။

ဤတွင် လစ်ပင်ကုတ် မဂ္ဂဇင်း အယ်ဒီတာသည် ဗီးတွန်စာစောင်၌ ပါလာသော ရှားလော့ဟုမ်းဝတ္ထုကို ဖတ်ရပြီး သဘောကျသဖြင့် ကိုနင်ဒွိုင်းထံသို့ ရှားလော့ဟုမ်းဝတ္ထုများ ဆက်လက်ရေးသားပေးပို့ရန် တောင်းခံလိုက်လေသည်။ သို့ဖြင့် ကိုနင်ဒွိုင်သည် ဒုတိယမြောက် ရှားလော့ဟုမ်း ဝတ္ထုဖြစ်သော လေးဂဏန်း အမှတ်အသားကို ရေးခဲ့၏။ ယင်းကို ၁၈၉၀တွင် အင်္ဂလန်နှင့် အမေရိကတို့၌ တစ်ပြိုင်တည်း ပုံနှိပ်ထုတ်ဝေခဲ့လေသည်။ ၁၈၉၁ တွင် ကိုနင်ဒွိုင်းသည် သမိုင်းနောက်ခံ ဝတ္ထုကြီးများကို ရေးသားလာ၏။ စာရေးသားမှုကို စောက်ချလုပ်ကိုင်လာခဲ့ပြီ ဖြစ်ရာ ဆရာဝန်အလုပ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့လေသည်။ ထိုအခါမှစ၍ ကိုနင်ဒွိုင်းသည် ကလောင်ကို စွဲစွဲမြဲမြဲ ကိုင်စပြုလာ၏။ စာရေးဆရာလောကသို့ ဝင်ခဲ့၏။

ထိုအချိန်မှာပင် စထရင်းမဂ္ဂဇင်းက ကိုနင်ဒွိုင်းအား ရှားလော့ဟုမ်းဝတ္ထုတို ခြောက်ပုဒ်ခန့် ရေးပေးရန် တောင်းခံချက်အရ အစကင်းဒ်အင်ဗိုဟီးမီးယား ဝတ္ထုမှ အစပြုကာ သရက်ဟက်ဒက်လိ၊ အကေ့စ်အော့(ဖ်)အိုက်ဒင်တတီ၊ သဗော့စကွန်ဗီးဗဲလီးမစ်စထရီ၊ သဖိုက်အော့ရိန့်ပစ်နှင့် သမင်းဝစ်သတွစ်စတက်လစ် ဝတ္ထုများကို ရေးလေတော့သည်။ ပထမဝတ္ထုကိုဂျူလိုင်မဂ္ဂဇင်းတွင် ထည့်သွင်းဖော်ပြလိုက်သည်မှစ၍ ရှားလော့ဟုမ်းနှင့် သူ့မိတ်ဆွေ ဝပ်ဆန် တို့သည် စာဖတ်ပရိသတ်၏ စိတ်ဝင်စားဖွယ်ရာ အသည်းစွဲ ဖြစ်လာ၏။ သို့သော် ထိုအချိန်အထိ စာမူခမှာ တစ်ပုဒ်လျှင် ၃၅ပေါင်သာ ရခဲ့သည်။ ထိုပထမအသုတ် ဝတ္ထုခြောက်ပုဒ် ကုန်သွားသောအခါ စထရင်မဂ္ဂဇင်း အယ်ဒီတာသည် ကိုနင်ဒွိုင်းထံသို့ ရှားလော့ဟုမ်းဝတ္ထုများ ဆက်လက်ရေးသားရန် တောင်းခံခဲ့လေသည်။ သို့သော် ကိုနင်ဒွိုင်းသည် ရုတ်တရက် ဆက်မရေးခဲ့ပေ။ မဂ္ဂဇင်းအယ်ဒီတာက အကြိမ်ကြိမ် တောင်းခံလာမှ စာမူခ တိုးပေးရန် တောင်းဆိုလိုက်ရာ အယ်ဒီတာတို့မှာလည်း စာမူခကို တစ်ပုဒ်လျှင် ပေါင်ငါးဆယ်သို့ တိုးပေးရ၏။ သို့ဖြင့် ဒုတိယအသုတ် ဝတ္ထုခြောက်ပုဒ်ကို ဆက်ရေးဖြစ်လေတော့သည်။

ထိုပထမအသုတ် ဝတ္ထုခြောက်ပုဒ်နှင့် ဒုတိယအသုတ် ဝတ္ထုခြောက်ပုဒ်ကို စုပေါင်း၍ ၁၈၉၂တွင်ရှားလော့ဟုမ်းဝတ္ထုတိုစု ပထမအုပ်အဖြစ်ထုတ်ဝေလိုက်လေသည်။ ထိုပထမစာအုပ်ကို ကိုနင်ဒွိုင်းသည် ဆရာဖြစ်သူ ဂျိုးဆက်ဗဲကို အညွှန်းပြု ထုတ်ဝေခဲ့သည်။ စထရင်းမဂ္ဂဇင်းသည် ရှားလော့ဟုမ်းဝတ္ထုများ ထည့်သွင်းရသည်ကို မရောင့်ရဲ။ ဤဆယ့်နှစ်ပုဒ်ဖြင့် အဆုံးသတ်သွားမည်ကိုလည်း မကျေနပ်။ ထို့ကြောင့် နောက်ထပ် ဝတ္ထု ဆယ့်နှစ်ပုဒ် ရေးပေးရန် တောင်းခံခဲ့၏။ ထိုဆယ့်နှစ်ပုဒ်အတွက် စာမူခ ပေါင် တစ်ထောင် ချီးမြှင့်ခဲ့၏။ သို့ဖြင့် ၁၈၉၂ ဒီဇင်ဘာလတွင် ဆီးလဗားဗလေ့မှ အစပြုကာ နောက်ထပ် ရှားလော့ဟုမ်း ဝတ္ထုများ ဆက်လက်ထွက်ပေါ်လာခဲ့၏။

ကိုနင်ဒွိုင်းသည် တစ်ဖက်တွင် ရှားလော့ဟုမ်းဝတ္ထုများဖြင့် ကျော်ကြား အောင်မြင်မှုရနေဆဲမှာပင် စိတ်မချမ်းမြေ့ဖွယ် ကိုယ်ရေးကိုယ်တာ အဖြစ်အပျက်များကို ရင်ဆိုင်နေရသည်။ ယင်းအဖြစ်အပျက်များကား ဇနီးဖြစ်သူ၏ ကျန်းမာရေးအခြေအနေဖြစ်သည်။ ဇနီးဖြစ်သူမှာ တီဘီရောဂါဖြင့် အိပ်ရာတွင်လဲနေ၏။ ကိုနင်ဒွိုင်းမှာ ဇနီး၏ ဝေဒနာကို မျှယူခံစားနေရသည့် အခြေအနေဖြစ်၏။ ဇနီး၏အခြေအနေမှာ မျှော်လင့်ချက် မရှိတော့သော အခြေအနေသို့ရောက်လာသည်။ ဆရာဝန်ကြီးများ၏ အကြံပေးချက်အရ ဇနီး၏ ကျန်းမာရေးအတွက် ဆွစ်ဇာလန်နိုင်ငံသို့ ပြောင်းရွေ့နေထိုင်ရသည့် အခြေအနေသို့ပင် ဆိုက်လာ၏။ ကိုနင်ဒွိုင်းမှာ ဇနီးအတွက် စိတ်ဒုက္ခခံစားနေရသည့်အချိန်မှာပင် သူ၏ ရှားလော့ဟုမ်းဝတ္ထုများ ဆက်လက်ရေးသားနေရသည်ကိုလည်း ငြီးငွေ့စပြုလာ၏။ သို့ဖြင့် ၁၈၉၃ ဒီဇင်ဘာလတွင် ကိုနင်ဒွိုင်းသည် ဖိုင်နယ် ပရော်ဗလင် (final problem) ဝတ္ထုကို ရေးကာ ထိုဝတ္ထု၌ လူဆိုးကြီး မော်ရီယာတီက ရှားလော့ဟုမ်းကို ရေတံခွန်ပေါ်မှ တွန်းချ အဆုံးစီရင်လိုက်လေသည်။ ဤနည်းဖြင့် ကိုနင်ဒွိုင်းသည် သူ၏ ဇာတ်ဆောင် ရှားလော့ဟုမ်းကို အသေသတ်၍ သူ၏ ရှားလော့ဟုမ်း ဝတ္ထုများကို အဆုံးသတ်လိုက်ခြင်း ဖြစ်သည်။

ထိုအခါ ရှားလော့ဟုမ်း၏ပရိသတ်တို့အကြားမှ ခံစားမှုအဖြာဖြာ ဝေဒနာအဖုံဖုံတို့ သည်ပေါက်ကွဲလာခဲ့တော့သည်။ ထိုရှားလော့ဟုမ်း၏ နောက်ဆုံးဇာတ်သိမ်းဝတ္ထုပါလာသောအခါ စာဖတ်ပရိသတ်ကြီးသည် ရှားလော့ဟုမ်းအတွက် ယူကျုံးမရ ဖြစ်လာသည်။ တကယ့် သက်ရှိတစ်ယောက်၊ မိမိတို့နှင့် ရင်းနီးပြီး မိတ်ဆွေကောင်း တစ်ယောက် ကွယ်လွန်ရသည့်နှယ် အမှတ်ထားကာ လန်ဒန်မြို့ တစ်ဝန်းလုံးက စာဖတ်ပရိသတ်သည် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အဝတ်နက်များကို ဝတ်ဆင်ကြသည်။ လက်ပတ်နက်များကို ပတ်ကြသည်။ အမှန်တကယ် ဝမ်းနည်းပက်လက် ဖြစ်ကြရသလို မကျေမနပ်နိုင်အောင်လည်း ဖြစ်ကြရသည်။ တစ်ချိန်တည်းမှာပင် အချို့ စာဖတ်ပရိသတ်သည် ဒေါသအမျက် ခြောင်းခြောင်းထွက်ကြရလေ၏။

သို့ဖြင့် စာဖတ်ပရိသတ်အများပင် ကိုနင်ဒွိုင်းထံသို့ "ခင်ဗျားဟာ အလွန်ရက်စက်တဲ့ လူတစ်ယောက်ပဲ" ဟုစာများရေးကာ ရှားလော့ဟုမ်း သေဆုံးရသည့်အတွက် ဒေါသတကြီး ပြစ်တင်ကန့်ကွက်ကြလေသည်။ သို့သော် ၁၈၉၂ တွင် ရေးခဲ့သော ဝတ္ထုဆယ့်နှစ်ပုဒ်ကို ၁၈၉၄တွင် ရှားလော့ဟုမ်း၏ အမှတ်တရများ အဖြစ် စာအုပ် ထုတ်ဝေခဲ့သည်မှအပ ကိုနင်ဒွိုင်းသည် ရှားလော့ဟုမ်းဝတ္ထုများကို ဆက်မေရးခဲ့တော့ပေ။ သို့သော် ၁၉၀၁ တွင် ကိုနင်ဒွိုင်းသည် မိတ်ဆွေတစ်ဦးထံမှ စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ခုကို နားထောင်ခဲ့ရာမှ အစပြုကာ ရှားလော့ဟုမ်းကို ပြန်လည် အသက်သွင်းရင် စိတ်ကူးရလာခဲ့၏။ သို့ဖြင့် ၁၉၀၁-၀၂တွင် စထရင်းမဂ္ဂဇင်း၌ ရှားလော့ဟုမ်း ဝတ္ထုရှည်ကြီး တစ်ပုဒ် ထည့်သွင်းခဲ့လေသည်။ ထိုဝတ္ထုကား ရှားလော့ဟုမ်းကို ပြန်လည် အသက်သွင်းပေးလိုက်သော ဗာစကာဗျီးလ် ခွေးကြီး အမည်ရှိ ဝတ္ထုဖြစ်သည်။

ကိုနင်ဒွိုင်းသည် ဗာစကာဗျီးလ်ခွေးကြီး (Hound of the Baskerville) အခန်းဆက် ဝတ္ထုရှည်ကြီးကို ရေးသားပုံနှိပ်ထုတ်ဝေပြီးနောက် ၁၉၀၃တွင် ရှားလော့ဟုမ်းအသက်မသေပဲ လွတ်မြောက်လာခဲ့ရပုံကို သအမ်းပတီးဟောက်(စ်) (the empty house) ဝတ္ထုတိုဖြင့် ပြန်လည် ဖော်ပြကာ ရှားလော့ဟုမ်းဝတ္ထုတိုများ ဆက်လက်ရေးသားခဲ့လေသည်။ ယင်းဝတ္ထုတိုများကို စုပေါင်း၍ ရှားလော့ဟုမ်း ပြန်လာပြီ အမည်ဖြင့် ၁၉၀၅ တွင် ရှားလော့ဟုမ်း ဝတ္ထုတိုစု တတိယမြောက်ကို ထုတ်ဝေခဲ့လေသည်။ ထို့နောက် ၁၉၁၇တွင် သူ၏နောက်ဆုံးဦးညွတ်နှုတ်ဆက်ခြင်း (his last vow) ဝတ္ထုတိုစုနှင့် ၁၉၂၇ တွင် ရှားလော့ဟုမ်း၏ မှုခင်းမှတ်တမ်းစာအုပ် အမည်ရှိ ဝတ္ထုတိုစုများကို ထုတ်ဝေခဲ့၏။ ၁၉၂၈တွင် ယင်းဝတ္ထုတိုစုလေးတွဲကို ဝတ္ထုတိုပေါင်းချုပ်အဖြစ် ထုတ်ဝေခဲ့ပြီး ၁၉၂၉တွင် ရှားလော့ဟုမ်း၏ ဝတ္ထုရှည်စုများကို စာအုပ်အဖြစ် ပထမအကြိမ်ထုတ်ဝေခဲ့လေသည်။

၁၉၃၀ ဇူလိုင်၇တွင် ကိုနင်ဒွိုင်း ကွယ်လွန်ခဲ့သည်။ ယင်းကာလအတွင်း ရှားလော့ဟုမ်းဝတ္ထုများသာမဟုတ်၊ သမိုင်းနောက်ခံ ဝတ္ထုကြီးများကိုလည်း ရေးခဲ့၏။ ဗိုလ်မှူးချုပ် ဂျရတ်၊ ပါမောက္ခ ချဲလင်းဂျား အမည်ရှိ ပင်တိုင်ဇာတ်ဆောင်များ မွေးပြီး စွန့်စားခန်း ဝတ္ထုများနှင့် သိပ္ပံဝတ္ထုများကိုလည်း ရေးခဲ့၏။ သို့သော် ရှားလော့ဟုမ်းဝတ္ထုများသည်ကား ပရိသတ်၏ အနှစ်ခြိုက်ဆုံး ဝတ္ထုများအဖြစ်ထင်ရှားခဲ့လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စုံထောက်ကြီးဦးစံရှား၊ ရွှေဥဒေါင်း၊ ပဉ္စမအကြိမ်၊ နိုဝင်ဘာ၊၂၀၀၈၊ လမ်းသစ် စာအုပ်တိုက်၊ ပုဂံစာတည်းအဖွဲ့၏ မှတ်ချက်မှ