ရွှေလိပ်ပြာ (အငြိမ့်မင်းသမီး)

ဝီကီပီးဒီးယား မှ

ရွှေလိပ်ပြာ (၁၂၉၉-) သည် မြန်မာနိုင်ငံသား သဘင်အနုပညာရှင် ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

တောင်သူ ဦးဘိုးဟန်နှင့် ဗိန္ဓောဆရာမ ဒေါ်လှမြိုင်တို့မှ ဒိုက်ဦး ဖောင်တော်သီ၌ မွေးသည်။ အမည်ရင်းမှာ အေးကြည် ဖြစ်သည်။ [၁]

အနုပညာခရီး[ပြင်ဆင်ရန်]

ငယ်စဉ်က အဆိုအကဝါသနာပါ၍ မိဘများက မင်းသမီး ပဂိုးမယ်ကျော့ (မကျော့တင်) ထံအပ်ကာ အဆိုအက သင်စေသည်။ ထို့နောက် သီတင်းကျွတ် တန်ဆောင်ပွဲများ၊ နေရှင်နယ်ဒေးအောင်ပွဲ၊ နှစ်ကျိပ်ရှစ်ဆူပွဲများတွင် လိုက်ကရာမှ နာမည်ရလာသည်။

ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်စဉ် ပဲခူးရိုးမသို့ ရှောင်သည်။ တိုက်ကြီးစုရွာ ဘုန်းကြီးကျောင်းဝင်းတွင် အဖော်များနှင့် ကစဉ် ဘိုးသူတော်မှ “လိပ်ပြာကလေး ပျံနေသလိုပဲဟေ့” ဟု ပြောသဖြင့် ဆရာတော်က “ဒီနာမယ်နဲ့ ကောင်းစားလိမ့်မယ်” ဟု နိမိတ်ဟောရာ ရွှေလိပ်ပြာအမည်ကို ယူလေသည်။ အငြိမ့်ကလျှင်လည်း လိပ်ပြာသဏ္ဌာန် ဝတ်သည်။

ထိုအရပ်၌ မငြိမ်သက်ပြန်၍ ပဲခူး ဘုရားကြီး၌ ပြောင်းနေစဉ် ရန်ကုန် လင့်လမ်းအငြိမ့်ပိုင်ရှင် ဦးချစ်ဦးက သတင်းကြား၍ လာခေါ်သဖြင့် ရန်ကုန်သို့ ရောက်သည်။ ရှေ့ထွက် အောင်သန်းစိန်၊ အလယ်ထွက် အာဇာနည်စိန်စိန်၊ ရွှေလိပ်ပြာက ခေါင်းဆောင်မင်းသမီး ဖြစ်ခဲ့သည်။ လူရွှင်တော်များမှာ ကိုလိပ်ပုနှင့် ကိုကျော်ဂွတို့ ဖြစ်သည်။ အသားဝင်းပြီး ဆံပင်မှာ လူတရပ်မျှရှည်သဖြင့် အလွန်ကျက်သရေရှိသည်။ ရုပ်နှင့်အသံကြောင့် နာမည်ကြီးသည့်အတွက် အကလိုသေးသည်ဟု ယူဆသောကြောင့် အခြားမင်းသမီးများ ကသည်ကို အတုခိုး ကရသည်။ လင့်လမ်းလေဒီ ခေါ် တက္ကသိုလ်စိန်နှင့်အတူ ပရိသတ်အားပေးသည်။

စစ်ပြီး၍ ဒိုက်ဦးသို့ပြန်မည်ပြုစဉ် ရန်ကုန်အနောက်ပိုင်း လမ်းမတော်ဦးညွန့်နှင့် ဒေါ်မြလေးတို့က အငြိမ့်ထောင်ပေး၍ ကောလိပ်မြိုင်နှင့် ရွှေလိပ်ပြာတို့ တငြိမ့်စီ ကကြသည်။ ၃ နှစ် ကြာလေသည်။ မန္တလေးမှ ဝါဂီနစ်အဖွဲ့ဝင်များ ရန်ကုန်လာစဉ် “မန်းတောင်လက်ယာ” ယိုးဒယားကသည်ကို သဘောကျသဖြင့် မန္တလေးသို့ ခေါ်သည်။ ကြည်ကြည်ဌေးနှင့် ဦးအောင်သိန်းတို့ကလည်း တိုက်တွန်းသဖြင့် အငြိမ့်ဆရာ ကိုကြည် ကိုကြူးတို့နှင့် စာချုပ်ချုပ်ကာ မန္တလေး၌ ၁ နှစ် ကသည်။ ထို့နောက် ဒေါ်မြလေးတို့ထံတွင် ပြန်ကရာ ၃ နှစ် ကြာပြန်သည်။

အသက် ၂၅ နှစ် အိမ်ထောင်ကျသည့်နောက် ကိုယ်ပိုင်အငြိမ့် ထောင်သည်။ ဆယ်စုနှစ်တခုကြာ နာမည်ထိန်းနိုင်ခဲ့သည်။ ဆိုနီ၊ စံအုန်း၊ ဝကြီး၊ စိန်ကုလား စသော လူရွှင်တော်များနှင့် တွဲဖြစ်သည်။

ကိုမျိုးလှိုင်၏ ပဒေသာတေးသံသွင်းမှ အဆိုတော် မင်းသူနှင့်အတူ “အကအခြေခံ” သီချင်းကို သွင်းရာ လူတိုင်းသဘောကျသော ဓာတ်ပြားဖြစ်ခဲ့သည်။ ပဒေသာ၌ပင် မင်္ဂလာစိန်ရိုးနှင့် အငြိမ့် ၁ ပြား၊ ဇာတ်ထုပ် ၃ ပြား သွင်းသေးသည်။

နောက် အငြိမ့်မှသည် ဇာတ်သို့ကူးကာ ရွှေမန်းကျော်မြင့်နှင့် ၁ နှစ်၊ ရွှေမန်းကျော်အောင်နှင့် ၃ နှစ်၊ စိန်ကျော်ရွှေ (လှည်းကူး) နှင့် ၂ နှစ်၊ ရွှေမန်းကိုကြည်အောင် (ပုလဲအရောင်မမှိန်) နှင့် ၁ နှစ်၊ စိန်အောင်မင်းနှင့် ၃ နှစ် ကသည်။ စိန်အောင်မင်းနှင့်ကသော “ဆင်ကဲ-ဘို့မယ်”၊ ရွှေမန်းကျော်အောင်နှင့်ကသော “ဇမ္ဗူပတိချွတ်ခန်း”၊ “လက်ဝဲသုန္ဒရ” တို့မှာ လူသိများသည်။

ပြဇာတ်ခေတ်တွင် လူငယ်ကြည့်ခိုင်၊ သန်လျင်ဝင့်ဝါတို့နှင့် ရှေ့ပိုင်းပြဇာတ်များ ကသည်။

သီချင်းရေးပေးဖူးသော တေးရေးဆရာများမှာ ရွှေတိုင်မြင့်၊ ဦးကိုကိုကြီး၊ ရွာစား စိန်ဗိုလ်တင့်၊ ဆိုင်း ဦးပြေဟန်နှင့် မြို့မ ဆရာငြိမ်းတို့ ဖြစ်သည်။ ဆိုင်း ဦးပြေဟန်၏ “မမလိပ်ပြာ ရွှေလိပ်ပြာ”၊ ရွာစား စိန်ဗိုလ်တင့်၏ “တူနှစ်ကိုယ်” နှင့် “သုခုမသမီးလေး ရွှေလိပ်ပြာ” တို့မှာ ထင်ရှားသည်။

မာရှယ်တီတိုးလာစဉ်တွင်လည်းကောင်း၊ ချူအင်လိုင်းလာစဉ်တွင်လည်းကောင်း နိုင်ငံတော်ဆိုင်းမှ ရွာစား စိန်ချစ်တီးနှင့် ဖျော်ဖြေရသည်။

ယဉ်ကျေးမှုဝန်ကြီးဌာနတွင် ၁၉၈၆၊ ၁၉၈၈ တို့တွင် အငြိမ့်သင်တန်း ပို့ချဖူးသည်။ အရွယ်ရလာသည့်နောက် ဘိသိက်ပေး ဧယင်ကျူး ယိမ်းကသည်များကို ဝါသနာအလျောက် ဆက်လုပ်လျက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. စောမုံညင်း။ “ခေါင်းဆောင်အငြိမ့်မင်းသမီး ရွှေလိပ်ပြာ”၊ လုပ်သား ပြည်သူ့နေ့စဉ်။ ၁၉၈၉ ဇူလိုင် ၂၃။