ရွှေရောင်တော်စေတီတော်

ဝီကီပီးဒီးယား မှ

ရွှေရောင်တော်စေတီတော် သည် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဗိဿနိုးမြို့ဦးတွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ပန်ထွာမင်းသမီး[ပြင်ဆင်ရန်]

သာသနာနှစ် ၅၉ ခုနှစ်တွင် စူဠာသမ္ဘဝနှင့် မဟာသမ္ဘဝတို့သည် ဘီလူးမတစ်ဦးအား ဆေးကုသပေးကာ ဖောင်ဖြင့် မျှောလိုက်၏။ ထိုဘီလူးမသည် သန္ဓေဖြစ်၍ တောင်တွင်းကြီးမှ အနောက် ၅ တိုင်အကွာတွင် သမီးငယ်တစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသမီးငယ်ကို ရသေ့တစ်ဦးမှ မွေးစားခဲ့ရာ ပန်ထွာမင်းသမီးဟု ထင်ရှားလာခဲ့ကာ ပန်ထွာပြည်နှင့် ဗိဿနိုးမြို့တွင် နေထိုင်သည်။[၁]

စေတီတော်တည်ခြင်း[ပြင်ဆင်ရန်]

ပန်ထွာမင်းသမီးသည် ဗိဿနိုးနတ်၏ အကူအညီဖြင့် အဇာတသတ်မင်းလက်ထက်က သိုဝှက်သိမ်းဆည်းခဲ့သည့် ဓာတ်တော်များကို ပင့်ဆောင်ရယူခဲ့သည်။ ထို့နောက် ဘုရားအလောင်းတော် ကြက်ဖြူမင်း နေခဲ့တော်မူသည့် အရပ်တွင် စေတီတည်ခဲ့သည်။ ထိုစေတီသည် ဉာဏ်တော် အတောင် ၅၀ မြင့်၏။ သာသနာနှစ် ၁၁၂ ခုနှစ်တွင် “မြို့ဦးစေတီ” အဖြစ် တည်ခဲ့သည်။[၁]

အမည်တွင်ပုံ[ပြင်ဆင်ရန်]

စေတီတော်သည် ရောင်ခြည်တော်ကွန့်မြူးသဖြင့် “ရွှေရောင်တော်စေတီ” ဟု ထင်ရှားခဲ့သည်။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

(၁) စေတီတော်ကို တောင်တွင်းကြီး မင်းပြောင်က ပြုပြင်ခဲ့သည်။

(၂) သက္ကရာဇ် ၆၄၀ ခုနှစ်တွင် တောင်တွင်းကြီးမြို့ကို တည်သည့် သီဟပတေ့မင်းသည် ရွှေရောင်တော်စေတီကို ကြည်ညိုလှသဖြင့် ကြက်ဆူတောရွာ၊ ဆူးပန်းရွာ၊ အင်းရွာနှင့် အိုးထိန်းတောင်ရွာတို့ကို ဘုရားဝတ် မြေဆီခွန် ကောက်ခံရန် လှူဒါန်းခဲ့သည်။

(၃) ရတနပူရ တတိယမြို့တည် ဆင်ဖြူရှင်မင်းလက်ထက်တွင် ဖြစ်၏။ စေတီတော်၏ ဌာပနာများကို ဆိုးသွမ်းသူတို့က ဖောက်ယူခဲ့၏။ ထိုကြောင့် စေတီတော်၏ အနောက်မြောက်ယွန်းတွင် တောရဆောက်တည်နေတော်မူသည့် ပညာသီရိသဒ္ဓမ္မဓဇ မဟာရာဇဂုရု ဆရာတော်သည် ပြုပြင်ခဲ့သည်။ စေတီတော်၏ အမည်ကို “ရွှေရောင်လျှံဘုရား” ဟု သမုတ်ခဲ့သည်။[မှတ်စု ၁][၁]

အတိုင်းအတာများ[ပြင်ဆင်ရန်]

စေတီတော်သည် ဉာဏ်တော် အတောင် ၈၀၊ ဖိနပ်တော် ၂၀၁ တောင်၊ ထီးအဝ ၆ တောင် ၁ မိုက်၊ ထီးအမြင့် ၂၀ တောင် ရှိသည်။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ရွှေရောင်လျှံဘုရားသည် သီးခြားတစ်ဆူ ဖြစ်သည်ဟုလည်း မှတ်ယူကြသည်။ (တောင်တွင်းကြီးသမိုင်း၊ စာမျက်နှာ ၂၉၅)

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၂၅၀၊ ၂၅၁။