မာတိကာသို့ ခုန်သွားရန်

ရွှေဆံတော်စေတီတော်နှင့် စကားတောင်စေတီတော်

ဝီကီပီးဒီးယား မှ
ရွှေဆံတော်စေတီတော်
ရွှေဆံတော်ဘုရား
အချက်အလက်များ
တည်နေရာရန်ကြီးအောင်ရပ်ကွက်၊ရေးမြို့မွန်ပြည်နယ်
နိုင်ငံမြန်မာ


စကားတောင်စေတီတော်
စကားတောင်ဘုရား
အချက်အလက်များ
တည်နေရာရန်ကြီးအောင်ရပ်ကွက်၊ရေးမြို့မွန်ပြည်နယ်
နိုင်ငံမြန်မာ

မွန်ပြည်နယ်၊ ရေးမြို့၏ကျက်သရေဆောင် စေတီတော်များ ဖြစ်ကြသော ရွှေဆံတော်စေတီတော်နှင့် စကားတောင်စေတီတော်တို့သည် ဂေါတမမြတ်စွာဘုရား၏ ဆံတော်ဓာတ်များ ကိန်းဝပ်သည့် စေတီများ ဖြစ်ကြသည်။

မြတ်စွာဘုရားရှင် ဆံတော်ချီးမြှင့်ခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရား ဝါတော် (၈)ဝါအရ ရာမည​၊ သုဝဏ္ဏဘူမိ​​ဒေသသို့ အဘိညာဉ်ခရီးဖြင့်ဒေသစာရီကြွချီတော်မူရာ ရေးမြို့မြောက်ဘက်ရှိ ကလိန်စေ့တောင်အရပ်သို့ ရောက်ရှိတော်မူပြီး ကလိန်စေ့တောင်ရသေ့၏ အဖူးမြော်ခံယူကာ ရသေ့အား တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ရသေ့မှ မြတ်ဘုရား ​ကိုယ်စားတော်အဖြစ် ကိုးကွယ်နိုင်ရေး တစ်စုံတစ်ရာချီးမြှောက်တော်မူပါရန် လျှောက်ထားရာ မြတ်စွာဘုရား မှ ရသေ့အား ဆံတော်ရှစ်ဆူ ပေးသနားတော်မူခဲ့သည်။ မြတ်စွာဘုရားက ဆံတော်များကို စေတီတည်ထားကွယ်ရမည့်နေရာများကို ညွှန်ပြတော်မူသည်။ ပထမနေရာမှာ မြတ်စွာဘုရား သံသရာအဆက်ဆက် နုစဉ်အခါ ကျေးမင်းဘ၀က ကျင်လည်ခဲ့သော ဆူးရစ်ပင်များရှိရာ ဆူးရစ်ချုံကုန်းတွင်ဖြစ်ပြီး ဒုတိယတစ်နေရာမှာ စကားပင်များပေါက်ရာ စကားတောင်ကုန်းတွင်ဖြစ်သည်။ ၎င်းနောက် ရသေ့က စေတီများကို ဆံတော် လေးဆူစီဌာပနာကာ စေတီတည်ထား ကိုကွယ်ခဲ့သည်။

မာရဒေဝီမင်းသမီး မြို့တည်ခြင်းနှင့် စေတီများကို ပြုပြင်ခြင်း[ပြင်ဆင်ရန်]

ကောဇာသက္ကရာဇ် ၇၄ ခုနှစ်တွင် ဟံသာဝတီနေပြည်တော်မှ ဓမ္မဒိန္ဒိမဟာရာဇာမင်း(ဓမ္မရာဇာမင်း)နှင့် မိဖုရား ခေမာဒေဝီတို့သည် တနင်္သာရီဒေသသို့ ရောက်ရှိလာ်ပြီး ဝတီရွာတွင် မြို့သစ်တည်၍ ထီးနန်းအုပ်ချုပ်မင်းလုပ်တော်မူသည်။ မင်းနှင့် မိဖုရား နတ်ရွာစံပြီးနောက် သမီးတော် မာရဒေဝီမင်းသမီး နန်းတက်တော်မူရာ ထိုအရပ်၌ နန်းစိုက်နေထိုင်ခြင်းကို ပျော်မွေ့ခြင်းမရှိသဖြင့် မှူးကြီးမတ်ရာ၊ သေနာပတိ၊ ပုဏ္ဏားတော်များနှင့် လေ့လာတိုင်ပင်ဆွေးနွေး၍ ရေးမြို့နေရာသို့ ပြောင်းရွှေ့နန်းစိုက်ခဲ့သည်။ ​ကောဇာသက္ကရာဇ် ၉၇ ခုနှစ်တွင် ရေးမြို့ကို မင်းလုပ်အုပ်ချုပ်သော မာရဒေဝီမင်းသမီးသည် အဝိဇ္ဇာဇေယျပူရမြို့(ယခု ​ရေးမြို့)ကို တည်ထောင်သောအခါ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့၏ တွက်ချက်မှုအရ ဆူးရစ်ချုံကုန်းစေတီနှင့် စကားပင်ကုန်းစေတီ နှစ်ဆူကို ရှာဖွေ၍ ပြန်လည် တည်ထားကာ ဆူးရစ်ချုံကုန်းစေတီကို (ကျာ်ဒ်ုချာဲ)ဟူ၍လည်းကောင်း၊ မြို့လယ်တွင် တည်ရှိခြင်းကြောင့် ကျာ်ဒေါဝ်ဍိုင် (မြို့လယ်ဘုရား)ဟူ၍လည်းကောင်း၊ ​စကားတောင်စေတီကိုမူ မွန်အမည် ကျာ်ဒ်ုပါ့ ဟူ၍ လည်းကောင်း ဘွဲ့တော်သမုတ်ခဲ့ကြသည်။ ကာလရွေ့ကြာလာသော် ဆူးရစ်ချုံကုန်းစေတီကို ဆံတော်ဓာတ်များကို အကြောင်းပြုပြီး ရွှေဆံတော်စေတီဟုလည်းကောင်း စကားပင်များရှိရာ တောင်ကုန်းတွင် တည်ထားခဲ့သောကြောင့် စကားတောင်စေတီဟုလည်းကောင်း ခေါ်ဝေါ်လာကြသည်။ မာရဒေဝီမင်းသမီး နန်းသက် ၃၅ နှစ် စိုးစံပြီး ကောဇာသက္ကရာဇ် ၁၂၉ ခုနှစ်တွင် နတ်ရွာစံခဲ့ရာ အမတ်ကြီးတိက္ခက ထီးနန်းဆက်ခံ၍ အမတ်ငယ်တစ်ဦး ထပ်မံထီးနန်းဆက်ခံပြီးနောက် ကောဇာသက္ကရာဇ် ၁၅၁ ခုနှစ် မင်းဆက်ပြတ်ပြီး မြို့လည်းပျက်သုဉ်းခဲ့သည်။ စေတီနှစ်ဆူလည်း ထပ်မံပျက်ပြီး နှစ်ပေါင်း ၆၅၀ ခန့် တောကြီးဂနိုင်၌ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့လေသည်။

ဓမ္မစေတီမင်းမှ ဒုတိယအကြိမ် မြို့တည်ခြင်းနှင့် စေတီများကို ပြုပြင်ခြင်း[ပြင်ဆင်ရန်]

ကောဇာသက္ကရာဇ် ၈၀၀ ပြည့်နှစ်တွင် ထားဝယ်၊ မြိတ်၊ တနင်္သာရီကို ကျူးကျော်ဝင်ရောက်လာသည့် တိုင်းတစ်ပါးတပ်များကို ဟံသာဝတီပြည့်ရှင် ဓမ္မစေတီမင်းက သွားရောက် တိုက်ထုတ်ရာမှ အပြန်ခရီးတွင် ပျက်စီးဆိတ်သုဉ်းနေသော အဝိဇ္ဇာဇေယျပူရမြိုဟောင်း(ရေးမြို့ဟောင်း)ကို တွေ့ရှိသဖြင့် ရာဇသီဟဇေယျပူရမြို့အဖြစ် မြိုသစ်တည်တော်မူပြီး စေတီတော်နှစ်ဆူကိုလည်း တွေ့ရှိမွမ်းမံတော်မူခဲ့သည်။ ကောဇာသက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် အင်းဝနေပြည်တော်မှ ရဲစက်ကျော်ခေါင်အား ရေးမြို့သို့ မြို့ဝန်အဖြစ် စေလွှတ်အုပ်ချုပ်ခဲ့ပြီး ၁၁၈၆ ခုနှစ်တွင် ဗြိတိသျှတို့၏ နယ်ချဲ့မှုကြောင့် ရေးမြို့ကို မြန်မာမင်းအုပ်ချုပ်မှုအောက်မှ စွန့်ခွာပေးခဲ့ရသည်။ ဗြိတိသျှတို့က ဝင်ရောက်အုပ်ချုပ်သည့်အခါ ရေးမြို့သူမြို့သားတို့သည် အရပ်ရပ်ကြပ်တည်းမှုဒဏ်ကြောင့် စေတီနှစ်ဆူကိုလည်း အာရုံမရှိမေလျော့ပေါ့ဆကာ နေခဲ့ကြသဖြင့် ဘုရားစေတီများ ဟောင်းနွမ်းပျက်စီး၍ အုတ်အင်္ဂတေများ ပြိုကျသဖြင့် ဘုရားငုတ်တိုများအဖြစ်သို့ ရောက်ခဲ့ရလေသည်။

ကိုလိုနီခေတ်တွင် မရမ်းကျောင်းတိုက်ဆရာတော်မှ စေတီများကို ပြုပြင်ခြင်း[ပြင်ဆင်ရန်]

ကောဇာသက္ကရာဇ် ၁၂၄၆ ခုနှစ်၊ နတ်တော်လတွင် ရေးမြို့၊ မရမ်းကျောင်းတိုက်ဆရာတော် ဦးဥတ္တမ ဦးစီးသည့် ရဟန်းသံဃာများ၊ ဒါယိကာ၊ ဒါယိကာများက စေတီဟောင်းနှစ်ဆူကို ​ဖြိုဖျက်၍ အသစ်ပြန်လည်တည်ထားကိုးကွယ်ခဲ့သည်။ ၁၂၄၈ ခုနှစ်၊ တပို့တွဲလပြည့်နေ့ကို ဘုရားပွဲတော်ရက်အဖြစ် ယနေ့တိုင် သတ်မှတ်ခဲ့ကြသည်။

မျက်မှောက်ခေတ်[ပြင်ဆင်ရန်]

၁၉၆၉ ခုနှစ်တွင် ရေးမြို့ကြီး မီးလောင်ရာ ရွှေဆံတော်စေတီတော်နှင့် နောင်တော်ကြီးစေတီ၊ စကားတောင်စေတီတော်တို့သည် မီးမခဘဲ ကင်းလွတ်ခဲ့သည်။ ခေတ်အဆက်ဆက် စေတီနှစ်ဆူ၏ ဉာဏ်တော်များကို မြှင့်တင်ကိုးကွယ်ခဲ့ကြရာ မျက်မှောက်ခေတ်တွင် ရွှေဆံတော်စေတီတော်သည် ရင်ပြင်တော်မှ စိန်ဖူးတော်အထိ ဉာဏ်တော် ၇၂ တောင် (၁၀၈ပေ)အ​မြင့်​၊ စကားတောင်စေတီတော်သည် ဉာဏ်တော် အတောင် ၆ဝ အမြင့် အသီးသီး ရှိကြသည်။ စေတီတော် ၂ဆူလုံးမှာ ရေးမြို့ မြို့လယ်တွင်တည်ရှိပြီး တစ်ဆူနှင့်တစ်ဆူ အနည်းငယ်သာ ကွာဝေးကြသည်။ နှစ်စဉ် တပို့တွဲလဆန်း ၁၂ ရက်မှ လပြည့်နေ့အထိ စေတီတော် ၂ ဆူလုံး၏ ဗုဒ္ဓပူဇနိယပွဲတော် အဖြစ် သတ်မှတ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြစမြဲပင် ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  • ရေးမြို သာသနပါလ ရန်ကင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိက ရေးသားသော ရွှေဆံတော်သမိုင်း